Monday, February 26, 2018

မန္တလေး၏ ထလပ်ဖစ်ယဉ်ကျေးမှု

ကျွန်တော် ယခုတလော မန္တလေးကို မကြာခဏ ရောက်ဖြစ်နေပါသည်။ များမကြာမီ ထပ်လာရဖွယ်လည်းရှိ၏။
ယခုတစ်ခေါက်တော့ နည်းနည်းကြာသည်။
သင်တန်းက နှစ်ခုဆက်တိုက်။ ပထမသင်တန်းက (၃) ရက်။ နောက် တစ်ရက်နားပြီး နောက်သင်တန်းက (၂) ရက်။
ဆိုတော့ မန္တလေးတွင် (၅) ရက်တိတိကြာမည်။

ယခင်အခေါက်များက သိပ်သတိမထားမိ။
ယခုတစ်ခေါက် ကျွန်တော် သိသိသာသာ သတိထားမိသည်မှာ မန္တလေးကအိမ်များနှင့် မော်တော်ယာဉ်များ ဖြစ်၏။
မန္တလေးတွင် အိမ်များကို ခြံကျယ်ကျယ်ထဲတွင် ဒီဇိုင်းလှလှ၊ ခန့်ခန့်ညားညား ဆောက်ထား၏။ ရန်ကုန်မှာလို အိမ်နှင့်ခြံအပြည့် ဆောက်ထားတာ မဟုတ်။ နောက်ပြီး အိမ်များမှာ ဒီဇိုင်းခပ်ဆန်းဆန်းတွေ ဖြစ်၏။ အမှတ်တမဲ့ဆိုလျှင် ဟော်တယ်လိုလိုထင်ရသည်။ လူဦးရေ သိပ်မများလှသေးသဖြင့် ခြံတစ်ခြံထဲတွင် အိမ်နှစ်လုံး၊ သုံးလုံး၊ လေးငါးလုံး စုပြုံဆောက်ထားတာ ရှာမှရှား ဖြစ်၏။

နောက်ပြီး မန္တလေးတွင် ကားပိတ်စရာအကြောင်း သိပ်မရှိ။

မန္တလေးမှလမ်းများမှာ အရှေ့အနောက်လမ်းပြိုင်များနှင့် တောင်မြောက်လမ်းပြိုင်များ ဖြစ်သဖြင့် သည်လမ်းက သွားလို့မရလျှင် ဟိုလမ်းက သွားလို့ရသည်သာ ဖြစ်၏။ ၇၈ လမ်းမှာပိတ်နေလျှင် လမ်း ၈၀ ကသွားလို့ရသည်။ ၃၂ လမ်းမှာ ပိတ်နေလည်း ဘာဖြစ်သတုံး။ ၂၈ လမ်းကနေသွားမည်။ ဘာပြဿနာမှမရှိ။


လမ်းများမှာအပြိုင်များဖြစ်သဖြင့် လမ်းဆုံများ အလွန်များလှသည်။ ဆိုရလျှင် ဘလောက်တစ်ခုလျှင် လမ်းဆုံတစ်ခု ဖြစ်၏။ လမ်းဆုံတိုင်းသာ မီးပွိုင့်ထားလို့ကတော့ မန္တလေးအရှေ့ဘက်ကနေ အနောက်ဘက်သို့လာချင်လျှင် တစ်နေကုန်မှ ရောက်မည်။ (ချွင်းချက်အနေနှင့် လမ်းမကြီးများနှင့်ဖြတ်သော လမ်းဆုံများတွင်မူ မီးပွိုင့်များ ရှိပါသည်။ သဟာတောင် သည်မီးပွိုင့်တွေ ပေါ်လာတာ ကြာသေးဟန်မတူ။ ကျွန်တော်တို့ ကျောင်းသားဘဝတုံးက မန္တလေးမှာ မီးပွိုင့်ဆိုတာ လက်ချိုးရေလို့ရသည်။)

သဟာဖြင့် သည်လမ်းဆုံတွေမှာ မီးပွိုင့်မရှိဘဲ ဘယ်သို့ဖြတ်သနည်းဟု မေးလာလျှင် သည်လိုပဲ ဖြတ်သည်ဟု ဖြေရမည်ဖြစ်၏။ 
မန္တလေးကလူများ ကား၊ ဆိုင်ကယ် မောင်းကြသည်မှာ အလွန်ရီစရာ ကောင်းလေသည်။ ကျွန်ုပ်ကိုသာ မန္တလေးမှ ထလပ်ဖစ် စည်းကမ်း ဖြေခိုင်းပါက အမှတ် (၂၀) တောင် ရဘို့မလွယ်။

သူ့ဟာသူ မျဉ်းသေဖြစ်ဖြစ်၊ မျဉ်းရှင်ဖြစ်ဖြစ် ဖြတ်ချင်သည့်နေရာက ဖြတ်သည်။ ကွေ့ချင်သည့်နေရာက ကွေ့သည်။ ယူတန်းသော၊ ယူမတန်းသော ဘာမှ နားမလည်။ လမ်းလယ်ခေါင်ကနေလည်း ဖြတ်ကွေ့ကြသည်သာ ဖြစ်၏။ မန္တလေးသားများ၏ ထလပ်ဖစ် ကျွမ်းကျင်ပုံကို ကျွန်ုပ်မှာ သြချယူရပါပေသည်။

