(၁)
အင်းလျားကန်ဘောင်မှ ပုသိမ်ထီးတစ်လက်၏ ရာဇဝင်
သင်္ကြန်ကာလက
အင်းလျားကန်ဘောင်တွင် ပုသိမ်ထီးများ တက်ဖြုတ်သည့်သတင်းကို ဖတ်လိုက်ရပြီး ဖေ့စ်ဘုတ်တွင်
တောသား၊ မြို့သား အငြင်းပွားပွဲကြီးကို တွေ့ရသည့်အခါ ကျွန်ုပ်မှာ ရီလည်းရီချင်၍ ငိုလည်းငိုချင်မိလေ၏။
ရီချင်ရခြင်းအကြောင်းမှာ
ကျွန်ုပ်၏မိတ်ဆွေကောင်းများကိုကြည့်၍ စိတ်မသက်မသာဖြစ်မိသောကြောင့် ဖြစ်၏။ ကျွန်ုပ်၏
မိတ်ဆွေကောင်းများသည် ပစ်လိုက်သောခဲလုံးကိုသာမြင်ပြီး မည်သူပစ်သည်ဟူသည့် လက်သည်ကို
မမြင်ကြခြင်းကား အံ့သြဘွယ် ကောင်းလေစွ။
ငိုချင်ရခြင်းအကြောင်းကား
ဘာမဟုတ်သည့် ပုသိမ်ထီးတက်ဖြုတ်သူ ၃၀ ကို ဖမ်းဆီးအရေးယူသည် ဆိုသည့်သတင်းကို ဖတ်ရသည့်အတွက်
ဖြစ်၏။ ကျွန်ုပ်တို့ အလွန်အားကိုးရသော ကိုလှရွှေတို့မှာ ပုသိမ်ထီးတက်ဖြုတ်သူများကို
အရေအတွက် အတိအကျဖမ်းနိုင်စွမ်းရှိခြင်းအတွက် ကျွန်ုပ်မှာ ချီးမကျူးဘဲ မနေနိုင်ဖြစ်လေ၏။
သို့သော်လည်း လေးလောင်းပြိုင်၊ ငါးလောင်းပြိုင် တို့၏ လက်သည်၊ ဘယဆေးဥယျာဉ်ထဲတွင် ပျောက်ချင်းမလှ
ပျောက်သွားသူ၊ ခြံဝင်းထဲတွင်ဖမ်းမိသော ဘီလျံနှင့်ချီတန်သည့် မူးယစ်ဆေးကား၏ လက်သည်များ
ပျောက်နေခြင်းအတွက်မူ ကျွန်ုပ်မှာ ထိုကိုလှရွှေတို့ကို အင်းလျားကန်ဘောင်တွင် တန်းစီကာ
ဖနောင့်နှင့်ပေါက်ချင်မိလေ၏။
ပုသိမ်ထီးတက်ဖြုတ်တာကို
ကျွန်ုပ်ကတော့ ထူးဆန်းသည့်အဖြစ်ဟု မမြင်မိပါ။ ဤသည့်ဖြစ်ရပ်မှာ ကျွန်ုပ်တို့နိုင်ငံတွင်
ဖြစ်နေကျ ဖြစ်ရပ်များထဲမှ တစ်ခုသာ ဖြစ်ပါသည်။
ယခု
ကျွန်ုပ် မာလင် (Marlin) ဟူသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ကြည့်နေပါသည်။ မှော်ကားဖြစ်၏။
သို့သော် ဇာတ်လမ်းဆင်ပုံလေး တွေမှာ ချစ်စရာကောင်းသဖြင့် တစ်ညလျှင် တစ်ကား သို့မဟုတ်
နှစ်ကား (နောက်နေ့အလုပ်မရှိသည့်အခါများတွင် ညလုံးပေါက်) ကြည့်ဖြစ်၏။ ဇာတ်လမ်းတွဲတစ်ခုလျှင်
မိနစ် ၄၀ ခန့်ကြာပါသည်။ ထိုကားထဲတွင် မှော် သို့မဟုတ် မှင်စာလေးတစ်ကောင်ကောင်က လူတစ်ဦး၏
ခန္ဓာကိုယ်အတွင်း ဝင်ပူးသည့်အခါ ထိုသူသည် မူလသဘာဝမှ ကင်းပျောက်ကာ မှင်စာလေး စေစားသမျှ
