Wednesday, July 31, 2019

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် အင်ဂျင်နီယာပညာရပ် အကြောင်း


(၁) လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် အင်ဂျင်နီယာပညာရပ် ဆက်နွယ်နေပုံ


            လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် အင်ဂျင်နီယာပညာရပ်သည် ခွဲခြားလို့မရ။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လုပ်ငန်း တော်တော်များများပင် အင်ဂျင်နီယာအတွက်အချက်များ ပါရ၏။ ဤစကားရပ်ကို ပိုမို၍ ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေခြင်း အလို့ငှာ ဥပမာများဖြင့် ရှင်းပြပါမည်။
            မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် မတော်တဆမှုများကြောင့် လူများသေကြေပျက်စီးရသည့် သတင်းများကို နေ့စဉ်လိုလို ကြား သိနေရ၏။ မတော်တဆမှုသတင်းများ၌ မန္တလေးဖောင်ဝပ်ပြိုကျမှုသတင်း နှင့် နားနှာခေါင်းလည်ချောင်း ဖောင်ဝပ်ပြိုကျမှုသတင်း များလည်း အပါအဝင် ဖြစ်၏။ အဘယ်ကြောင့် ဖောင်ဝပ်ပြိုကျသနည်း။ ရှင်းပါသည်။
            ဖောင်ဝပ်ပေါ်တွင် အလွန်လေးလှသည့် ကွန်ကရိများလောင်းမည်ဖြစ်ရာ ဖောင်ဝပ်ကိုသာ သေသေချာချာ တည်ဆောက် မထားပါက သေချာပေါက် ပြိုကျမည်သာ ဖြစ်၏။ ထို့ကြောင့် ဖောင်ဝပ်တည်ဆောက်ရန် အင်ဂျင်နီယာက တွက်ချက်ပေးထားသည့် ဒီဇိုင်းလိုသည်။ ထိုဒီဇိုင်းအတိုင်း အတိအကျတည်ဆောက်ပေးမည့် ကျွမ်းကျင်လုပ်သားများလိုသည်။ လုပ်သားများ တည်ဆောက် ထားသည့် ဖောင်ဝပ်ကို မှန်မမှန် စစ်ဆေးမည့် ကျွမ်းကျင်ကြီးကြပ်ရေးမှုးလိုသည်။
            ယခု ဖောင်ဝပ်ပြိုကျသည့် လုပ်ငန်းခွင်များ၌ ထိုအရာများ ရှိပါသလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်၏။
            စင်ကာပူတွင်လည်း ၂၀၁၄ ခုနှစ်အတွင်းက ဖောင်ဝပ်နှင့် ငြမ်းစင်ပြိုကျမှု အတော်များများ ဖြစ်ခဲ့ပါသည်။ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများရှိပါလျက် အဘယ်ကြောင့်ပြိုကျရသနည်း။ ရှင်းပါသည်။ ဥပဒေကို မလိုက်နာသောကြောင့်ဖြစ်၏။ သို့သော် စင်ကာပူ တွင်မူ ဥပဒေရှိသဖြင့် မလိုက်နာသည့် လူ/ကုမ္ပဏီကို ပြင်းပြင်းထန်ထန် အရေးယူပါသည်။
            အောက်ဖော်ပြပါ ဖောင်ဝပ်ပြိုကျမှုအတွင်း အလုပ်သမားတစ်ဦးသေကာ ၁၀ ဦး ဒဏ်ရာရသည်။ ထိုကုမ္ပဏီကို ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၃၀,၀၀၀ တပ်ရိုက်ပါသည်။ ထိုမျှမကသေး။ သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် လျော်ကြေးပေးရခြင်း၊ ဆေးကုသစရိတ်စသည်အားလုံးကိုပါ ကုမ္ပဏီက ကျခံရပါသည်။ 




            ဤဥပမာတစ်ခုတည်းနှင့်ပင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် အင်ဂျင်နီယာပညာရပ် ဆက်စပ်နေကြောင်း မြင်သာလှ ပါပြီ။ အောက်တွင် ပိုမိုကျယ်ပြန့်စွာ ဖြော်ပထားပါသည်။ သို့သော် ယခုတင်ပြထားသည်မှာ အပြည့်အစုံမဟုတ်ပါ။ အန္တရာယ်ကင်း ရေးရော၊ အင်ဂျင်နီယာပညာရပ်မှာပါ အလွန်ကျယ်ပြန့်သည်ဖြစ်ရာ များစွာကျန်ပါသေးသည်။


(၂) တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ (PPE - Personal Protective Equipment) နမူနာ

            လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဟုဆိုလျှင် ကာကွယ်ရေးအဆင့်ဆင့် (Hierarchy of Control) မှာ မပါလျှင် မပြီး။ ထိုအဆင့်များ၌ PPE သည် နောက်ဆုံးကာကွယ်ရေးအဆင့် (last resort of control) ဖြစ်သည်ဆိုစေ PPE မပါလျှင် safety မမည်။ ထို့ကြောင့် လူခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ရေး၌ PPE သည် အရေးတကြီးလိုအပ်၏။
            သို့ရာတွင် PPE သည် ဝတ်ဆင်သူကို အကာအကွယ် အပြည့်အဝပေးမည့် PPE ဖြစ်ရန်လို၏။ ထို့ကြောင့် PPE ထုတ်ရာ တွင် ဖြစ်ကတတ်ဆန်း ထုတ်၍မရ။ PPE ကို စံချိန်စံညွှန်းများနှင့်အညီ ထုတ်ရ၏။ ထုတ်ပြီးသော PPE များကို ဈေးကွက်မတင်မီ စမ်းသပ်စစ်ဆေးရ၏။ ဤသို့ ထုတ်လုပ်ခြင်း စမ်းသပ်စစ်ဆေးခြင်းများအားလုံးမှာ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများချည်း ဖြစ်၏။
            ပထမ PPE ထုတ်လုပ်မည့် ပစ္စည်း အရည်အသွေးကို သတ်မှတ်ရသည်။ ထိုပစ္စည်း၏ Mechanical properties, physical properties, chemical properties, tensil strength, shearing strength, compressive strength များကို သတ်မှတ်ရ၏။ ထို့နောက် ထွက်ရှိလာသည့် PPE ကို ခံနိုင်ရည် စမ်းသပ်ရာတွင်လည်း အားလုံး အင်ဂျင်နီယာ အတွက်အချက်များချည်း ဖြစ်သည်။
            နမူနာအချို့ကို ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်၏။
            ဦးခေါင်းအကာအကွယ် (အန္တရာယ်ကင်းဦးထုပ် သို့မဟုတ် ဦးထုပ်အမာ) အတွက် စံနှုန်းမှာ ANSI Z89.1 ဖြစ်၏။ ထို စံနှုန်းတွင် ဦးထုပ်အမာအား စမ်းသပ်ခြင်းကို အောက်ပါအတိုင်း ဖော်ပြထား၏။

၈၊ ၃၊ ၃။ စမ်းသပ်ခြင်းအစီအစဉ်

            ပုံတွင်ဖော်ပြထားသည့် Brinell penetrator ကို သံမဏီဘောလုံး လွှတ်ချမည့် အောက်တည့်တည့် ညီညာပြန့်ပြူးပြီး မာကျောတောင့်တင်းသည့် ကွန်ကရိကြမ်းခင်းပေါ်တွင် ချထားရမည်။ ဘောလုံး၏ အလယ် အောက်တည့်တည့်ကျမကျကို ချိန်သီးဖြင့် ချိန်ကြည့်ရမည်။ စမ်းသပ်မည့် ဦးထုပ်အမာကို သုညဒီဂရီ ဖာရင်ဟိုက်တွင်တစ်ကြိမ်၊ ၁၂ဝ ဒီဂရီဖာရင်ဟိုက်တွင် တစ်ကြိမ်။ နှစ်ကြိမ်စမ်းရမည်။
            စမ်းသပ်မည့် ဦးထုပ်အမာကို မစမ်းသပ်မီ သတ်မှတ်ထားသော အပူချိန်တွင် ၂ နာရီတိတိ အပူပေးထားရမည်။ ထို့နောက် အပူပေးရာမှထုတ်ယူပြီး စမ်းသပ်ခုံပေါ်တင်ကာ ၁၅ စက္ကန့်အတွင်း စမ်းသပ်ရမည်။ စမ်းသပ်ပုံမှာ သံမဏိဘောလုံးကို ဦးထုပ်အပေါ် ထိပ်တည့်တည့်မှ ဘောလုံးအောက်တည့်တည့်အမြင့် လက်မ ၆၀ မှ လွှတ်ချရမည်။ ဘောလုံးသည် ဦးထုပ်ကို တစ်ကြိမ်သာ ရိုက် ခတ်ရမည်။
            သံမဏိဘောလုံး၏ အရွယ်အစားမှာ အချင်း ၃.၇၅ လက်မ၊ အလေးချိန် ၇.၈ မှ ၈ ပေါင် ရှိရမည်။ တိုင်းတာမည့် မိုက်ခရို စကုပ်မှာ ဘရစ်နယ်မိုက်ခရိုစကုပ်ဖြစ်ပြီး တိကျမှု ဝ.ဝ၅ မီလီမီတာ ဖြစ်ရမည်။
            သက်ရောက်မည့်အားကို ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း သို့မဟုတ် အောက်ဖော်ပြပါ Brinell formula အတိုင်း ဖြစ်ရမည်။



F = transmitted force in pounds
H = average Brinell hardness number of the impression bar
D = diameter of the impression ball in millimeters
d = diameter of the impression in millimeters

