အီးပါတာများ ရေးကြီးခွင်ကျယ်လုပ်၊ တခုတ်တရ စာဖွဲ့ရပါမလားဟု
အပြစ်တင်မစောကြပါနှင့် မိတ်ဆွေများခင်ဗျား။
သည်လောက်အရေးကြီးသည့် အီးပါသည့်ကိစ္စကို ဘယ်သူမှ ရေးတာမတွေ့၍
ကျွန်ုပ်က အလုပ်မရှိ ကြောင်သန်းရှာခြင်းသာ ဖြစ်ပါကြောင်း။
(သည်းခံခွင့်လွှတ် နားဆင် (အဲလေ) ဖတ်ရှုတော်မူကြပါ။ မင်းဟာကလည်း
ရွံစရာကြီးကွာဟု မဖတ်လိုကလည်း မဖတ်ဘဲ နေနိုင်ကြောင်းပါ ခင်ဗျား။)
(၁) ဘိုးတော်ဘုရားနှင့် အီအီးပြဿနာ
အခါတပါးတွင် ဘိုးတော်မင်းတရားကြီးက သူ့အမတ်ကြီး ဦးပေါ်ဦးကို
မေးသည်ဆို၏။
ဟဲ့ ပေါ်ဦး၊ လောကမှာ ဘယ်သင်းအရသာရှိဆုံးလဲကွဲ့။
မှန်လှပါ၊ ဘုန်းတော်ကြောင့် အီအီးပါချင်နေတဲ့အချိန် ပါချလိုက်ရတာ
အရသာရှိဆုံးပါ ဘုရား။
သယ်၊ ပေါ်ဦး။ ငါ့ကို မဟုတ်တန်းလျားတွေ လျှောက်တင်တော်မူရသလား
ဟဲ့။
ဘိုးတော်မင်းက ဤလိုပြောတာကို ဦးပေါ်ဦးက မကျေနပ်။
ငါ့လို ပညာရှိကိုများ မဟုတ်တန်းလျားပြောတယ်လို့။ နင်တော့
နေနှင့်ဦးပေါ့ ဟု ကြိမ်းထားလေ၏။
သို့နှင့် ဦးပေါ်ဦးက စားတော်ကဲနှင့်ပေါင်းကာ ဘိုးတော်စားမည့်ဟင်းထဲ
ကနခိုများ ထည့်ချက်စေသည်။
နောက်နေ့ကျတော့ ဘိုးတော် ပြဿနာ တက်လေ၏။ ဗိုက်က ရစ်ကာနာလာပြီး
ရေအိမ်သို့ အလွန်အမင်း တက်ချင် လေတော့သည်။
အကွက်ချောင်းနေသော ဦးပေါ်ဦးက ဘိုးတော်အရင် အိမ်သာဝင်နှင့်ခါ
အိမ်သာတံခါးကို ပိတ်ထားလေ၏။ (နန်းတော်ကလည်း အိမ်သာတလုံးပဲ ရှိ ထင်ပါရဲ့။)
ဟဲ့၊ အထဲက ဘယ်သူတုံး။
ပေါ်ဦးပါဘုရား။
မြန်မြန်လုပ်စမ်းဟဲ့၊ ဒီမှာ ထွက်ကျတော့မယ်။
မှန်လှပါ၊ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးကြီး ၀မ်းချုပ်နေလို့
ခဏနဲ့ မပြီးနိုင်ပါဘုရား။
ဟဲ့ မြန်မြန်လုပ်ဟဲ့။ ဒီမှာ အကြီးအကျယ် ပြဿနာတက်နေလို့။
မှန်ပါ့ဘုရား။
ဦးပေါ်ဦးက တော်တော်နှင့်တံခါးဖွင့်မပေး။ ဘိုးတော်ဖြစ်နေမည့်ပုံကို
မြင်ယောင်မိကာ ကျိတ်ပြုံးနေလေ၏။
မှတ်ပလားကွ။ ငါလို ပညာရှိကို မလေးမစားပြောတာ။
အပြင်မှ ဘိုးတော် အလွန်သောင်းကျန်းသည့်အခါမှ မနိုင့်ရင်ခါပုံစံနှင့်
တံခါးဖွင့်ထွက်လာ၏။ ဘိုးတော်လည်း ဒရောသောပါး ရေအိမ်ဝင်ပြီး ပြဿနာကိုရှင်းရ၏။
သည်အခါကျမှ အင်း၊ ပေါ်ဦးပြောတာ ဟုတ်သဟဲ့ ဟု ၀န်ခံရတော့သည်
ဟူ၏။
(၂) ဦးပေါ်ဦး နှင့် အနန္တသူရိယအမတ်တို့ဆိုတာ
ဘိုးတော်ဘုရားလက်ထက်က ဦးပေါ်ဦးဆိုတာ တကယ်မရှိ။ ဦးပေါ်ဦးလျှောက်ထုံးများဆိုကာ
တယောက်ယောက်က ရေးပြီး ဦးပေါ်ဦးကို ဖန်တီးလိုက်ခြင်းသာ ဖြစ်သည် ဟု ပညာရှင်တို့ ဆိုကြ၏။
ဦးပေါ်ဦး တကယ်ရှိမရှိကို ပညာရှင်များ သုတေသန ပြုကြပါကုန်။ ယခု ကျွန်ုပ်ရေးလိုရင်းမှာ
ဦးပေါ်ဦးအကြောင်း မဟုတ်။
