ဖေ့စ်ဘုတ်ကြွလာ
မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ
(၁)
စားအုန်းဆီနှင့်ကြော်ခြင်း အကြောင်း
-------------------------------------------
တစ်နှစ်သစ်ပြန်ပြီ။
အချိန်တို့သည်
တရွေ့ရွေ့ ကုန်ဆုံးလာနေ၏။
အသက်တို့သည်လည်း
တဖြည်းဖြည်းကြီးလာကြကုန်၏။
သင်္ချိုင်းကုန်းနှင့်လည်း
တဖြည်းဖြည်း နီးလာနေပြီ ဖြစ်၏။
သို့နှင့်တိုင်
ကျွန်ုပ်တို့သည် သင်္ချိုင်းကုန်းအသံကိုမကြားလိုကြ။
ကိုယ့်ကိုယ်ကိုယ်
သေခြင်းတရား၏ အဝေးမှာပင်ရှိသေးသည်ဟု လိမ်ညာ ဟန်ဆောင်နေကြလေကုန်၏။
(ကျွန်ုပ်ဆို
ဘယ်အချိန်ကြည့်ကြည့်၊ ကိုယ့်ကိုယ်ကိုယ် အသက် ၃၀ လောက်သာ ထင်မိနေလေ၏။
ဘုရားစူးရပါစေ့၊
တစ်ခါမှ ၆၀ နားကပ်နေပြီဟု မတွေးမိ။ ထို့ကြောင့် ကျွန်ုပ်ကို ဘကြီးဟုလည်းကောင်း၊ အဘဟုလည်းကောင်း
ခေါ်လာသူကို ဖနောင့်နှင့် ထ ပေါက်ချင်မိခြင်း ဖြစ်သတည်း။)
အသက်တစ်နှစ်ကြီးသွားပြီဆိုတော့
ငါ ဘာတွေများ ပိုထူးလာသလဲဟု မိမိကိုယ်ကိုယ် ဆန်းစစ်မိသူများ ရှိပါသလား။
ရှိသည့်တိုင်
ရှားပါလိမ့်မည်။
သည်ကနေ့
သားတို့ကျောင်းကလုပ်သည့် ပန်းချီပြပွဲသွားတော့ သူနှင့်အတူ အတန်းဖော်ကျောင်းသားလေး တစ်ယောက်
ပါလာသည်။ ခပ်သွက်သွက်ထဲက ဖြစ်၏။
သူက
သူမှန်းထားသလောက် မရလျှင် ထမင်းမစားဘဲနေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်သည်
ဟု သားကပြောပြ၏။
ဒါဖြင့်
သူက ဘယ်သူနဲ့ ပြိင်နေတာလဲကွ ဟု မေးတော့ သူ့အစ်မနဲ့ပြီုင်တာ ဟု ဖြေပါသည်။
သူ့အစ်မက
သူနဲ့အတန်းတူလား ဆိုတော့ သူ့အစ်မက Secondary 2 ဟု ပြောသည်။ (သူတို့က Primary 5)
ဒါဆို
မင်းကောင် တစ်ခုခုတော့ မှားနေပြီကွ။ သူနဲ့အတန်းချင်းတူလို့ ပြိုင်တာဆို ဟုတ်သေးတယ်။
ခုတော့ သူ့ထက် အတန်းကြီးတဲ့ သူ့အစ်မနဲ့ပြိုင်တာဆိုတော့။
ဖေဖေကတော့
ကိုယ့်ဘာသာကိုယ်ပဲ နှိုင်းယှဉ်ကြည့်စေချင်တယ်။
မနှစ်က
ငါ ဘယ်အဆင့်မှာရှိတယ်။ ဒီနှစ် ဘယ်လောက်ရောက်လာပြီ။ တက်လာသလား။ ကျသွားသလား စသဖြင့်ပေါ့။
ကျွန်တော်ကတော့
ကိုယ့်ကိုယ်ကိုယ်သာ နှိုင်းယှဉ်တာ အသင့်တော်ဆုံးဟု ယူဆပါသည်။ ကျွန်တော်ဆိုလိုသည်မှာ