          အန္တရာယ်ကင်းမျက်မှန်အတွက် အမေရိကန်စံနှုန်းမှာ ANSI Z87.1-2003 ဖြစ်၏။ ထိုစံနှုန်းအရ မျက်မှန်ကို အောက်ပါ အတိုင်း စမ်းသပ်ပါသည်။ 
          အန္တရာယ်ကင်း မျက်မှန်များကို နှစ်မျိုးခွဲခြားနိုင်သည်။ တစ်မျိုးမှာ အခြေခံ ခံနိုင်ရည်အား (Basic Impact) နှင့် နောက် တစ်မျိုးမှာ အထူးခံနိုင်အား (High Impact) ဟု ဖြစ်သည်။
          အခြေခံ ခံနိုင်ရည်အား (Basic Impact) မျက်မှန်များအတွက် စမ်းသပ်ပုံမှာ အချင်း ၁ လက်မရှိသော သံဘောလုံးကို အမြင့် လက်မ ၅ဝ မှ မျက်မှန်သားပေါ်သို့ လွှတ်ချ စမ်းသပ်ခြင်း ဖြစ်၏။ ဤစမ်းသပ်ချက်ကို drop ball စမ်းသပ်ချက်ဟု ခေါ်ပြီး ဤစမ်းသပ်ချက်ကို အောင်မြင်ရန် မျက်မှန်သားသည် ခြစ်ရာထင်ခြင်း၊ ကွဲခြင်း၊ အက်ခြင်း လုံးဝမရှိရပေ။ မှန်ဖြင့်ပြုလုပ်သော မျက်မှန်များအတွက် မျက်မှန်အလက်တိုင်းကို စမ်းသပ်ရန်လိုပြီး ပလတ်စတစ်ဖြင့်လုပ်သော မျက်မှန်များကိုမူ ထုတ်လုပ်သော အသုတ်မှ ကျပမ်းကောက်ယူ စမ်းသပ်သည်။
          အထူးခံနိုင်အား (High Impact) မျက်မှန်များအတွက် စမ်းသပ်ပုံမှာ လက်မ တစ်မတ်ရှိ သံဘောလုံးကို တစ်စက္ကန့်လျှင် ပေ ၁၅ဝ အမြန်နှုန်းဖြင့် မျက်မှန်သားပေါ် ပစ်လွှတ်စမ်းသပ်ခြင်းဖြစ်၏။ ဤစမ်းသပ်ချက်ကို မြန်နှုန်းမြင့်စမ်းသပ်ချက် (high velocity test) ဟု ခေါ်ပြီး ဤစမ်းသပ်ချက်ကို အောင်မြင်ရန် မျက်မှန်သားသည် ကွဲခြင်း၊ အက်ခြင်း၊ ခြစ်ရာထင်ခြင်း၊ ကိုင်းမှပြုတ်ထွက်ခြင်း စသည်တို့ မဖြစ်ရပါ။
            ယခုဖော်ပြသည်တို့မှာ တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများကို စမ်းသပ်ရာ၌ အင်ဂျင်နီယာနည်းဖြင့် စမ်းသပ်ကြောင်း သိသာရုံမျှ ဖြစ်၏။ အခြား PPE များဖြစ်သည့် နားကြပ်၊ ကိုယ်သိုင်းကြိုး၊ ဖိနပ် စသည်တို့ကိုလည်း အလားတူပင် စမ်းသပ်ပါသည်။


(၃) အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း (Working Safely At Height) နမူနာ

            အမြင့်တွင် အလုပ်လုပ်သည့်အခါ ပြုတ်ကျခြင်းမှ ကာကွယ်ရန် လက်ရမ်းတန်းများ တပ်ဆင်ရ၏။ လက်ရမ်းတန်း တပ်ဆင်ရမည့်ပုံစံကိုလည်း အင်ဂျင်နီယာနည်းဖြင့်သာ ဖော်ပြရပေသည်။ လက်ရမ်းတန်း၏ ခံနိုင်ရည်အားမှာ 1kN (100 kgf) ဖြစ်ရမည်။ လက်ရမ်းတန်း တစ်ခုနှင့်တစ်ခုအကြား ၆ဝဝ မီလီမီတာထက် ပိုမကျယ်စေရ။ လက်ရမ်းတန်း၏ အပေါ်ဆုံးတန်းမှာ ကြမ်းပြင်မှ အနည်းဆုံး ၁ မီတာ မြင့်ရမည်။ ခြေကာပြားအမြင့်မှာ အနည်းဆုံး ၉၀ မီလီမီတာ ရှိရမည်။ ကြမ်းခင်းအကျယ်မှာ အနည်းဆုံး ၅၀၀ မီလီမီတာ ကျယ်ရမည် စသဖြင့် ဖြစ်၏။
            အမြင့်တွင် အလုပ်လုပ်နေသူသည် ပြုတ်ကျခြင်းမှ ကာကွယ်ရန် ကိုယ်သိုင်းကြိုးကို ဝတ်ဆင်ထားရမည်။ ကိုယ်သိုင်းကြိုး ကို anchor point တွင် ချိတ်ထားရမည်။ ပြုတ်ကျသည့်အခါ ဆောင့်ကျလာသည့် လူ၏အလေးချိန်ကို ခံနိုင်ရန် anchor point ကို ဒီဇိုင်းရေးဆွဲထားရန် လိုသည်။ Anchor point အတွက် စင်ကာပူမှ စံနှုန်းမှာ SS570: 2011 ဖြစ်၏။ စံနှုန်းအလိုအရ anchor point ၏ ခံနိုင်ရည်အားကို တွက်ရာတွင် safety factor 2 ဖြင့် တွက်ရမည်။ လူတစ်ဦးအတွက် anchor point ၏ ခံနိုင်ရည်နှုန်းမှာ 12 kN ဖြစ်ရမည်။ အကယ်၍ ထိုပွိုင့်တွင် အခြားသူများပါ ထပ်မံချိတ်လာပါက လူတစ်ဦးအတွက် 2kN ပို ထပ်ပိုးပေးရမည်။ အမေရိကန် စံနှုန်းတွင်မူ ထို anchor point ၏ ခံနိုင်ရည်အားကို ပေါင် ၅၀၀၀ ဟု သတ်မှတ်ပါသည်။ ဆိုလိုသည်မှာ ထို ပွိုင့်၌ သာမန် ကား တစ်စီး ဆွဲထားလျှင်ပင် anchor point ပြုတ်မထွက်ရ။
            ထို့အတူပင် ရေပြင်ညီသက်ကယ်ကြိုး (horizontal lifeline), ဒေါင်လိုက်သက်ကယ်ကြိုး (vertical lifeline) စသည်တို့ ကိုလည်း ဈေးထဲတွင်တွေ့သည့်ကြိုးကို ကောက်ကက်ဝယ်ကာ သုံးလို့ရသည် မဟုတ်ပါ။ လူပြုတ်ကျသည့်အခါ ပြုတ်ကျသည့်အား ကိုခံနိုင်စေရန် အင်ဂျင်နီယာက တွက်ချက်ထားသည့်အတိုင်း ထုတ်လုပ်ထားသည့်ကြိုး ဖြစ်ရမည်။
            ဥပမာ - ၇၅ ကီလိုဂရမ်လေးသည့် လူတစ်ဦးပြုတ်ကျပါက ၎င်းအပေါ်သက်ရောက်မည့်အားမှာ ရူပဗေဒပုံသေနည်းအရ -
F = ma ဖြစ်သည်။ ပြုတ်ကျခြင်းအတွက် a မှာ မြေဆွဲအားအရှိန် g (=9.81 m/s2) ဖြစ်၏။ ထို့ကြောင့် လူအပေါ်သက်ရောက် မည့်အားမှာ 75 kg x 9.81 m/s2 = 735 kgf ဖြစ်သည်။ ဤသည်မှာ ရိုးရိုးအားသာဖြစ်ပြီး impact load မပါသေး။ ကြိုး တစ်ချောင်းသည် ထိုဒဏ်ကိုခံနိုင်မခံနိုင် အင်ဂျင်နီယာတွက်ချက်မှုများမပါဘဲ မည်ကဲ့သို့ သိနိုင်ပါမည်နည်း။
            ဤသည်မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၌ အင်ဂျင်နီယာပညာရပ်သည် အဘယ်ကြောင့် မပါမဖြစ် ပါရန်လိုကြောင်း နမူနာမျှ ပြဆိုခြင်းမျှ ဖြစ်ပါသည်။


(၄) PE (Professional Engineer) Design Requirement
--------------------------------------------------------------------------------

            စင်ကာပူမှ လုပ်ငန်းများတွင် အန္တရာယ်ကင်းရေးအတွက် ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာတွက်ချက်မှုဖြင့်သာ လုပ်ကိုင်ရ သော လုပ်ငန်းများ ရှိ၏။ WSH (Construction) Regulations နှင့် WSH (Scaffold) Regulations များမှ ဥပမာထုတ်ပြပါမည်။

၁။ ယာဉ်များသွားလာမည့် တက်လမ်း၊ ဆင်းလမ်း (Runways and ramps for motor vehicles) အတွက် -

Ø  ယာဉ်များသွားလာမည့် တက်လမ်း၊ ဆင်းလမ်းကို PE design အရတည်ဆောက်ရမည်။

            PE က ယူရမည့်တာဝန်များကိုလည်း တပါတည်း ပြဋ္ဌာန်းပေးထားရာ ယာဉ်များ တက်/ဆင်းလမ်းအတွက် PE ၏ တာဝန် ဝတ္တရားများကို WSH (Construction) Regulations၊ ပုဒ်မ ၂၉ (၂) နှင့် (၃) တွင် ဖော်ပြထား၏။ 

၂။ ငြမ်းဆင်ရာတွင် အောက်ပါတို့အတွက် PE design လိုသည်။

Ø  သင်္ဘောကျင်းများတွင် ၁၅ မီတာထက်ပိုမြင့်သော ငြမ်းစင်များ
Ø  ဆောက်လုပ်ရေးလုပ်ငန်းများတွင် မီတာ ၃၀ ထက် ပိုမြင့်သော ငြမ်းစင်များ
Ø  ကန်တီလီဗာငြမ်းစင်များ
Ø  သံငြမ်းစင်တစ်ခန်းတွင် လူ ၄ ဦးထက်ပိုနေရန်လိုလျှင်

            ငြမ်းစင်အတွက် PE ၏ တာဝန်ဝတ္တရားများကို WSH (Scaffold) Regulations၊ ပုဒ်မ ၂၀ (၄) တွင် ဖော်ပြထားပါသည်။  

၃။ ဖောင်ဝပ်ဆင်ရာတွင် အောက်ပါတို့အတွက် PE design လိုသည်။

Ø  ကြမ်းခင်းအထူ ၃ဝဝ မီလီမီတာထက် ပိုလျှင် (more than 300 mm slab thickness)
Ø  ဖောင်ဝပ်အမြင့်သည် ၉ မီတာထက်ကျော်လျှင် (height more than 9 m)
Ø  ဖောင်ဝပ်သည် ၂ ဆင့်ထက် ပိုလျှင် (formwork more than 2 tiers)

            ဖောင်ဝပ်ဒီဇိုင်းအတွက် PE ၏ တာဝန်ဝတ္တရားများကို WSH (Construction) Regulations၊ ပုဒ်မ ၆၄ တွင် ဖော်ပြထား ၏။ 

၎။ မြေကြီးတူးရာတွင် အောက်ပါတို့အတွက် မြေကာပြား (shoring) ကို PE design  လိုသည်။

Ø  မြေကြီးအနက် ၄ မီတာထက် ပိုတူးလျှင်
Ø  မြေကြီးအနက် ၁.၅ မီတာထက် ပိုတူးလျှင် မြေကာပြားဆင်ပေးရ၏။ သို့မဟုတ် မြေကာပြားမလိုဘဲ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ပါသည်ဟု PE က လက်မှတ်ထုတ်ပေးရသည်။

