ကျွန်တော့်ဘ၀၌ အလွန်ပျော်ခဲ့ရသောရက်များဆိုသည်မှာ
ရှားတောင့်ရှားပါးဖြစ်ပါသည်။ တစ်သက်လုံး ဒုက္ခ၊ သုက္ခတွေနှင့် နပန်းလုံးနေရသောကြောင့်
ပျော်လိုက်တာလို့ ပြောခဲ့ရသည့်အကြိမ် အလွန်နည်းလှ၏။ စိုက်ပျိုးရေးတက္ကသိုလ်မှာတုံးကတော့
တပည့်တပန်းတွေနှင့် ပျော်ခဲ့ပါသည်။ သို့သော် ယခုလို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ မပျော်မိစဖူး။
ဆယ်တန်းအောင်တုံးကနှင့် ဘွဲ့ရတုံးကလည်း
သည်လောက် အမှတ်တရဖြစ်နေမိအောင် မပျော်ခဲ့ဖူးပါ။
ကျွန်တော်တကယ်ပျော်မိသော အပျော်စစ်စစ်ကို
ယခု ရှာဖွေတွေ့ခဲ့ပါပြီ။
ပထမ အလွန်ပျော်ခဲ့တာ ၂၀၁၅ ရွေးကောက်ပွဲတွင်
NLD က မဲအပြတ်အသတ်နိုင်ကြောင်း သိရတုံးက ဖြစ်၏။ ၁၉၉၀ တုံးကလည်း ကျွန်တော်တို့တွေ ပျော်ခဲ့ကြသည်။
သို့သော် ကျွန်တော်တို့ အပျော်ကလေးမှာ တာရှည်မခံခဲ့။ မသမာသူ လူတစ်စုလက်ထဲတွင် ပျောက်ဆုံးခဲ့ရသည်။
နိုင်မယ်မှန်း သိနေပေမင့် ယခု
မဲ ၃၆၀ ဖြင့် ဦးထင်ကျော် သမ္မတဖြစ်လာတော့လည်း အလွန်ပျော်ပါသည်။ မျက်ရည်များ စိမ့်ထွက်လာအောင်
ပျော်ပါသည်။
ဒါ ငါတို့ သမ္မတကြီးဟု အားပါးတရ ခေါ်လိုက်ရတာ ဒါပထမဆုံး အကြိမ်
ဖြစ်မည်ထင်ပါသည်။ ခေါ်ရတာ စီးစီးပိုင်ပိုင်နှင့် အရသာ ရှိလှပါဘိ။
ဟိုးငယ်ငယ် - လူမဖြစ်တတ်သေးခင်က ဦးနေ၀င်းကို မြန်မာနိုင်ငံ၏
သမ္မတဟု ထင်ခဲ့မိသည်။ အထင်ကြီးလေးစားခဲ့သည် ပေါ့။
(ဦးနေ၀င်း တင်ပေးလိုက်သည့် ဦးစန်းယုကိုတော့ဖြင့် သြော်
- ဒါ ငါတို့သမ္မတပါလား ဆိုတာလောက်သာ ရှိခဲ့သည်။ အထင်လည်း မကြီးခဲ့၊ လေးလည်း မလေးစားခဲ့စဖူး။
၈၈ နောက်ပိုင်းဟာတွေတော့ စကားထဲ ထည့်မပြောပါနှင့်။)
အရွယ်ရောက်လာလို့ စာလေးဘာလေးဖတ်၊ နည်းနည်းစဉ်းစားတတ်လာတော့
ငယ်ငယ်တုံးက ဘုရားဟု ထင်နေသည့် ဟာကြီးမှာ ရွှေချထားသော တောင်ပို့ကြီးမှန်း သိရတော့၏။
ပင်နီများ လွှတ်တော်ကြီးထဲ ၀င်လာသည့်နေ့ကဆို သူတို့ကို ကြည့်နေရတာနှင့်ပင်
ကျွန်တော့်မှာ အလိုလိုနေရင်း ကြည်နူးနေမိ၏။
ကျွန်တော် သူတို့လို မလုပ်နိုင်။ သို့အတွက် သူတို့ကို အလွန်လေးစား
