(၇) လူတို့၏ လောဘ
အဲဒီမှာ မြင်နေရတဲ့ တိုက်အမြင့်ကြီးတွေက လူတွေနေဘို့ဆောက်ထားတာ
မဟုတ်ဘူး ဆရာရဲ့ဟု ကိုနိုင်ဝင်းက ပြောလေ သော် ကျွန်ုပ်မှာ အလွန်အံ့သြရ၏။ အနို့ လူတွေနေဘို့မဟုတ်တော့
နတ်တွေနေဘို့လား ကိုယ့်လူရယ် ဟု ကျွန်ုပ်လည်း ဂွစကားကို ဆိုလေ၏။
ထိုအခါ ကိုနိုင်ဝင်းက ဒီလိုဆရာရဲ့။ ငှက်သိုက်ဆိုတာ ဆရာကြားဖူးမှာပေါ့။
အဲဒီငှက်သိုက်က တပိဿာကို သိန်း ၄၀ လောက် ရတယ်။ ဟောဒီ အနီးတ၀ိုက်မှာ ဇီဝဇိုးငှက်တွေရှိတယ်။
သူ့သဘာဝအလျောက်ဆိုရင်တော့ ကျွန်းတွေပေါ်မှာ အသိုက် ဆောက်တာပေါ့။
ဒါပေမဲ့ လူတွေက ကျွန်းကိုမသွားတော့ဘူးလေ။ ငှက်သိုက်ကို လိုက်ရှာရတာ
ဒုက္ခများတယ် မဟုတ်လား။ အဲဒီတော့ ငှက်တွေကို ကိုယ့်ဆီရောက်လာအောင် လုပ်တယ်။ ဟောဟိုမှာ
မြင်နေရတဲ့ အပေါက်မဲမဲကလေးတွေက ငှက်တွေ ၀င်လာ အောင် လုပ်ထားတာ။ ညနေပိုင်းဆို ငှက်အော်သံအတုတွေကို
ဆောင်းဘောက်နဲ့ ဖွင့်ပေးတယ်။ ငှက်တွေလာအောင် မြှုတာ ပေါ့။ ငှက်တွေ အဲဒီ အပေါက်ထဲဝင်၊
အသိုက်လုပ်တော့မှ အဲဒီအသိုက်ကို အသာလေး ခွာရောင်းကြတာ။ ဆိုတော့ တခြား ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ
ငှက်သိုက်ခွာရောင်းတာနဲ့တင် စီးပွားဖြစ်ကြတယ်။
ဟိုက် - ရှားဘား။ တတ်လဲ တတ်နိုင်ကြပါပေ့။ အလွန်ရက်စက်သော
လူသားများပါတည်း။ ငွေရဘို့အတွက်ဆို ဘာမှလုပ်ရန် ၀န်မလေးကြ။ ညနေပိုင်း ကျွန်တော်လေဆိပ်ဆင်းခါနီး
လဖက်ရည်ဆိုင်ထိုင်တော့ ထိုဆိုင်အနီး ငှက်အိမ်မှ ငှက်အော်သံအတု များကို ကြားခဲ့ရပါသည်။
ဇီဝဇိုးငှက်ကလေးများကို မတရားလုပ်ခြင်းဖြစ်၏။ သည်မြင်ကွင်းကိုကြည့်ရတာ ကျွန်တော် စိတ်မချမ်း
သာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ လက်ပိုက်ကြည့်မနေကြပါနှင့်။ ၎င်းတို့စီးပွားရေးပင်
ဖြစ်သော်လည်း အရေးတယူ ဆောင်ရွက်တော်မူကြပါ ခင်ဗျား။
ဇီဝဇိုးဆိုတာ ဇီဝ = အသက်။ ဇိုး = စိုး = ဇီဝကိုအစိုးရသောငှက်
တစ်နည်းအားဖြင့် အသက်ကို အစိုးရတဲ့ငှက်လို့ အဓိပ္ပာယ် ရတယ်။ ငှက်သိုက်စားရင် ကျန်းမာရေးကောင်းတယ်၊
အသက်ရှည်ကြတယ်လို့ ယုံကြည်ကြတော့ လူတွေက ငှက်သိုက်ကို တန်ဘိုးထား စားသောက်ကြတာကိုး
ဟု ဆိုလေသည်။
မိတ်ဆွေများခင်ဗျာ။ ကျွန်ုပ်တို့ ရွာပေါက်စနကလေးမှာတောင်
အသက် ၇၀ ကျော် အဘိုးကြီး အဘွားကြီး ၃၀ လောက်ရှိသည်။ အသက် ၈၀ ကျော် ၁၅ ယောက်လောက်ရှိသည်။
