Tuesday, June 13, 2017

ဆိုးလွန်းလှသော ဘ၀များ

မနေ့ည (ဇွန်လ ၁၂ ရက်၊ ၂၀၁၇) ၇ နာရီခန့်က Interlace condominium၊ ၁၉ ထပ်မှ အိမ်အကူ မြန်မာမိန်းကလေး တစ်ယောက် ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ သူခုန်မချမီ အမျိုးသမီးတစ်ဦးက ခုန်မချဘို့ တားသည့် ဗီဒီယိုတစ်ခုလည်း တွေ့လိုက်ရသည်။ အလွန်စိတ်မကောင်းစရာ ဖြစ်ရပ်ဖြစ်၏။

မိမိကိုယ်ကိုယ်ကိုယ် သတ်သေဘို့ဆိုတာ သိပ်လွယ်လှသည့်အလုပ် မဟုတ်ပါ။ ဒုက္ခသုက္ခများကို ဘယ်လိုမှ မခံစားနိုင် တော့သည့်အဆုံး၊ ရွေးစရာ တခြားလမ်းကလည်းမရှိ ဆိုတော့ သည်လမ်းကို ရွေးလိုက်တာ ဖြစ်ပါလိမ့်မည်။ သူဘာတွေ တွေ့ကြုံခဲ့ရသည်။ ဘယ်လိုခံစားခဲ့ရသည်ဆိုတာကတော့ သူမှ ဂဃနဏပြောပြနိုင်ပါလိမ့်မည်။ သူ့အိမ်ရှင်များပြောတာကို မည်မျှလောက် ယုံစားလို့ရပါမည်နည်း။

သည်ကဲ့သို့သော အမှုမျိုးများ စင်ကာပူတွင် ကြိုကြားကြိုကြား တွေ့ရတတ်သည်။
ဖြစ်ရသည့်အကြောင်းများတွင် အောက်ပါတို့ပါ၏။

1.     အိမ်အကူလာလုပ်သည့်မိန်းကလေးများမှာ (များသောအားဖြင့်) နယ်များနှင့် တိုင်းရင်းသားဒေသများမှ ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်စာနှင့်စကားကို ကောင်းစွာမရေးတတ်၊ မဖတ်တတ်၊ မပြောတတ်၊ ပြောစကားကို နားမလည်ကြပါ။ အချို့ဆို မြန်မာစကားကိုပင် ရေလည်အောင် မပြောတတ်ကြပါ။
2.     နယ်မှဖြစ်၍ မြို့ပြအသုံးအဆောင်၊ အီလက်ထရောနစ်ပစ္စည်းများနှင့် မကျွမ်းဝင်၊ အသုံးမပြုတတ်ကြပါ။
3.     မြို့နေလူတန်းစားတို့၏ နေပုံထိုင်ပုံ၊ အပြုအမူ စသည်တို့နှင့် မရင်းနှီးပါ။
4.     နောက်ပြဿနာတစ်ခုက စင်ကာပူတွင် အိမ်အကူလုပ်သူများမှာ အသက်ကြီးသော လူကြီးမိဘများနှင့် တစ်နေကုန် နေရတတ်ပါသည်။ ထို အဖိုးကြီးအဖွားကြီးများမှာ အင်္ဂလိပ်လိုမတတ်သူ အများပင် ရှိ၏။ ထို့ကြောင့် ကိုယ်က အင်္ဂလိပ်လို ပြောတတ်သည့်တိုင် သူတို့ဘာသာစကားမပြောတတ်သည့်အခါ ပြဿနာ တက်တတ်ပါသည်။
5.     နောက်တစ်ခုက အသက်လိမ်လာတာ ဖြစ်၏။ စင်ကာပူတွင် အိမ်အကူလုပ်ရန် ယခင်က အသက်ကို (၂၁) နှစ် ဟု သတ်မှတ်ထားသည်။ ယခု (၂၃) နှစ်ဟု ပြင်လိုက်ပါသည်။ အသက်ကို (၂၃) နှစ်ဟု သတ်မှတ်ထားခြင်းမှာ ထိုအသက်အရွယ်၌ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဆင်ခြင်နိုင်သည်။ လူ့ဘ၀အကြောင်း တော်တော် တီးမိခေါက်မိရှိနေပြီ။ ထို့ပြင် ဘ၀၏ အထုအထောင်းဒဏ်များကို ခံနိုင်ရည်ရှိသောအရွယ်ဟု ဆိုလို့ရပါသည်။ သို့သော် စင်ကာပူသို့ အိမ်အကူအဖြစ်လာလုပ်သော မြန်မာမိန်းကလေးများမှာ အသက်ကိုလိမ်လာသည်။ တချို့ဆို ၁၈ နှစ်လောက်ပဲ ရှိသေးသည်။ ဒါ့ထက်တောင် ငယ်ချင်ငယ်ပါလိမ့်ဦးမည်။

ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကား အင်မတန် ထူးခြားဆန်းပြားလှသည့် တိုင်းပြည်ဖြစ်သည်။ သူများတိုင်းပြည်တွေမှာ မရှိတာ မြန်မာပြည်မှာ အကုန်တွေ့ရမည်။

မြန်မာမိန်းကလေးတွေ အခြားနိုင်ငံများသို့ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။ အိမ်အကူအဖြစ် ပြည်ပသို့ထွက်မည်ဆိုလျှင် မည်သူ့ကိုမှ ထွက်ခွင့်မပြု။ ဒါက စာရွက်ပေါ်မှာ ဖြစ်၏။

သို့သော် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှနေ၍ တစ်နေ့တစ်နေ့ ရာနှင့်ချီသောမိန်းကလေးများ အိမ်အကူလုပ်ရန် ပြည်ပသို့ ထွက်ခွာနေကြသည်။ ခုနင်က အမိန့်ထုတ်ထားသော အနှီအရာရှိကြီးများ မသိတော့ပြီလော။ သိသမှ သိသိ သိသိ နှင့် နေသေးသည်။ ၎င်းတို့သိကြောင်း အဘယ်ကြောင့် ကျွန်ုပ်က အပ်ချမတ်ချ စွပ်စွဲရပါသနည်း။

၎င်းတို့ဂိတ်ပေါက်မှ မထွက်လို့ ထို ဆယ်ဂဏန်းတော်တော်များများ မိန်းခလေးများမှာ အဘယ်နေရာကနေ ကျော်ခွ ထွက်လို့ ရပါမည်နည်း။ သို့ဆိုလျှင် မထွက်ရဟုအမိန့်ထုတ်ထားပါလျှက် အဘယ်ကြောင့် ထွက်ခွင့်ရနေပါသနည်း။ ကျွန်တော်မသိပါ။ (မသိပါဟုဆိုပြစေ။ ၆၆ဃ ဆိုတာကြီးကို ကြောက်လွန်လွန်းလို့။ ဘုရားစူးရပါစေရဲ့။ ကျုပ်တို့ရွာက လျှာ (၇) တောင်ထွက်တဲ့ သူရဲကြီးတောင် အဲသဟာကြီးလောက်မကြောက်ဘူး။)

အခြားနိုင်ငံများသို့ အိမ်အကူသွားလုပ်တာ ဘာမှ ရှက်စရာမဟုတ်ပါ။ သူများတကာတွေလည်း သွားလုပ်နေကြတာ ဖြစ်ပါသည်။ ဖိလစ်ပိုင်ဆိုလျှင် ထို အိမ်အကူမိန်းခလေးများထံမှ တစ်နှစ်တစ်နှစ် နိုင်ငံခြားငွေ မည်မျှဝင်သည်ဆိုတာကိုပင် တရားဝင် ထုတ်ပြန်ကြေငြာပါသေးသည်။ အဘယ်ကြောင့် ကြေငြာနိုင်ပါသနည်း။

သူတို့က နိုင်ငံခြားတိုင်းပြည်များသို့ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်တာကို တရားဝင်ခွင့်ပြုထားသည်။ ထိုသို့ သွားရောက်လုပ်ကိုင်မည့်သူများကို မသွားမီကတည်းက အင်္ဂလိပ်စာ၊ သန့်ရှင်းရေးလုပ်နည်း၊ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲနည်း၊ တစ်နည်းအားဖြင့် အိမ်အကူတစ်ယောက် တတ်သင့်တတ်ထိုက်၊ သိသင့်သိထိုက်သည်များကို သင်ကြား ပေးလိုက်သည်။ ထိုအခါ စင်ကာပူရောက်လာသည့်အခါ သိပ်ပြဿနာမရှိတော့။ ထို့ပြင် သူတို့က တရားဝင်လာသည့်အတွက် သူတို့အစိုးရကလည်း တရားဝင်အကာအကွယ်ပေးလို့ရသည်။ သံရုံးသို့ သတင်းပို့ထားနိုင်သည်။ တစ်နည်းအားဖြင့် သူတို့ကို အကာအကွယ်ပေးမည့်သူ နောက်ဘက်မှာ ခိုင်ခိုင်မာမာရှိသည်။ စင်ကာပူမှာ ဖိလစ်ပိုင်အိမ်အကူဘယ်လောက်ရှိတယ်ဆိုတာ အတိအကျပြောနိုင်ပါလိမ့်မည်။