ဘယ်သူ့ကိုတော့ ဘယ်နှစ်ကျရင် (စားအုန်းဆီနဲ့) ကြော်ပစ်မည် ဆိုတာထက် မနှစ်က ငါတို့အခြေအနေ
ဘယ်လောက်။ ဒီနှစ် ဘယ်လောက်တက်ရမည်။ ၂၀၃၀ ကျ ဘယ်အဆင့်ရောက်ရမည် စသည်ဖြင့် ကိုယ့်ဘာသာ
ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစားရမည်ကို ဆိုလိုပါသည်။
ကိုယ့်ဘာသာကိုယ်
ဘယ်သွားနေမှန်းမသိဘဲ သွပ်ပြားကို (ဟုတ်ပေါင်) အခြားသူကို သွားပြိုင်နေတာ သိပ် နေရာမကျလှ
ဟု ထင်ပါသည်။
ကျွန်တော့်အယူအဆ
မှန်ချင်မှ မှန်ပါလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ သည်အတိုင်းသာ ယူဆပါသည်။
(၂)
လူမှန်နေရာမှန်သာ နေရာမချနိုင်ပါက မိုးကြီးသာ ချုပ်နေလိမ့်ဦးမည် ဆိုခြင်းအကြောင်း
များမကြာသေးမီက
မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော စာရွက်စာတမ်းများပြင်ဆင်ရေးအတွက် နေပူတော်၊ ကကြီးခခွေးဂငယ်ဟော်တယ်တွင်
အလုပ်ရုံဆွေးနွေးပွဲ ဆိုလား နှစ်ရက် ကျင်းပ၏။ (သူတို့ဟာသူတို့ ဘာဟော်တယ်လို့ပဲဆိုဆို
ဖတ်သူများကတော့ ကကြီးခခွေးဂငယ်ဟော်တယ်ဟုသာ ဖတ်မည်ဖြစ်၏။ ကျွန်ုပ်လည်း ဤအတိုင်းသာ ဖတ်မိပါသည်။
ဤကား စကားချပ်)
သည်ဆွေးနွေးပွဲတွင်
တာဝန်အရှိဆုံးဟု ဆိုရမည့်သူက သူလည်း ဘာမှနားမလည်ပါဘဲလျက် အခြားသိနားလည်သူများ ပြောသည်
ကို အရေးမစိုက်။ သူထင်တာတွေသာ ရမ်းတင်နေသောကြောင့် အချိန်ကုန်၊ လူပန်းရုံသာရှိပြီး
ဘာမှဆုံးဖြတ်ချက် မချနိုင်။
ထိုစာရွက်စာတမ်းများပြုစုရန်
ဖွဲ့ထားသည့်ကော်မတီမှ အဖွဲ့ဝင်များသည်လည်း သည်ကိစ္စမှာ သူတို့နားလည်သည့်ကိစ္စ မဟုတ်သဖြင့်
ဘာမှ တက်ခနစ်ကယ်လီးကျကျ မဆွေးနွေးနိုင်။ မအေးနှင်းယုက သူတို့ငြင်းခုံနေပုံက တကယ့် ကလေးတွေ
ကစားစရာလုနေတဲ့အတိုင်းပဲ။ အရမ်းကို ရီစရာကောင်းတယ် ဟု မှတ်ချက်ပေးပါသည်။
မြန်မာနိုင်ငံအတွက်
လက်တွေ့ကျတာတွေတော့မလုပ်။ Safety နှင့်တူတာဆိုလို့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း
ဘာဆို ဘာမှမရှိသေးသည့် မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံပြီးသားဖြစ်သည့် အမေရိကန်တို့၊