သည်တွင် စကားစပ်၍ပြောလိုသည်မှာ ပုဂံခေတ်က သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ
အစချီ မျက်ဖြေလင်္ကာကို စပ်ဆိုခဲ့သည်ဆိုသော အနန္တသူရိယအမတ်လည်း
တကယ်မရှိဟု ဆိုကြသည်။ အနန္တသူရိယအမတ် တကယ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သည်ကဗျာနှင့်ပတ်သက်၍
ကျွန်ုပ်တွင် အသည်းနာစရာ အမှတ်ထင်ထင် အဖြစ်အပျက်ကလေးတခု ရှိခဲ့၏။
ကျွန်ုပ် ၈ တန်းကျောင်းသားဘ၀၊ ကွင်းကောက်အလယ်တန်းကျောင်းတွင်
ပညာသင်နေစဉ် တနေ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ရွှေဝင်လာကာ ကျောင်းသားများကို ပညာစမ်းလေ၏။
ပုဂံခေတ်က ကဗျာတစ်ပုဒ်ဟာ အင်မတန်ထင်ရှားသကွဲ့။ အဲဒီကဗျာကိုဖတ်ပြီး
ကဗျာစာဆိုကို ဘုရင်က အသက်ဘေးက ချမ်းသာပေးလိုက်တယ်။ အဲဒီကဗျာကို ဘယ်သူရသလဲ။
သည်ကဗျာကို ကျွန်တော် တစ်ခေါက်လောက်ဖတ်မိပြီး ရေးတေးတေးသာသိသည်။
သို့သော် အလွတ်မရ။
သို့သော် စိုးထူးဆိုသော ကျောင်းသားက အလွတ်ရသည်။ သူက ကျွန်တော်တို့
အတန်းမှ မဟုတ်။ အခြားအတန်းမှ ဖြစ်၏။
စိုးထူးက ကဗျာကို အစအဆုံးရွတ်ပြသောအခါ ကျွန်ုပ်မှာ ဆွေ့ဆွေ့ခုန်လျှက်
“အတော်သောက်သုံးမကျတဲ့ ငါပါလား” ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိလေ၏။
ထို့နောက် ထိုကဗျာကို ရှာဖွေကာ ခဏအတွင်း အလွတ်ရအောင်ကျက်လေရာ
ထိုမှစ၍ နှုတ်တက်အာဂုံဆောင်ခဲ့သော ကဗျာသည် ကျွန်ုပ်တစ်သက်လုံး မမေ့နိုင်တော့သောကဗျာ
ဖြစ်ခဲ့လေ၏။
ကျွန်တော်ငယ်ငယ်က အလွတ်ကျက်ခဲ့သော ထိုကဗျာပါသည့် ခေတ်သစ်မြန်မာရာဇ၀င်အကျဉ်း
ဟူသောစာအုပ်မှာ ယခုထက်တိုင် ရှိသေးသည်။ ရှေ့ဘက်နှင့် ကျောဘက်မှ စာမျက်နှာတော်တော်များများ
မရှိတော့။ စာရွက်သားများမှာ ဆွေးနေပြီဖြစ်၍ စာအုပ်ကိုကိုင်လျှင် ချစ်သူ့ပါးပြင်ကို
ကိုင်သည့်အလား အလွန် ယုယုယယ ကိုင်တွယ်ရလေသည်။
ကျွန်တော်ငယ်စဉ်က အလွန်လောဘကြီး၏။ အတန်းထဲတွင် ပထမနေရာကို
ကိုယ်သာ မောင်ပိုင်စီးထားချင်သည်။ မည်သူ့အားမျှ မပေးလို။ စာနှင့်ပတ်သက်လာလျှင်လည်း
ကိုယ်ကသာ ထိပ်ဆုံးဖြစ်နေချင်သည်။ ကျောင်းစာကြည့်တိုက်ထဲမှ စာအုပ်များမှာ အကုန်သာမဖတ်နိုင်ရှိရမည်။
ကျွန်ုပ်လှန်မကြည့်မိသော စာအုပ်များမှာ ရှာမှ ရှားထဲကဖြစ်၏။
သည်းခံပါခင်ဗျား။ ပြောလိုသည့်အကြောင်းအရာကနေ ဘေးရောက်သွားသည်။
(၃) ကျွန်ုပ်တို့တော၌ အီးကိစ္စရှင်းကြပုံ
ကွင်းကောက်တွင် ကျောင်းတက်နေစဉ် ကျွန်ုပ် ၆ တန်းကျောင်းသားဘ၀က
ကျောင်းတက်နေတုံး အိမ်သာသွားချင်လာ၍ အတင်းပြေးသည်။ ထိုစဉ်က အလယ်ဆောင် ဒုတိယထပ်မှာ ကျောင်းတက်နေတာ