ကိုဘိုးအောင်အမေ၊ အမေမယ်ညိုဆို အခု အသက် ၁၀၀ ပြည့်တော့မည်။ ၎င်းတို့မှာ ငှက်သိုက်ဆိုလျှင်
စာဗူးတောင်းသိုက်လောက်သာ မြင်ဖူးကြသူများဖြစ်၏။ တော်တော်များများမှာ ဘာရောဂါ ကြီးကြီးမားမားမှ
ရှိသူများမဟုတ်။ ဦးကြီးထွန်းလှိုင်ဆိုလျှင် အသက်ကြီးလို့ မသွားနိုင်သာ ရှိရမည်။ ၀က်သားဆို
အဆီမှ ကြိုက်၏။ သို့ဆိုလျှင် ငှက်သိုက်မသောက်ပါဘဲလျက် ထိုအဘိုးကြီး အဘွားကြီးများ အဘယ်ကြောင့်
အသက်ရှည်ကြသနည်း။ အဘယ်ကြောင့် ကျန်းမာရေး ကောင်းကြသနည်း။
ထိုငှက်သိုက်သောက်သူများ အသက် ၁၂၀ ရှည်ပါသလော။ ဘာရောဂါမှ
မရှိတော့ပြီလော။ ကျွန်တော့်ကိုလည်း မမတို့က ငှက်သိုက်များဝယ်ပေးကာ သောက်ခိုင်းပါသည်။
သူတို့စိတ်ချမ်းသာအောင် သောက်သည်မှလွဲ၍ ငှက်သိုက်သောက်ခြင်းဖြင့် သက်ရှည်ကျန်းမာသည်ဆိုသည့်
အယူအဆကို ကျွန်တော်လက်မခံပါ။ ငှက်သိုက်သောက်ခြင်းအားဖြင့် ရောဂါမဖြစ်ဆိုလျှင် ဆေးကုမ္ပဏီများသည်
ငှက်သိုက်ကို မထုတ်ဘဲ အဘယ်ကြောင့် ဆေးများထုတ်နေပါရသနည်း။
ကျန်းမာရေးကောင်းဘို့ဆိုတာ စားတာ၊ ၀တ်တာ၊ နေ့စဉ်နေထိုင်မှုဘဝ
သမမျှတဘို့လိုသည်။ စိတ်ထားတတ်ရမည်။ ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတများရှိရမည်။ မကျန်းမာစေမည့်
အစားအသောက် အနေအထိုင်များကို ဝေါင်ဝေါင် ရှေး၊ ဝေးဝေးရှောင်။ သဟာဆို ကျန်းမာမည်။ ဘာငှက်သိုက်မှ
သောက်စရာမလို။ ကျွန်တော့်အဖေမှာ ယခု အသက် ၈၀ ရှိပြီ။ ဘာရောဂါမှ ကြီးကြီးမားမားရှိတာမဟုတ်။
စားချိန်တန် စားသည်။ အိပ်ချိန်တန် အိပ်သည်။ တရားထိုင်ရမည့်အချိန် တရားထိုင် သည်။ ကျန်သည့်အချိန်များတွက်
မောင်မောင်ကြီး၊ တင်တင်မြ၊ မာမာအေး စသည့် သီချင်းများကို မမောမပန်း နားထောင် သည်။ ဟန့်ကို
ကျလို့။ ဘာငှက်သိုက်မှ သောက်စရာမလို။
ဤသည်မှာ ကျွန်တော်၏ အလွန် ခွကျလှသော အယူအဆဖြစ်၏။ မိတ်ဆွေများ
လက်ခံရမည်ဟု မဆိုလို။ သင်တို့ သဘော မတူလျှင်လည်း အကျွန်ုပ်ကို ဘာမှထိခိုက်စရာ အကြောင်းမရှိပါ။
သြော် - သည်တွင် စကားစပ်၍ပြောရလျှင် ကျွန်တော် ၂၀၀၅ ခုနှစ်လောက်ကစပြီး
ဆီးချိုဖြစ်သည်။ ကျွန်တော့်မှာ ဆီးချိုဖြစ်ပြီ ဆိုတော့ မမတို့လည်း ပြူးပြူးပြာပြာနှင့်
ဆီးချိုရောဂါကို ဘာဆေးသောက်ရင်ပျောက်မလဲ ဟု စုံစမ်း၏။ ထိုကာလက မိတ်ဆွေများ အဆွယ်ကောင်းမှုကြောင့်
မမက ရှိုင်းဟုတ်တွင် ဟိုလိုလို သည်လိုလို ပရိုမုတ်တာလုပ်နေသော ကာလဖြစ်၏။ သို့နှင့် သူလည်း
ကျွန်တော်တားနေသည့်ကြားမှ လင်ဇီးဆေးတောင့်များ ၀ယ်ပို့သည်။ တစ်ခါပို့လျှင် ၂ သိန်းဘိုးလောက်