            မြေတူးခြင်းအတွက် PE ၏ တာဝန်ဝတ္တရားများကို WSH (Construction) Regulations၊ ပုဒ်မ ၇၈ တွင် ဖော်ပြထား၏။ 

၅။ အမှိုက်ပစ်ချမည့်မြောင်း (debris chute) အတွက် PE design လိုအပ်ချက်

Ø  အမှိုက်ပစ်ချမည့်မြောင်းသည် ၁၂ မီတာထက် ပိုမြင့်ပါက PE design ဖြင့်သာ တည်ဆောက်ရမည်။
            ထိုမြောင်းအတွက် PE ၏ တာဝန်ဝတ္တရားများကို WSH (Construction) Regulations၊ ပုဒ်မ ၅၆ (၂) တွင် ဖော်ပြထား၏။


(၅) PE (Professional Engineer) ၏ အခန်းကဏ္ဍ


            အထက်တွင်ဖြော်ပထားသည့် ဥပမာများအရ PE မည်မျှအရေးကြီးကြောင်း သိသာနိုင်ပါသည်။ PE တစ်ယောက်ဖြစ်ဘို့ရာ စာအုပ်ထဲတွင် ဖော်ပြထားသည်များကို လေ့လာမှတ်သားရုံနှင့်မရ။ လက်တွေ့လုပ်ငန်းအတွေ့အကြုံလည်း ရှိရန်လိုပါသည်။ စာတွေ့၊ လက်တွေ့နှံ့စပ်မှ ဒီဇိုင်းရေးဆွဲရာတွင် မှန်မှန်ကန်ကန် ရေးဆွဲနိုင်မည်ဖြစ်၏။
            ဥပဒေထဲတွင် PE တစ်ယောက်၏ တာဝန်ဝတ္တရားများကို ပြဋ္ဌာန်းထားရာ စင်ကာပူမှ PE စာမေးပွဲများတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဥပဒေများကိုပါ ထည့်မေးပါသည်။ အထူးသဖြင့် အထက်တွင်ပြဆိုခဲ့သော အပိုင်းများ ဖြစ်၏။ ထို့ပြင် ဒီဇိုင်း ရေးဆွဲရာတွင် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ညီညွတ်စေရန် သက်ဆိုင်ရာ စံနှုန်း (SS - Singapore Standards, CP - Code of Practices) များကို သိထားရမည်။ အောက်တွင် အချို့သော CP နှင့် SS များကို နမူနာအဖြစ် ဖော်ပြထားပါသည်။

CP 4: Foundations
CP 5: Electrical Installations
CP 7 : The structural use of timber
SS 557: Demolitions
CP 14: Scaffolds
CP 16: Earthing
CP 20: Suspended scaffolds
CP 23: Formwork
CP 88: Temporary Electrical Installations
SS 553: Air-conditioning and mechanical ventilation in buildings

            ထို့ပြင် PE တစ်ယောက်သည် ကိုယ်လုပ်ထားသည့်အလုပ်ကို ကိုယ်ကိုယ်တိုင်တာဝန်ကိုယ်ယူဘို့ လိုပါသေးသည်။ မည်မျှတော်သည့် PE ဖြစ်စေ၊ ကိုယ့်လုပ်ငန်းကိုယ် တာဝန်မယူလျှင် ဘာမှ တန်ဘိုးမရှိပါ။ နမူနာတစ်ခု ပြပါမည်။
            စင်ကာပူဥပဒေ၌ PE design အရ ဆောက်လုပ်ထားသည့် formwork, scaffold, shoring စသည်တို့ကို အသုံးမပြုမီ PE သည် လုပ်ငန်းခွင်အတွင်းသို့လာရောက်ကာ ဆောက်လုပ်ထားသည့် ထို formwork, scaffold, shoring စသည်တို့ကို မိမိ ဒီဇိုင်း ထုတ်ထားသည့်အတိုင်း ဆောက်လုပ်ထားခြင်းဟုတ်မဟုတ် လာရောက်စစ်ဆေးကာ အတည်ပြုပေးရသည်။ အတည်ပြုချက် လက်မှတ်ကို COS (Certificate of Supervision) ဟု ခေါ်၏။ ထို COS ရမှ ထို formwork, scaffold, shoring စသည်တို့ကို အသုံးပြု၍ ရသည်။ ထိုလက်မှတ်မရမချင်း သုံး၍မရ။
            ကျွန်ုပ်အတွေ့အကြုံအရ ဆိုရပါမူ မနည်းတောင်း၍သာ COS ဆိုသည့်စာရွက်ကိုရသည်။ PE ဆိုသူကိုမူ မြင်မျှ မမြင်ဖူး လေ။ ထို့ကြောင့် အထက်တွင်ဖော်ပြခဲ့သော ဖောင်ဝပ်လဲပြိုမှုများဖြစ်သည်ကို ကျွန်ုပ်အနေနှင့် မအံ့သြမိပါ။

နိဂုံး

            ဤလောကတွင် အသက်ထက်ပိုပြီး တန်ဘိုးကြီးတာ ဘာရှိပါသနည်း။
            Safety နှင့်ပတ်သက်လာလျှင် BBC မှ ဦးလေးကြီး ဦးဖေသန်းပြောစကားကလေးကို ကျွန်ုပ် အမြဲကြားယောင်မိပါသည်။

"ဒီမှာ ဒီမှာ၊ ခဏနားထောင်ကြည့်စမ်းပါ။
ဟောဒီလောကကြီးမှာလေ အသက်ပျောက်သေဆုံးခြင်းဆိုတဲ့
အဖြစ်ဆိုးကြီးကလွဲရင်
အရာရာဟာ
ပြုပြင်လို့
ကုစားလို့
ရတဲ့အရာတွေချည်းပါဘဲ။"

            နိဂုံးချုပ်အနေဖြင့် အစိုးရသည်လည်း အစိုးရအလုပ်ကို မှန်မှန်ကန်ကန်ကန် လုပ်ကြဘို့၊ အလုပ်ရှင်များသည်လည်း အလုပ်ရှင်အလုပ်ကို မှန်မှန်ကန်ကန်ကန် လုပ်ကြဘို့၊ အင်ဂျင်နီယာများသည်လည်း အင်ဂျင်နီယာအလုပ်ကို မှန်မှန်ကန်ကန် လုပ်ကြဘို့၊ ကြီးကြပ်ရေးမှူးများသည်လည်း ကြီးကြပ်ရေးမှူးအလုပ်ကို မှန်မှန်ကန်ကန်ကန် လုပ်ကြဘို့၊ အလုပ်သမားများ သည်လည်း အလုပ်သမားအလုပ်ကို မှန်မှန်ကန်ကန်ကန် လုပ်ကြဘို့ တိုက်တွန်းလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း (လေးမျက်နှာ)
၃၁ ဇူလိုင်၊ ၂၀၁၉

Saturday, July 27, 2019

စင်ကာပူတွင် စာသင်ကြပုံအကြောင်း တစေ့တစောင်း


(၁)

ဖေ့စ်ဘုတ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ကျွန်ုပ်စင်ကာပူအကြောင်းရေးတာ အတော်များပါပြီ။
ထို့ကြောင့်လည်း အချို့က "စင်ကာပူအကြောင်းကလွဲပြီး တခြား မရေးတတ်တော့ဘူးလား" ဟု လည်း မေးငေါ့၊ မျက်မုန်းကျိုးသူ များလည်း ရှိ၏။
ဤသည်ကို ကျွန်ုပ်လည်း သိပါ၏။
သို့သော် ၎င်းတို့ကို အပြစ်မတင်ပါ။ ကျွန်ုပ်က စင်ကာပူတွင်နေထိုင်တာဖြစ်၍ စင်ကာပူအကြောင်းပဲ သိပါသည်။ အမေရိကားတို့၊ အင်္ဂလန်တို့၊ သြစတေးလျားတို့အကြောင်းတွေ မသိပါ။ ထို့ကြောင့် ကိုယ်သိသည့်အကြောင်းပဲ ရေးရတာ ဖြစ်ပါ၏။

ဝါးတောကွင်းရွာအကြောင်း၊ ဝါးတောကွင်းကလူတွေအကြောင်းကို ဝါးတောကွင်းမှာ ၃ - ၄ နှစ် အနည်းဆုံးနေဖူးမှ သိနိုင်မှာ ဖြစ်ပါ သည်။ ဝါးတောကွင်းကို တစ်ခေါက်မျှရောက်ဖူးပြီး ဝါးတောကွင်းသားတွေက ဘယ်လိုဟု ပြောလျှင် အသင်တို့သည်လည်း -
စင်ကာပူကို တစ်ခေါက်မျှရောက်ဖူးရုံမျှနှင့် ငါတို့ စင်ကာပူကို စားအုန်းဆီနဲ့ ကြော်ပြမယ် ဟု အခြောက်တိုက် ကြုံးဝါးနေသူများ ကဲ့သို့ ဖြစ်ချိမ့်မည်။ (အဲလေ - မဆိုင်တဲ့သူတွေအကြောင်း ပါသွားတာ ဆော်တီးပါ ခညာ။)

၂ဝဝ၈ ခုနှစ် ကျွန်ုပ် "အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း" စာအုပ်ကို ရေးစဉ်ကတည်းက ပညာရေးအပါအဝင် စင်ကာပူ အကြောင်း လေ့လာခဲ့မိပါ၏။ သို့ဆိုစေ၊ စာထဲရေးထားတာလောက်သာ သိပါသည်။

ယခု သား စင်ကာပူမှာ ကျောင်းတက်ပြီဆိုတော့မှ သူတို့တွေ ဘယ်လိုတွေ သင်နေကြတယ်၊ လုပ်နေကြတယ် ဆိုတာကို သေသေချာချာ သိလာရတာဖြစ်၏။ ဒါတောင် သူတို့ ပညာရေးဝန်ထမ်းတွေလောက် ဂဃနဏမသိနိုင်ပါ။ ထို့ကြောင့်လည်း ကျွန်ုပ် စင်ကာပူပညာရေးအကြောင်း စာအုပ်ရေးမည်ဟု ကြံခဲ့စဉ်က စင်ကာပူကျောင်းတွင် ဆရာမလုပ်ခဲ့ဖူးသည့် ဦးဇော်အောင်၏သမီးကို အင်တာဗျူးရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ (စာအုပ်စာတမ်း၊ အချက်အလက်များစွာ စုဆောင်းပြီးမှ ဤစာအုပ်လည်း မရေးဖြစ်ပါ။)