ဖြစ်၏။ သို့သော် ၀မ်းကို မထိန်းနိုင်။ လမ်းတွင်ပင် ပါချလေ၏။ လုံချည်မှာ အီအီးများ တော်တော်များများပေကုန်သည်။
အဲဒါမှ ဒုက္ခ။ ဆေးစရာကလည်း ရေမရှိ။ သုတ်စရာ တစ်ရှူးဆိုတာ ဝေလာဝေး၊ ကြားတောင် မကြားစဖူး။
သည်တော့ တတ်နိုင်သမျှ သန့်ရှင်းရေးလုပ်သည့်တိုင် ဘယ်မှာ အကုန်စင်နိုင်ပါမတုံး။ ပြန်လာသောအခါ
တတန်းလုံး နံစော်နေလေ၏။ သည်အဖြစ်အပျက်ကိုလည်း ယနေ့ထိတိုင် မမေ့။ ၀တ်သွားသောလုံချည်မှာ
တထည်တည်းသာရှိသော တက်ထရွန်ကျောင်းစိမ်းလုံချည် ဖြစ်လေသည်။
ယခင်က တောရွာများမှာ အိမ်သာကို လူတစ်ယောက်ဝင်သာရုံ လေးတိုင်စင်ဆောက်သည်။
နောက်ပြီး ဘယ့်အတွက် အိမ်သာကို မြင့်မြင့်မဆောက်ပဲ ခေါင်းကို အသားကုန် ငုံ့ဝင်ရအောင်
ဒီဇိုင်းလုပ်ထားသည်မသိ။ ကျွန်ုပ်တို့မှာ အိမ်သာဝင်ပြီ ဆိုလျှင် အောက်တွင်စုဆောင်းထားသည့်
လောက်တဖွားဖွားတက်နေသည့် အရာများကို ရှုစားပြီး ၀င်ရလေ၏။ ကျန်းမာရေး ရှုထောင့်ကကြည့်လျှင်ဖြစ်ဖြစ်
ဘယ်ထောင့်ကကြည့်လျှင်ဖြစ်ဖြစ် အလွန်အော့နှလုံးနာစရာ ဖြစ်၏။ သို့သော် သူလည်းဒီလို၊ ငါလည်းဒီလိုဆိုတော့
ရိုးနေပြီ။ သည်ကိစ္စ ဘယ်သူကမှ ရေးကြီးခွင်ကျယ်လုပ် ပြောမနေ။
အိမ်သာအတော်များများမှာ လေးဘက်လေးတန်တောင် လုံအောင် ကာမထား။
ရှေ့တံခါး ဆိုသည်မှာလည်း ပီဘိ၊ ဘုရားစူးရ ပါစေ့။ တံခါးဆိုမှ တံခါးဖြစ်၏။ စပါးထည့်သော
ဂုန်နီအိတ်အစုတ်ကို ထက်ခြမ်းခွဲကာ ကာထားသည်။ တဘက်ခြမ်းကို အသေချည်ထားပြီး ကျန်တဘက်မှ
ထိပ်စတွင် သံချိတ်လုပ်ထားကာ တံခါးပိတ်လိုလျှင် ထိုချိတ်ကို တိုင်မှ သံချောင်းတွင် ချိတ်လိုက်ရုံဖြစ်သည်။
လုံသလား မလုံသလား စပ်စုတော်မမူပါနှင့်။ မလုံလို့ မတက်ဘဲနေလိုက နေနိုင်၏။
အိမ်သာနံရံများ အဘယ်ကြောင့်မရှိကြရသနည်း။ မူလက အိမ်သာကို
ထရံပြားများဖြင့် ကာထားတာ ဖြစ်၏။ အများစုမှာ ကျွန်ုပ်တို့လို ဒုက္ခခံပြီး ဘယ်သူမှ ဒုက္ခနောင်းလုပ်မနေ။
ကိစ္စပြီးတော့မှ ထရံပြားကို ချိုးသုံးလိုက်တာ ဖြစ်သည်။ ကြာလာတော့ ထရံများမှာ လက်လှမ်းမမီသည့်
အပေါ်ပိုင်း၌သာ ကျန်သည်။ အောက်ဘက်မှာ ဟောင်းလောင်း။ လှမ်းသာကြည့်လိုက်လို့ ကတော့ မိမွေးတိုင်း
ဖမွေးတိုင်း မြင်နိုင်သည်။ ဘယ် nude ကားမှ သွားကြည့်နေစရာမလို။
သို့သော် အဖေကြီးကို သည်ကိစ္စတွင် ချီးမွမ်းရမည်။ ကျွန်ုပ်တို့မှာ
တော၌ပင်နေသော်ငြား။ အိမ်သာ လုံလုံခြုံခြုံ သန့်သန့် ရှင်းရှင်းရှိ၏။ ခေတ်မီအိမ်သာမဟုတ်၍
အနံ့အသက်မရှိအောင် မလုပ်နိုင်စေကာမူ အထက်တွင်ပြဆိုခဲ့သော အိမ်သာများ ထက် အပုံကြီးကောင်းသည်၊
သန့်သည်။ ပြောရလျှင် အဖေကြီးက အလွန်အသန့်ကြိုက်၏။ အိမ်မှာ ဘာအမှိုက်မှ ရှိမနေစေရ။ ကျွန်ုပ်သာ