လိုက်လုပ် နေရလေတော့၏။
ကျွန်ုပ်တို့ပြည်သူပြည်သားများမှာလည်း
အထက်ပါ မှင်စာဝင်စားခံရသည့် သူများကဲ့သို့ပင် ဖြစ်လေ၏။
မကောင်းဆိုးဝါးများက
ကျွန်ုပ်တို့တိုင်းသူပြည်သားများကို မှင်စာထည့်သွားခဲ့သည်မှာ ၁၉၆၂ ကတည်းက ဖြစ်၏။ ပထမ
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုသည့် ဝါဒဆိုးကြီးဖြင့် အတင်းအဓမ္မမှိုင်းတိုက်ကာ ထည့်၏။
၁၉၈၈ နှစ်ပြီး နောက်ပိုင်းတွင်မူ နောက်လာသည့် မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲဆိုသည့် မြန်မာစကားပုံအတိုင်း
ကျွန်ုပ်တို့မှာ နောက်ဘုန်းကြီး နှစ်ချက်ခေါက်သည့် ဒဏ်ကို ခံခဲ့ရ၏။
ဦးနေဝင်းတည်းဟူသော
မိစ္ဆာက ကျွန်ုပ်တို့ကို မှိုင်းတိုက်ရုံသာ တိုက်သွားပြီး မြေပေါ်မြေအောက် သယံဇာတများကို
ဘာမှ ခိုးမသွား။ (ထင်တာပြောတာသာဖြစ်ပြီး သိပ်မသေချာလှပါ။) သို့သော် သရဲကြီးတော့ သဘက်ဟူသည့်
စကားကဲ့သို့ နောက်တက်လာသည့် မကောင်းဆိုးရွားများမှာ ယခင်က မိစ္ဆာထက် အဆ ၃၀၀၀ လောက် ဆိုးလေ၏။
တိုင်းပြည်ကြီး
ချောက်ထဲကျခါနီး လက်နှစ်လုံးလောက်အလိုတွင်ကပ်ခါ ကယ်တင်ခဲ့ရသော အနှီကယ်တင်ရှင်ကြီးများကား
ယခင်က သရဲထက် အဆပေါင်းများစွာ ပိုဆိုး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျွန်ုပ်တို့ကို
မှိုင်းလည်းတိုက်၏။ ကျေးဇူးရှင်ကြီးများဟု အထင်ခံရအောင်လည်း အတင်းအဓမ္မ လုပ်၏။ (ကျွန်ုပ်သည်ပင်
ဝန်ထမ်းဘဝက အနှီကျေးဇူးရှင်ကြီးများ ထဲမှ တစ်ဦးကို ဖင်ဘူးဒေါင်းထောင်ကာ ရှိခိုးခဲ့ရပေလေသေး၏။
မဆိုးပါလားခင်ဗျာ)
အနှီသဘက်ကြီးများကား
နိုင်ငံအုပ်ချုပ်သူများ၏ နေရာကိုရခြင်းမှာ ၎င်းတို့၏ ရှေးဘဝေဘဝက ပြုခဲ့သော ကောင်းမှုကံများ
အကျိုးပေးခြင်းဖြစ်သည်ဟု ယူဆကာ သည်တိုင်းပြည်တွင် ငါတို့လောက်တော်တာတတ်တာ ဘယ်သောက်ကမြင်းမသား
တစ်ယောက်ကမှ မရှိဟု သွေးနထင်ရောက်လေတော့၏။ (၎င်းတို့အထဲမှ တစ်ယောက်မှာမူ ၎င်းတတ်ကြောင်း မပြောရမနေနိုင်
ဖြစ်ခါ မြန်မာပြည်မှာ ငါ့လောက်တတ်တာ တစ်ယောက်မှမရှိဘူးဟု ထုတ်ဖော်ပြောရသည့်တိုင် ဖြစ်လေ၏။)