ရှိ၏။ လင်ဇီးဆေး တစ်တောင့်လျှင် စင်းဒေါ်လာ ၁ ကျပ်လောက် တန်သည်။ ဆေးတစ်ဘူးလျှင် အလုံးအစိတ်လား
ပါသည်။
သူ့ညွှန်ကြားချက်ဖြင့် ကျွန်တော်လည်း လင်ဇီးဆေးတောင့်ကို မနက်
၅ တောင့်။ ည ၅ တောင့် သောက်လေ၏။
ဆေးဘိုးသာ ဆယ်သိန်း ကုန်သွားသည်။ ကျွန်တော့်ဆီးချိုမှာ တိုးပြီး
အခြေအနေထူးမလာ။ ထူးမလာသည့်အတွက်ပင် ယခုထိ ဆေးထိုးဆေးသောက်နေရတာ ဖြစ်၏။ နောက်တော့ ကျွန်တော်လည်း
မမကို လင်ဇီး ဆေးတောင့်များ မ၀ယ်ရန် အကျောက်အကန် ငြင်းဆန်ရလေသည်။ နင့်ဟာနင် ပိုက်ဆံအကုန်ခံပြီး
ပို့ချင်ပို့။ ငါကတော့ မသောက်ပဲ အကုန်လွှင့်ပစ်မယ် ဟု ကြိမ်းဝါးလေမှ အ၀ယ်ရပ်တော့သတည်း။
လင်ဇီးဆေးဖြင့် ကင်ဆာပျောက်သည်ဆိုသူများ ကြည့်ကျက် ပျောက်ကြပါကုန်။ ရောဂါနှင့်အသက်
နှစ်ခုရှိသည့်အနက် ရောဂါမပျောက်ပဲ အသက်ပျောက်ဖို့ များပါသည်။
(၈) ငါတို့ ဘာလို့ကျောင်းတက်ကြသလဲ
ထို့နောက် အချိန်နီးနေပြီဖြစ်၍ ဘုံတိုက်စိမ်းခန်းမသို့ ချီတက်ခဲ့ကြ၏။
ဟိုရောက်တော့ ကျောင်းသားကျောင်းသူများ တဖွဲဖွဲ လာနေသည်ကို တွေ့ရ၏။ ၉ နာရီကျော်သော်
“ငါတို့ဘာလို့ကျောင်းတက်ရသလဲ” ဟောပြောပွဲ အခမ်းအနား စသည်။ ကိုမျိုးကျော်က အဖွင့်စကား
အနည်းငယ်ပြော၏။ ထို့နောက် ကျွန်တော်ဆက်ပြောသည်။
ကျောင်းသားကျောင်းသူများ ပါဝင်ဆွေးနွေးခွင့်ရစေရန် ကျွန်တော်ကပြောရင်း
သူတို့ကို မေးခွန်းများမေး၏။ ပထမ မည်သူမှ မဖြေကြ။ အလေ့အကျင့်မရှိကြတော့ လူကြားထဲထဖြေရန်
မ၀ံ့မရဲ။ သည်တော့ ကျွန်တော်နည်းလမ်းရှာရသည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဖြေတဲ့သူကို
စာအုပ်တစ်အုပ် လက်ဆောင်ပေးမည်ဟု ကြေငြာလိုက်၏။ သည်တော့မှ တစ်ယောက် ထ လာသည်။
ကျွန်တော် ပထမဆုံးမေးသောမေးခွန်းမှာ ပညာဆိုတာဘာလဲဟု ဖြစ်၏။ ဖြေရန်ပင် မ၀ံ့မရဲဖြစ်နေသော်လည်း ထဖြေသော ကျောင်းသူလေးမှာ မှန်အောင်ဖြေနိုင်သည်ကို တွေ့ရပါသည်။ အခြားသူများလည်း ဖြေနိုင်ပါလိမ့်မည်။ လူကြားထဲမထရဲလို့သာ ဖြစ်မည်။
နောက်မေးခွန်းတစ်ခုမှာ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးသို့
မှ သရက်လေးမျိုး၊ ကြွက်လေးမျိုး၊ အိုးလေးမျိုး နှင့် မိုးလေးမျိုး ဖြစ်၏။
သူလည်း မှန်အောင် ဖြေနိုင်ပါသည်။ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးမှာ
ကျောင်းစာထဲတွင် မပါသော်လည်း စာရိတ္တတွင် ပါသည် ဆို၏။