စင်ကာပူအကြောင်းချည်းရေးနေ၍ ကျွန်ုပ်ကို မျက်မုန်းကျိုးနေသူများ ဤနေရာတွင် ရပ်တန်းကရပ်လို့ရပါပြီ။
ကျွန်ုပ်မူ ကျွန်ုပ်ရေးချင်သည့် အကြောင်းကိုမှ မရေးလိုက်ရလျှင် စားမဝင်၊ အိပ်မပျော်ဖြစ်တတ်သောကြောင့် ယခုည ကောင်းကောင်း အိပ်ရနိုင်စေရန် စင်ကာပူကျောင်းတွင် တက်နေသည့် ကျွန်ုပ်သားလုပ်ကိုင်နေပုံများကို လေ့လာရသမျှနှင့် "စင်ကာပူတွင် စာသင်ကြပုံအကြောင်း တစေ့တစောင်း" ကို ရေးလိုက်ရပြန်ချေပြီ တမုံ့။

နည်းနည်းရှည်ပါမည်။ သည်းခံဖတ်တော်မူကြပါ။

(၂)

ကျောင်းဆိုသည်မှာ ကလေးငယ်တွေကို စာသင်ပေးရုံမျှသာမဟုတ်။ လူ့ဘဝတွင် နေပုံထိုင်နည်းများကိုပါ လေ့ကျင့်ပေးသည့် နေရာ ဖြစ်၏။ စင်ကာပူကကျောင်းများတွင် ဤသည်ကို ပြတ်ပြတ်သားသား တွေ့နိုင်၏။ သူတို့က စာသင်ပေးရုံ သက်သက်မျှ မဟုတ်။

သည်ကနေ့ (စနေနေ့) မနက် အစောကြီးထပြီး သားကို ကျောင်းလိုက်ပို့ရ၏။ သားက နားရမည့်ရက်မှာ မနားရ၊ အစောကြီး ထရသည်ဆိုပြီး ဂျီကျနေသေးသည်။ ကျောင်းကနေ မနက် ၇ နာရီ ကားထွက်မှာဆိုတော့ ကျောင်းကို ၇ နာရီမတီးခင် ရောက်အောင် သွား၏။ အစီအစဉ်က နေ့လည် ၁း၄၅ နာရီ ထိ။ ထိုပွဲကို Pi Force Challenge ဟု ခေါ်၏။

အစီအစဉ်မှာ စင်ကာပူတဝှမ်းရှိကျောင်းများမှ Primary 5 နှင့် 6 ကျောင်းသားများကို ဖိတ်ပြီး သင်္ချာနှင့် သိပ္ပံပြိုင်ပွဲ လုပ်ပေးတာ ဖြစ်၏။ ပြိုင်ပွဲဖြစ်သည့်အတွက် အတန်းထဲမှာ ထိပ် ဆိုသည့်ကျောင်းသားများကိုသာ ရွေးခေါ်၏။ အနို့ ဘယ်သူဖြစ်ဖြစ် ကိုယ့် ကျောင်းကိုယ်သာ နိုင်စေချင်ကြတာကိုး။

ပြိုင်ပွဲတွင် သင်္ချာနှင့် သိပ္ပံဆိုင်ရာ ပြဿနာများ ပေးထားမည်ဖြစ်၏။ ထိုပြဿနာများကို အုပ်စုလိုက် ဖြေရှင်းပြီး အုပ်စု ကိုယ်စားလှယ် ကျောင်းသားတစ်ယောက်က မိမိတို့ ဖြေဆိုထားသည်ကို ရှင်းပြရ၏။ အနိုင်ရသူများကို ဆုပေး၏။

ဤပြိုင်ပွဲလုပ်ပေးခြင်းဖြင့် ကျောင်းသားများမှာ အုပ်စုလိုက် လုပ်ကိုင်ရပုံ (Team work) ဆိုတာကို ကောင်းကောင်း နားလည် သွားမည်။ ကိုယ့်ရလဒ်ကို အားလုံးရှေ့ ထွက်ရှင်းပြရခြင်းကြောင့် တင်ပြပုံစွမ်းရည် (presentation skill) ကို လေ့ကျင့်ပြီးသား ဖြစ်သွားမည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘယ်လိုဖြေရှင်းရမလဲ ဆိုသည့် ပြဿနာဖြေရှင်းနည်း (problem solving skill) တတ်သွားမည်။ "ငါမရှိရင် မင်းတို့ ဘာဖြစ်သွားမယ်ထင်သလဲ" ဆိုသည့် အတွေးအခေါ်အယူအဆများ အလိုလို ပျောက်ကွယ် သွားပေမည်။ (ကျုပ်သားအကြောင်း ကျုပ်ပြောတာနော။ ဟိုလူကြီးတွေ - ဒါ ငါတို့ကိုစောင်းပြောတာဆိုပြီး မဆီမဆိုင် နာမနေကြ နဲ့ဦး။)

သည်လိုအစီအစဉ်များ မကြာခဏရှိသည်။ တစ်နေရာကို သွားလေ့လာကြသည်။ အားကစားပြိုင်ပွဲ လုပ်သည်။ သီချင်းဆိုကြသည်။ က ကြသည်။ အပင်လေးများကို လေ့လာကြသည်။ မုန့်လုပ်စားကြသည်။

ကျောင်းက တစ်လလျှင်တစ်ကြိမ် Touching Base ဟု ခေါ်သည့် စာစောင်ပို့ပေးသည်။ (ပုံကို screen shot ရိုက်ပြထားပါသည်။)

Touching Base ၌ ကျောင်းအုပ်ကြီး၏ အမှာစကားဖြင့် ဖွင့်၏။ ထိုအမှာစကားတွင် မိဘများ သိသင့်သိထိုက်သည်များကို ရေးထား သည်။ ဥပမာ - ကလေးတွေကို အင်တာနက်သုံးခြင်းအား ကန့်သတ်ထားသင့်ကြောင်း၊ အင်တာနက်မှ မြှုဆွယ်မှုများ၏ သားကောင်များဖြစ်မသွားစေရန် မည်ကဲ့သို့ တားဆီးရမည်။ ကျောင်းဖွင့်စဆိုလျှင် မိဘများမှာ ကျောင်းမှ လှုပ်ရှားမှုများနှင့် အဆက်မပြတ်စေလိုကြောင်း။ မိမိသားသမီး၏ student handbook ကို မပြတ်လေ့လာနေစေလိုကြောင်း။ ကျောင်းမှ သင်ခန်းစာ များကိုကြည့်၍ အားနည်းချက်များကို ပြောပြခြင်းဖြင့် ကလေးများ၏ ပညာရေး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။ အရွယ်ရောက် လာပြီဖြစ်သည့် လူပျိုပေါက် အပျိုပေါက်များမှာ စိတ်ကစားလာတတ်သဖြင့် ၎င်းတို့ကို မည်ကဲ့သို့ နူးညံ့စွာကိုင်တွယ်ရမည် ဆိုသည့် အကြောင်း။ ကလေးများ မသိနားမလည်၍ မေးလာခဲ့သည်ရှိသော် သူတို့ကို အော်ငေါက်မပစ်ဘဲ နားလည်သည်ထိ ရှင်းပြရမည် ဖြစ်ကြောင်း။ ကလေးများနှင့်အတူ အပြင်စာများကို ဝိုင်းဖတ်ပေးခြင်းဖြင့် ကလေးများ စာဖတ်ခြင်း၌ စိတ်ဝင်စားလာမည် ဖြစ်ကြောင်း။ စာကြည့်တိုက်ကိုလည်း မကြာခဏ သွားပေးစေလိုကြောင်း။ Wow.

တစ်လတစ်ခါ အကြောင်းအရာမထပ်ရပါ။ အမှန်ဆိုလျှင် ဤစာများအားလုံးကိုသာ ဘာသာပြန်လိုက်ရလျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းမည့် ပညာပေးလမ်းညွှန်စာအုပ်တစ်အုပ်ပင် ဖြစ်လာနိုင်စရာ ရှိပါသည်။

ထို Touching Base ထဲ၌ ကျောင်းလှုပ်ရှားမှု အချိန်များနှင့်တကွ အသေးစိတ်ကို ဖော်ပြထား၏။ မည်သည့်အတန်းက မည်သည့်ရက်၊ မည်သည့်အချိန်၌ မည်သည့်လှုပ်ရှားမှုရှိသည်။ မည်သည့်နေ့တွင် ကျောင်းပိတ်မည်။ စာမေးပွဲရက်က မည်သည့် နေ့ဖြစ်သည် စသဖြင့်။

ထိုမျှသာမက ကျောင်းတွင်းလှုပ်ရှားမှုပြက္ခဒိန် (Activity Calendar) ကိုလည်း ရက်၊ အချိန်၊ နေရာ စသည့် အသေးစိတ် အချက် အလက်များနှင့် ပေးထားသေး၏။ ဘာမှ မှားစရာမရှိရ။ သူတို့ activities တွေက များလှသည်ဖြစ်ရာ ကျွန်တော်က သား အတန်းနှင့်ပတ်သက်သည့် activities များကို white board တွင် သပ်သပ်ရေးကာ မှတ်ထားရ၏။ ဒါတောင် တခါတလေ မေ့သွားတတ်တာမျိုးတွေ ရှိသေး၏။

ကျောင်းက ကျောင်းသားတွေကို Student handbook လုပ်ပေးထား၏။ ကြီးကြီးကျယ်ကျယ် ပြောကြစတမ်းဆို Management calendar ဖြစ်ပါသည်။

သည် Student handbook ထဲတွင် သည်ကနေ့ ဘာအိမ်စာတွေ ပေးလိုက်သည်။ နက်ဖြန် ဘာလုပ်ရမည်။ ဘာတွေယူလာရမည် စသည့် ဆရာ/ဆရာမပြောသည့်တို့ကို ကျောင်းသားများက မှတ်လာကြရ၏။ အိမ်ပြန်ရောက်တော့ ထို handbook ကိုဖွင့်ကာ အိမ်စာလုပ်ကြသည်။ နက်ဖြန်အတွက် လိုအပ်သည်များကို ပြင်ဆင်ကြသည်။ (Student handbook နမူနာကို လေ့လာနိုင်ရန် ပုံတွင် ပြထားပါသည်။)

ထိုမျှသာမက activity တစ်ခုချင်းစီအတွက် ထိုအစီအစဉ်ကို တက်/မတက်၊ လာ/မလာဆိုသည်ကို မိဘများက လက်မှတ်ထိုးရ၏။ ထိုစာရွက်ထဲတွင်လည်း မည်သည့်အချိန်စမည်။ မည်သည့်နေရာကိုလာရမည်။ ကျောင်းက ကားကြိုမည်။ သို့မဟုတ် မိဘများ လိုက်ပို့ရမည်။ ဘာတွေယူလာရမည် စသည့် အသေးစိတ် ညွှန်ကြားချက်ပါ၏။
မိမိကလေးတွင် ကျန်းမာရေးနှင့် ပတ်သက်၍ ပြဿနာတစုံတရာရှိပါကလည်း ကြေငြာရသည်။
(Activity consent form နမူနာကို လေ့လာနိုင်ရန် ပုံတွင်ပြထားပါသည်။)