ဆယ်ရက်နေလို့ ခေါင်းတခါ မဖြီးရှိရမည်။ သူ့ကြည့်လိုက်လျှင် ကြော့လို့မော့လို့ ဖြစ်၏။
သူ့အိပ်ယာမှာ မွှေးလို့ ကြိုင်လို့။ ကျွန်တော်က ရေမွှေးနံ့ကိုမုန်းသည်။ အလှပြင်ပစ္စည်းဆိုသည်မှာ
ကျွန်ုပ်နှင့် လားလားမှ သက်ဆိုင်သော အရာများ မဟုတ်။ တစ်နှစ်နေလို့ ဆယ်ခါပြည့်အောင်
မှန်မကြည့်စဖူး။ (ဤကား စကားချပ်။)
နွေရာသီ ပူပြင်းသည့်အချိန်များတွင်မူ အိမ်သာမှာ သန့်လှ၏။
အောက်ဘက်သို့ကျသွားသည်များကို အိမ်တွင်မွေးထားသည့် ကြက်၊ ၀က်များကတာဝန်ယူကာ ရှင်းပေးသည်။
သူတို့မိသားစုတွေ စားကြသောက်ကြတာနဲ့ လောက်တောင်မလောက်။
ယခင်က ကျွန်ုပ်တို့ တောရွာများတွင် အီအီးကို ဒုတ်ခနောင်းဖြင့်
ကုန်းကြ၏။ တောဆိုတော့ အိမ်အတွက် ၀ါးကို မျိုးစုံ သုံးကြသည်။ အမိုးမိုးရန် ခြင်ဝါးများအဖြစ်
သုံးသည်။ ထရံယက်လုပ်သည်။ အခင်းခင်းသည်။ ခြံကာသည်။ နှီးဖြာ၍ တောင်း၊ ဖျာ၊ ယိုင်ပတ်စသည်
ယက်လုပ်ကြ၏။ ၀ါးနှီးဖြင့်ပင် ချည်နှောင်ကြသည်။ ၀ါးနှီးဆိုသည်မှာ အကြောနှင့် အူတိုင်ကြားကိုသာ
ဖြာထုတ်တာ ဖြစ်၏။ အကြောကို ဖျာ စသည် ယက်လုပ်သည်။ ၀ါးကြောက ရှတတ်၍ နှီးအဖြစ် မသုံး။
အူတိုင်ကမူ ဘေးထွက်ပစ္စည်းဖြစ်ပြီး ဘာမှ သိပ် အသုံးမတည့်။ သည်တော့ နှီးဖြာရာမှ ထွက်လာသည့်
ထိုအူတိုင်များကို တထွာလောက် ဖြတ်ပြီး ဒုတ်ခနောင်းလုပ်ကြသည်။ ကျွန်တော် ငယ်စဉ်က အဖေကြီးကနှီးဖြာ၊
ကျွန်ုပ်က နှီးအူတိုင်များကို ဖြတ်ကာ ဒုတ်ခနောင်းလုပ်၊ အစည်းကလေးများစည်းသည်ကို ယခုတိုင်
မှတ်မိသေး၏။ အိမ်သာထဲတွင် ထိုအစည်းကလေးများကို စတင်းဘိုင် ဆောင်ထားသည်။ ကိစ္စပြီးတော့
သည်ဒုတ်တွေကို ဘယ်ပစ်သတုံး။ အောက်ပေါ့လဗျာ။
ဘုန်းတော်ကြီးများကျတော့ လူတွေလို တခါသုံး ဒုတ်ခနောင်းမသုံး။
ဝါးစိပ်ခပ်ကြီးကြီးကို နခမ်းလုံးကာ သုံးသည်။ ကိစ္စပြီးလျှင် ဘေးမှ ခွက်ထဲထည့်ခဲ့၏။ ထိုဒုတ်များကို
ကျောင်းသားများက ဆေး။ ဘာတယ်၊ ဘယ်သွားဆေးတယ် ဟုတ်စ။ ဘယ်နား နေရမတုံးဗျာ။ ကျောင်းဘေးနားက
ချောင်းထဲ သွားဆေးတာပေါ့။ ချောင်းအောက်ကလူတွေက ချောင်းထဲ ရေဆင်းချိုးကြ။ ဝေါ့။
ကျွန်တော်တို့ရွာတောင်ဘက်တွက် ကွင်းကြီး၊ ရှားတော၊ ၀တ်ကုန်းဆိုသောရွာများရှိ၏။
ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေပြီးလို့ ဆွေမျိုးများ၏ အလှူ မင်္ဂလာဆောင်သွားသည့်အခါကျမှ
ထိုရွာများသို့ ရောက်ဖူးရ၏။ သူတို့ လူနေမှုဘ၀များကိုလည်း လေ့လာမိ၏။ သူတို့ရွာတွေက အိမ်တော်တော်များများ၏
အိမ်သာများမှာ အကာမရှိ။ အဲသလိုဆို ဘယ်လို အိမ်သာသွားကြ သတုန်း။
တညသခိုက် မိန်းမပျိုကလေးများ ညအခါမှ မီးတိုင်ကိုယ်စီဖြင့်