အဲ - ခုနကပြောသည့် လမ်းဆုံများတွင်ရော။ လမ်းမကြီးသော လမ်းသွယ်သော နားမလည်။ သူမှားတယ် ကိုယ်မှန်တယ်မရှိ။ ဦးသူ ဖြတ်စတမ်းစနစ်ဖြစ်သည်။ လမ်းမကြီးမှလာသည့် ကားများဆိုင်ကယ်များ အများအပြားရှိနေသည့်တိုင် လမ်းသွယ်မှထွက်လာသည့် ကား၊ ဆိုင်ကယ်များက နည်းနည်းမှ ဂရုမစိုက်။ သည်အတိုင်း အတင်းရောကာရော ဖြတ်ဝင်သည်သာ ဖြစ်လေသည်။ လမ်းမကြီးမှ အတည့်လာ၍ ဦးစားပေးမယ်ဆိုတာ မတွေ့ရ။

ဒါပေမယ့်ခင်ဗျား -

လမ်းမကြီးဘက်က ကားတွေဆိုင်ကယ်တွေလာနေတာကို လမ်းသွယ်ကကောင်တွေ အတင်းဖြတ်ဝင်ရပါမည်လားဟု လမ်းမကြီးကလူတွေ နည်းနည်းမှ စိတ်ဆိုးတာမတွေ့ရ။ သွားလို့မရသေးလျှင် လမ်းလယ်၌ပင် ရပ်စောင့်နေကြသည်။ စောင့်ရင်းနှင့်မှ ဖြည်းဖြည်းတိုးကြသည်။ သူလည်းတိုးသည်။ ငါလည်းတိုးသည်။

ရန်ကုန်မှာသာ သည်ကဲ့သို့ လမ်းမကြီးက ကားတွေကို ဦးစားမပေးဘဲ လမ်းသွယ်ဘက်က အတင်းဝင်လာသည်ဆိုပါစို့။ ကားပေါ်မှ သံတုတ်တွေနှင့် အုပ်စုလိုက်ဆင်းလာလိမ့်မည်။ အနည်းဆုံးတော့ ငါ . . . . ချင်းမိုးမွှန်သွားမည်။ နင့်အမေ . . . . တွေအကုန် ခေါင်းကြိမ်းကြလိမ့်မည်။ ဟွန်းသံတွေ နားမခံသာအောင် ကြားကြရလိမ့်မည်။

မန္တလေးသားများကတော့ အင်မတန်ချီးကျူးစရာ ကောင်းလေသည်။ 
ကားနှင့်ဆိုင်ကယ်များ လမ်းလယ်တွင် ကန့်လန့်ဖြစ်နေသည့်တိုင် နင်ပဲငဆ ဆဲသံဆိုသံများ လုံးဝမကြားရ။ ဟွန်းတစ်ချက်မတီး။
မန္တလေးသားတို့ နိုင်ငံကြီးသား ပီသလိုက်ကြပါပေ့။

ဘယ်ဘက်ကိုကြည့်မောင်းနေပေမင့် ညာဘက်က ဝေါကနဲ ကျော်တက်သွားတာလည်း တွေ့ရမည်။ ရှေ့တည့်တည့်မှ လာနေသော ဆိုင်ကယ်က ဇတ်ကနဲ ကွေ့ဝင်လာတာလည်း ကြုံရမည်။ သို့သော် သူတို့အတွက်ကတော့ (ကိုအောင်သန်း ပြောသလို) နိုး ပလော်ပလမ်။ ရိုးနေပြီ။

ယနေ့ညနေ ကျွန်တော်တို့ ညနေစာစားရန် လမ်းလျှောက်လာကြတော့ လမ်း ၈၀ လမ်းမကြီးတလျှောက် ကားများကို လမ်းကန့်လန့်ဖြတ်လျှက် ရပ်ထားတာ တွေ့ရ၏။ 4 lane ရှိသော လမ်းမကြီးမှာ ဟိုဘက်သည်ဘက် ကားများကို ကန့်လန့်ဖြတ် ရပ်လိုက်တော့ အလယ် 2 lane သာ ကျန်တော့သည်။ ထို့ပြင် လမ်းများ၌ လူလမ်းလျှောက်စရာ ပလက်ဖောင်းဟူ၍ မတွေ့ရ။
ကျွန်တော့်မှာ ကျောချမ်းစွာနှင့်ပင် ကားများနှင့်နီးနိုင်သမျှနီးနီး ကပ်လျက် လမ်းပေါ်မှ လျှောက်ရသည်။

ဤသည်ကား မန္တလေးသားတို့၏ traffic ယဉ်ကျေးမှု ဖြစ်သတည်း။

လူအချင်းချင်း ပုလင်းပစ်ခြင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း
၁ ဖေဖော်ဝါရီလ၊ ၂၀၁၈ 

မန္တလေး ရေပေးဝေရေးစနစ် အကြောင်း

(၁)

၂၀၁၈ ဇန္နဝါရီ လကုန်ပိုင်းက အလုပ်ကိစ္စနှင့် မန္တလေးရောက်ခိုက် မန်းစည်ပင်တွင် ညပိုင်း အားလုံးအားသည့်အချိန်ကို လုကာ ပိုက်သင်တန်းကလေး အပြေးအလွှား ပေးဖြစ်၏။ သို့သော် အချိန်က နည်းလေတော့ ပီဘိ မဖြစ်ညစ်ကျယ် ကလေးမျှ ဖြစ်၏။ ကျွန်တော် စိတ်မကျေနပ်။ အချိန်ယူပြီး သေသေချာချာ သင်ပေးချင်သည်။ သို့အတွက် အားမည့်ရက်ကိုရှာတော့ ၁၉၊ ၂၀၊ ၂၁ (၃) ရက်ရသည်။