သြော် - မေ့တော့မလို့ သူတို့ Parent-Teacher meeting လုပ်ပုံလေးအကြောင်း ပြောပါရစေဦး။
သူတို့မိဘဆရာအစည်းအဝေးဆိုတာ အခန်းကျယ်ကြီးထဲတွင် မိဘများအားလုံးကို ထိုင်စေကာ ဆရာမကြီးက အိမ်သာဆောက် တာ ဘယ်လောက်ကုန်သည်။ သောက်ရေအိုးဝယ်တာက ဘယ်လောက်၊ တံမြက်စည်းဝယ်တာ ဘယ်လောက် စသည့် စာရင်းဇယားကြီးများကို ဖတ်ပြတာ မဟုတ်ပါ။

ကျောင်းသားတစ်ယောက်လျှင် meeting အတွက် တစ်ချိန်စီပေးထား၏။ မိဘများက ကိုယ့်သားသမီးကိုခေါ်ကာ သတ်မှတ်ထား သည့်အချိန်ရောက်အောင် သွားရ၏။ ဆရာမများက (မြန်မာပြည်တွင်သာ မဟုတ်ပါ။ စင်ကာပူတွင်လည်း အမျိုးသားဆရာ အတော်နည်း၏။ ကျွန်တော်တွေ့သမျှ အမျိုးသမီးဆရာမများသာ များပါသည်။) မိဘများကို ၎င်းတို့စာသင်သည့် အခန်းတွင်း၌သာ တွေ့၏။ တွေ့တယ်ဆိုတာ မိဘအားလုံးကို ရောနှောသောကော တွေ့တာမဟုတ်။ ကျောင်းသားတစ်ဦးချင်းစီအလိုက် ခေါ်တွေ့တာ ဖြစ်၏။

သားတို့အတန်းမှာ သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ် သုံးဘာသာသင်ရသည်ဆိုတော့ ဘာသာရပ်ဆိုင်ရာ ဆရာမသုံးဦး ထိုင်နေ၏။
ထို့နောက် အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာဆရာမ အသီးသီးက သက်ဆိုင်ရာဘာသာရပ်အလိုက် သူကတော့ ဘယ်နေရာမှာ အားသာ တယ်။ ဘာအားနည်းချက်တွေရှိတယ်၊ မိဘက ဘယ်လိုလုပ်ပေးသင့်တယ် စသည်တို့ကို အသေးစိတ် ဆွေးနွေး၏။ သို့အတွက် မိမိ သားသမီးအခြေအနေကို အသေးစိတ် သိခွင့်ရပါသည်။ ဘာလိုနေသည်၊ ဘာတွေလုပ်ပေးသင့်သည် စသည်။

နောက်ပြီး ကျောင်းသားများကို စခန်းသွင်း (camp) လေ့ကျင့်ပေး၏။ ကိုယ့်အိပ်ယာလိပ်၊ ကိုယ့်အသုံးအဆောင် (အဝတ်အစား၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်မှ အစ)(ဘာတွေယူလာရမည်ဆိုသည်ကို စာရင်းပြုစုပေးထား၏။) မိဘများ လိုက်စရာမလို။ သူတို့ဘာသာသူတို့ ကျောင်းက အစီအစဉ်ဖြင့်သွားကာ ကျောင်းမှပင် ပြန်လာတာ ဖြစ်၏။

ကလေးတွေကို သည်လို စခန်းသွင်းလေ့ကျင့်ပေးလိုက်တော့ ရေချိုးတာ၊ အိမ်သာတက်တာ စသည့် ကိုယ့်ဝေယျာဝစ္စ ကိုယ့်ဘာသာ လုပ်တတ်သွားသည်။ ကိုယ့်တာဝန်ကိုယ် ယူတတ်စေသည်။ နောက်ပြီး အပေါင်းအသင်း သူငယ်ချင်းတွေကို အချင်းချင်း ကူညီတတ်စေ၊ အများနှင့် နေတတ်စေသည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတာ ဘာဆိုတာ နားလည်စေသည်။

သည်နှစ်တော့ P5 ကျောင်းသားတွေကို နိုင်ငံခြားလေ့လာရေးခရီး လွှတ်၏။ သားတို့အတန်းအတွက် ဘရူနိုင်းနှင့် တရုတ် နှစ်နိုင်ငံ ရွေးစေရာ ကျွန်ုပ်က တရုတ်နိုင်ငံကို ရွေးလိုက်၏။ ကျောင်းသားအများစုမှာလည်း တရုတ်ကိုသာ ရွေးပါသည်။ ဤတွင်လည်း သူတို့ လုပ်ပုံကိုင်ပုံကို ပြောပြပါရစေဦး။

သည်ခရီးစဉ်အတွက် တစ်လခွဲနှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်ပါသည်။ ဟိုရောက်ရင် ဘယ်လိုနေရထိုင်ရမည်၊ ဘယ်လို အစားအသောက်တွေ စားရမည်။ ရာသီဥတု ဘယ်လိုရှိသည်။ ဘယ်ဘာသာစကား ပြောသည်။ ဘာတွေကိုတော့ဖြင့် လုပ်သင့်သည်။ ဘာတွေမလုပ်သင့်။ Luggage ထဲမှာ ဘယ်ပစ္စည်းတွေထည့်ရမည်။ Hand carry ထဲမှာ ဘာပစ္စည်းတွေ ပါရမည်။ ဘယ်ပစ္စည်းတွေ မယူခဲ့ရ။ ဘယ်လေကြောင်းလိုင်းဖြင့် သွားမည်။ ခရီးသွားချိန်မည်မျှကြာမည်။ ဘယ်ဟိုတယ်မှာ တည်းမည်။ ဘယ်နေ့ ဘယ်တွေသွားမည်။ ဘာတွေလုပ်မည် အားလုံးကို လက်စွဲစာအုပ်ကလေးရိုက်နှိပ်ပေးထားပါသည်။ ကလေးနှင့် မိဘများကိုလည်း တစ်နေ့ခေါ်တွေ့ကာ အသေးစိတ်ညွှန်ကြားချက်များ ပြောပြ၏။

မိဘများက မိမိကလေးများကို ကျောင်းသို့လိုက်ပို့ရုံ။ တရုတ်ပြည်မှ ပြန်ရောက်လာတော့လည်း ကျောင်းတွင် သွားကြိုရုံသာ ဖြစ်ပါသည်။ ဗီဇာ၊ လေယာဉ်လက်မှတ် စသည်တို့ကို ခရီးသွားအေးဂျင့်နှင့် အကုန်စီစဉ်ထား၏။

နောက်တစ်ခုက ကျောင်းမှ အတန်းပိုင်ဆရာ၊ သင်တန်းနည်းပြ စသည်တို့နှင့် ကျောင်းသား၊ မိဘတို့ကို အမြဲဆက်သွယ် နေနိုင်သည့် Class Dojo ဆိုတာ ရှိ၏။ သားနေမကောင်း၍ ကျောင်းမသွားနိုင်လျှင် ကျွန်ုပ်က Class Dojo မှနေ၍ ခွင့်တိုင်လိုက်ရုံ ဖြစ်၏။ "အတန်းပိုင်ဆရာမ မှ တစ်ဆင့် ကျောင်းအုပ်ကြီးထံသို့" ဘာသို့ တွေ လုပ်နေစရာမလို။ "ဆရာမနှင့် ဆရာမ အမျိုးသားလည်း အဆင်ပြေပါစေ" ဘာတွေ ရေးနေစရာမလို။

ဆိုတော့ Class Dojo တွင် တရုတ်ခရီးစဉ်တာဝန်ခံ ဆရာမက ရောက်သည့်နေရာမှ ဓာတ်ပုံ၊ ဗီဒီယိုများကို တင်ပေးနေခြင်းဖြင့် ကိုယ့်ကလေး ဘယ်နေရာရောက်နေသည်၊ ဘာတွေလုပ်နေသည်၊ ဘာတွေစားကြသောက်ကြသည် ဆိုသည်ကို မပြတ်တွေ့နေရ လေ၏။ ဘယ်တွေရောက်နေလို့၊ ဘာတွေများဖြစ်နေပါလိမ့်ဟု စိတ်ပူစရာအကြောင်း တစက်ကလေးမှ မရှိ။

ထို Class Dojo မှပင် ကျောင်းမှလှုပ်ရှားမှုများကိုလည်း မပြတ်တွေ့နေရပါသည်။ သားတို့လှုပ်ရှားမှု ဓာတ်ပုံတချို့ကို နမူနာ တင်ပေးထားပါသည်။

ထိုမျှသာမက ကျောင်းမှ လှုပ်ရှားမှု၊ စည်းဝေးပွဲ စသည့်ဖိတ်စာများကို မိဘများထံပေးရန်၊ မိဘများက စည်းဝေးပွဲ တက်နိုင်/မတက် နိုင် အကြောင်းပြန်ရန် Parent Gateway ဆိုသည့် Apps လည်း ရှိပါသေး၏။ ကျောင်းမှာ ဘာအစည်းအဝေးတွေ၊ ဘာလှုပ်ရှားမှု တွေရှိသည်ကို သည်မှာ ကြည့်နိုင်သည်။ (ပုံတွင်ကြည့်ပါ။)

ကျောင်းသားများအတွက် အိမ်စာကို အွန်လိုင်းမှ လုပ်ခိုင်းသည်များလည်း ရှိပါသည်။ သူတို့က အချိန်ကို ကန့်သတ်ပေးထားသဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးအောင်လုပ်ရ၏။ ထို့ကြောင့် ကလေးများကို မိဘများကတောင် အတင်းတွန်းစရာမလို၊ အချိန်ကျော်သွားလျှင် တင်လို့မရတော့မှာစိုးသဖြင့် ကလေးကိုယ်တိုင် အချိန်မီပြီးရန် အားထုတ်ရလေသည်။ ဒါဆို အိမ်တိုင်း၊ အိမ်တိုင်း ကွန်ပြူတာရှိရတော့မလား ဟု မေးစရာရှိပါသည်။ အိမ်မှာ ကွန်ပြူတာမရှိသည့် ကလေးများအတွက် ကျောင်းမှာ လုပ်လို့ ရပါသည်။ (မြန်မာပြည်မှာ မီဒီယာရွမ်းတွေလုပ်တော့ စင်ကာပူကလည်း အတုယူကာ မီဒီယာရွမ်းတွေ လုပ်တာဖြစ်နိုင်ပါသည်။ ဤကား စကားချပ်)

(၃)