တန်းစီနေကြတာတွေ့တော့ ဘာများပါလိမ့်ဟု ကျွန်ုပ်လည်း စူးစမ်းမိ၏။ ထိုအခါမှ သူတို့မှာ
အိမ်သာကို ညအခါ အသုံးပြုကြောင်း သိရလေသည်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
ကျွန်ုပ်ဘွဲ့ရခါစ အလုပ်မရှိသေးခင် ကိုမြင့်မောင်ဟူသော လူပျိုကြီးအိမ်၌
ကပ်နေရ၏။ ကိုမြင့်မောင်က သူ့အမေကို ရန်ကုန်တွင် နေစေလိုသဖြင့် ခေါ်ထား၏။ အဖွားကြီးက
သူ့သားကို မပြောရဲလို့သာ နေနေရသည်။ တစ်ရက်မှ မပျော်။ ရွာကိုသာ အမြဲ ပြန်ချင်နေလေသည်။
သူ့မှာက ရင်ကြပ်ရောဂါရှိသည်။
တစ်ခုသောဆောင်းတွင်းတွင် အဖွားကြီးမှာ ရင်ကြပ်ထလာရကား သူ့သားဝယ်ပေးထားသော
ရင်ကြပ်ပျောက်ဆေးများကို အတိုင်းအဆမရှိ သောက်လေ၏။ သို့နှင့်ပင် အမေကြီးမှာ ဆုံးပါးရရှာလေသည်။
အမေကြီးဆုံးတော့ ကျွန်တော် ရန်ကုန်မှာ မရှိ။ ရွာပြန်နေခိုက်ဖြစ်၏။
အမေဆုံးပြီဆိုတော့ စန်းကုန်းရွာတွင်ကျန်ခဲ့သော သမီးဖြစ်သူ
မထွေးတို့မိသားစုကို ကျွန်တော်က ရန်ကုန်ခေါ်လာရ၏။ သူတို့နှင့်အတူ တူမကလေးများလည်း ပါလာလေသည်။
ရွာတွင် တုတ်နှင့်အားရပါးရ ကုံးလာခဲ့သော မချောကလေးများမှာ
ရန်ကုန်၌ ရေဖြင့်ဆေးရမည်ဆိုတော့ ပြဿနာ တက်နေလေ သည်။ နောက်ဖေး၌ ကျိတ်ကျိတ် ကျိတ်ကျိတ်ဖြစ်နေတော့
ဟဲ့၊ ဘာတွေဖြစ်နေကြတုံး ဟု ကျွန်တော်သွားမေးသော် မထွေး ယောက်ျား၊ ကိုမြင့်မောင်ယောက္ဖ
ကိုတိုးက တောသားတို့ထုံးစံအတိုင်း ပစ်ပစ်နှစ်နှစ် ပြော၏။
ဟာ - - င်ကိုရေဆေးရမှာ ကြောက်နေတာ။ -ျီးကိုင်ရမှာ ရွံနေတာပေါ့ကွာ။
ဟု ရှင်းပြလေသည်။ နင်တို့ ၀က်ဖြစ်မှတော့ အီး ကြောက်နေလို့ မဖြစ်ဘူး ဟုလည်း လှည့်ပြောလိုက်သေး၏။
၁၉၈၀ ခုနှစ်များလောက်က FAO လား။ WHO လား မမှတ်မိတော့ပါ။ သူတို့အစီအစဉ်ဖြင့်
တောရွာများသို့ အိမ်သာခွက်များ ပေးသည်။ တအိမ်တခုကျဖြစ်၏။ သည်တုံးက ကျွန်တော့်အဖေက ရွာလူကြီး။
အိမ်သာအတွက်ပေးထားသော ခွက်များကို အလုပ်ရှုပ်သည်ဆိုကာ ဘယ်သူမှမသုံး။ ပလတ်စတစ်နှင့်လုပ်ထားသော
ထိုအိမ်သာခွက်များကို ခေါင်မိုးပေါ် သည်အတိုင်း ထိုးထားတာ ကျွန်ုပ်ကိုယ်တွေ့။ အဖေကြီးကတော့
ထိုခွက်ကိုသုံးကာ ရေလောင်းအိမ်သာ လုပ်ပေးသည်။ ပို့သန့် သွားသပေါ့။
သူတို့ပြောလဲ ပြောစရာ။ အိမ်သာခွက်သုံးလျှင် အိမ်သာကျွင်းတူးရမည်။
ရေခပ်ရမည်။ လက်ရှိစနစ်က ဘာမှမလို။ အောက်သို့ ပါချ။ ထရံချိုးကုန်းလိုက်လျှင် ကိစ္စပြီး၏။
လူတွေသဘာဝ အလွယ်ကြိုက်သကိုး။
(၄) ရန်ကုန်လူထုနှင့် အီအီးပြဿနာ
လူ့ဘ၀တွင် အရေးကြီးသော ကိစ္စများသည် ရှိ၏။
မိဘများအတွက် အရေးကြီးသည်။ သားရေးသမီးရေးကိစ္စများအတွက် အရေးကြီးသည်။