တန်ဘိုးထားပါသည်။
၎င်းတို့မှာ ကျွန်ုပ်တို့တိုင်းပြည်ကို တည်ဆောက်ရာတွင် အလွန်အရေးပါသည့်သူများ
ဖြစ်ပေသည်။
ယခု ကျွန်တော့်စိတ်တွင် ခံစားမိသည်ကို အမှန်အတိုင်း ထုတ်ဖော်ပြောရလျှင်
ထောင်ထဲမှ လွတ်လာသလိုပင် ခံစားမိပါသည်။ တကယ့်လွတ်လပ်ရေးရလိုက်သလိုမျိုးလည်း ခံစားမိ၏။
ထို့အတူ ရုပ်ရှင်များတွင် ကြည့်ရသကဲ့သို့ မကောင်းဆိုးဝါးများ
တဖြည်းဖြည်း ဝေးလွင့်ပျောက်ကွယ်သွားနေသည်ကိုလည်း
စိတ်အာရုံတွင် မြင်နေရသည်။
စာဆို ရှင်မဟာရဋ္ဌသာရ (စာဆိုနာမည် မှားနေလျှင် ပြင်ပေးပါ။ ၉
တန်း၊ ၁၀ တန်းတုံးက ကျက်ခဲ့တာဆိုတော့ မေ့နေပြီ။) ၏ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးသို့
ဆိုသောစကားအရ ကျွန်တော် လူ ၄ မျိုး ကို မြင်ပါသည်။
၁။ တော်လည်းတော်၊ ကောင်းလည်းကောင်းသည့်လူ
၂။ တော်တော့တော်သည်၊ မကောင်းသည့်လူ
၃။ ကောင်းတော့ကောင်းသည်၊ မတော်သည့်လူ
၎။ တော်လည်းမတော်၊ ကောင်းလည်းမကောင်းသည့်လူ
သည် လူ ၄ မျိုးအနက် နံပါတ် (၁) လူစားမှာ အင်မတန် ရှားသည်။
နံပါတ် (၂) လူစားမှာ နံပါတ် (၁) နှင့်ယှဉ်လျှင် အတော် များပေမည်။ နံပါတ် (၃) နှင့်
(၄) မှာမူ အများစုဖြစ်၏။
တော်ပြီးမကောင်းသည့်လူမှာ ကောင်းပြီးမတော်သည့်လူထက် ပိုပြီးအန္တရာယ်များသည်။
ဟစ်တလာဆိုတာ သူ့ခေတ်သူ့အခါက ဧကရာဇ်တစ်ပါး မဟုတ်ပါလား။ သူ
မတော်ဘဲနှင့် ဤနေရာရပါမည်လား။ မလွယ်ပါ။ သူသည် လူတော်တစ်ယောက်ဖြစ်၏။ သို့သော် လူကောင်းစာရင်းဝင်မဟုတ်တာတော့
သေချာပါသည်။
ယခု လောလောလတ်လတ် လူတစ်ယောက်ကို ပြပါဆိုလျှင် အိုစမာဘင်လာဒင်ကို
ပြရပါလိမ့်မည်။ အိုစမာကို လျှော့မတွက်ပါ နှင့်။ သည်လောက် ခေတ်မီစက်ကိရိယာပစ္စည်းတွေ
ရှိနေသည့် အမေရိကန်ကိုတောင် နှစ်ပေါင်းများစွာ မျက်ခြည်ဖြတ် ထားနိုင်ခဲ့သည်။ သူ့လူတွေကို
အဝေးရောက်စနစ်ဖြင့် ထိန်းချုပ်ကာ လိုသလို ကစားနိုင်ခဲ့သည်။
ယခု သူ့လက်ကျန်လူတွေကိုရော အပြီးအပြတ် နှိမ်နှင်းနိုင်ပါသလား။