သို့နှင့် ထို (၃) ရက်တွင် မန္တလေးသွားကာ သူတို့ကို piping engineering သင်တန်း ထပ်ပေးမည်ဟု ဆက်သွယ်တော့ သူတို့ကလည်း ဝမ်းသာအားရပင် ဒါဆို တစ်နေ့လုံးသင်လို့ရအောင် လျှောက်ပေးမယ် ဆို၏။ လူကြီးများကလည်း အခက်အခဲမရှိ၊ ခွင့်ပေးပါသည်။ သုံးရက်စာ (၂၁) နာရီလောက် သင်ရမည်ဆိုတော့ အတော်လေး ပြည့်စုံအောင် သင်နိုင်ပါမည်။ ထို့အတွက် ခွင့်ပြုပေးသော တာဝန်ရှိ လူကြီးများအား ကျေးဇူးအထူးတင်ပါသည်။

ရန်ကုန်မှာကလည်း တခြားလုပ်စရာတွေ ရှိနေသေးတော့ သင်တန်းအတွက် slide presentation တွေတောင် အချိန်မီ မပို့နိုင်။ ကတိုက်ကရိုက်လုပ်ရသည်။

သူတို့ကလည်း တကယ့် အားတက်သရော ခင်ဗျာ။ စည်ပင်မှာရှိသမျှ အင်ဂျင်နီယာ အကုန်လာတက်တာလို့တောင် ထင်ရသည်။ စုစုပေါင်း (၄၀) ကျော်။ ဒါတောင် အလုပ်တွေကို လက်လွှဲမရလို့ မလာရသူတွေရှိဦးမည်။

မနက် (၉) နာရီကနေ ညနေ (၅) နာရီထိကို သုံးရက်စလုံး မည်သူမှ မပျက်ကွက်ကြပဲ စိတ်ဝင်တစား သင်ယူလေ့လာကြတာ တွေ့ရတော့ ကျွန်တော် အလွန် စိတ်ကျေနပ်မိပါသည်။

သို့သော် အခြေခံမှ စ သင်ရတာဆိုတော့ သဘောတရားကို ခြုံမိ ငုံမိရုံလောက်သာ ရပါလိမ့်မည်။ ပိုက်ဆက်နည်းလက်တွေ့နှင့် ဒီဇိုင်းပိုင်းတို့ကို သေသေချာချာ သင်ပေးမှ ရမည်။ ထို့အတွက် မန္တလေးကို နောက်တစ်ခေါက် သို့မဟုတ် နှစ်ခေါက် အနည်းဆုံး သွားရပါဦးမည်။

(၂)

ကျွန်တော်ကတော့ မန္တလေး ရေပေးဝေရေးစနစ်ကို စနစ်တကျ ဖြစ်သွားစေချင်သည်။ ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ပေးချင်သည်။ သူတို့ကလည်း လိုလိုလားလားရှိပါသည်။ ကျွန်တော် မသေခင်တော့ မန္တလေးမြို့၏ ရေပေးဝေရေးစနစ်ကို ကျွန်တော်ဖြစ်စေချင်သော ပုံစံအတိုင်း ဖြစ်သွားတာ မြင်ချင်မိပါသည်။ သည်လိုဖြစ်အောင်လည်း ကျွန်တော် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကူညီလုပ်ကိုင် ပေးပါမည်။

မန်းစည်ပင် ရေပေးဝေရေးဌာနမှ ဝန်ထမ်းများမှာ နေ့တိုင်း မနက်က မိုးချုပ်ထိ၊ ရေပိုက်ပေါက်တာ လိုက်ဖာနေရတာနှင့် တခြား ဘာမှ မလုပ်နိုင်ပဲ ဖြစ်နေရသည်။ ဤသည်မှာ ကောင်းသောလက္ခဏာမဟုတ်။ သည်အတိုင်း ရေရှည်ဆက်သွားဘို့ မည်သည့် နည်းနှင့်မှ မဖြစ်နိုင်။

မြို့တော်ဝန်ကြီးနှင့် ကျွန်တော် စကားစနေပြောရာတွင် စီမံကိန်းတစ်ခုလုပ်ရာ၌ အနည်းဆုံး အနှစ် (၆၀) မှ အနှစ် (၁၀၀) ထိ strategic plan ဆွဲပြီးလုပ်ဖို့ ပြောခဲ့ပါသည်။

ယခု လူဦးရေတိုးနှုန်းနှင့် နောင် အနှစ် (၁၀၀) ကြာလျှင် မြို့နေလူဦးရေ မည်မျှ ဖြစ်လာမည်။ ထိုလူများကို မည်သည့်နေရာများတွင် နေရာချထားမည်။ တိုးလာသော လူများအတွက် အစားအသောက်များ မည်ကဲ့သို့ ဖန်တီးပေးမည်။ ထိုလူများနှင့်အတူ ကားစီးရေ၊ ဆိုင်ကယ်စီးရေ မည်မျှ တိုးလာမည်။ တိုးလာမည့် ကား၊ ဆိုင်ကယ်ဦးရေနှင့် လျော်ညီစွာ လမ်းများကို မည်ကဲ့သို့ စီမံမည်။ (မြို့ နေရာမှာ အကန့်အသတ်ရှိကြောင်း မေ့မထားလင့်။)

လူဦးရေတိုးလာသည်နှင့်အမျှ သောက်သုံးရေ၊ အိမ်သာမှထွက်သည့်အညစ်အကြေး၊ အမှိုက်သရိုက်များလည်း တိုးလာမည်။ ထို လူဦးရေကို လုံလောက်အောင် ပံ့ပိုးပေးရန် သောက်ရေချိုကို မည်သည့်နေရာမှ ယူရမည်နည်း။ (မြေအောက်ရေကို ထုတ်သုံး နေတာ အခါခပ်သိမ်း မကောင်းနိုင်။ မြေအောက်ရေဆိုတာ အကန့်အသတ်ရှိသည်။ အတားအဆီးမရှိ ထုတ်မသုံးသင့်။ ရေရရှိရေးအတွက် အခြားနည်းလမ်းများ ရှာသင့်သည်။)