ထိုအခါတွင်
နဂိုကမှ ချွတ်ချုံကျနေရသည့် မြန်မာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး
ရှိသမျှ အရေးများကို အစွမ်းရှိသမျှ အကုန်ဖျက်ဆီးပစ်လေတော့၏။ နဂိုကမှ တည်းတည်းကလေးကျန်နေရသည့်
ကျွန်ုပ်တို့ တိုင်းသူပြည်သားများ၏ ကိုယ်ကျင့်သိက္ခာ၊ အတွေးအခေါ်၊ အယူအဆ၊ ကိုယ်ချင်းစာတရား၊
ဗြဟ္မစိုရ်တရားတို့မှာ ၎င်းတို့၏ လက်သံပြောင်မှုဖြင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေတော့သတည်း။
သစ္စာ၊ မေတ္တာဟူသည်မှာ ရွှေမန်းသဘင် လောက်သာ ကျန်သည်ထိ ဖြစ်လေတော့၏။
ဤသည်မှာ
ကန်ဘောင်ပေါ်က ပုသိမ်ထီးများ တက်ဖြုတ်ရခြင်း၏ အဓိကလက်သည် တရားခံများအကြောင်းဖြစ်လေသည်။
ရာစုနှစ်တစ်ဝက်မျှ
အချိန်ယူကာ ဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံး အလုံးစုံပျက်စီးသွားသည့် အခြေအနေကို ပြန်လည်
အဖတ်ဆည်ဘို့ရာမှာ သုံးလေးနှစ်မျှနှင့် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ မိုးပေါ်က ကိုမာဃပင်လျှင်
မတတ်နိုင်သည့် အခြေအနေ ဖြစ်၏။ ယဉ်ကျေးသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ စိတ်ဓာတ်နှင့်
လူနေမှုအဆင့်အတန်း မြင့်မားသော၊ ဗြဟ္မစိုရ်တရား ထွန်းကားသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင်
အနှစ် ၃၀ မျှ အချိန်ယူပြီး ပြန်လည်တည်ဆောက်ယူရမည်ဟု ကျွန်ုပ်ဆိုလျှင် အသင်တို့ ငြင်းပါမည်လော။
၎င်းတို့က
ကျွန်ုပ်တို့မျက်နှာကို အိုးမဲသုတ်ပေးထားသည်ဖြစ်ရာ ကျွန်ုပ်တို့မှာ နင်တို့ စောင်ခလေးတွေ
တစ်ကောင်မှ သောက်သုံးမကျဘူး၊ ဘွဲ့သာရလာတယ် ဘာတတ်သလဲ ဟုလည်းကောင်း၊ နင်တို့ မြန်မာနိုင်ငံကလူတွေကို
စည်းကမ်းမရှိဘူး။ အဲဒီထီးတက်ဖြုတ်တဲ့ကောင်တွေကို ကြည့်လိုက်အုံး၊ ဘယ်ကကောင်တွေလဲဆိုတာ၊
အခု ရွှေပြည်သာ၊ လှိုင်သာယာကို ဘယ်ကကောင်တွေ ရောက်လာသလဲ ဟု လည်းကောင်း၊ မိမိတို့သည်လည်း
သည်ပုပ်ထဲက သည်ပဲများသာ ဖြစ်ပါလျက် ဘိန်းစားချင်းအတူတူ တစ်လုံးပိုရှူကြလေသတည်း။
ထိုကဲ့သို့သော
အကြောင်းများကြောင့် ကျွန်ုပ်မှာ မျက်ရည်သုတ်လျှက် ဟားတိုက်ရီမိသည့်အဖြစ်နှင့် ကြုံရခြင်း