နောက်တစ်ခု သီလဆိုတာဘာလဲ မေးတော့ အကျင့်စာရိတ္တ ဟု ဖြေ၏။ အကျင့်စာရိတ္တကို
ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုသည်ကို ကျွန်တော် တိတိကျကျမသိပါ။ သီလဆိုတာ ကိုယ်နှင့်နှုတ်ကို
ကောင်းစွာစောင့်ထိန်းခြင်းဖြစ်သည့်အတွက် အကျင့်စာရိတ္တနှင့် အတော်နီးစပ်ပါသည်။ သို့အတွက်
ထိုကျောင်းသူအားလည်း စာအုပ်ဆုချလိုက်ပါသည်။
လူတော်လူကောင်းဆိုတာ ဘာလဲ။ လူတော်လူကောင်းဖြစ်အောင် ဘယ်လိုကျင့်ကြံကြိုးကုတ်
အားထုတ်ရမလဲ။ မြန်မာနိုင်ငံ ကို ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင် ဘယ်လိုလုပ်ကြမလဲ။ အဲသလိုလုပ်ရာမှာ
ကျောင်းသားကျောင်းသူတွေရဲ့ အခန်း ကဏ္ဍက ဘာလဲ။ နောက်ဆုံး ဘာဖြစ်လို့ ကျောင်းတက်ကြရသလဲ။
ကျောင်းတက်ရာမှာ ထားရှိရမဲ့ ခံယူချက်နဲ့ သဘောထား စသည်များကို စုံတကာစေ့အောင် ပြောပြလိုက်ပါသည်။
ကျွန်တော်ပြောတာ ၁ နာရီနှင့် ၂၄ မိနစ် ကြာ၏။ နောက်ပြီး သူတို့ကို
အပြန်အလှန်ဆွေးနွေး၊ မေးမြန်းခိုင်းသည်။ မည်သူမှ မဆွေးနွေး၊ မမေးမြန်းကြ။ ထို့နောက်
ဦးအောင်မျိုးလတ်က ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်ပစ္စည်းပေးအပ်သည်။
နောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
(၉) ဘိုင့်ဘိုင် မြိတ်
ဟောပြောပွဲပြီးတော့ ယိုးဒယားစတိုင် ဆိုင်တစ်ဆိုင်တွင် နေ့လည်စာ
တည်ခင်းဧည့်ခံသည်။ ခရုဖင်ရှည်ကလေးများကို ငြုပ်သီး နှင့် ချက်ထား၏။ စားလို့ကောင်းပါသည်။
ကျွန်တော်က အစပ်ကြိုက်သူဆိုတော့ ယိုးဒယား ချဉ်ငံစပ်ဟင်းများကို ကြိုက်နှစ် သက်သည်။
ထိုဆိုင်မှခုံကြီးများမှာလည်း ကောင်းလှ၏။ ထိုင်ခုံများမှာ
ဘာသား ဆိုပါလိမ့်။ လေးတစ်နေ၏။ အလေးချိန်တွက်လျှင် ရိုးရိုး သစ်သား၏ သိပ်သည်းကိန်းနှင့်
တွက်လို့မရနိုင်။ ကျွန်တော် ထိုင်ခုံတစ်လုံးကို မ,ကြည့်ရာ မနည်း မ,ရသည်။ ဈေးနည်းလှမည်
မဟုတ်။
ထို့နောက် လဖက်ရည်ဆိုင် ထိုင်ကြသည်။ စားရင်းသောက်ရင်း စကားစနေပြောကြ။
သူတို့က မြိတ် သွားရေစာများဖြင့် ဧည့်ခံ ၏။ နာမည်တွေတော့ မေ့နေပြီ။ စားလို့ကောင်းပါ၏။
နေ့ခင်းပိုင်းတွင် MFD ၌ ထိုင်းမှ လုပ်ငန်းရှင်များ၌ တွေ့ဆုံဆွေးနွေးမည်ဆို၍
သွားရောက်လေ့လာနားထောင်၏။ ထို့နောက် hard drive တောင်းကာ ကျွန်တော့်ဆီမှ စာအုပ်များကို
ကူးထည့်ပေးသည်။ သို့သော် အချိန်မရ၍ အားလုံးထည့်မပေးလိုက် နိုင်။ လေယာဉ်ကွင်း ဆင်းခါနီးထိ