ဤသည်မှာ အမြော်အမြင်ရှိသူများ တွေးပုံခေါ်ပုံ၊ လုပ်ကိုင်ပုံဖြစ်သည်။ ဟိုနား ပိုက်တစ်လုံးချလိုက်။ သည်နား ပိုက်တစ်လုံး ချလိုက်ဆိုလျှင် လိုက်လုပ်လို့ အမျိုးမဆုံးနိုင်။

လွန်ခဲ့သည့် တစ်ရက်နှစ်ရက်ကမှ ဒေါက်တာကြီးတစ်ယောက်က ရန်ကုန်သောက်သုံးရေနှင့် ပတ်သက်လို့ ပြောသွားသေးသည်။ ရန်ကုန်စည်ပင်ကလည်း သည်ရေများကို သူတို့ ဓာတ်ခွဲခန်းတွင် စစ်ထားပါသည် ဟု ဆိုသည်။

စင်ကာပူက သောက်သုံးရေ အရည်အသွေးကို စောင့်ကြည့်စစ်ဆေးသူမှာ PUB (Public Utility Board) ဖြစ်၏။ သောက်သုံးရေကို တစ်နှစ်လျှင် အကြိမ်ပေါင်း လေးသိန်းကျော် စမ်းသပ်စစ်ဆေးမှုများ ပြုသည်။ စစ်ရာတွင် ရေ၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေး၊ အော်ဂဲနစ်၊ အင်အော်ဂဲနစ်၊ မိုက်ခရိုဘိုင်အိုလိုဂျီ စသဖြင့် ရေအရည်အသွေး စံသတ်မှတ်ချက် ပါရာမီတာပေါင်း (၂၉၀) ကျော် ပါသည်။ ဤသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် ပါရာမီတာ (၁၃၀) ကို စစ်ရမည်ဆိုသည်ထက် နှစ်ဆကျော် ပိုစစ်ထားခြင်း ဖြစ်၏။ စစ်သည်ဆိုရာတွင် တစ်နိုင်ငံလုံး နေရာအနှံ့မှ ရေကို နမူနာယူကာ စစ်ခြင်းဖြစ်သည်။

(မည်သည့်အကြောင်းအရာကို ပြောသည်ဖြစ်စေ စင်ကာပူနှင့် နှိုင်းကာပြောမိသဖြင့် ကျွန်တော့်ကို အတော် သောက်မြင်ကပ် နေသူများလည်း ရှိပါသည်။ သို့သော် မတတ်နိုင်။ သူတို့ ဘယ်လိုတွေလုပ်နေတယ်ဆိုတာ သိမှ ငါတို့ ဘာတွေ လိုနေသေးတယ် ဆိုတာ သိနိုင်မည်။ သည့်အတွက် သောက်မြင်ကပ်ခါမှ ကပ်ရော။ ကျွန်တော်ကတော့ ဆက်ပြောနေရဦးမည် ဖြစ်ပါသည်။)

မန္တလေးက ပိုက်လိုင်းများကို လိုက်ကြည့်တော့ ကျွန်တော့်စိတ်ထဲ အတော် မသက်မသာ ခံစားမိပါသည်။ အသည်းဆရာဝန်ကြီး ပြောစကားကို မလေးမစား မလုပ်သင့်ပါ။ တစ်မြို့လုံးမှ သောက်သုံးရေများကို နမူနာယူကာ စစ်ကြည့်သင့်ပါသည်။ အငြင်းပွားနေရုံဖြင့် သည်ပြဿနာ ပြေလည်သွားမည်မဟုတ်ပါ။ တကယ်ခံစားကြရသည်မှာ လုပ်သားပြည်သူများ ဖြစ်ပါသည်။

ပိုက်များကို သွယ်တန်းထားသည်မှာ မြေပြင်/မြေအောက်များတွင် ဖြစ်ပါသည်။ ထိုပိုက်များရှိသည်ဆို၍ အဘယ်သူသည် ရှောင်ကွင်း သွားပါသနည်း။ သည်ပိုက်များပေါ် ဖြတ်ကာနင်းမည်။ သည်ပိုက်များကိုဖြတ်ကာ အညစ်အကြေးရေများ စီးချင် စီးနိုင်သည်။ သည်ပိုက်များ မြှုပ်ထားသည့် မြေကြီးထဲတွင် ဘာတွေရှိနေသည်ဆိုတာ မည်သူတွေ စစ်ကြည့်ပါသနည်း။ ထိုပြင်ပမှ အညစ်အကြေးရေများ ရေပိုက်များအတွင်း စိမ့်ဝင်မဝင် မည်သူ သိနိုင်ပါသနည်း။

(၃)

ပထမဦးဆုံးအနေနှင့် လက်ရှိ ပြေးထားသည့် pipe line network ကို GA Drawing (General Arrangement drawing) ထုတ်ရပါမည်။ ထိုသို့ ပုံထုတ်ရန် Design and Drawing department တစ်ခု ဖွဲ့စည်းရပါမည်။ ၎င်းတို့ကို ပံ့ပိုးပေးမည့် မြေတိုင်း၊ အကူ၊ ပုံဆွဲ စသည်တို့ကိုလည်း ခန့်ထားပေးရပါမည်။
ထိုဌာနက မည်သည့်နေရာတွင် မည်သည့်ပိုက်ပြေးထားသည်။ မည်သည့်နေရာတွင် မည်သည့်နေရာသို့ လိုင်းခွဲသွားသည်။ မည်သည့် နေရာတွင် isolating valve များ တပ်ထားသည်၊ အစရှိသည်တို့ကို အချိန်ယူကာ တိုင်းတာ ရေးဆွဲရပါမည်။