ဖြစ်လေသည်။
(၂)
အရက်သမားယောက်ဖက ရောင်းချပေါင်နှံသွားသည့် ပစ္စည်းကို ပြန်ရွေးရန် ကြံကြခြင်း
အထက်ဖော်ပြပါ
ကယ်တင်ရှင်ကြီးများကား အလွန်နှစ်ရာမှ အမြော်အမြင်ကြီးသူများ ဖြစ်ကြလေ၏။ ၎င်းတို့မှာ ဉာတကာနဉ္စ
သင်္ဂဟော ဟူသည့်တရားနှင့်အညီ ဆွေ (၇) ဆက် မျိုး (၇) ဆက် ကောင်းစားရေးကို ဝီရယအပြည့်ဖြင့်
နေ့မအားညမအား အားထုတ်ကြံစည် ဆောင်ရွက်ကြလေ၏။ မင်းဆိုသည်မှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊
လေပေါ်လေအောက်၊ ရွှေတွင်းငွေတွင်း၊ ပယင်းဒုဋ္ဌာတို့၏ အရှင်သခင်ဖြစ်သည် ဟူသည့်ထုံးကို နှလုံးမူလျှက်
မြန်မာပြည်တွင်ရှိသမျှ သယံဇာတများမှာ ငါတို့ယောက္ခမက ပေးထားသည့် အမွေများဖြစ်သည်ဟု သဘောပိုက်ကာ
ငါတို့အာဏာသခိုက် သိမ်းကြုံးပြီး ရသမျှ အကုန်ခိုးကြစို့ရဲ့ဟု ရှေ့ရေးနောက်ရေး ဘာမှ
မစဉ်းစား။ တိုင်းပြည်ကောင်းစားရေးဟု အသံကောင်းဟစ်ကာ မဖြေရှင်းနိုင်မည့် ပြဿနာကြီးများကို
တက်စေသော စီမံကိန်းကြီးများကို လက်မှတ်ထိုးခဲ့ကြ၊ အကြီးအကျယ် ဗျင်းခဲ့ကြလေ၏။
လက်ပံတောင်း၊
ကျောက်ဖြူ နှင့် မြစ်ဆုံပြဿနာတို့မှာ အနှီသကောင့်သားများ ပေးခဲ့သော အမွေဆိုးများပင်
ဖြစ်သတည်း။ ရှေ့ရေး နောက်ရေးဘာမှ မစဉ်းစားဘဲ ၎င်းတို့တစ်စု လုပ်ခဲ့သမျှဆိုးမွေအားလုံးကို
ကျွန်ုပ်တို့ ပြည်သူအပေါင်းမှာ ခါးစည်းခံနေကြရပြီ ဖြစ်၏။ ယခုတိုင် သက်ရှိထင်ရှားရှိနေသည့်
လက်သည်အပေါင်းကား သည်ပြဿနာမှာ သူတို့နှင့် လားလားမှ မဆိုင်သကဲ့သို့ ရေငုံနှုတ်ပိတ်၊
မျက်စိမှိတ်ကာ နေကြလေသတည်း။ အတော်လည်း တရားကျစရာကောင်းသည့်သူများ ဖြစ်လေသည်။
သဟာတောင်
ဟိုသတင်းထောက်မကလေး မေးသည့်ဟာကို ဟိုလူကြီးက နောက်ကြောင်းမပြန်ပါနဲ့၊ နောက်ကြောင်းမပြန်နဲ့လို့
ငါပြောနေတယ် ဟု စိတ်ဆိုးမာန်ဆိုး ပြောလေသေး၏။ ဟာဟ၊ ရီစရာကောင်းလိုက်တာ။ ဘယ်နောက်ကြောင်းပြန်ရဲမတုံးခင်ဗျာ။
အာဏာရသခိုက်ကာလက မဟုတ်တာမှန်သမျှ အကုန်လုပ်ခဲ့လေတော့ ဤအရာများကို ပြန်လည်ဖော်ထုတ်မှာ