သူတို့တောင်လုပ်နိုင်သေးရင် ကျွန်ုပ်တို့ရော အဘယ်ကြောင့် မလုပ်နိုင်ပါသနည်း။ ကျွန်တော် သည်ကိစ္စ မြန်မာအရာရှိကြီး တစ်ယောက်နှင့် ဆွေးနွေးဖူးပါသည်။

“အခုလို အိမ်အကူလုပ်ဘို့ ထွက်ခွင့်မပေးလဲ ထွက်နေကြတာပဲ။ ဒါဖြင့် အဲသလို တားနေမဲ့အစား အိမ်အကူအေးဂျင့်တွေကို လိုင်စင်ချပေး။ သူတို့လိုက်နာရမဲ့ စည်းကမ်းတွေထုတ်။ အိမ်အကူသွားမဲ့သူတွေကို ၆ လတန်သည်၊ တစ်နှစ်တန်သည် အင်္ဂလိပ်စာသင်ပေး၊ မြို့ပြအသုံးအဆောင်သုံးစွဲနည်း၊ သန့်ရှင်းရေးလုပ်နည်းတွေ သင်ပေးပြီး တရားဝင်ဖြစ်အောင် လုပ်ပေးလိုက်လို့ မဖြစ်ဘူးလားဗျာ။”

သို့သော် သူကလည်း ပြောပိုင်ခွင့် အကန့်အသတ်နှင့်ဆိုတော့ ကျွန်တော်မေးသည့်ကိစ္စကို ရှင်းရှင်းလင်းလင်း အဖြေမပေး နိုင်ပါ။ အင်း၊ အဲနှင့်သာ ပြီးသွားပါသည်။ အနို့ မင်းခယောက်ျား၊ ကမ်းနားသစ်ပင် ဆို မဟုတ်လား။

စင်ကာပူတိုးတက်ရသည့်အကြောင်းများထဲတွင် တစ်ခုမှာ “ကျုပ်တို့က လူအသွားများတဲ့နေရာကို လမ်းဖောက်ပေးတာပဲဗျ။ လူတွေဖြတ်သွားနေကြတဲ့ ခြေလမ်းတွေကို ကွန်ကရိခင်းပေးလိုက်တယ်။ အဲဒါ ကျုပ်တို့ပေါ်လစီဘဲ။” ဟု ဘဘလီက သူ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်တွင် ပြောခဲ့ပါသည်။ ကျွန်ုပ်တို့ ယခုထိတိုင် အတုမယူနိုင်သေး။ သေးမပေါက်ရ ဟု ဆိုင်းဘုတ်ကပ်ဘို့လောက်သာ သိသည်။ သေးပေါက်မည့်နေရာ ဖန်တီးမပေး။ (သေးပေါက်စရာနေရာ လုပ်ပေးမထားဘဲ သေးမပေါက်ရဆိုတော့ ကျုပ်တို့က သားရေကွင်းနဲ့ စုစည်းထားရမလားဗျာ။)

ယခုလို အိမ်ပေါ်မှ ခုန်ချသေသည့်သတင်းမျိုး ကျွန်ုပ်တို့အစိုးရ မကြားဘဲမနေ။ ကြားကိုကြားရမည်သာ ဖြစ်၏။ သည်လို ကိစ္စမျိုးဟူသည် ၀မ်းနည်းကြောင်း သ၀ဏ်လွှာလေး ၀တ်ကျေတန်းကျေထုတ်ပေးလိုက်ရုံနှင့် ပြီးသွားမည့်ကိစ္စမဟုတ်။ ဒီတစ်ယောက်ခုန်ချပြီး ဘယ်အချိန်နောက်တစ်ယောက် ထပ်ခုန်ချမည်မှန်း မည်သူမှ မသိနိုင်။

တစ်ယောက်ဆိုလည်း တစ်ယောက် တန်ဘိုးရှိသည်သာ ဖြစ်၏။ သူ့ဘာသာ မိတ်မကလို့ ဘာကြီးဖြစ်နေဖြစ်နေ။ အနည်းဆုံး တော့ သူ့မိသားစုအတွက် အလွန်အဖိုးတန်သူ တစ်ယောက်ဖြစ်ပေသည်။ သူသာ ငါ့သမီး၊ ငါ့တူမ၊ ငါ့နှမကလေးဆို ဘယ်လိုနေမတုံးဟု နည်းနည်းလောက် ခံစားကြည့်စမ်းပါ။ 

သည်တော့ သည်ကိစ္စကို သူ့ဘာသာ သတ်သေတဲ့ကိစ္စ ငါနဲ့ဘာဆိုင်လို့တုံးကွာ ဟု မသိနိုးနား မနေကြပါနှင့်။ ကိုယ့်နိုင်ငံသား တစ်ယောက်ဖြစ်သည့်အတွက် -

နောင်သည်လို စိတ်မကောင်းစရာ ကိစ္စမျိုးများ မဖြစ်ရလေအောင် အရေးတယူ ကိုင်တွယ်ဆောင်ရွက်ကြပါမည့်အကြောင်း တာဝန်ရှိသူ လူကြီးမင်းများအား အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း -

(လူကြီးများနှင့် ပေါက်ပေါက်ရောက်ရောက်ရှိသူများ ကျွန်ုပ်စာကို ပရင့်ထုတ်ပြီး သွားပေးလိုက်ကြပါကုန်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ ဇွန်၊ ၂၀၁၇။ ၁၂း၀၀ နာရီ

Ref. Link:


http://redwiretimes.com/singapore-in-brief/video-final-moments-before-myanmar-woman-jumps-from-height-at-the-interlace-condominium/

Monday, June 12, 2017

Risk Assessment အကြောင်း သိကောင်းစရာ

(၁) နိဒါန်း

Risk Assessment ကို လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်း မဟုတ်သူတို့အဖို့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည်။ သိရန်လည်း လိုချင်မှလိုပါမည်။ ဗဟုသုတ အလိုရှိသူမိတ်ဆွေတို့ ဖတ်လိုက ဖတ်တော်မူ။ ဘာမှန်းမသိ၍ ကျော်လိုကလည်း ကျော်သွားနိုင်ပါသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအလုပ် လုပ်ကိုင်နေသူ အပေါင်းတို့ သေချာဂဏနားလည်နိုင်ရန် ရည်သန်၍ ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။

Risk Assessment အဘယ်ကြောင့်ရေးရန်လိုသနည်းဆိုသော် အလုပ်မှန်သမျှ အနည်းနှင့်အများ အားလုံး အန္တရာယ် ရှိကြသည်ချည်း ဖြစ်၏။ ထို့ကြောင့် လုပ်ကိုင်ရာတွင် အန္တရာယ်မဖြစ်စေရေး တတ်နိုင်သမျှကာကွယ်ရန် Risk Assessment ကို ရေးပြီး လိုက်နာကျင့်သုံးရန် လိုသည်။

အမှန်တကယ်ဆိုရလျှင် သေသေချာချာ ရေးဆွဲထားသော Risk Assessment မှာ ကောင်းမွန်ပြည့်စုံသော လက်နက်ဖြစ်၏။ အသင်သည် Risk Assessment ကို သေချာစွာလေ့လာပြီး Risk Assessment ကပြဆိုထားသည့်အတိုင်း လိုက်လုပ်လျှင် လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကို သေချာစွာကာကွယ်ထားနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် Risk Assessment ဖတ်တတ်သူတစ်ယောက်အဖို့ ဘာကိုဘယ်လိုလုပ်ရမည်မှန်း ယောင်ဝါးဝါးဖြစ်မနေတော့ဘဲ ထိုစာရွက်ကိုဖတ်ကာ ထိုအထဲတွင်ပါသည့်အတိုင်း လိုက်လုပ်သွားရုံဖြစ်ပါသည်။