GA Drawing တွင် ပိုက်လိုင်း၏တည်နေရာ၊ အရွယ်အစား၊ လိုင်းခွဲများနှင့် တပ်ဆင်ထားသည့် equipment, instrument များ၊ ပိုက်လိုင်းအရှည် စသည်တို့ကို အသေးစိတ်ဖော်ပြထားသည်။ မန္တလေးတစ်မြို့လုံးမှ ပိုက်လိုင်းများကို GA Drawing ထုတ်နိုင်ရေး သည် ရေပေးဝေရေးစနစ်အတွက် ပထမဦးဆုံး လုပ်ရမည့် အလုပ်ဖြစ်၏။

GA Drawing ရပါက မည်သည့်ဒေသသို့ ရေမည်မျှ ပေးနေသည်။ မည်သည့်နေရာတွင် မည်သည့် ကိရိယာများရှိနေသည်။ မည်သည့်နေရာတွင် မည်သည့်ဗားများရှိနေသည် အစရှိသည်တို့ကို သေသေချာချာ သိနိုင်သည်။ သို့မှသာ ထိုဒေသို့ ရေပေးရန် ပန့်အရွယ်အစား၊ ပိုက်အရွယ်အစား အစရှိသည်တို့ကို တွက်နိုင်မည်။ ပိုက်ဆင်ရန် Isometric Drawing များလည်း ထုတ်နိုင်မည်။

နောက်တစ်ခုမှာ ပိုက်ပြေးရမည့် နေရာ ဖြစ်၏။ ယခုပိုက်များကို မြေအောက်တွင် ပြေးသည်။ ပိုက်လိုင်းသွယ်တန်းရန် အကောင်းဆုံး နေရာမှာ ကားလမ်းဘေးတစ်လျှောက် ဖြစ်၏။ ကားလမ်းဘေးတွင် လူများ လမ်းလျှောက်ရန် ပလက်ဖောင်း လုပ်ပေးရသည်။ ထိုပလက်ဖောင်းအောက်တွင် ရေမြောင်းရှိရသည်။ ထိုရေမြောင်းများအောက်တွင် ပိုက်သွယ်တန်းလို့ရသည်။ ပလက်ဖောင်းပေါ်တွင် မည်သည့် ယာဉ် ယန္တရားမှ သွားမည်မဟုတ်။ မည်သည့် အနှောက်အယှက်မှမရှိ။ သို့အတွက် ရေပိုက်လိုင်းကို အလိုလို အကာအကွယ်ပေးပြီးသား ဖြစ်သွားသည်။

ရန်ကုန်တွင်ရော မန္တလေးတွင်ပါ နေရာတော်တော်များများတွင် ကားလမ်းကို ခြံစည်းရိုး ရောက်သည်ထိ ကတ္တရာခင်းထားတာ တွေ့ရသည်။ အိမ်များတွင် ကားရပ်ရန်နေရာဟူ၍ သီးသန့် လုပ်မထားလေတော့ ထိုကားလမ်းပေါ်တွင် ကားများကို ကန့်လန့် ဖြတ်ကာ ရပ်ကြသည်။ လူများလမ်းလျှောက်စရာနေရာ လုံးဝမရှိ။ လမ်းလျှောက်သူများမှာ ထိုကားများကို ရှောင်ကွင်း၍ ကားများ ဥဒဟိုသွားနေသည့်ဘေးမှ လျှောက်ကြရသည်။ အန္တရာယ်များလှပါဘိ။ ကျွန်ုပ်တို့သည် လူများ၏ အသက်ကို တန်ဘိုးမထားကြ။ ဘာပဲလုပ်လုပ် လူများအဆင်ပြေရေးအတွက် ထည့်စဉ်းစားလေ့မရှိသည်မှာ ထုံးစံကြီးတစ်ခုလို ဖြစ်နေပြီ။

ကတ္တရာလမ်းကို ခြံစည်းရိုးထိ ခင်းထားတော့ မိုးရွာသည့်အခါ ကားလမ်းပေါ်မှ ဆင်းလာမည့် မိုးရေများ မည်သည့်နေရာသို့ သွားပါမည်နည်း။ မြို့တစ်မြို့တွင် ကားလမ်းဧရိယာမှာ အိမ်ဆောက်သည့် မြေဧရိယာနှင့် ဆတူ သို့မဟုတ် ထို့ထက် ပိုများလေ့ ရှိ၏။ သို့ဆိုလျှင် ကားလမ်းပေါ်သို့ကျလာသည့် မိုးရေများကိုသာ စနစ်တကျ မြောင်းများနှင့်စုပြီး ရေကန်ကြီးများထဲ စုထားလျှင် မြို့ရေပေးရေးအတွက် ကြီးစွာသော အထောက်အကူ ရမည်။ ဤကဲ့သို့ ရေစုနိုင်ရန် သည်မြို့တွင်ရွာသည့် မိုးရေချိန်လက်မအလိုက်  ရေမြောင်းဒီဇိုင်းများ ရေးဆွဲကာ ရေမြောင်း network ဆွဲရမည်။ ထို့ကြောင့် ရေပေးဝေရေးကိစ္စနှင့် လမ်းကိစ္စမှာ တခြားစီမဟုတ်။ တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသည်။