ကလေးများ ပညာရေး၊ ကျန်းမာရေး စသည်တို့ အရေးကြီးသည်။ မိသားစု၏ ၀မ်းဗိုက်ကို နေ့စဉ်ဖြည့်တင်းဘို့ရာ
ခိုင်မာသော အလုပ်တစ်ခုရှိဘို့ရာ အရေးကြီးသည်။
ကျွန်ုပ်တို့ဘ၀တွင် အရေးကြီးသည့်ကိစ္စ တော်တော်များများရှိသည့်အနက်
အရေးမကြီးဟုထင်ရသော်လည်း အလွန် အရေးကြီးသည့်ကိစ္စတစ်ခုသည် ရှိ၏။ ထိုအရာကား အီအီးပါခြင်း
ဖြစ်လေသည်။ ဗိုက်ဆာလာလျှင် ထမင်း သို့မဟုတ် မည်သည့်အစားအသောက်ကိုမဆို စားချင်သည့် အချိန်
ကောက်ကက်စားလိုက်လို့ရ၏။ သို့သော် အိမ်သာမသွားရတာ ၂ ရက်ရှိပြီ။ အခု သွားလိုက်ဦးမှ
ဆိုပြီး ကိုယ်သွားချင်တိုင်း သွားလို့ရတာမဟုတ်။ ခန္ဓာကိုယ်က အလိုလို သွားချင်လာမှ သွားရတာဖြစ်သည်။
ထို့ကြောင့် ပြောရလျှင် စားတာထွက် သွားတာက ပိုအရေးကြီးသေး၏။
သည်ကိစ္စ မိတ်ဆွေများ သိပါသည်။ သုံးရက်လောက် အီအီးမပါရလျှင်
အတော်နေမထိထိုင်မသာ အီလည်လည်ကြီး ဖြစ်နေလိမ့်မည်။ သုံးရက်မဟုတ်ပါ။ တရက်နှစ်ရက်လောက်
အိမ်သာမသွားရလျှင်ပင် အတော်အဆင်မပြေ။
မနက်စောစော အိပ်ယာထ၌ အိမ်သာကို တလုံးတခဲတည်း ဒင်းပြည့်ကျပ်ပြည့်သွားလိုက်ရခြင်းကား
မင်္ဂလာတပါးပင် ဖြစ်တော့၏။ တ၀ကြီးသွားပြီး အိမ်သာမှထွက်လာလိုက်လျှင် တကိုယ်လုံး လန်းဆန်းပေါ့ပါးလျှက်
အလွန်နေရထိုင်ရ ကောင်းလေ၏။
ကျွန်ုပ်ကား ဘယ်လို ၀ဋ်နာကံနာပါလာသည်မသိ။ အသက် ၅၀ နားလောက်ရောက်သည်မှစကာ
ဝမ်းချုပ်ခြင်းဟူသော ရောဂါကို ရလေသည်။ ဆရာဝန်များညွှန်ကြားသလို အသီးအရွက်များများစားပါ။
အမျှင်ဓာတ်ပါသော အစာများစားပါ။ ရေများများသောက်ပါ။ ထိုအတိုင်း စားပါသည်။ ရေများလည်း
သောက်ပါသည်။ မသွားပါခင်ဗျား။
အမျိုးသမီးက ၀မ်းနူးစေသည့် သင်္ဘောသီးမှည့် စသည်တို့ ကျွေးသည်။
သူများတွေသာ နူးချင်နူးမည်၊ ကျွန်ုပ်မနူး။
သည်တော့ မြန်မာဝမ်းနှုတ်ဆေး သောက်ရသည်။ ယခင်ကတော့ နန်းတော်ဆိုလား
သောက်သည်။ နောက်တော့ အဖေကြီးက မုံရွာဆရာမိုး၊ ရှောက်တလုံး ၀မ်းမှန်ဆေး ဆိုတာပေး၍ သောက်၏။
ယခုတော့ ထိုဆေးနှင့် အဆင်ပြေပါသည်။ သို့သော် တနေ့မသောက်လျှင်
တနေ့မသွား။ နေ့တိုင်းသောက်ရ၏။
ဆရာမိုးကို သူများတွေက ၃ လုံးလောက် သောက်ရသည်။ ကျွန်ုပ်က
၉ လုံးသောက်ရ၏။ ဒါတောင် ဆေးလုံးသေးတာဆို မသွား။ ထို့ကြောင့် နာမည်ကိုတောင် ဦးဝမ်းခိုင်
ဟု ပြောင်းမလား စဉ်းစားသည်။
စင်ကာပူမှာနေရတာ အဆင်ပြေသည့်အထဲတွင် အိမ်သာများ နေရာတကာရှိတာ
တစ်ခု အပါအ၀င်ဖြစ်သည်။ ၀မ်းနှုတ်ဆေး စားထားလို့ ဘာမှပူစရာမလို၊ ကြိုက်သည့်နေရာ ကောက်ကက်
တက်လိုက်လို့ရသည်။ ရထားဘူတာတွေမှာ အိမ်သာရှိသည်။ ရှော့ပင်းမောတွေမှာရှိသည်။ စားသောက်ဆိုင်တွေမှာ
ရှိသည်။