သို့သော် Risk Assessment သည် ထိုအလုပ်အတွက် တကယ်နားလည်တတ်ကျွမ်းသူက ရေးထားတာတော့ ဖြစ်ရပါမည်။ မဟုတ်လို့ ဟိုကကူး၊ ဒီကကူးပြီးယူထားတာဆိုလျှင်တော့ ဘာမှ တန်ဘိုးမရှိပါ။ သုံးလို့ရချင်မှလည်း ရပါလိမ့်မည်။

Risk Assessment ရေးတတ်ဘို့ကတော့ ဆရာကိုယ်တိုင် သေချာကျနစွာ သင်ပြပေးမှ ဖြစ်ပါလိမ့်မည်။ ယခု ကျွန်တော်က Risk Assessment တွင် မည်သည်တို့ပါသည်။ မည်ကဲ့သို့ အသုံးချရသည်။ မည်ကဲ့သို့ ပြင်ရသည်များကို အရှင်းဆုံး ပြောပြပါမည်။

(၂) Risk Assessment ရေးရန်ပြင်ဆင်ခြင်းနှင့် ကျင့်သုံးခြင်း

အလုပ်တစ်ခုတိုင်းအတွက် Risk Assessment တစ်ခုစီရှိရသည်။ Risk Assessment တစ်ခုကို အသေရေးထားပြီး နေရာတကာ ရေလဲနှင့်သုံးနေလို့မရ။ အခြေအနေအချိန်အခါကိုလိုက်၍ လိုသလို ပြုပြင်ပြောင်းလဲမှုများ လုပ်ရသည်။

ဥပမာ - ဆေးသုတ်တာ ဆိုပါစို့။ အစ်ကိုရေ၊ ကျွန်တော်တို့ဆိုဒ်ထဲမှာ ဆေးသုတ်စရာလေးရှိလို့ Risk Assessment လေးရှိရင် မ,စ စမ်းပါ ဆိုလာသည် ဆိုအံ့။ ကျွန်တော့်အနေနှင့် ပေးရန် ၀န်မလေးပါ။ သို့သော် မည်သည့်နေရာတွင် မည်သည့်ပုံစံနှင့် ဆေးသုတ်မည်နည်းဆိုတာ ရှိသေးသည်။

ဆေးသုတ်တာဆိုပေမင့် အိမ်ခန်းထဲမှာ ဆေးသုတ်သည်။ အပြင်ဘက်နံရံတွင် ဆေးသုတ်သည်။ အထပ် (၃၀) တိုက်နံရံများကို ဆေးသုတ်သည်။ ဆေးသုတ်ရာတွင် ငြမ်းကိုသုံးမည်။ Boom lift သုံးမည်။ Gondola သုံးမည်။ ရိုးရိုးလက်နှင့်ပဲသုတ်မည်။ စက်နှင့်မှုတ်ဆေးသုံးကာသုတ်မည်။ ဆေးက ရေခံဆေးလား၊ enamel ခံဆေးလား။ အမျိုးမျိုးရှိသည်။ အိမ်ခန်းထဲမှာ ဆေးသုတ်တာနှင့် အိမ်ပြင်နံရံကို ဆေးသုတ်တာ ဘယ်လိုနည်းနှင့်မှ မတူ။ အပြင်နံရံကို ဆေးသုတ်တာတောင် ၃ ထပ်တိုက်ကို သုတ်တာနှင့် အထပ် (၃၀) တိုက်ကိုသုတ်တာ အများကြီးကွာသည်။ ထို့ကြောင့် မိမိလုပ်မည့် လုပ်ငန်းအခြေအနေ၊ သဘာဝကို လိုက်၍ Risk Assessment ကို ရေးရသည်။

နောက်ပြီး Risk Assessment ရေးသူသည် မိမိ Risk Assessment ရေးမည့်လုပ်ငန်းအကြောင်း သေချာဂဏစွာသိထားသူ ဖြစ်ရမည်။ Safety knowledge တစ်ခုတည်းနှင့်မရ။ လုပ်ငန်းအစအဆုံး အဆင့်ဆင့် မည်ကဲ့သို့လုပ်ရသည်၊ မည်သည့် အန္တရာယ်များနှင့် ကြုံတွေ့ရတတ်သည်။ ထိုအန္တရာယ်များမဖြစ်အောင် မည်သည်တို့ ပံ့ပိုးပေးရမည် စသည်တို့ကို သိထားရမည်။

Risk Assessment ရေးရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ရေးလို့မရ။ အဖွဲ့နှင့် ရေးရသည်။ ထိုအဖွဲ့ထဲ၌ မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ အလုပ်သမားခေါင်းဆောင်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ စသူတို့ ပါနိုင်သည်။ လုပ်ငန်းအစမှအဆုံး မည်ကဲ့သို့ အဆင့်ဆင့်လုပ်သွားမည်၊ မည်သည့်စက်ကိရိယာများ သုံးရမည်။ မည်သည့် အန္တရာယ်များ ကျရောက်နိုင်သည်။ အန္တရာယ်အကြီးအသေး၊ ကာကွယ်ပုံနည်းစနစ် စသည်တို့ကို တိုင်ပင်ဆွေးနွေးကာ ရေးကြရသည်။

ထို့ကြောင့် လုပ်ငန်းတစ်ခုအတွက် Risk Assessment ရေးတော့မည်ဆိုလျှင် ထိုလုပ်ငန်းနှင့်ပတ်သက်သူ၊ တတ်ကျွမ်းနားလည် သူများပါဝင်သော Risk Assessment အဖွဲ့ကို ပထမဦးစွာ ဖွဲ့ရသည်။ ကျန်သည့်အဆင့်များက နောက်မှ ဖြစ်၏။ Risk Assessment ဆိုတာ လုပ်ငန်းမစမီ ရေးရတာ ဖြစ်ပါသည်။ သို့မှသာ လိုအပ်သည့် စက်ကိရိယာများ၊ အန္တရာယ်ကင်းရေး အသုံးအဆောင်များကို ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်သည်။ လုပ်ငန်းမစမီကတည်းက Risk Assessment အဆင်သင့် ဖြစ်နေရ သည်။

Risk Assessment ရေးပြီးသောအခါ မန်နေဂျာသို့တင်ပြ၍ အတည်ပြုချက်ရယူရသည်။ Risk Assessment အဖွဲ့ဝင်အားလုံး ရော အတည်ပြုပေးသည့် မန်နေဂျာပါ လက်မှတ်ထိုးရသည်။ ရက်စွဲတပ်ရသည်။ လုပ်ငန်းသဘောသဘာဝ ပြောင်းသွားလျှင် သော်လည်းကောင်း၊ မတော်တဆမှုတစ်ခုခု ဖြစ်သည့်အခါတွင်သော်လည်းကောင်း Risk Assessment မှ ပြုပြင်ရန် လိုသည် များ၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ရသည်။ အားနည်းချက်များရှိလျှင် ပြန်လည်ပြင်ဆင်၊ သို့မဟုတ် အခြား ပိုကောင်းသည့်နည်းလမ်းဖြင့် အစားထိုး စသည်တို့ လုပ်ရသည်။

နောက်ပြီး Risk Assessment ဆိုတာ ရေးပြီး ချောင်ထိုးထားဘို့မဟုတ်။ ထိုအတိုင်း လိုက်နာလုပ်ကိုင်နိုင်ရန် အလုပ်သမား များကို ရှင်းပြထားရသည်။ ရှင်းပြတယ်ဆိုတာ အလုပ်သမားများအား Risk Assessment စာရွက်ကြီးကို ဖတ်ပြခိုင်းတာ မဟုတ်။ သည် Risk Assessment ကို မိမိကိုယ်တိုင်က သေသေချာချာ နားလည်သဘောပေါက်အောင် လုပ်ကာ အလုပ်သမားများအား ၎င်းတို့နားလည်နိုင်သည့် စကားလုံးများဖြင့် ပြန်ရှင်းပြရပါမည်။

နောက်ပြီး တစ်ခါတည်းနှင့် Risk Assessment တစ်ခုလုံးရှင်းပြဘို့ လိုချင်မှလိုမည်။ လိုသလောက် အပိုင်းလိုက်ရှင်းပြနိုင်သည်။ အစအဆုံး အကုန်ပြောပြလျှင် သူတို့မှတ်မိနိုင်မှာမဟုတ်။ Tookbox Meeting ဟူသည် နေ့စဉ်နံနက် အလုပ်မစမီ ပြောရတာ ဖြစ်သည်။ ထို Tookbox Meeting တွင် Risk Assessment ကို သည်ကနေ့လုပ်မည့်အလုပ်နှင့် ပတ်သက်သက်လောက် ပြောပြရမည်။ သို့မှသာ အလုပ်သမားများအနေနှင့် ကျကျနန နားလည်နိုင်မည်။