နောက်တစ်ခုမှာ မြန်မာနိုင်ငံမှ အစိုးရဌာနများမှာ တစ်ခုနှင့်တစ်ခု ပူးပေါင်းညှိနိုင်းဆောင်ရွက်မှု အလွန် အားနည်းလှ၏။ တစ်ယောက်နှင့်တစ်ယောက် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် မလုပ်ကြ။ သူကလည်း သူ့ဘာသာသူ လုပ်သည်။ ကိုယ်ကလည်း ကိုယ့်ဘာသာကိုယ် လုပ်သည်။ ထိုအခါ မလိုလားအပ်သော ပြဿနာများ မပေါ်သင့်ဘဲ ပေါ်လာရသည်။ ဝန်ထမ်းများမှာ ထို စီမံခန့်ခွဲမှု အမှားများကြောင့် မလိုလားအပ်သော အပိုအလုပ်များကို မလုပ်ချင်ဘဲ လုပ်နေကြရသည်။ တိုင်းပြည်ဘဏ္ဍာလည်း ဆုံးရှုံးသည်။ ဘာများ ကောင်းပါသနည်း။ ဝန်ကြီးဌာနတစ်ခု အတွင်းတွင်ပင် ဟိုဌာနနှင့် သည်ဌာန စကားမပြော၊ အစီးမကပ် တာတွေ ရှိသည်။ ဆိုးရွားလှပါဘိ။

၎င်းတို့မှာ အစိုးရဌာနများဖြစ်၍ ကျွန်တော်တို့ ဘာမှ မတတ်နိုင်။ မဟုတ်မှန်းသိလျက် သည်အတိုင်း လက်ပိုက်ကြည့်နေရသည်။ သည်ကိစ္စတစ်ခုတည်းမဟုတ်။ နေရာတော်တော်များများပင် ကျွန်တော်တို့မတတ်နိုင်၍ လက်ပိုက်ကြည့်နေရသည့်ကိစ္စများ အတော် များသည်။ အားလုံးလိုလို ဖြစ်၏။

(၄)

ယခု ရေပေးဝေနေသည့် ပိုက်လိုင်းများကို လိုက်ကြည့်တော့ (တစ်မြို့လုံးမဟုတ်၊ အစိတ်အပိုင်း အနည်းငယ်မျှသာ။) အဆင်မပြေမှုများကို နေရာတော်တော်များများတွင် တွေ့ရသည်။ ပန့်အိမ် (pump station) အတွင်းမှ ပိုက်လိုင်းများလည်း အဆင်မပြေ။ အိမ်များသို့ သွယ်တန်းထားသည့် ပိုက်လိုင်းများလည်း အဆင်မပြေလှ။

သို့အတွက် နေ့တိုင်း ပြဿနာတက်နေသည့် ပိုက်လိုင်းယိုစိမ့်မှုကို အပြီးတိုင် ဖျောက်ပစ်ရေးဆိုသည်မှာ လက်ရှိပိုက်လိုင်းများကို ပြန်ပြင်နေရုံနှင့် မဖြစ်နိုင်။ လက်ရှိပိုက်လိုင်းများကို ပိုက်လိုင်းအသစ်များနှင့် အစားထိုးရမည်။

ဤသည်မှာလည်း အစပိုင်းတွင် ပြောခဲ့သလို Strategic plan ဆွဲရမည်။ မည်သည့်နေရာတွင် မည်သည့် အဆောက်အဦများ ဆောက်မည်။ မည်သည့်နေရာတွင် မည်သည့်လမ်းများ ဖောက်မည် အစရှိသည်တို့ကို အဆောက်အဦဌာန၊ လမ်းတံတားဌာန များနှင့် ညှိနှိုင်းတိုင်ပင်ကာ ပိုက်လိုင်းပြေးမည့်နေရာကို အနှောက်အယှက်ကင်းစေရန် အတတ်နိုင်ဆုံး ရွေးရမည်။

ထို့နောက် သည်မြို့နယ်အတွင်း နောက်ထပ် တိုးလာနိုင်ချေရှိသည့် လူဦးရေနှင့် ရေသုံးစွဲမှုကို ခန့်မှန်းရမည်။ သို့မှ ရေပေးမည့် ပိုက်လိုင်းအရွယ်အစားနှင့် ပန့်အရွယ်အစားတို့ကို တွက်ချက်နိုင်မည်။

ပိုက်လိုင်းအစားထိုးရေးအတွက် ဘတ်ဂျက်လိုမည်။ သို့အတွက် အပိုင်းလိုက်လုပ်ရပါမည်။ မည်သည့်နှစ်တွင် မည်သည့်မြို့နယ်ကို လုပ်မည်ဆိုသည့် အသေးစိတ် အစီအစဉ်ဆွဲရမည်။ သို့သော် ချက်ချင်း ကောက်ကက်လုပ်ဖို့တော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။

ပထဦးစွာ ရေသုံးမည့်ပမာဏ၊ ပိုက်လိုင်းပြေးမည့်နေရာ စသည်တို့ကို survey လုပ်ရမည်။ ပြီးမှ ပြေးမည့်ပိုက်လိုင်းကို GA Drawing ဆွဲရမည်။ သုံးမည့် ပိုက်နှင့်ပိုက်ဆက်ပစ္စည်း၊ ဗားများ၊ equipment, instrument စာရင်းကို အသေးစိတ် တွက်ရမည်။ ထို့နောက် estimate တွက်ရမည်။ (Estimate ဆိုသည်မှာ အင်း၊ ဘာကတော့ ဘယ်လောက်ရှိတန်ကောင်းပါရဲ့ ဆိုပြီး ရမ်းတုတ်တာ မဟုတ်။ လုပ်ငန်းတွင်သုံးမည့်ပစ္စည်း၊ လူအား၊ လုပ်အားခ အစရှိသည်တို့ကို အသေးစိတ်တွက်ချက်ကာ ခန့်မှန်းခြင်း ဖြစ်သည်။)