သေမလောက် ကြောက်ကြလေသည်။ ကောင်းတာ၊ ဟုတ်တာ၊ မှန်တာတွေလုပ်ခဲ့လျှင် ဘာကြောက်စရာ ရှိမတုံး။
အဖြေကား ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောကြီးဖြတ်မောင်းသွားသကဲ့သို့ အလွန်ထင်ရှားလှလေ၏။
လက်မှတ်ထိုးခဲ့သော
စာချုပ်ကို အစိုးရဖြစ်နေသူတွေကိုယ်တိုင်က မဖတ်ရသေး။ ဖတ်ခွင့်မရှိဆိုတော့ တစ်ခုခုတော့
လွဲနေသည်ဟု ကျွန်ုပ်စိတ်ထဲမှာ ခံစားမိလေသည်။ ဘာတွေဘယ်လိုရေးခဲ့မှန်းမသိခဲ့သော ဤစာချုပ်ကို
ကျွန်ုပ်တို့က ရမ်းသမ်းပြီး ရွေးယူမည် ဆိုခြင်းကို ကျွန်ုပ်ကတော့ သဘောမတူပါ။ အဘယ်ကြောင့်ဆိုသော်
ဤကိစ္စမှာ ဤမျှလောက်ရိုးစင်းလိမ့်မည်မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဘာတွေကို ဘယ်လိုချည်ထားခဲ့သည်ဆိုသည်ကို
အသင်တို့ သိပါသလော။
အရက်သမားယောက်ဖက
ရောင်းချပေါင်နှံသွားသည့် ပစ္စည်းကို အပေါင်ဆိုင်ကနေ ပြန်ရွေးဘို့ဆိုသည်မှာ အလွန်လွယ်ပါသည်။
ပိုက်ဆံပေးလိုက်သည်နှင့် ပစ္စည်းပြန်ရ၏။ ကိုလိုနီခေတ်က ချစ်တီးများ ပိုက်ဆံချေးပြီး
လယ်သိမ်း၊ ယာသိမ်း၊ ပစ္စည်းသိမ်းသည် ဆိုခြင်းမှာ အလွန်ရှင်းလှ၏။ လိုသည့် ပိုက်ဆံကိုသာ
အကျေပေးချေနိုင်ပါက ထိုပစ္စည်းများကို အချိန်မရွေး ချက်ချင်းပြန်ရနိုင်သည်။
သို့သော်
တရုတ်တို့ကို ဤမျှရိုးစင်းလိမ့်မည်ဟု အသင်ထင်ပါသလား။ ဝေးစွ။ ကမ္ဘာ့နိုင်ငံ အတော်များများကို
တရုတ်တို့က စီးပွားရေးနှင့် သိမ်းပိုက်ထားပြီးဖြစ်ရာ ဘာကိုဘယ်လိုယူရမည်ဆိုသည့် မဟာဗျူဟာကို
၎င်းတို့ကောင်းစွာတတ်ကျွမ်းကြ၏။ ဆွန်ဇူးက Art of War ဆိုသည့်စာအုပ်ဖြင့် ၎င်းတို့ကို ကောင်းစွာ
သင်ကြားပေးခဲ့သည်ကို မမေ့ပါလင့်။ ကိုဌေးဝင်းနိုင် ဘာသာပြန် ထားသော "ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်"
စာအုပ်ကို မိတ်ဆွေတို့ ဖတ်ကြည့်ကြစေချင်ပါသည်။
ဟို
အာဖရိကမှာ ဖျက်ဆီးခံရသည့် မြန်မာ့ဆန်များကိစ္စမှာလည်း ရိုးသားလှသည်ဟု ကျွန်ုပ်ကတော့
မထင်ပါ။ ကျွန်ုပ်မှာသာ လုပ်ခွင့်ရှိလျှင် ထိုဆန်နမူနာများကို သွားယူကာ တတိယနိုင်ငံတစ်ခုခုသို့ပို့လျက်
ဓာတ်ခွဲကြည့်မည် ဖြစ်၏။ ထိုအခါ အဖြေ သိရပါလိမ့်မည်။ စဖြစ်သည့်ပြဿနာမှာ ဆန်အိတ်များ