(၃) Risk Assessment ရေးခြင်း

Risk Assessment ရေးရာတွင် ဦးဆုံးအဆင့်မှာ လုပ်ငန်းအဆင့်ဆင့်ကို ချရေးခြင်းဖြစ်ပါသည်။ ဥပမာ - ပိုက်ဆင်သည့် လုပ်ငန်းဆိုပါစို့။ ပိုက်ဆင်ရာတွင် အောက်ပါအဆင့်များ ပါဝင်သည်။

၁) ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ လိုအပ်သည့် ကိရိယာများ၊ စက်များ စသည်တို့ကို လုပ်ငန်းခွင်သို့ သယ်ဆောင်ခြင်း (mobilization)
၂) ပိုက်လိုင်းတိုများ (spools) ဆင်ခြင်း (fabrication)
၃) ပိုက်များကို ပိုက်စင်များ (pipe racks) ပေါ်တင်ခြင်း (laying on pipe racks)
၎) ပိုက်များနှင့် ပိုက်လိုင်းတိုများကို ပိုက်စင်ပေါ်တွင်ဆက်ခြင်း (installation)
၅) ပိုက်လိုင်းကို ရေထည့်စမ်းသပ်ခြင်း (hydro static test)
၆) ပိုက်လိုင်းကို ဆေးကြောခြင်း (flushing)
၇) ပိုက်လိုင်းကို သက်ဆိုင်ရာ ကိရိယာများ၊ ရှိပြီးသားပိုက်လိုင်းအဟောင်းများနှင့်ဆက်ခြင်း (box up)
၈) ပိုက်လိုင်းကို နောက်ဆုံးအဆင့် တကယ်အလုပ်လုပ်မည့်အခြေအနေတွင် စမ်းသပ်ခြင်း (commissioning)
၉) ပိုက်လိုင်းကို ပိုင်ရှင်ထံ လွှဲအပ်ခြင်း (Hand over)

Risk Assessment တွင် အပိုင်း သုံးပိုင်းပါ၏။ ၎င်းတို့မှာ -

(၁) ကျရောက်နိုင်မည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း (Hazard Identification)
(၂) အန္တရာယ် အဆင့်အတန်းကို ဆန်းစစ်ခြင်း (Risk Evaluation)
(၃) အန္တရာယ်ကို ထိန်းချုပ်ခြင်း (Risk Control) - တို့ ဖြစ်၏။

(၁) ကျရောက်နိုင်မည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း (Hazard Identification)

အထက်တွင်ဖော်ပြခဲ့သကဲ့သို့ လုပ်ငန်းအဆင့်ဆင့် ချရေးပြီးပြီဆိုလျှင် ထိုအဆင့်များတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန် ဖြစ်ပါသည်။

အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန် အောက်ပါနည်းများ သုံးနိုင်၏။

Ø  လုပ်ငန်းခွင်အတွင်း ကိုယ်တိုင်သွားရောက်စစ်ဆေးခြင်း
Ø  ထုတ်လုပ်သူ၏ စက်ပိုင်ရှင်လက်စွဲစာအုပ်များကို ဖတ်ရှုခြင်း
Ø  ပြီးခဲ့သော လုပ်ငန်းစစ်ဆေးချက်မှတ်တမ်းများကို လေ့လာခြင်း
Ø  ယခင်ကဖြစ်ခဲ့သည့် မတော်တဆမှုမှတ်တမ်းများ
Ø  အခြားသူများ၏ Risk Assessment များကို လေ့လာခြင်း
Ø  အလုပ်သမားခေါင်း၊ လုပ်ငန်းကြီးကြပ်ရေးမှူးများထံမှ အကြံဉာဏ်ရယူခြင်း

ထိုလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူဖြစ်လျှင် မည်သည့်အန္တရာယ်များ ကျရောက်နိုင်သည်။ ထို အန္တရာယ် မဖြစ်အောင် မည်ကဲ့သို့လုပ်ရမည် စသည့် အကြံကောင်းများ ထိုသူ့ထံ၌ ရှိနေနိုင်ပါသည်။ ၎င်းကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းခြင်းဖြင့် အဖိုးတန်အချက်အလက်များ ရနိုင်ပါသည်။

ဥပမာ - ပစ္စည်းများကို လုပ်ငန်းခွင်အတွင်းသို့ သယ်လာရာ၌ လူအားဖြင့် သယ်ရတာပါမည်။ လော်ရီကရိန်းဖြင့် သယ်ရတာပါမည်။ လူအားဖြင့် ပစ္စည်းများကို မ သည့်အခါ ခါးနာတတ်သည်။ ပစ္စည်းများခြေထောက်ပေါ် ပြုတ်ကျသဖြင့် ခြေထောက်နာတတ်သည်။ ချွန်ထက်သောပစ္စည်းများဖြင့် လက်ကို ထိုးမိတတ်၊ ရှတတ်သည်။ ပစ္စည်းများကို သေချာစွာမပုံ၍ ပြိုလဲတတ်သည်။ လော်ရီကရိန်းကို သေချာစွာ ရပ်မထားသဖြင့် လော်ရီကရိန်း လဲပြိုတတ်သည်။ ကရိန်းဖြင့် မ ရာမှ ကြိုးပြတ်ကျတတ်သည်။ ပစ္စည်းကို သယ်မ နေစဉ် ပစ္စည်းနှင့်လူ၊ ပစ္စည်း နှင့် အခြားအဆောက်အအုံစသည်တို့ မတော်တဆ ထိခိုက်မိတတ်သည်။

(၂) အန္တရာယ်ကို ဆန်းစစ်ခြင်း (Risk Evaluation)

အန္တရာယ်ကို ဆန်းစစ်ရာတွင် နှစ်ပိုင်းပါသည်။ ပထမတစ်ခုမှာ ထိုအန္တရာယ်သည် လုပ်ငန်းခွင်အတွင်း၌ မည်မျှကြာလျှင် တစ်ခါ ဖြစ်တတ်သနည်း (likelihood) ဆိုသည်နှင့် နောက်တစ်ခုမှာ ထိုအန္တရာယ်ကြောင့် မည်မျှပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင် သနည်း (severity) ဆိုတာဖြစ်၏။

မည်မျှကြာလျှင် တစ်ခါ ဖြစ်တတ်သနည်း (likelihood)

လုပ်ငန်းခွင်အတွင်း ဖြစ်တတ်သည့် မတော်တဆမှု၏ ဖြစ်နိုင်သည့် အကြိမ်နှုန်း ဖြစ်သည်။ နေ့တိုင်း ဖြစ်တတ်သည်။ တစ်လကြာ တစ်ခါဖြစ်တတ်သည်။ တစ်နှစ်တစ်ခါဖြစ်သည်။ ၅ နှစ်လောက်နေမှ တစ်ခါဖြစ်သည် စသဖြင့်ဖြစ်၏။

ဥပမာ - တာဝါကရိန်း (Tower crane) ဆိုပါစို့။ တာဝါကရိန်းလဲပြိုခြင်းဆိုသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အလွန်ကြားရခဲသော မတော်တဆမှု ဖြစ်၏။ ဆယ်နှစ်ကြာမှ သို့မဟုတ် အနှစ် (၂၀) လောက်ကြာမှ တစ်ခါ ဖြစ်တာမျိုး ဖြစ်သည်။ သို့တိုင် လုံးဝမဖြစ်နိုင်တာတော့မဟုတ်။ ဖြစ်တော့ ဖြစ်နိုင်သေးသည်။ သို့သော် ခလုတ်တိုက်လဲတာ။ ထုပ်တန်းနှင့်ခေါင်း ဆောင့်မိတာမျိုးကတော့ မကြာခဏ၊ နေ့တိုင်းလိုလို ဖြစ်နေတတ်တာမျိုး ဖြစ်သည်။

Likelihood ကို (၅) ဆင့်ခွဲနိုင်၏။

Rare                 - ဖြစ်တောင့်ဖြစ်ခဲ
Remote             - ဖြစ်တတ်သည်
Occasional         - ဖြစ်လေ့ရှိသည်
Frequent           - မကြာခဏ ဖြစ်တတ်သည်
Almost Certain   - အမြဲတမ်းလိုလို ဖြစ်လေ့ရှိသည်

မည်မျှပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင် သနည်း (severity)