ကနေဒါတို့က စတင်းဒတ်ကြီးတွေ ယူသုံးချင်ပါသည်ဆိုတော့။ ကျွန်တော်လည်း မြင်ပြင်းကပ်လှသည့်အတွက်
၂၀၁၇ ခုနှစ်တုံးက ဝပ်ရှော့တစ်ခုတွင် ဂွတိုက်ကာ မေးခွန်းထုတ်ခဲ့ဖူးလေရာ အနှီမမကလေးမှာ
ကျွန်ုပ်ကိုလည်း အလွန်သောက်မြင်ကပ်လှသူကလေး ဖြစ်သတည်း။
ဝါ့ကင်းကော်မတီထဲပါသူများကိုလည်း
ကျွန်ုပ်ကတော့ အပြစ်မမြင်ပါ။ သူတို့မှာလည်း ဘကြီးဦးတင်အေးကဲ့သို့သော သူများဖြစ်၏။
၂၀၁၅ ရွေးကောက်ပွဲလုပ်မည်ဆိုတော့ ဘယ်သူ့ကို ကော်မရှင်ဥက္ကဌ လုပ်ခိုင်းရမလဲ ရှာသည်ဆို၏။
လုပ်နိုင်မည့်သူ တစ်ယောက်မှမတွေ့။ နောက်ဆုံး ဘကြီးဦးတင်အေးကို ဟေ့ကောင်၊ မင်း ဘယ်တုံးက
ဘာရွေးကောက်ပွဲမှာ လုပ်ဖူးတယ် မဟုတ်လား။ အဲဒီအတွေ့အကြုံနဲ့လုပ်။ အနူတွေထဲမှာ မင်း အချောဆုံးပဲ
ဆိုကာ တာဝန်ပေးသဖြင့် လုပ်ရခြင်းဖြစ်သည် ဆို၏။ ယခု ဝါ့ကင်းကော်မတီမှ အဖွဲ့ဝင်များသည်လည်း
ထိုအတိုင်းဖြစ်ပါသည်။ သူတို့နာမည်ထည့်ထားလို့သာ လာရသည်။ သည်အကြောင်း ဘာ နကန်းတစ်လုံးမှ
သိသူများမဟုတ်။ သည်တော့ သူတို့မှာ ကလေးတွေ ဇယ်တောက်ရင်း ငြင်းကြသလို ကိုယ်သိတာလေးနှင့်
ငြင်းခုံနေကြသည်မှာ အဆန်းတော့ မဟုတ်လှ။
နောက်ပြဿနာတစ်ခုမှာလည်း
အထက်ဖော်ပြပါ ဘကြီးဦးတင်အေးတို့ ပြဿနာလို သည်လူများကိုမှ အတင်း ဇွတ်မထည့်လျှင် လည်း
ဘယ်သူ့သွားလုပ်ခိုင်းရပါမည်နည်း။ သည့်ထက်ပိုဆိုးသည်မှာကား တတ်သိနားလည်သူများကို ဆရာလုပ်ရမှာ
သေမလောက် ကြောက်နေခြင်းဖြစ်၏။
သည်ပုံနှင့်
မိုးကြီးချုပ်လိမ့်မည်။
အဲလေ
မိုးကလည်း ဟိုနေရာချုပ်၊ သည်နေရာချုပ်နှင့် နေရာတကာချုပ်နေရတာဆိုတော့ ချုပ်စရာမိုးမရှိတော့လို့
မိုးနတ်မင်းကြီးတောင် လက်မြှောက်ရကိန်း ရှိ၏။
မိုးချုပ်ခြင်းကိစ္စများကို
၁၃၈၀ ၌သာ ထားခဲ့စေချင်၏။ ၁၃၈၁ ထိ ဆက်သယ်မသွားကြစေလို။
မက်ဆင်ဂျာမှ
တဗွမ်းဗွမ်းရေလာလောင်းသူများကို စုပေါင်းကာ ဤနေရာမှ ပြန်လောင်းလိုက်ပါ၏။
အားလုံးစိုကြစေကုန်သတည်း။
ဗဝမ်း
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၃
ဧပြီ၊ ၂၀၁၉
No comments:
Post a Comment