ရသလောက်ကူးပေးလိုက်၏။
ကျွန်တော်ရေးထားသည်များထဲမှ ကောင်းနိုးရာရာများကို ရွေးချယ်စုစည်းကာ
memory stick ထဲ၌ စုစည်းပေးပြီး ပရင့်ထုတ်။ မိတ္တူဆွဲလျက် စာအုပ်ချုပ်ကာ ကျောင်းစာကြည့်တိုက်
စသည်တို့၌ ထားပေးရန်လည်း မှာခဲ့ပါသည်။
သူတို့က ဟောပြောပွဲမျှနှင့် မရောင့်ရဲနိုင်။ သင်တန်းပေးရန်ပါ
ပြော၏။ ကျွန်တော်လည်း သင်တန်းဖြစ်အောင်သာ စီစဉ်လိုက်ပါ။ ရက်ရှည်ပိတ်ရက်များတွင် လာခဲ့ပါမည်။ လာမည့်ရက်ကို
ကြိုတင်အကြောင်းကြားပါမည်ဟု ကတိပေးလိုက်၏။ ခွင့်ရက်က အကန့်အသတ်နှင့်ဆိုတော့ ပိတ်ရက်ရှည်နှင့်
ခွင့်ရက်ကို ပေါင်းလိုက်လျှင် ဖြစ်နိုင်ပါလိမ့်မည်။
အပြန်ခရီးကျတော့ ဘုန်းမောင်တစ်ယောက်တည်း။ မိုးကလေးကလည်း တဖွဲဖွဲ။
လွမ်းစရာကောင်း ကောင်းသေးတော့။ အကောက်ခွန်က ကျွန်တော့်သေတ္တာကြီးကို ဖွင့်ပြခိုင်းသည်။
သြော - Safety harness ကြီးက X-Ray ထဲ ဘာလိုလိုကြီး သွားပေါ်နေတာကိုး။
လေယာဉ်က ထားဝယ်အများပိုင်လေကြောင်းလိုင်း။
ဆိုတော့ ခပ်နွမ်းနွမ်း။ ထိုင်ခုံကလည်း ကိုယ်ကြိုက်သလို ၀င်ထိုင်လို့ ရသည်။ ကြမ်းပြင်များမှာ
စွန်းထင်းလျက်။ ရာသီဥတုကလည်း မှုန်မှိုင်းမှိုင်း။ အပြင်မှာ မိုးတွေရွာနေသလို လေလည်းတိုက်
နေသည်။ ရင်ထဲခပ်ထိတ်ထိတ်။ မြိတ်ကနေ တော်တော်လေးဝေးလာမှ ရာသီဥတု ပြန်ကြည်လင်သွားသည်။
မြိတ်က ညနေ ၆း၁၀ နာရီထွက်။ ရန်ကုန်သို့ ၇း၄၀ နာရီရောက်။ ရောက်တော့
တက္ကစီငှားပြီး ပြန်ခဲ့၏။ မနက်ဖြန်တစ်ရက် နေပြီး ၂၉ ရက်နေ့ စင်ကာပူပြန်ရပေဦးမည်။
သည်လိုနှင့်ပင် စင်ကာပူကို ကိုယ့်အိမ်ယာမှတ်လျှက် သွားအလုပ်လုပ်လိုက်။
ကိုယ့်ဇာတိ မြန်မာပြည်ကိုတော့ ဧည့်သည် အဖြစ် ပြန်လာလိုက်နှင့် သည်သံသရာ ဘယ်တော့မှ ဆုံးမည်မသိ။
ကလေးကလည်း စင်ကာပူမှာ ကျောင်းတက်မည် ဆိုတော့ မြန်မာပြည်ပြန်လုပ်မည်ဟု မက်ထားသော အိပ်မက်ကလေး
ကွဲကျေရပြီ။ ဆိုတော့ အလုပ်က အနားယူတော့မှ မြန်မာပြည် ပြန်နေဖြစ်တော့မည် ထင်၏။ သို့သော်
အလုပ်လုပ်ချိန်လည်း သိပ်မကျန်တော့ပါ။ အသက် ၆၅ ထိ လုပ်မည်ဆိုလျှင်ပင် ၁၀ နှစ်မျှသာ ကျန်ပါတော့သည်။
သည်ကြားထဲတော့ သည်လိုပင် သွားလိုက်ပြန်လိုက် လုပ်နေရလိမ့်ဦးမည်သာတည်း။
မတ်လ၊ ၂၀၁၆ မြန်မာပြည်ခရီးစဉ် ဤတွင် ပြီးပါပြီ။
ဖတ်ရှုအားပေးသော မိတ်ဆွေအပေါင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း။
အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၀၂ နာရီ