လုပ်ငန်းခွင်အတွင်း ဖြစ်တတ်သည့် မတော်တဆမှု၏ ဒဏ်ရာပြင်းထန်မှု အတိမ်အနက်ကို ဆိုလိုသည်။ ဥပမာ - ခလုတ်တိုက် ၍ ခြေထောက်နာသွားသည် ဆိုပါစို့။ ဘာမှလုပ်စရာမလိုပဲ ပရုတ်ဆီလေးလိမ်းထားလိုက်ရုံဖြင့် ကောင်းသွားလိမ့်မည်။ သို့သော် ဘိလပ်မြေအိတ် မ လိုက်ရာ ခါးနာသွားလျှင်မူ ခါးနာတာ တော်တော်နှင့် မပျောက်တတ်။ နောင်အနှစ် (၂၀) လောက်ကြာ တောင် ပြန်ပေါ်လာတတ်သေးသည်။ သို့သော် သေလောက်သည့် ဒဏ်ရာမဟုတ်သေး။ တိုက်ပေါ် ဆေးတက်သုတ်နေတုံး ပြုတ်ကျပါမူ သေနိုင်လေသည်။ ထို့ကြောင့် Risk Assessment ရေးဆွဲသူသည် မည်သည့် မတော်တဆမှုမျိုးဖြစ်နိုင်သည်။ မည်မျှ ဒဏ်ရာရသည်၊ ဒဏ်ရာအကြီးသေး စသည်တို့ကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုလေသည်။

Severity ကို လည်း (၅) ဆင့်ခွဲနိုင်၏။

Negligible          - မပြောပလောက်ပါ။
Minor                - ဒဏ်ရာသေးသည်။
Moderate           - ဒဏ်ရာပြင်းသည်။
Major                - ဒဏ်ရာ အတော်ပြင်းသည်။
Catastrophic      - သေနိုင်သည်။

မတော်တဆဖြစ်နှုန်း (likelihood) ဆိုသည်နှင့် ဒဏ်ရာပြင်းထန်မှုအဆင့် (severity) ကို ရပြီဆိုလျှင် အန္တရာယ်အဆင့်ကို ရပါပြီ။ အန္တရာယ်အဆင့်တွက်ရာတွင် Risk Matrix ကို သုံးသည်။ Risk Matrix ၌ ၃ တန်း၊ ၃ တိုင်ဇယား (3 x 3 Risk Matrix) နှင့် ၅ တန်း၊ ၅ တိုင်ဇယား (5 x 5 Risk Matrix) ဟု ရှိရာ ယခု 5 x 5 Risk Matrix ကို ရှင်းပြပါမည်။

5 x 5 Risk Matrix ဟူသည် likelihood နှင့် severity ကို ဇယားကွက်၌ အလျားလိုက်/ဒေါင်လိုက် အတန်းများတွင် ချပြီး ဆုံရာအကွက်ရှိ ကိန်းများကို မြှောက်ထားခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါ ပုံတွင် ကြည့်ပါ။

ဤတွင် likelihood ၌ Rare ကို 1, Remote ကို 2 စသဖြင့် အစဉ်လိုက် Almost Certain - 5 ထိ နံပါတ်များပေးထားကို တွေ့ပါလိမ့်မည်။ Severity ၌လည်း Negligible ကို 1, Minor ကို 2 စသဖြင့် Catastrophic - 5 ထိ နံပါတ်များ ပေးထား၏။

(ပုံတွင်ကြည့်ပါ)



 


                 Likelihood    Severity
Rare                                                 ( 1)
Remote                                               (2)
Occasional                                                           (3)
Frequent                                                     ( 4 )
Almost Certain                                        ( 5)
Catastrophic (5)
5
10
15
20
25
Major ( 4)
4
8
12
16
20
Moderate ( 3)
3
6
9
12
15
Minor ( 2)
2
4
6
8
10
Negligible(1)
1
2
3
4
5


ဇယားဖတ်ပုံမှာ likelihood အတိုင်မှ Rare (1) နှင့် Severity အတန်းမှ Negligible (1) တို့ဆုံသည့်နေရာတွင် ၁ နှင့် ၁ မြှောက်ပါက (၁) ပင်ရသည်။ ဆိုလိုသည်မှာ မတော်တဆမှုတစ်ခုသည် ဆယ်နှစ်လောက်ကြာမှ တစ်ခါ ဖြစ်သည်။ ဖြစ်ပြန်လျှင် လည်း ဘာမှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရဘဲ ဆေးလိမ်း၊ ဆေးသောက်ရုံမျှလောက်နှင့်ပျောက်မည် - ဆိုလျှင် ထို အန္တရာယ်မျိုးကို မဖြစ်လောက်သော အန္တရာယ် (အန္တရာယ်အသေး) ဟု သတ်မှတ်သည်။ ထို့ကြောင့် အစိမ်းရောင်နှင့် ပြထားသည်။

likelihood အတိုင်မှ Almost Certain (5) နှင့် Severity အတန်းမှ Catastrophic (5) တို့ဆုံသည့်နေရာတွင် ၅ နှင့် ၅ မြှောက်ပါက (၂၅) ရသည်။ ဆိုလိုသည်မှာ မတော်တဆမှုတစ်ခုသည် မကြာခဏလည်း ဖြစ်နေသည်။ ဖြစ်ပြန်လျှင်လည်း သေလောင်းပျောက်ဝ ဖြစ်တတ်သည် - ဆိုလျှင် ထို အန္တရာယ်မျိုးကို အလွန်ကြီးကျယ်သည့်အန္တရာယ် (အန္တရာယ်ကြီး) ဟု သတ်မှတ်သည်။ ထို့ကြောင့် အနီရောင်နှင့် ပြထားသည်။

ဤတွင် အန္တရာယ်အဆင့်အတန်းကိုလိုက်၍ အစိမ်း၊ အ၀ါ၊ အနီ တို့ဖြင့် ပြထားတာ တွေ့ပါလိမ့်မည်။
အစိမ်းရောင်သည် အန္တရာယ် အသေးစား ဖြစ်၏။ (Low Risk)
အ၀ါရောင်သည် အန္တရာယ် အလတ်စား ဖြစ်၏။ (Medium Risk)
အနီရောင်သည် အန္တရာယ် အကြီးစား ဖြစ်၏။ (High Risk)

အန္တရာယ်သည် အစိမ်းရောင်နယ်ထဲကျနေပါက ရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများဖြင့် လုံလောက်သည်။ ဘာမှ အထွေအထူးထပ်လုပ်စရာမလို။
အန္တရာယ်သည် အ၀ါရောင်နယ်ထဲကျနေပြီး ဆိုပါက ရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများဖြင့် မလုံလောက်တော့ဘဲ နောက်ထပ် ထိန်းချုပ်ရေးနည်းလမ်းများ ထပ်မံ ပံ့ပိုးပေးရမည်။ (Additionl Control measures)
အန္တရာယ်သည် အနီရောင်နယ်ထဲကျနေပြီ ဆိုပါကမူ အလွန်အန္တရာယ်များသော အလုပ်ဖြစ်၍ လုပ်ခွင့်မပြု။ တတ်နိုင်သမျှ သော အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများသုံးပြီး အ၀ါရောင်နယ်ထဲရောက်လာသည်ထိ လုပ်ယူရမည်။ အ၀ါရောင်နယ်ထဲ ရောက်လာသည့်အခါကျမှ လိုအပ်သော အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများသုံးကာ လုပ်ခွင့်ပြုသည်။

ဇယားကွက်ထဲရှိ ၁ မှ ၂၅ ထိ နံပါတ်များကို အန္တရာယ်အဆင့်နံပါတ်များ RPN (Risk Prioritization Number) ဟု ခေါ်၏။

(၃) အန္တရာယ်ကို ထိန်းချုပ်ခြင်း (Risk Control)



အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ စနစ်များတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ရန် ဖြစ်ပါသည်။

ဥပမာ - အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် ထိန်းချုပ်ရေးနည်းလမ်းများ ဆိုပါစို့။ စင်ကာပူတွင် WSH (Work At Height) Regulations, Code of Practice for Working Safely at Height, Guidelines for Safe Use of Ladders စသည်တို့ ရှိပါသည်။ ထိုအထဲတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ရမည် ဖြစ်\။ မိမိဘာသာ အခြား international good practice များကို ယူငင်၍လည်း သုံးနိုင်ပါသည်။ သို့သော် အခိုင်အမာရှိပြီးသား ဥပဒေ၊ နည်းဥပဒေများကိုမူ မိမိသဘောနှင့်မိမိ ပြုပြင်ပြောင်းလဲ သုံးစွဲခြင်းမျိုး လုပ်ခွင့်မရှိပါ။

အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများမှာ လုပ်ငန်းတစ်ခုချင်းစီအလိုက် အလွန်များပြားလှသည့်ဖြစ်ရာ ဤနေရာတွင် အကုန်အစင် ထည့်ရေးပြဘို့ရာ မဖြစ်နိုင်ပါ။ နမူနာအနေနှင့် အမြင့်တွင် အလုပ်လုပ်ခြင်းကို အနည်းငယ်မျှ ဖော်ပြလိုက်ပါသည်။


ယေဘူယျအားဖြင့် အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်း အဆင့် (၅) ဆင့်ရှိ၏။ ၎င်းကို မည်သည့်အလုပ်အတွက်မဆို အသုံးချ၍ ရသည်။ ထို (၅) ဆင့်မှာ အောက်ပါအတိုင်း ဖြစ်၏။ (ပုံတွင်ကြည့်ပါ။)

ပထမဆုံးအနေနှင့် ဖျောက်ပစ်ခြင်း (Elimination) ဖြစ်၏။ အန္တရာယ်လုံးဝမရှိအောင် ဖျောက်ပစ်ခြင်းဖြစ်၏။ ဥပမာ - နံရံကို ဆေးသုတ်ရမည်ဆိုပါစို့။ လှေခါးဖြင့်တက်သုတ်လျှင် လှေခါးပေါ်မှ လိမ့်ကျမည့်အန္တရာယ်ရှိသည်။ ဆေးသုတ်သည့်လက်ကိုင် ကို ၀ါးလုံးဖြင့်ဆက်၍ ရှည်အောင်လုပ်ပြီး မြေကြီးပေါ်မှသုတ်လျှင် လိမ့်ကျစရာမရှိတော့။

ဒုတိယတစ်ဆင့် အစားထိုးခြင်း (Substitution) - လုံးဝဖျောက်ပစ်ဖို့မလွယ်လျှင် ဒုတိယအဆင့်အနေနှင့် အစားထိုးရန် စဉ်းစားရပါမည်။ အန္တရာယ်များသည့် ပစ္စည်းကို ပိုပြီး အန္တရာယ်နည်းသည့် ပစ္စည်းနှင့် အစားထိုးမည်။ ဥပမာ - နံရံအမြင့်ကို ဆေးသုတ်ရာတွင် လှေခါးအရှည်ကြီးထောင်ပြီး တက်သုတ်မည့်အစား ငြမ်းဆင်ပြီးသုတ်ပါက ပိုအန္တရာယ်ကင်းသည်။

တတိယတစ်ဆင့်အနေနှင့် အင်ဂျင်နီယာနည်းနှင့် ထိန်းချုပ်ခြင်း (Engineering Control) ဖြစ်ပါသည်။ ဤနည်းတွင် အပေါက်များကို ဖုံးထားခြင်း၊ အစွန်းများကို ကာရံထားခြင်း (barricade) စသည်တို့ပါပါသည်။
နောက်တစ်ဆင့်ကား အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်း (Administrative Control) ဖြစ်သည်။ ဤနည်းတွင် အလုပ်သမားများ အသိပညာတိုးစေရန် သင်တန်းများပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေခြင်း၊ အလုပ်ကို လုပ်ခွင့်ပြုမိန့် ဖြင့်သာ လုပ်စေခြင်း စသည်တို့ ပါဝင်ပါသည်။ အလုပ်လုပ်ခွင့်ပြုမိန့်စာရွက်ထဲတွင် ဤအလုပ်လုပ်ပါက မည်သည်တို့ ပံ့ပိုးပေးရ မည်၊ မည်သည်တို့ လုပ်ကိုင်ထားရမည် စသဖြင့် အပြည့်အစုံညွှန်ကြားထားသည်။ ဆိုလိုသည်မှာ ထိုအရာများ အပြည့်အစုံ တပ်ဆင်ထားမှ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုသည့်သဘော ဖြစ်သည်။

PPE (Personal Protective Equipment) မှာ နောက်ဆုံးကာကွယ်ရေးလက်နက်ဖြစ်သည်။ ထိုအပိုင်းတွင် အန္တရာယ်ကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်များ (မျက်မှန်၊ ဦးထုပ်အမာ၊ နားကြပ်၊ နှာခေါင်း အကာ၊ လက်အိတ်၊ ကိုယ်သိုင်းကြိုး စသည်တို့) ပါသည်။ အထက်ပါ အဆင့် (၄) ဆင့်ကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး PPE ကို နောက်ဆုံးကာကွယ်ရေးအဆင့်အဖြစ်သာ သုံးရသည်။ ဥပမာ လိမ့်ကျစရာမရှိလျှင် ကိုယ်သိုင်းကြိုးဝတ်စရာမလို။ ထို့ကြောင့် လိမ့်မကျစေရန် အကာအရံအတားအဆီးများ ပံ့ပိုးပေးရမှာက ပထမဖြစ်ပြီး ကိုယ်သိုင်းကြိုးဝတ်ရမှာက နောက်ဆုံး ဖြစ်သည်။

(၄) နိဂုံး

ဤသည်မှာ Risk Assessment အကြောင်း အကျဉ်းမျှ ရေးပြခြင်းဖြစ်ပါသည်။ စင်ကာပူ၌ BCSS သင်တန်းတက်ဖူးသူတို့ အနည်းအကျဉ်း သင်ယူလေ့လာဖူးပါလိမ့်မည်။ သို့သော် အချိန်တိုအတွင်း လုသင်ရတာဖြစ်၍ သေသေချာချာ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ အခြေခံမရှိသူများ နားလည်ရန် အတော်ခဲယဉ်းပါလိမ့်မည်။ Risk Management ဆိုတာ တစ်ရက် သင်တန်းဖြစ်ပါသည်။ ဈေးကလည်း မနည်းလှပါ။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနယ်ပယ်တွင် ၀င်ရောက်လုပ်ကိုင်နေသူများနှင့် ဗဟုသုတလိုသူများအတွက် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ မရှင်းလင်းသည်များရှိပါက aye475@gmail.com သို့ စာရေးသား ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အလျဉ်းသင့်လျှင် ရန်ကုန်၌ သင်တန်းဖွင့် သင်ကြားပေးပါဦးမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၁ ဇွန်လ၊ ၂၀၁၇။ ၀၀း၄၁ နာရီ

Friday, June 9, 2017

ရတနာသိုက် နှင့် မောင်ရင်မောင် မမယ်မ

(၁) အလွန်ကြီးမားလှသော ဆုံးရှုံးမှု

အမှန်တကယ်သာ သေသေချာချာ ကျကျနန လေ့လာလိုက်စား၊ သင်ယူကြပါမည်ဆိုလျှင် အဝေးသင်တက္ကသိုလ် တက်ပြီး တော့လည်း ပညာတတ်၊ စာတတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပါသည်။ မိမိကိုယ်နှိုက်ကမှ စိတ်မ၀င်စား၊ တန်ဘိုးထားပြီး မလေ့လာပါဘဲလျက် မည်ကဲ့သို့ ပညာတတ်ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါမည်နည်း။

ယခု မြန်မာနိုင်ငံတွင် တက္ကသိုလ်သို့လာမတက်ဘဲ အဝေးသင်တက္ကသိုလ်တက်နေသော ကျောင်းသား၊ ကျောင်းသူ သောင်းဂဏန်းတော်တော်များများ ရှိပါလိမ့်မည်။ ထို အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရလာသူများကို မည်သူအထင်ကြီးပါသနည်း။ အဝေးသင်ဆိုသည်နှင့် အထင်သေးသော မျက်လုံးများနှင့် ကြည့်တာ ခံရပါလိမ့်မည်။ ဤသည်မှာ ဘယ်သူ့အပြစ်မှမဟုတ်။ ဘယ်သူမပြု မိမိမှုသာ ဖြစ်၏။ သူတို့အထင်ကြီးရအောင် မိမိကိုယ်နှိုက်ကရော ဘယ်လောက်များတတ်ပါသနည်း။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစမ်းပါ။ ငါ ဘာတွေတတ်သလဲ။ ငါ ဘယ်လောက်သိသလဲ။ ငါရထားတဲ့ ဘွဲ့လက်မှတ်ဟာ တူတူတန်တန် ရထားတာလား။ ဒီလက်မှတ်နဲ့ညီမျှတဲ့အရည်အသွေး ငါ့မှာရှိရဲ့လား။