စာရေးတာလည်း အတော်များသွားပြီမို့ နိဂျုံးခုတ် (ဟုတ်ပေါင်) နိဂုံးချုပ်ပါမည်။

ကျွန်ုပ်က ဤကဲ့သို့ရေးလိုက်ခြင်းဖြင့် စင်ကာပူဆိုတာ တုသိတာနတ်ဘုံတမျှ ကောင်းနေသည်။ စင်ကာပူမှ ကလေးများမှာ အလွန်တော်၊ အလွန်တတ်သည့် ကလေးများဖြစ်သည်ဟု မဆိုလိုကြောင်း ဒုံးမဝေးသော ကျွန်ုပ်မိတ်ဆွေတို့ သိပါသည်။

အစိုးရ အကုန်ပံ့ပိုးပေး၊ ထောက်ပံ့ပေး၊ စီစဉ်ပေးထားတာဆိုတော့ သူတို့ကိုယ်သူတို့ အင်မတန် ဘဝင်ကိုင်နေသူများလည်း ကျောင်းသားများထဲမှာ မနည်းလှပါ။ ဤသည်ကို သူတို့ အစိုးရလည်း သိပါသည်။ ယခုကဲ့သို့ ပြည်ပလေ့လာရေးခရီးများ လွှတ်ပေးခြင်းမှာ အခြားတိုင်းပြည်များတွင် ကလေးတွေ ဘယ်လို ပညာသင်ယူနေကြရသည်၊ သူတို့ပညာရေး အခြေအနေ ဘယ်လိုရှိသည် ဆိုတာကိုလည်း သိစေလိုတာ ဖြစ်ပါသည်။

ကျွန်ုပ်ပေးချင်သော သတင်းစကားမှာ သူတို့ ဘယ်လိုတွေလုပ်နေသည် ဆိုတာကို သိသာစေရုံမျှ ဖြစ်ပါသည်။
ကြိုက်သူတို့ ယူစေ၊ မကြိုက်သူတို့ အားမနာပါးမနာ လွှင့်ပစ်လိုက်လို့ ရပါသည်။

အမှန်ဆို သည်ကနေ့ အစီအစဉ်နှစ်ခုရှိ၏။ သို့သော် ပထမအစီအစဉ် (Pi Force Challenge) ကိုသာ မသွားမနေရဖြစ်ပြီး ဒုတိယ အစီအစဉ်ဖြစ်သည့် Arts Elective Programme Exhibition ကမူ မသွားလိုက မသွားဘဲနေနိုင်၏။ တစ်ကြောင်းမှာလည်း ပထမ အစီအစဉ်က နေ့လည် ၁း၄၅ နာရီမှ ပြီးမည်။ ဒုတိယအစီအစဉ်က ၂ နာရီစမည်ဆိုတော့ အဆင်မပြေ။ တစ်နေရာနှင့် တစ်နေရာ အဝေးကြီးဆိုတော့ တက္ကစီနှင့်သွားလျှင်တောင် မမီနိုင်။ သည့်အတွက် ဒုတိယအစီအစဉ်ကို ဝမ်းနည်းစွာနှင့် စွန့်လွှတ်လိုက်ရ၏။ အမှန်ဆို ကျွန်ုပ်က သားကို ဒုတိယအစီအစဉ်ကိုပါ သွားစေချင်တာဖြစ်၏။ အနို့ သူက ပန်းချီကို အင်မတန်စိတ်ဝင်စားသူ မဟုတ်ပါ လော။

ကျွန်ုပ်သာ အင်ဂျင်နီယာဘွဲ့လက်မှတ်ယူခဲ့သော်ငြားလည်း သားကိုတော့ ငါ့လို အင်ဂျင်နှရာကြီးဖြစ်ရမကွ ဟု မည်သည့်အခါကမှ မကြုံးဝါးခဲ့စဖူးပါ။ ကျွန်ုပ်က သားကို လေယာဉ်ပိုင်းလော့ ဖြစ်စေချင်သည်။ သို့သော် သူက ပန်းချီကိုသာ ဝါသနာပါ၏။ ကျွန်ုပ်မူ သူဝါသနာပါတာကိုသာ အားပေးရုံဖြစ်ပါသည်။ သူလိုချင်သည့် Art supplies မှန်သမျှ အကုန်ဝယ်ပေးသည်။ သူလျှောက်မည့်လမ်း ကို သူ့ဘာသာ ရွေးစေပါသည်။

Ooooopppps !!!!

ဟိုးထားဆရာ -
အောင်မငီး၊ အရေးကြီးတာတစ်ခု မေ့တော့မလို့။
ဖတ်လက်စနဲ့ နည်းနည်းလောက် ဆက်ဖတ်လိုက်ပါဦး။ အကျဉ်းရုံးသာပြောပါမည်။ လေမရှည်တော့ပါ။

စင်ကာပူမှကျောင်းသားများမှာ အင်္ဂလိပ်စာအပြင် အမေ့လျှာ (mother tongue) ကိုလည်း မယူမနေ ယူကြရ၏။
(ခေတ်ပေါ် ဘာသာပြန်ဆရာကြီးများကို အားကျ၍ သူတို့လို ဘာသာပြန်ကြည့်တာ ဖြစ်ပါသည်။)

ကျောင်းသားများသည် မလေး၊ တရုတ်၊ တမီလ် စသည့် ဘာသာရပ်တစ်ခုခုကို မယူမနေရ ယူရ၏။ Mother tongue သင်တယ် ဆိုတာလည်း ပီဘိ မဖြစ်ညစ်ကျယ် အဖြစ်မျှ သင်တာမဟုတ်ပါ။ ဝတ္ထုများဖတ်နိုင်သည်ထိ၊ ဂန္ထဝင်စာပေများ လေ့လာနိုင်သည်ထိ သင်ပေးတာ ဖြစ်ပါသည်။ Mother tongue မအောင်လျှင် တက္ကသိုလ်ဆက်တက်ခွင့် မပြုပါ။

ကျွန်ုပ်တို့ပြည်ထောင်စု ရွှေနိုင်ငံတော်ကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသား လူမျိုးနွယ်စု ကြီးများ ရှိပါသည်။ မြန်မာတွေအနေနှင့် အခြားဘာသာစကားကို မသင်လိုဘူးဆိုစေ။ ထို တိုင်းရင်းသား ကလေးသူငယ်များ အတွက် တိုင်းရင်းသားစာပေကို mother tongue အနေနှင့် မယူမနေရ ပြဋ္ဌာန်းပေးလျှင်ကောင်းမည်ဟု ကျွန်ုပ် ဆန္ဒဖြစ်မိပါသည်။
သို့သော်လည်း ဆောင်ပုဒ်ကြီးများကို ဆင်လောက်ရှိသည့်စာလုံးကြီးများနှင့်ရေး၊ ဆင်ဖမ်းလိုက်မကွ၊ ကျားဖမ်းလိုက်မကွ ဟု အသားကုန်ကြုံးဝါးကာ တကယ်ထွက်လာတော့ ချိုမိုင်မိုင်နှင့်ထွက်လာတတ်သည့် မြန်မာပြည်မှ အစိုးရ အရာရှိမင်းများကိုတော့ ကျွန်ုပ် အလွန်လန့်လည်းလန့်၊ ကြောက်လည်းကြောက်ပါသည်။

Mother tongue ပရောဂျက်ဟု နာမည်တပ်လိုက်သည်နှင့် ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ချမ်းသာအောင် ကြံဆောင်နိုင်သည်မှာ မြန်မာပြည်၌သာ ရှိသည်။

ယခုလည်း တိုင်းရင်းစာပေသင်ဘို့ ဘာတဲ့၊ ၉ တန်းအောင်ကို ခန့်မည်ဆိုလား သတင်းဖတ်လိုက်ရ၏။ အဟက်ဟက်။
အဲလေ၊ သည်ကိစ္စ ကျွန်ုပ်လည်း ဘာမှမတတ်နိုင်တာ။ ထားလိုက်ပါ။
အဲသလို အင်မတန်ကြီးကျယ်သည့်ကိစ္စမပြောပါနှင့်။
ကျောင်းသုံးစာအုပ်မှာ အမှားတွေပါနေလို့ ပြင်စေချင်လို့ အပင်ပန်းခံလုပ်ပေးတာတောင် ဘယ်  . . . . . . . . သားကမှ ဂရုမစိုက်ပါ။

နိဂုံးချုပ်မည်ဆိုပြီးမှ အတော်ရှည်သွားတာ တောင်းပန်ပါသည်။
ဒီတခါ အဟုတ်တော်၊ တကယ်တော်၊ ဘုရားစူးရပါစေ့ တော်ပါပြီ။

 လူအချင်းချင်း လက်နှင့်နှိုက်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ ဇူလိုင်၊ ၂ဝ၁၉

Friday, July 26, 2019

Scissor Lift အကြောင်း သိကောင်းစရာ (2)


၂၊ ၃။ ချောဆီထိုးခြင်း





Ø  ချောဆီထိုးရာတွင် စက်၏ ဘယ်ညာ နှစ်ဖက်စလုံးကို ထိုးပါ။
Ø  ချောဆီထိုးရမည့် အကြိမ်အရေအတွက်မှာ စက်မော်ဒယ်၊ အလုပ်အကိုင် နှင့် ပတ်ဝန်းကျင်ပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။
Ø  အဆိုင်းနှင့် အလုပ်ဆင်းသောကြောင့် စက်သုံးသည့်အကြိမ် များသည့်အခါများ နှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုတွင် အသုံးပြုရပါက ချောဆီကို အကြိမ်ရေပိုထိုးရပါမည။

အပိုင်း (၃) အသုံးပြုသူ၏ တာဝန်ဝတ္တရားနှင့် စက်ကိုထိန်းချုပ်ခြင်း

            စက်အသုံးပြုသူအားလုံးကို စက်အသုံးပြုနည်းအား သေသေချာချာ လေ့ကျင့် သင်ကြားပေးထားရမည်။ လေ့ကျင့်ပေး မထားသူ၊ စက်ကို မမောင်းတတ်သူ၊ စက်ကိုမောင်းရန် တာဝန်ပေးမထားသူများအား စက်အသုံးပြုခြင်းမှ တင်းကြပ်စွာ တားမြစ် ထားရမည်။
            အရက်သေစာသောက်စားထားသူ၊ နေထိုင်မကောင်း၍ ဆေးသောက်ထားသူ၊ ခေါင်းမူး/ခေါင်းကိုက်နေသူ၊ မသန်စွမ်းသူ များအား စက်အသုံးပြုခြင်းကို တားမြစ်ရမည်။
            စက်ကိုအသုံးပြုသူသည် -
Ø  အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်းကို ကောင်းစွာသိထားရမည်။
Ø  စက်၏ ပလက်ဖောင်းပေါ်မှ အထိန်းခလုတ်များ၊ မြေပြင်မှထိန်း၍ရသည့် အထိန်းခလုတ်များကို ကောင်းစွာ သိထားရမည်။
Ø  ကိုယ်သိုင်းကြိုးကို စနစ်တကျဝတ်ဆင်ပုံနှင့် ချိတ် ချိတ်ရမည့်နေရာတို့ကို ကောင်းစွာသိရှိရမည်။
Ø  စက်ပျက်လျှင်သော်လည်းကောင်း၊ အရေးပေါ်အခြေအနေတွင်သော် လည်းကောင်း မည်ကဲ့သို့လုပ်ရမည်ကို သိရမည်။
Ø  လျှပ်ကာမရှိသော ကောင်းကင်ဓာတ်ကြိုးများအနီးတွင် လုပ်ရပါက မည်ကဲ့သို့ရှောင်ရှားရမည်ကို ကောင်းစွာသိရမည်။
Ø  မျက်နှာကြက်၊ ထုပ်တန်း စသည့် ခေါင်းနှင့်တိုက်နိုင်သော အရာများရှိသည့်နေရာ၌ မည်ကဲ့သို့အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည် ကို ကောင်းစွာသိရမည်။