ကီလိုမပြည့်ခြင်းဖြစ်သည်။ ဤသည်ကို အကြောင်းပြကာ ဟိုနိုင်ငံက လက်မခံ၊ သည်နိုင်ငံမှ လက်မခံနှင့်
နောက်ဆုံး စားသုံးရန်မသင့်ဆိုကာ မြေဖို့လိုက်ကြသည်။
စားသုံးရန်မသင့်ဆိုလျှင်
စစ်ဆေးထားသည့် ဓာတ်ခွဲခန်းအဖြေများကို မြန်မာနိုင်ငံအစိုးရအနေနှင့် မတောင်းသင့်ပါသလော။
အစိုးရက မစ်ရှင်အဖွဲ့တစ်ခုစေလွှတ်ကာ ထိုဆန်နမူနာများယူလျှက် ဥရောပနိုင်ငံတစ်ခုခုတွင်
စမ်းသပ်စစ်ဆေးကြည့်ရန် အဘယ်ကြောင့် မလုပ်ခဲ့ပါသနည်း။ မြန်မာနိုင်ငံအစိုးရ၏ မစ်ရှင်အဖွဲ့ကို
လက်မခံဆိုလျှင် အခြား စိတ်ချရသည့် Third party တစ်ဖွဲ့ဖွဲ့ကို စေလွှတ်ကာ စုံစမ်းရန်ကိုမူ
လက်ကိုခံရမည် ဖြစ်၏။ အိုင်ဗရီကို့စ်က လုံးဝလက်မခံပါဆိုလျှင် ဤသည်မှာ မရိုးသားကြောင်း
ဝန်ခံနေရာ ရောက်ပါသည်။ (မြေမြှုပ်ပြီးသားဆန်ဖြစ်လျှင်တောင်မှ ပြန်ဖော်ကာ စစ်ဆေးလို့ရပါသေးသည်။)
ဤအကြောင်းကို
ကျွန်ုပ်တို့က ကမ္ဘာ့အလယ်တွင် ဖွင့်ချပြရမည်ဖြစ်၏။ တစ်ကမ္ဘာလုံး၏ ထောက်ခံချက်ကို ရယူဘို့ရန်မှာ
အလွန် အရေးကြီးလေသည်။ ယခု ကျွန်ုပ်တို့မြန်မာဆန်များမှာ စားသုံးရန်မသင့်ဟု မြေမြှုပ်လိုက်ကြသည့်သတင်းကို
တစ်ကမ္ဘာလုံးက ကြားသိသွားလေပြီ။ ဤသည်မှာ အလွန်အန္တရာယ်များလှ၏။ ဤမျှအန္တရာယ်များသည့် ဆန်ကို
မည်သည့်နိုင်ငံက ဝယ်လိုပါ မည်နည်း။
ဤအကြောင်းများကို
စဉ်းစားမိသည့်အခါ ကျွန်ုပ်မှာ အလွန်မသက်မသာ ဖြစ်မိလေသည်။
ကျွန်ုပ်တို့မှာ
ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရလျက်ရှိ၏။
ဤမျှဒုက္ခများနေရသည့်ကြားထဲ
အသင်တို့သည် ပညာတတ်များဖြစ်ပါလျက်၊ စဉ်းစားဆင်ခြင်တတ်သူများလည်း ဖြစ်ပါလျက် အရမ်းရောကာရော
အချင်းချင်း မဖဲ့ကြပါနှင့်။ သင်တို့သည် အရီးတို့ပြောသလို ကိုယ့်ရွာမှာတော့ ကြက်ဖ၊ သူများရွာမှာ
ကြက်မ မဖြစ်ချင်ကြပါနှင့်။
သင်တို့အဖြစ်မှာ
ဈေးသို့တင်ပို့တော့မည့် ကြက်ခြင်းထဲမှ ကြက်များ အချင်းချင်း ခွပ်နေသကဲ့သို့ ဖြစ်သည်။
လူအချင်းချင်း
ဟဝှာပြုခြင်း ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂
ဧပြီ ၂၀၁၉