အဝေးသင်တက္ကသိုလ် ကျောင်းသားများစွာရှိသည့်အနက် ပို့ချစာစဉ်များကို သေချာစွာဖတ်ကြည့်သူ၊ ပို့ချထားသော ဗီဒီယိုကို ကြည့်သူ၊ နားထောင်သူ၊ လေ့လာမှတ်သားသူ ဘယ်နှစ်ယောက်များ ရှိပါသနည်း။ ကျွန်တော် သိလိုလှပါဘိ။ များသောအားဖြင့်တော့ ပို့ချစာစဉ် စာအုပ်ထုပ်ကို ကြိုးပင်မဖြည်ပဲ သည်အတိုင်း ချောင်ထဲထိုးထားလိုက်ကြပြီး တပွဲတိုး ကျက်ဖြေကြတာ များပါသည်။ စာမေးပွဲအောင်ရုံမှ တစ်ပွဲတိုးကျက်ဖြေတာဖြစ်သည့်အတွက် သည်စာများကို မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။ ဝေးစွ။

ဤသည်မှာ ပညာရေးစနစ်နှင့်မဆိုင်၊ ကျောင်းသားတစ်ဦးချင်းစီ၏ ခံယူချက်နှင့်ဆိုင်ပါသည်။ ထို့ပြင်တ၀ ၎င်းတို့ပတ်ဝန်းကျင် က ဤကဲ့သို့ ပညာကိုတန်ဘိုးမထားသူများချည်း ဖြစ်သဖြင့်လည်း အတုမြင် အတတ်သင်ကာ ၎င်းတို့မှာ ဒီပုတ်ထဲက ဒီပဲ ဖြစ်သွားရခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် လူကြီးမိဘများကိုယ်နှိုက်က ပညာကိုတန်ဘိုးထားလျှက် မိမိ၏ သားသမီး တူ၊ တူမများကို ပညာတတ်အောင် သင်ယူလေ့လာကြဘို့ ဆုံးမသြ၀ါဒများ ပေးဘို့လိုပါသည်။ 

ပြဌာန်းစာအုပ်ထဲ ဘာတွေပါလို့ ပါမှန်းမသိ။ ဘာတွေသင်လို့ သင်မှန်းမသိဘဲ ဘွဲ့တစ်ခုရရုံမျှလောက် ကျက်ဖြေနေကြခြင်းမှာ မိမိအတွက်လည်း နစ်နာသည်။ တိုင်းပြည်အတွက်လည်း နစ်နာသည်။ မည်သူ့အတွက်မျှ အကျိုးမရှိ။

ဤကဲ့သို့ဖြစ်နေသည်မှာ မြန်မာတစ်နိုင်ငံလုံးဖြစ်သဖြင့် အလွန်ကြီးမားလှသော ဆုံးရှုံးမှုကြီးပင် ဖြစ်ပါသည်။ ဤသည်ကို အချိန်မီ အဖတ်မဆယ်နိုင်ကြလျှင် မြန်မာနိုင်ငံသည် ယခုအတိုင်းဆက်ပြီး ရေစုန်မျောနေဦးမှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်တော့၏။

(၂) ပြဌာန်းစာအုပ်များ

အဝေးသင်တက္ကသိုလ်၊ မြန်မာစာ ပထမနှစ်တွင် (၆) ဘာသာရှိသည့်အနက် ဘာသာပြန်ခြင်းတစ်ခုကိုပဲ စိတ်ဝင်စားလျှင်ပင် တော်တော် အလုပ်ဖြစ်ပါသည်။ ဘာသာပြန်ပို့ချချက်များ၌ ဖတ်စရာ၊ မှတ်စရာ၊ လေ့လာစရာ၊ ဗဟုသုတယူစရာတွေ တပုံတပင် ပါသည်။ (ကိုနေမျိုးမောင်ကို ဘာသာပြန်ရာမှာ အရေးကြီးတဲ့ အချက်သုံးချက်ရှိသဗျ လို့ ပြောမိတာနဲ့ သူကလည်း အဲဒါတွေ ဖတ်ချင်လှချည်ရဲ့ဆိုလို့ ကိုင်း၊ ကိုယ့်လူ။ ဖတ်ချင်သပဆို ကျွန်တော့်မှာ ပို့ချချက်စာအုပ် အစုံလိုက် တစ်စုံ အပိုရှိတယ်။ အဲဒါတွေအကုန်သာ ယူသွားတော့ဟု ပေးလိုက်ပါသည်။) ယခု ဒုတိယနှစ်တွင်လည်း ဘာသာပြန်၊ ဘာသာစကား ဆိုပြီး တစ်ဘာသာပါသည်။

ဆရာကြီးဆရာမကြီးများ စီစဉ်ထားတာဖြစ်သည့်အတွက် ဘာသာရပ်များမှာ တော်တော်စုံလင်ပါသည်။ တကယ်ကျကျနန လေ့လာပါက (ပရော်ဖက်ရှင်နယ်မဟုတ်တောင်) မြန်မာစာပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ ဒုတိယနှစ် ပြဌာန်းစာများကို မိတ်ဆွေတို့နည်းနည်း မြည်းစမ်းကြည့်ရအောင် အကျဉ်းမျှ ဖော်ပြပေးပါအံ့။

မ ၂၁၀၁ - ရွှေပြည်စိုးဝတ္တုနှင့် ရာမလေးတင်ခန်းစသော အခြားစကားပြေ ၁၅ ပုဒ်
မ ၂၁၀၂ - ဥမ္မာဒန္တီပျို့
မ ၂၁၀၃ - ဘာသာဆောင်းပါး၊ စကားပြေအရေးအသား - တစ်ခုလျှင် ၁၀ ပုဒ်စီ
မ ၂၁၀၄ - မဟော်ပြဇာတ်နှင့် ဟေဇယ်ရှက်တယ်မာမီရယ် အပါအ၀င် ခေတ်သစ်ပြဇာတ် ၅ ပုဒ်
မ ၂၁၀၅ - ရွေးချယ်ချက်နှင့်ပို့ချချက်တွင် အာသံနိုင်မော်ကွန်းတစ်ခုသာပါသည်။ ဗဟုသုတဖတ်စာ မပါ။
              လေ့လာမှုလမ်းညွှန်တွင် ဗဟုသုတဖတ်စာ - ပုဂံကျောက်စာ စကားပြေ အရေးအသား၊ 
              ပင်းယခေတ်မြန်မာစာပေသမိုင်း၊ အင်းဝခေတ်မြန်မာစာပေသမိုင်း၊ တောင်ငူခေတ်မြန်မာစာပေသမိုင်း၊
              ညောင်ရမ်းခေတ်မြန်မာစာပေ စသည်တို့ပါသည်။
မ ၂၁၀၆ - ဘာသာစကား - ဝေါဟာရတ္ထပကာသနီ။ ဘာသာပြန် - ဆောင်းပါး ၆ ပုဒ်
Phil 2003 - ရသပညာ ၁ - 8 Units (အင်္ဂလိပ်လိုချည်းဖြစ်၏။)
Phil 2008 - ရသပညာ ၂ - 6 Units (အင်္ဂလိပ်လို ၂ ပုဒ်၊ မြန်မာလို ၄ ပုဒ်)
OS 2003 - ၀ိနယမဟာဝဂ္ဂ မှ ၅ ပုဒ်။ ဒီဃနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ္တမှ ၅ ပုဒ်
OS 2008 - ထေရဂါထာ ၆ ပုဒ်၊ ထေရီဂါထာ ၆ ပုဒ်

ဆိုတော့ အကယ်၍သာ ၎င်းပြဌာန်းစာများကို ကျကျနန ဖတ်ရှုလေ့လာမည်။ ရည်ညွှန်းစာအုပ်များကိုလည်း ဖတ်ရှုမည် ဆိုပါက ၄ နှစ်သင်ပြီးသည့်အခါ မြန်မာစာကို တော်တော် တီးမိခေါက်မိရှိသည့်အခြေအနေတွင် ရှိပါသည်။ ယခု ကျွန်တော် ပြဌာန်းစာအုပ်များကို ဖတ်နေတာ Phil 2003, 2008 နှင့် OS 2003, 2008 အားလုံးပြီးသွားပြီ။ အခု မ ၂၁၀၁ ကို ဆက်ဖတ် နေသည်။ ရည်ညွှန်းစာအုပ်နှစ်အုပ်ဖြစ်သည့် ရတနာသိုက်နှင့် မောင်ရင်မောင်၊ မမယ်မ ၀တ္တုနှစ်အုပ်ကို ဖတ်ပြီးသွားပြီ။ အလုပ်ကတစ်ဖက်၊ တခြားဗာဟီရတွေနှင့်ဆိုတော့ စာဖတ်ရတာ သိပ်ခရီးမတွင်လှ။