၃၊ ၁။ မြေပြင်မှထိန်းချုပ်နိုင်သည့် အထိန်းခလုတ်များ




၁။ Power Selector Switch - ဤခလုတ်ဖြင့် Scissor lift အလုပ်လုပ်ခြင်းကို မြေပြင်မှထိန်းချုပ်မည်လား၊ ပလက်ဖောင်းပေါ်မှ ထိန်းချုပ်မည်လား ရွေးချယ်နိုင်သည်။ ခလုတ်တွင် သုံးနေရာပါသည်။ အကယ်၍ မြေပြင်မှထိန်းချုပ်ခြင်းကို ရွေးချယ်လျှင် မြေပြင်မှ ထိန်းချုပ်နိုင်သည့် ခလုတ်များကို အသုံးပြု၍ရသည်။ အကယ်၍ ပလက်ဖောင်းမှထိန်းချုပ်ခြင်းကို ရွေးချယ်လျှင် ပလက်ဖောင်းပေါ်မှ ထိန်းချုပ်နိုင်သည့် ခလုတ်များကို အသုံးပြု၍ရသည်။ စက်ပိတ်လိုပါက အလယ်ရှိ Off နေရာတွင်ထားပါ။
၂။ Emergency Stop button (အရေးပေါ် ရပ် ခလုတ်) - ခလုတ်မှာ မှိုပွင့်သဏ္ဍာန် အနီရောင် အဝိုင်းပြားကြီး ဖြစ်၏။ စက်ကို အရေးပေါ်ရပ်တန့်လိုပါက ထိုခလုတ်ကြီးကို နှိပ်ချလိုက်ရသည်။ ခလုတ်ကို ဆွဲတင်လိုက်လျှင် ခလုတ်ဖွင့်သည့်အနေအထား (power on) ဖြစ်ပြီး စက်မောင်းလို့ရသည်။
၃။ Lift switch (ပလက်ဖောင်းကို တင်/ချလုပ်နိုင်သည့် ခလုတ်) - ဤခလုတ်ကိုသုံးပြီး ပလက်ဖောင်းကို အတင်/အချ လုပ်နိုင် သည်။
၎။ Hourmeter (စက်မောင်းချိန်နာရီပြမီတာ) - စက်ကိုစနှိုးလိုက်သည်နှင့် ထိုမီတာစတင်အလုပ်လုပ်ပြီး စက်မောင်းသည့် နာရီ များကို မှတ်တမ်းတင်ပေးထားသည်။

၃၊ ၂။ ပလက်ဖောင်းပေါ်မှ ထိန်းချုပ်နိုင်သည့် အထိန်းခလုတ်များ




၁။ Emergency Stop button (အရေးပေါ် ရပ် ခလုတ်) - ခလုတ်မှာ မှိုပွင့်သဏ္ဍာန် အနီရောင် အဝိုင်းပြားကြီး ဖြစ်၏။ စက်ကို အရေးပေါ်ရပ်တန့်လိုပါက ထိုခလုတ်ကြီးကို နှိပ်ချလိုက်ရသည်။ ခလုတ်ကို ဆွဲတင်လိုက်လျှင် ခလုတ်ဖွင့်သည့်အနေအထား (power on) ဖြစ်ပြီး စက်မောင်းလို့ရသည်။
၂။ Enable switch - စက်ကို အတင်အချလုပ်သည့်ခလုတ် (lift switch) နှင့် တွဲသုံးရသည်။
၃။ Lift switch - Enable switch ခလုတ်နှင့် တွဲသုံးပြီး ပလက်ဖောင်းကို အတင်/အချ လုပ်နိုင်သည်။
၎။ Drive (စက်ကိုမောင်းခြင်း) - Joystick ကိုသုံးပြီး စက်ကို ရှေ့တိုးနောက်ဆုတ် မောင်းနိုင်သည်။ ထိုလက်ကိုင်ပေါ်ရှိ အနီရောင် ခလုတ် (red trigger) ကိုနှိပ်ထားပြီး လက်ကိုင်ကို ရှေ့ကိုတွန်းလျှင် စက် ရှေ့ကိုသွားမည်။ လက်ကိုင်ကို နောက်သို့ဆွဲလျှင် စက် နောက်ပြန်ဆုတ်မည်။ စက်အနှေးအမြန်ကို လက်ကိုင်ဖြင့် ထိန်းထားသည်။ လက်ကိုင်ကို အနည်းငယ်သာ တွန်းလျှင် နှေးနှေးသွားမည်။ ရှေ့ဆုံးထိတွန်းထားလျှင် အမြန်ဆုံးသွားမည်။
     မှတ်ချက်။       ။ ပလက်ဖောင်းကို မြှောက်ထားပြီး တံခါးဖွင့်ထားလျှင် စက်ရွေ့မည်မဟုတ်ပါ။
၅။ Steer switch (ဘယ်ညာကွေ့နိုင်သော ခလုတ်) - အမောင်းလက်တံ (Joystick) ပေါ်တွင် စက်ကို ဘယ်ညာကွေ့နိုင်သည့် ခလုတ်ပါပြီး လက်မဖြင့် ဘယ်/ညာ လိုသည့်ဘက်ကို ကွေ့နိုင်သည်။
၆။ Speed Switch - လမ်းပေါ်တွင် အမြန်မောင်းလိုလျှင် ဤခလုတ်ကို သုံးနိုင်သည်။ သို့သော် ပလက်ဖောင်းမြှင့်ထားသည့် အချိန်တွင် အလုပ်လုပ်မည်မဟုတ်ပါ။ ပလက်ဖောင်းကို မြှင့်ထားသည့်အချိန်တွင် speed switch ကို နှိပ်သည့်တိုင် နှေးနှေးသာ သွားပါလိမ့်မည်။
၇။ Tilt light - စက်၏ကိုယ်ထည်သည် လိုသည်ထက် ပိုစောင်းသွားပါက (အထူးသဖြင့် ပလက်ဖောင်းကို မြှောက်ထားချိန်) ထို အချက်ပြမီး လင်းလာမည်။

၃၊ ၃။ စက်ကို မောင်းနှင်ခြင်း




Ø  Scissor lift များတွင် ပလက်ဖောင်းကို ၃ ပေ ဆန့်ထုတ်၍ရသော စက်များရှိပါသည်။ အကယ်၍ ပလက်ဖောင်းကို အတင် အချလုပ်လိုလျှင် ဆန့်ထုတ်ထားသောအပိုင်းကို အပြည့်ပြန်သွင်းရမည်။
Ø  ညီညာပြန့်ပြူးသော ကြမ်းပြင်များမှလွဲ၍ Scissor lift ကို ပလက်ဖောင်းမြှင့်ပြီး မောင်းသွားခြင်း မပြုရ။
Ø  လူအများအလုပ်လုပ်နေသည့်နေရာ၊ ရှုပ်ထွေးသောနေရာ၊ မြေပြင်မညီညာသည့်နေရာများတွင် စက်ကို အမြန်မမောင်းရ။
Ø  စက်ကို အထက်ပါပုံတွင်ပြထားသည့်အတိုင်း Sideslope အနေအထားတွင် ပလက်ဖောင်းကိုမြှောက်ပြီး အလုပ်မလုပ်ရ။
Ø  စက်ကိုရပ်သည့်အခါ လေဝင်လေထွက်ကောင်းသည့် အနှောက်အယှက်ကင်းသော နေရာတွင်သာ ရပ်ပါ။
Ø  ပလက်ဖောင်းကို အဆုံးထိ ချထားပါ။
Ø  အရေးပေါ်ရပ်ခလုတ်ကို OFF အနေအထားတွင်ထားပါ။
Ø  စက်ကိုကြာကြာရပ်ထားရန်လိုပါက ဘီးများကို ကြမ်းတုံးများဖြင့် ခုထားပါ။
Ø  ခလုတ်ပိတ်ပြီးလျှင် သော့ကို ဖြုတ်ယူခဲ့ပါ။ တန်းလန်းမထားခဲ့ပါနှင့်။

အပိုင်း (၄) အရေးပေါ်အစီအမံများ

၎၊ ၁။ စက်ကို ဆွဲယူခြင်း

            စက်ကို ဆွဲယူသွားခြင်းအား တားမြစ်ထားသည့်တိုင် စက်မှ အထိန်းခလုတ်များ ကောင်းကောင်း အလုပ်မလုပ်ခြင်း၊ စက်ပျက်ခြင်း၊ ထရပ်ကားပေါ်တင်ခြင်း စသည့်အခြေအနေများအတွက် စက်ကိုဆွဲယူနိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။
            အရေးပေါ်အခြေအနေ၌ စက်ကိုဆွဲရန် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ပါ။
၁။ ဘီးများကို ကြမ်းတုံးများဖြင့် သေချာစွာ ခုထားပါ။
၂။ ပင်မအထိန်းခလုတ် (main control valve) မှ အနက်ရောင်ခလုတ်ကို နာရီလက်တံပြောင်းပြန်အတိုင်း အဆုံးအထိ လှည့်ချ ခြင်းဖြင့် စက်မောင်းသည့်မော်တာများမှ ပါဝါကို အဆက်ဖြတ်ထားလိုက်ပါ။
၃။ လက်မသုံးမတ်ဂွဖြင့် brake cam များကို ရေပြင်ညီအတိုင်းရောက်အောင် လှည့်ခြင်းဖြင့် ပါကင်ဘရိတ်ကို လွှတ်ပါ။
၎။ ထို့နောက် ဘီးကိုခုထားသည့်ကြမ်းတုံးများကို ဖြုတ်လျက် သင့်တော်သော စက်တစ်ခုခုဖြင့် scissor lift ကို စက်ပြင်သည့် နေရာသို့သော်လည်းကောင်း၊ ထရပ်ကားပေါ်သို့သော်လည်းကောင်း ဆွဲယူသွားနိုင်ပါသည်။