ပစ္စည်းစာရင်းတွက်ရာတွင်လည်း ဤပစ္စည်းကို မည်သည့်နေရာတွင် မည်သည့်ဈေးနှင့် ဝယ်ရနိုင်သည်ဆိုသည်ကိုပါ စုံစမ်းထားရ မည်။ ပိုက်လိုင်းတွင်တပ်ဆင်မည့် ပစ္စည်းအားလုံးသည် တမျိုးတစားတည်း ဖြစ်ရမည်။ တံဆိပ်တစ်မျိုးတည်း (ကုမ္ပဏီ တစ်ခုတည်းမှ ထုတ်သည့်ပစ္စည်း) ဖြစ်နိုင်လျှင် ပိုကောင်းသည်။ မရနိုင်မှ အခြား အလားတူပစ္စည်းကို သုံးရမည်။

အကယ်၍ မန္တလေးသာ ရေပေးဝေရေးစနစ်ကို စနစ်တကျလုပ်နိုင်ပြီ ဆိုလျှင် အခြားမြို့ကြီးများလည်း မန္တလေးကို နမူနာယူကာ လုပ်နိုင်ပေမည်။ စနစ်ကျသော ရေပေးဝေရေးစနစ်တစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ပြီဆိုလျှင် ယနေ့ ကြုံတွေ့နေရသော ခေါင်းကိုက်နေရသည့်ကိစ္စများအားလုံး ရှင်းသွားမည်။ မလိုအပ်ဘဲ ကုန်နေရသည့် နိုင်ငံတော် ဘတ်ဂျက် ယိုပေါက်ကို ပိတ်နိုင်မည်။ စည်ပင်ဝန်ထမ်းများလည်း အခြားပိုအရေးကြီးသည့် အလုပ်များကို အားစိုက်လုပ်နိုင်မည်။

ဤသည်မှာ သားရွှေအိုးထမ်းလာမည့်ကိန်း ဖြစ်၍ အလျင်အမြန် အကောင်အထည်ဖော်ကြပါရန် မန်းစည်ပင်မှ တာဝန်ရှိ လူကြီးများကို တိုက်တွန်းလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆ ဖေဖော်ဝါရီလ၊ ၂၀၁၈ 

ပိုက်သင်တန်းနှင့် မန်းစည်ပင်

၂၀၁၈၊ ဇန္နဝါရီလ ၂၉ ရက်နေ့က အလုပ်ကိစ္စဖြင့် မန္တလေးသို့ ကျွန်တော်ရောက်ခဲ့၏။

ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ စသည့် ပုဂ္ဂိုလ်ကြီးများအား ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဆရာဖြစ် သင်တန်းပေးရန် နှင့် နောက်တစ်ခုမှာ စက်မှုဇုံလုပ်သားများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အသိအမြင်မြှင့်တင်ရေး သင်တန်းများ သင်ကြားပို့ချပေးရန် ဖြစ်၏။

ပထမသင်တန်းတစ်ခုပြီးတော့ တစ်ရက်အနားရ၏။ ထိုအခါ ကျွန်ုပ်က ရွှေမန္တလေး၏ ယာဉ်အသွားအလာများနှင့်ပတ်သက်၍ ပို့စ်တစ်ခုရေးတင်လိုက်၏။ ၎င်းကိုဖတ်မိသော မန်းစည်ပင်မှ အသိတစ်ယောက်က ကွန်မင့်ပေးရာမှ သူနှင့်အဆက်အသွယ်ရ၏။ ထို့နောက် ချက်ချင်းပင် တွေ့ကြ၏။ ပိုက်လိုင်းသွယ်တန်းခြင်းကို ဘာမှမသိဘဲ ရမ်းလုပ်နေကြရသဖြင့် အလွန်အန္တရာယ်လည်းများ၊ ဒုက္ခသုက္ခလည်းများလှကြောင်း နှင့် မန်းစည်ပင်မှ ပိုက်လုပ်ငန်းနှင့်ဆက်နွယ်နေသည့် အင်ဂျင်နီယာများအား ပိုက်သွယ်တန်းခြင်း အကြောင်း သင်ကြားပေးပါရန်ပြော၍ အချိန်မဆွဲတော့ဘဲ သည်ကနေ့ညနေတွင်ပင် စ ရန် စိုင်းပြင်းကြ၏။

ပိုက်လိုင်းသွယ်တန်းခြင်းမှာ အင်ဂျင်နီယာ ပညာရပ်တစ်ခုဖြစ်၏။ သေသေချာချာ သင်ကြားပေးမှ ကျကျနန နားလည် တတ်ကျွမ်းနိုင်မည်။ ကျွန်တော်က ပိုက်လုပ်ငန်းတွင် နှစ်အတော်ကြာကြာ လုပ်ကိုင်ခဲ့ဖူးသဖြင့် အတော်လေး တီးမိခေါက်မိ ရှိသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကျွန်တော်သိသမျှ သူတို့ကို ပြန်လည် ဝေငှပေးပါသည်။

မြန်မာနိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် အစိုးရကို တတ်နိုင်သည့်ဘက်က ကူညီရန် ကျွန်တော်တို့မိတ်ဆွေတစ်စု ကြိုးစားခဲ့ ဖူးကြပါသည်။ သို့သော် မအောင်မြင်ပါ။ မအောင်မြင်ဟု ဆိုရပါမည်။ ပေးချင်သူက ပေးပါမည်ဆိုတာတောင် ယူမည့်သူမရှိ။ မယူချင်တာကြီးကို ဘယ့်နှာလုပ် အတင်းပေးပါမတုံး။