(ပါမောက္ခဆရာမကြီး၊ ကျွန်တော့်ကို ဂုဏ်ထူး (၃) ဘာသာလောက် ပေးသင့်သဗျ။ သူတို့မြန်မာစာကို ပရိုမုတ်လုပ်ပေးလို့။ အဟိ)

(၃) ရတနာသိုက်နှင့် မောင်ရင်မောင် မမယ်မ

ရသစာပေအကြောင်းပြောတော့ ဟိုးခေတ်က စာပေများကို ရည်ညွှန်းသည်။ သူတို့တင်ပြပုံ၊ အရေးအသား စသည်။

သည်ဝတ္ထုနှစ်ပုဒ်အနက် ရတနာသိုက်ကို ခပ်ငယ်ငယ်ကတည်းက ဖတ်ဖူးသလို ကြိုက်လည်း အလွန်ကြိုက်ခဲ့၏။ မောင်ရင်မောင် မမယ်မကိုမူ တစ်ပိုင်းတစ်စသာ ဖတ်ဖူးခဲ့သည်။ ယခုမှ တစ်အုပ်လုံးဖတ်ဖြစ်တာ ဖြစ်၏။ ရတနာသိုက်မှာ ပြင်သစ်စာရေးဆရာကြီး Alexandre Dumas ၏ The Count of Monte Cristo ကို ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန် ထားတာဖြစ်သည်။ ဆရာကြီးက ဘာသာပြန်တော်သလို စာရေးလည်းကောင်းသဖြင့် ဖတ်ရတာ အလွန်ညက်လှသည်။

မောင်ရင်မောင် မမယ်မ မှာ မြန်မာကာလပေါ်ဝတ္ထုများအနက် ပထမဆုံး ၀တ္ထုဖြစ်သည်။ စာရေးဆရာမှာ ဂျိမ်းစ်လှကျော် ဖြစ်ပြီး ၁၉၀၄ ခုနှစ်က ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ မောင်ရင်မောင် မမယ်မ ရေးရာတွင် The Count of Monte Cristo ဇာတ်လမ်းကို ကျောရိုးယူထားပြီး မိမိစိတ်ကူးနှင့် ပြန်ရေးထားတာဖြစ်၏။ ဇာတ်လမ်းကျောရိုးဆိုရာတွင်ပင် အနည်းငယ်မျှသာ ယူထားတာတွေ့ရပါသည်။

ခြားနားချက်မှာ The Count of Monte Cristo က ဇာတ်အိမ်ကျယ်သည်။ သရုပ်ဆောင်တွေများသည်။ အလှည့်အပြောင်း၊ အသိုင်းအ၀ိုင်းတွေများပြီး ပိုမိုရှုပ်ထွေးသည်။ မြှုပ်ကွက်တွေများသည်။ စာဖတ်သူကို အစမှအဆုံးတိုင် လက်မှမချနိုင်အောင် ဆွဲခေါ်သွားနိုင်သည်။

မောင်ရင်မောင် မမယ်မ ကတော့ ဇာတ်လမ်းအတော်လေး ရိုးစင်းသည်။ ဇာတ်ဆောင်နည်းသည်။ မြှုပ်ကွက်ရယ်လို့ မရှိသလောက်ရှားသည်။ ဇာတ်အတက်အကျ သိပ်မရှိ။

The Count of Monte Cristo တွင် မွန်တီခရစ္စတိုမြို့စားကြီးက မိမိအား ဒုက္ခပေးခဲ့သူများကို ပြန်လည်လက်စားချေရာတွင် အလွန် အကွက်ကျလှသည်။ တကယ့်ကို ပြတ်ပြတ်သားသား လုပ်ပစ်လိုက်တာဖြစ်သည်။ သို့သော် မောင်ရင်မောင်ကတော့ သူ့ကို ဒုက္ခပေးခဲ့သည့် မောင်မြတ်သာကို လက်စားပင် မချေလိုက်ရ။ မောင်မြတ်သာမှာ ကာလ၀မ်းရောဂါနှင့်ဆုံးပါးသွားသည်။ ဆိုတော့ စာဖတ်သူကို သိပ် ဆွဲဆောင်မှုမရှိလှဟု ဆိုရမည်။

မြန်မာ့ပထမဆုံး ကာလပေါ်ဝတ္ထုဖြစ်သည့်တိုင် ဂျိမ်းစ်လှကျော်၏ အရေးအသားမှာ ရှင်းသည်။ တိုက်ရိုက်ကျသည်။ ခေတ်ဟောင်းစကားပြေပုံစံကနေ သိသိသာသာ ခွဲထွက်လာသည်။ သို့သော် ပတ်ဝန်းကျင်အခြေအနေနှင့်ပတ်သက်၍ ဖွဲ့နွဲ့မှု မတွေ့ရ။ ခေတ်နောက်ခံအခြေအနေကိုလည်း စိုးစဉ်းမျှသာ ပြောထားသည်။

မောင်ရင်မောင် မမယ်မ ထွက်ပြီး များမကြာမီ မြန်မာကာလပေါ်ဝတ္ထုများ အလျှိုလျှိုပေါ်လာသည်။ ထွက်စ၀တ္ထုများတွင် ခေတ်ဟောင်းက အရေးအသားပုံစံများ ရှိနေသေးသည်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ခေတ်ဆန်းစာပေခေတ်ကျမှ စနစ်သစ်စာပေသို့ လုံးလုံး ကူးပြောင်းသွားတာဖြစ်၏။

ထိုခေတ်က စာများအနက် ကျွန်တော်အနှစ်သက်ဆုံး အရေးအသားများကို ပြပါဆိုလျှင် သခင်ဘသောင်းနှင့် မောင်ထင်တို့၏ အရေးအသားများကို ပြရပါလိမ့်မည်။

နမူနာအားဖြင့် သခင်ဘသောင်း၏ ပန်းသာ မစာအု အဖွင့်တွင် ဟောသလို ရေးထားပါသည်။

“ပေပင်ကုန်းရွာ တောင်တံခါးအနီးတွင် ပင်လုံး ပုဆိုးနှစ်ပတ်လောက် တုတ်၍ မော်ကြည့်သူတို့ ခေါင်းပေါင်းကျွတ်ခမန်း မြင့်မား ခံ့ညားသော လက်ပံပင်ကြီးသည် မိမိ၏ နီမြန်းသော အပွင့်တို့ဖြင့် သက်ရှိယာဉ်ပျံတစ်မျိုးဖြစ်သော ဆက်ရက်အဖိုးအို၊  ဆက်ရက်အမယ်အို၊ ဆက်ရက်အိမ်ထောင်ရှိ၊ ဆက်ရက်အိမ်ထောင်မဲ့၊ ဆက်ရက်တစ်ခုလပ်၊ ဆက်ရက်တစ်မယားကွာ၊ ဆက်ရက်အပျို၊ ဆက်ရက်လူပျို၊ ဆက်ရက်ကျောင်းသား၊ ဆက်ရက်ကျောင်းသူ စသော  ဆက်ရက်ပေါင်းများစွာတို့အား ဂုဏ်ရှိဂုဏ်မဲ့မကျန်ဖိတ်ကြား၍ ဧည့်ခံပွဲကြီး ကျင်းပလျက်ရှိလေသည်။”

ပေါ်စ၀တ္တုများတွင် ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအ၀ိုင်း၊ နောက်ခံများကို သိပ်ဖွဲ့နွဲ့လေ့မရှိကြသော်လည်း နောက်ပိုင်း ၀တ္ထုများတွင် ဖွဲ့နွဲ့လာကြောင်း ပန်းသာမစာအုက ဖော်ပြနေပါသည်။

ဤသည်တို့မှာ အဝေးသင်တက္ကသိုလ်၊ မြန်မာစာအထူးပြုတက်ခြင်းဖြင့် ရလာသော အကျိုးကျေးဇူးများဖြစ်၏။

လူကလေး၊ လုံမကလေးတို့သည် ပညာကိုတန်ဘိုးထားကာ တလေးတစား လေ့လာကြသူများ ဖြစ်လာကြပါစေကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ ဇွန်၊ ၂၀၁၇