            စက်ကိုဆွဲယူသွားပြီး ပြင်ဆင်မည့်နေရာရောက်လျှင် သို့မဟုတ် ထရပ်ကားပေါ်ရောက်လျှင် -
၁။ စက်ကို ညီညာပြန့်ပြူးတောင့်တင်းခိုင်မာသည့်နေရာတွင် ရပ်ပါ။
၂။ ဘီးများကို ကြမ်းတုံးများဖြင့် သေချာစွာ ခုပါ။
၃။ လက်မသုံးမတ်ဂွဖြင့် brake cam များကို ဒေါင်လိုက်ရောက်အောင် လှည့်ခြင်းဖြင့် ပါကင်ဘရိတ်ကို ဖမ်းပါ။
၎။ ပင်မအထိန်းခလုတ်မှ အနက်ရောင်ခလုတ်ကို နာရီလက်တံအတိုင်း အဆုံးအထိ လှည့်ခြင်းဖြင့် စက်မောင်းသည့်မော်တာများသို့ ပါဝါကို ပြန်ပေးပါ။
၅။ ဘီးများမှ ကြမ်းတုံးများကို ဖယ်ရှားပါ။

၎၊ ၂။ ပလက်ဖောင်းကို လူဖြင့်ချခြင်း

            စက်ပျက်လျှင် ပလက်ဖောင်းကို ပါဝါဖြင့်မဟုတ်ဘဲ မြေဆွဲအားကိုသုံးပြီး ချနိုင်ပါသည်။ လက်ဖြင့်ချသည့်ခလုတ်မှာ စက် အနောက်ဘက်ရှိ လှေခါးနောက်တွင်ရှိပါသည်။ ထိုလက်ကိုင်ကို ဆွဲချခြင်းဖြင့် ပလက်ဖောင်းကို သူ့အလေးချိန်ဖြင့် အလိုလိုကျလာ စေပါသည်။ အချို့စက်များတွင် လူဖြင့်မောင်းသည့်ပန့် manual descent pump ရှိပါသည်။ အကယ်၍ ထို manual pump ပါပါက အောက်ပါအတိုင်း ဆောင်ရွက်ပါ။
၁။ လက်ကိုင်ဘုကို ညာရစ်အတိုင်း လုံးဝပိတ်သွားသည်ထိ လှည့်ပါ။
၂။ ထို့နောက် လက်ကိုင်ကိုတပ်ပြီး ပန့်ကို ရိုက်ခြင်းဖြင့် holding valve ပွင့်ကာ ပလက်ဖောင်း အောက်သို့ကျလာပါလိမ့်မည်။
၃။ ပလက်ဖောင်း အောက်ဆုံးအထိကျပြီးနောက် လက်ကိုင်ဘုကို ဘယ်ရစ်အတိုင်းလှည်းပြီး ဗားကိုပြန်ဖွင့်ပါ။
၎။ လက်ကိုင်ကို ဆွဲ - အနေအထားအတိုင်းပြန်ထားပါ။

၎၊ ၃။ အကယ်၍ စက်မောင်းသူသည် ညပ်နေပြီး မမောင်းနိုင်တော့လျှင် . . .

၁။ မြေပြင်အထိန်းခလုတ်များကို အသုံးပြုပါ။ ကရိန်းကဲ့သို့သော အခြားစက်ကိရိယာတစ်ခုခု၏ အကူအညီဖြင့် စက်ကိုဆွဲထုတ်ပါ။
၂။ ပလက်ဖောင်းပေါ်တွင် အခြားတစ်ယောက်ယောက်ရှိနေပြီး စက်ကိုလည်း မောင်းတတ်မည်ဆိုလျှင် ကြိုးစားမောင်းနှင်ကြည့်ပါ။ သို့သော် စက်ခလုတ်များသည် ကောင်းကောင်းအလုပ်မလုပ်တော့လျှင် မောင်းရန် လုံးဝ မကြိုးစားပါနှင့်။
၃။ အကယ်၍ ကရိန်း၊ ဖောက်ကလစ်စသည့်အခြား စက်ကိရိယာတစ်ခုခုရနိုင်လျှင် ညပ်နေသူကို ဆွဲထုတ်ရန် ကြိုးစားကြည့်ပါ။ စက်ကို တည်တည်ငြိမ်ငြိမ်ရှိနေစေရန် ကြိုးစားထိန်းချုပ်ပါ။

၎၊ ၄။ အကယ်၍ ပလက်ဖောင်းသည် အပေါ်မှ ယက်မစသည့် တစ်ခုခုတွင် ညပ်နေခဲ့လျှင် . . .

၁။ Scissor lift ၏ ပလက်ဖောင်းသည် အပေါ်ဘက်ရှိ ထုပ်တန်း၊ ယက်မစသည်တို့အကြား ညပ်နေခဲ့ပါက ပလက်ဖောင်းအတွင်း ရှိနေသူတို့အား အန္တရာယ်ကင်းစွာ ကယ်မထုတ်ရသေးဘဲ ပလက်ဖောင်းပေါ်မှ အထိန်းခလုတ်များကိုဖြစ်စေ၊ မြေပြင်အထိန်း ခလုတ်များကိုဖြစ်စေ လုံးဝမတို့မထိပါနှင့်။ 
၂။ ပလက်ဖောင်းပေါ်မှ လူအားလုံးကို ကယ်ထုတ်ပြီးသည့်အခါကျမှ သင့်တော်သော လူအား၊ စက်ကိရိယာစသည်တို့ကိုသုံးပြီး ညပ်နေသော ပလက်ဖောင်းကို ဆွဲထုတ်ပါ။

၎၊ ၅။ တိမ်းစောင်းနေသည့် စက်ကို ဆယ်ယူခြင်း

၁။ Scissor lift ၏ အလေးချိန်ကို နိုင်နိုင်နင်းနင်းသယ်နိုင်မည့် ဖောက်ကလစ်စသော စက်ဖြင့် scissor lift ၏ အောက်မှ မ,ထားပါ။
၂။ ထို့နောက် ကရိန်းစသည့် သင့်တော်သော စက်တစ်ခုခုဖြင့် scissor lift ကို ဆွဲ မ,ပါ။
၃။ ကရိန်းဖြင့်မ,ထားစဉ် ဖောက်ကလစ်ဖြင့် scissor lift ကို ဖြည်းညင်းစွာ ချပါ။

၎၊ ၆။ မတော်တဆမှုဖြစ်အပြီး စုံစမ်းစစ်ဆေးခြင်း

၁။ မတော်တဆမှုတစ်ခုခုဖြစ်ပြီးသည့်အခါ စက်ကို ပြန်လည်အသုံးမပြုမီ သေချာစွာ စစ်ဆေးပါ။
၂။ ပထမ မြေပြင်အထိန်းခလုတ်အားလုံး အလုပ်ကောင်းကောင်းလုပ်မလုပ်စစ်ပါ။
၃။ ထို့နောက်မှ ပလက်ဖောင်းအထိန်းခလုတ်အားလုံး အလုပ်ကောင်းကောင်းလုပ်မလုပ်စစ်ပါ။
၎။ လိုအပ်လျှင် အထိန်းခလုတ်တစ်ခုချင်းကို ကောင်းမကောင်း သေချာစွာ စစ်ပါ။
၅။ အပျက်အစီးများကို သေချာစွာ မပြုပြင်ရသေးဘဲ စက်ကို ၃ မီတာထက်ပိုပြီးမြင့်အောင် မမြှင့်ရ။

အပိုင်း (၅) အထွေထွေ

ü  ပလက်ဖောင်းပေါ်တွင် တင်နိုင်သည့် ဝန်အားမှာ စက်တစ်ခုနှင့်တစ်ခု မတူပါ။ ၂၃၀ ကီလိုဂရမ်မှသည် ၃၅၀ ကီလိုဂရမ် စသည်ဖြင့် အစားစားရှိပါသည်။ ပလက်ဖောင်းပေါ်တွင် လူဘယ်နှစ်ယောက်လိုက်နိုင်သည်။ ပစ္စည်းအလေးချိန်မည်မျှ တင်နိုင်သည်ကို စက်ကိုယ်ထည်ပေါ်တွင် ရေးထားပါသည်။
ü  စက်ပေါ်တွင် ဝန်တင်သည့်အခါ တစ်ဘက်တည်း၌ စုပုံမထားပါနှင့်။ ညီညာစွာဖြန့်တင်ပါ။
ü  စက်ရပ်သည့်အခါ ညီညာပြန့်ပြူးသော မာကျောသော၊ အဖုအထစ်ကင်းသည့် မျက်နှာပြင်ပေါ်တွင် ရပ်ရမည်။
ü  ဘရိတ်များ ဖမ်းထားရမည်။
ü  အန္တရာယ်ကင်းဒေါက် (safety prop) - အန္တရာယ်ကင်းဒေါက်ကို အသုံးပြုလိုလျှင် ပထမဦးစွာ ပလက်ဖောင်းကို မြှင့်လိုက် ပါ။ ထို့နောက် အန္တရာယ်ကင်းဒေါက်ကို သေချာစွာ ထောင်ပါ။ ထို့နောက် ပလက်ဖောင်းကို အန္တရာယ်ကင်းဒေါက်ပေါ် ကျကျနန ထိုင်မိသည်ထိ ချပါ။
ü  အန္တရာယ်ကင်းဒေါက်ကို ဖြုတ်လိုလျှင် အန္တရာယ်ကင်းဒေါက်နှင့် လွတ်သွားသည်ထိ ပလက်ဖောင်းကို မြှင့်ပါ။ ထို့နောက် အန္တရာယ်ကင်းဒေါက်ကို ဖြုတ်ပြီး နေရာတကျပြန်ထားပါ။ ထို့နောက် ပလက်ဖောင်းကို ချပါ။
ü  စက်ကို တစ်နေရာမှ တစ်နေရာသို့ လော်ရီ သို့မဟုတ် ထရေလာဖြင့်သယ်တော့မည်ဆိုလျှင် ပလက်ဖောင်းကို အဆုံးထိ ချထားပါ။ ဆန့်ထုတ်၍ရသော extended platform ကို အဆုံးထိ ပြန်သွင်းထားပါ။ လော်ရီပေါ်တင်ပြီးသည့်အခါ စက်ကို သေချာစွာ တုပ်နှောင်ပါ။ တုပ်နှောင်ရန် ရှေ့နှင့်နောက်တွင် သံကွင်းလေးခု လုပ်ပေးထားပါသည်။
ü  အရေးပေါ်အခြေအနေမှလွဲ၍ စက်ကို ဆွဲသွားခြင်း လုံးဝမလုပ်ပါနှင့်။


======= ပြီးပါပြီ ======