ရန်ကုန်မြို့ထဲ၌ အိမ်သာရှားလှ၏။ ရှားဆို ရှိကိုမရှိ။ ခုတော့
ရှော့ပင်းမောတွေပေါ်လာလို့ ရှိနေပြီလား မပြောတတ်။ ရှူးရှူးပေါက်ချင်လို့ ပေါက်စရာနေရာမရှိ။
ယခင်က ဆူးလေဘုရားလမ်းတွင် ပိုက်ဆံပေးသွားရသော မြေအောက်အိမ်သာတခု ရှိသည်။ ယခုတော့ ရှိသေးသလား
မပြောတတ်။ သို့သော် အလွန်ညစ်ပတ်လှ၏။ မြို့ထဲသွားတော့မည်ဆိုလျှင် ကျွန်တော်တို့မှာ အိမ်မှာကတည်းက
ကိစ္စကို အပြီးအစီးရှင်းထားကြရ၏။ တခါတလေ အရေးပေါ်တတ်သည်။ ထိုအခါ ဆူးလေဘုရားသွားကာ ကိစ္စရှင်းရသည်။
လူကြားလို့မှ မကောင်း။ မကောင်းလို့လည်း မတတ်နိုင်။ အနို့ အန္တရာယ်ဆိုတာ လွယ်ထားလို့
ရစကောင်း သော အရာမဟုတ်။
ရန်ကုန်ကအိမ်တွေမှာ အိမ်သာစနစ်ကို ကိုယ့်ဘာသာ ရှင်းကြရသည်။
လူပေါင်း ၄ သန်းလောက်က စွန့်ထုတ်နေသော သည် အီအီးများကိစ္စကို စည်ပင်က နည်းနည်းမှစိတ်မ၀င်စားတာ
ကျွန်ုပ်ဖြင့် အံ့သြလို့အမျိုးမဆုံး။ နောက်ပြီး တရက်တည်း၊ တခါတည်း၊ လူတချို့တည်းက ထုတ်တာမဟုတ်။
နေ့တိုင်းထုတ်နေတာ။ လူတိုင်းထုတ်နေတာ။ သည်လောက် အရေးကြီးသည့် ကိစ္စ ရှိပါဦးမည်လား။
အခုတော့ စ စီစဉ်နေပြီလား မပြောတတ်။
လူ့အညစ်အကြေးဟူသည် ရောဂါပေါင်းစုံတို့ကို မွေးထုတ်ပေးရာ ပင်မဗဟိုဌာနကြီးဖြစ်၏။
တစ်အိမ်လျှင် အိမ်သာကျင်းတစ်ခု။ ရေမြောင်းကလည်း မရှိ။ မိုးရွာတော့ ရေလျှံသည်။ အိမ်သာကျင်းထဲ
ရေတွေဝင်ကာ ထိုရေများသည် လမ်းပေါ်ထိ လျှံထွက် ကုန်၏။ ထိုရေညစ်များအတွင်း၌ ရောဂါပိုးများမှာ
ပျော်ပျော်ကြီး ကခုန်မြူးတူး ပျံ့ပွားကြကုန်သည်။ ၀မ်းပျက်ဝမ်းလျှောရောဂါ ဟူသည် ထိုနေရာမှ
အစပြု၏။
မိုးကလေး စပ်စပ်ရွာသည်နှင့် သည်ရေညစ်များ လမ်းပေါ်တက်လာတာကို
ဘယ်လိုရှင်းကြမလဲ စိတ်ဝင်စားကြပါရဲ့လား ခင်ဗျား။ သည်ကိစ္စမှာ မိုးရွာမှ ရေမြောင်းဖော်တာလောက်နှင့်
မရ။ ရန်ကုန်တမြို့လုံးကို ရေမြောင်းကွန်ယက်များ ဖြန့်ကာ ၀င်လာသမျှရေကို မြစ်ထဲသို့
ဒလဟောစွန့်ထုတ် (သို့မဟုတ်) ကန်တော်ကြီး နှင့် အင်းလျားကန်ထဲသို့ စီးဝင်စေရမည်။
အညစ်အကြေးစွန့်သည့်စနစ်ကိုလည်း sewerage piping network များဆင်လျှက်
တနေရာသို့ ပို့မည်။ ထိုနေရာတွင် သန့်စင် စက်ရုံက အဖတ်နှင့် အရေကို ခွဲထုတ်မည်။ အမှိုက်များကို
မီးရှို့။ အရေများကို လုံးဝ ရေသန့်ဖြစ်သည်ထိ သန့်စင်ကာ မြစ်အတွင်း စွန့်ထုတ်ရမည်။ လူတို့စွန့်ထုတ်လိုက်သော ထိုအညစ်အကြေးများကို စင်ကာပူတွင်
မည်ကဲ့သို့ရှင်းသည့် အကြောင်း ကျွန်တော်ဆောင်းပါးရေးကာ The Voice ဂျာနယ်ထဲသို့ လွန်ခဲ့သော
၃ နှစ်ခန့်က ထည့်ခဲ့ဖူးပါသည်။ မိတ်ဆွေတို့ ဖတ်ချင်လည်း ဖတ်မိမည်။ ဖတ်မိချင်မှလည်း ဖတ်မိမည်။