မန်းစည်ပင်မှ မိတ်ဆွေများကတော့ လိုလိုချင်ချင်ရှိပါသည်။ သူတို့အားတက်သရော လေ့လာသင်ယူတာတွေ့တော့ ကျွန်တော် အလွန်ဝမ်းသာမိ၏။ အစိုးရအဖွဲ့ အင်အားတောင့်တင်းဘို့ရန် အစိုးရယန္တယားကြီးကို လည်ပတ်နေသည့်သူများ ထူးချွန် ထက်မြက်နေဘို့လိုသည်။ အထူးသဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်လေးများကို ထူးချွန်သူများဖြစ်လာအောင် မြေတောင် မြှောက်ပေး၊ လေ့ကျင့်သင်ကြားပေးဘို့လိုသည်။ ယခု ပိုက်သင်တန်းတွင် ၁၅ ယောက်လောက် ရှိသည်။ လူကြီးလူငယ် အရွယ်စုံ ဖြစ်၏။ ဦးဆောင်လုပ်ကိုင်သည့် လူကြီးများအနေနှင့်လည်း ဒါတွေ ဒီလိုရှိပါလားဟု သိထားဘို့လိုသည်။

ကျွန်တော်ကလည်း ကိုယ့်အလုပ်နှင့်ကိုယ်၊ သူတို့ကလည်း ရုံးလုပ်ငန်းတွေနှင့်ဆိုတော့ သင်တန်းကို ညနေ (၇) နာရီမှ (၉) နာရီထိ သာ သင်နိုင်သည်။ ရက်ကလည်း သိပ်မရ။ ထိုနေ့အပါအဝင် (၃) ရက်ပဲဆိုတော့ အကုန်အစင်သင်ပေးဘို့ရာ မလွယ်။ သို့သော် အခြေခံများတော့ ရသွားသပေါ့။ ပိုက်ဆိုတာဘာ၊ ပိုက်ဆက်ပစ္စည်းတွေမှာ ဘာတွေပါလို့ ဘယ်နေရာတွေမှာသုံးတယ်၊ ပိုက်လိုင်း အတွင်းသုံးနေသည့် ဗားများနှင့် စက်ကိရိယာများ၊ ပိုက်လိုင်းအတွက် သုံးသည့်ပုံ စသည်တို့ ပြောနိုင်ခဲ့ပါသည်။

ပရောဂျက်အတွက် ရက်များကလည်း ကြပ်လှသည်။ ယခုစီစဉ်ထားတာကို တစ်ရက်တည်း ပွဲနှစ်ခုထပ်နေတာတွေ ရှိ၏။ လူအင်အားကလည်း နည်းတော့ အင်အားကုန်ထုတ်သုံးကာ ကြဲနေကြရသည်။ သည်ကြားထဲ ရက်အားကလေးများ သုံးလေးရက် လောက်ရလျှင် မန္တလေးသို့ ပြန်သွားချင်ပါသေးသည်။ ကျွန်တော်စခဲ့သည့် ဇာတ်လမ်းကို အဆုံးသတ်ပေးခဲ့ချင်သည်။ အားလုံးမဟုတ်တောင် ကိုယ့်ဘာသာ တွက်နိုင်ချက်နိုင်၊ မဟုတ်တာတွေကို ထောက်ပြနိုင်၊ ဘယ်လိုလုပ်မှ အမှန်ဖြစ်နိုင်သည်၊ ဘယ်လိုလုပ်သင့်သည် ဆိုသည့်အဆင့်ရောက်အောင် သင်ပေးခဲ့ချင်ပါသည်။

သူတို့သာ စနေ၊ တနင်္ဂနွေနားရသည်ဆိုလျှင် တစ်နေ့လုံး သင်ပေးလို့ရသည်။ တစ်နေကုန် သုံးရက်လောက် သင်လိုက်ရလျှင် တော်တော်များများ တတ်သွားစရာရှိသည်။ သူတို့က အင်ဂျင်နီယာတွေဆိုတော့ အသေးစိတ် အကုန်လိုက်ပြောနေစရာမလို။ နည်းနည်းပါးပါး ပြောပြလိုက်လျှင်ပင် နားလည်နိုင်စွမ်းရှိသည်။ သင်ရတာ ခရီးရောက်သပေါ့။
နောက်ပြီး စာချည်းသင်နေတာမျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်မှ သဘောတရားကို ပိုနားလည်စရာရှိသဖြင့် လက်တွေ့ ပုံဆွဲကြည့်၊ တွက်ချက်ကြည့်စေချင်သည်။ နောက် မြို့ထဲကို လှည့်လည်ကြည့်ကြပြီး မြို့မြေပုံပေါ် အခြေခံကာ GA drawing ထုတ်ကြည့်တာတွေ လုပ်နိုင်သည်။ စနစ်ကျသော မြို့ပြရေပေးဝေရေးစနစ်ကို ဤနည်းဖြင့် စတင် အကောင်အထည် ဖော်လို့ရသည်။

ကျွန်တော်တို့အဖွဲ့သားများနှင့်တိုင်ပင်ကာ ကျွန်တော်စင်ကာပူမပြန်ခင် မန္တလေးသို့ တစ်ခေါက်ရောက်နိုင်အောင် ကြိုးစားပါဦးမည်။

ရုံးချိန်ပြီးသည့်တိုင် အိမ်မပြန်သေးဘဲ အားတက်သရော လေ့လာသင်ယူကြသည့် မန်းစည်ပင်မှ မိတ်ဆွေအားလုံးကို ကျေးဇူးအထူး တင်ပါကြောင်း။

အေးငြိမ်း
၆ ဖေဖော်ဝါရီ၊ ၂၀၁၈

Thursday, February 1, 2018