ဖတ်လိုသူများ အောက်မှာပေးထားသည့် ကျွန်တော့် blog link မှာ ဖတ်နိုင်ပါသည်။
ရွာတွေမှာကတော့ အတော်လွယ်သည်။ ချောင်းရှိသည့်ရွာတွေဆို ချောင်းနခမ်းတွေမှာ
အိမ်သာတွေ အစီအရီ ဆောက်ကြ၏။ ချောင်းထဲများ လှေဖြင့်ဖြတ်သွားလျှင် အပေါ်မော့မကြည့်ပါနှင့်။
မတော်တာတွေ တွေ့သွားရနိုင်သည်။ သူတို့က ချောင်း၊ မြောင်းများကို အညစ်အကြေးစွန့်ပစ်ရာ
ဘုံဌာန ဟု သတ်မှတ်ထားကြသည် ထင့်။
(၅) နိဂုံး
အိမ်သာတက်တာနှင့်ပတ်သက်၍ ကျောင်းသားဘ၀က အမှတ်ရမိတာလေးတစ်ခု
ပြန်လည် ဖောက်သည်ချပါရစေဦး။
ကျွန်တော်တို့ခေတ်တုံးက နိုင်ငံရေးသိပံ္ပဘာသာရပ်ကို ပထမနှစ်မှ
နောက်ဆုံးနှစ်ထိ သင်ရ၏။ ကျောင်းသားတော်တော် များများမှာ ထိုဘာသာရပ်ကို စိတ်မ၀င်စားပါ။
စာမေးပွဲနီးမှ တပွဲတိုး ကျက်ဖြေတာဖြစ်၏။ သို့သော် နိုင်ငံရေးသိပ္ပံကို ကျွန်တော် စိတ်ဝင်စားသည်။
ပထမနှစ်တွင်သင်ရသော နိုင်ငံရေးသိပ္ပံဆရာမှာ ဆရာဦးသန်းထွန်း
ဖြစ်၏။ တချိန်တွင် ဆရာက universal truth အကြောင်း ရှင်းပြ၏။
အိမ်သာဝင်ရင် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ရှင်ဘုရင်ဖြစ်ဖြစ်၊
သူတောင်းစားဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ်၊ ပြင်သစ်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်
ဘယ်သူမဆို ဖင်လှန်ရတာပဲ။ အဲဒါ Universal truth. ဟု ဆို၏။ ထို (၁၉၈၀ ခုနှစ်) က သင်ခဲ့ရတာကို
ယခုထိမှတ်မိနေသေးတာကြည့်ခြင်းအားဖြင့် ကျွန်ုပ် အဘယ်မျှနှစ်သက်ခဲ့ကြောင်း သိနိုင်ပါသည်။
သူပြောတာ ဟုတ်၏။ ထို့ကြောင့်ပင် ကျွန်တော့်မိတ်ဆွေ ရေဆင်းမှ
ဆရာမတစ်ယောက်က “လူရှေ့သူရှေ့မှာ အိမ်သာထဲ ၀င်သွားရမှာ အရမ်းရှက်တာပဲ” ဟု ဆိုလေသည်။
သူ အဘယ်ကြောင့် ရှက်ပါသနည်း။ တစ်ထွာပြလျှင် နှစ်မိုင်လောက် မြင်တတ်သော မိတ်ဆွေတို့ သိပါသည်။
အတော်များသွားပြီမို့ နိဂုံးချုပ်ပါမည်။
အိမ်သာပုံမှန်မတက်ရသောသူသည် ကျန်းမာရေးကောင်းသူမဟုတ်နိုင်။
ဝမ်းချုပ်ခြင်းသည် ရောဂါဘယတို့ စတင်ဖြစ်ပွားမည့် အခြေခံ ဖြစ်၏။
ထို့ကြောင့် နေ့တိုင်း အိမ်သာမှန်မှန်တက်ရရေးသည် အရေးကြီး၏။
အိမ်သာတက်ခြင်း၌ ရှက်စရာ တပြားသားမှ မပါ။
ထို့ကြောင့် မိမိသော်လည်းကောင်း မိမိမိသားစု၊ သားသမီးများသော်လည်းကောင်း
ပုံမှန် အီအီးပါသလားဟု အမြဲ စောင့်ကြည့် အကဲခတ်နေကြပါမည့်အကြောင်း စေတနာအပေါင်းနှင့်
ကြေငြာမောင်းခတ်လိုက်ရပါကြောင်း။
အီအီးနေ့တိုင်းပါဘို့အရေး - ဒို့အရေး
အီးဋီကာ ဤတွင်ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၆ ဇွန်လ၊ ၂၀၁၆
No comments:
Post a Comment