တစ်ကမ္ဘာလုံးရှိ အကောင်းဆုံးစစ်တပ်ပိုင်ရှင်ကြီးများက နှစ်ပေါင်းများစွာ ထိုးစစ်ဆင်နေတာတောင်
အပြုံးမပျက် တောင့်ခံနေနိုင်တာ တော်ရုံ့သတ္တိ၊ တော်ရုံအရည်အချင်းနှင့် မဖြစ်နိုင်။
သို့သော် အိုစမာကြောင့် ခုနစ်ရက်သားသမီးများ ဒုက္ခပင်လယ်ဝေကြရသည်။
အများပြည်သူတို့ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးကြရသည်။
ကောင်းပြီး မတော်သည့်လူမှာမူ လူများကို ဒုက္ခမပေးသည့်တိုင်
လူ့လောကကြီးအတွက် သိပ် အသုံးတည့်မည့်သူမဟုတ်။
တော်လည်းမတော် ကောင်းလည်းမကောင်းဆိုသူများကား ဤဒွန္နယာကြီးတွင်
အများဆုံး ဖြစ်သတည်း။
ကျွန်တော်တို့တိုင်းပြည်တွင်မတော့ မိမိကိုယ်ကိုယ် တော်လှပြီဟု
ထင်နေသူများက သူတော်ကောင်းယောင် ဆောင်ပြနေကြ သည်။ အကယ်တန္တု ၎င်းတို့မှာ တော်လည်းမတော်၊
ကောင်းလည်းမကောင်းသူများ ဖြစ်ကြ၏။ သို့သော် ဉာဏ်နီဉာဏ်နက် ထုတ်သည့်နေရာတွင်မူ အခြားသူများထက်
သာလေသည်။ ထို့ကြောင့် အမှတ်မဲ့ကြည့်လိုက်လျှင် ၎င်းတို့ကို လူတော်များဟု ထင်ရသယောင် ရှိ၏။
အမှန်မှာ တော်တာမဟုတ်၊ ယုတ်မာတာသာ ဖြစ်လေသည်။
ယခု ကျွန်တော်တို့ တော်လည်းတော်၊ ကောင်းလည်းကောင်းသည့်သူကို
ရပြီ။ တော်လည်းတော်၊ ကောင်းလည်းကောင်း သည့်သူများကိုလည်း ရကြပြီ။ မကောင်းလျှင် ဖြုတ်ချနိုင်မည့်
အခွင့်အာဏာသည် ကျွန်ုပ်တို့လက်တွင်း ရောက်နေပြီ။
ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကို ကိုယ့်ဘာသာ ဖန်တီးခွင့် ရကြပြီ။
နေထွက်လာသည့်အခါ ကြယ်များ ပျောက်ကုန်ရသည့်နှယ် အနှီမကောင်းဆိုးဝါးများသည်
ကျွန်ုပ်တို့၏ လက်သန်းတည်း ဟူသော သံပုံးဖြင့် တီးထုတ်လိုက်၍ ရွာပြင်ထွက်ပြေးကုန်ကြရပြီ။
ပေါင်ချိုင်ထဲတွင် စွဲနေသည့် ၀ဲခြောက်ကဲ့သို့ အနည်းငယ် ကပ်ကျန်နေသည့် လဒများကိုတော့
အချိန်ယူကာ တောထုတ်ပစ်ကြရမည်။
ဇာတ်လမ်းက ယခုမှစရမည် ဖြစ်၏။
ကျွန်ုပ်တို့၌ လုပ်စရာ တာဝန်တွေများပြားလှဘိသည်။
အရေးကြီးဆုံးအရာကား တရားဥပဒေစိုးမိုးရေး ဖြစ်၏။
တရားဥပဒေစိုးမိုးလာပြီဆိုလျှင် လူတို့၏ ကိုယ်ကျင့်တရားများကို
အချိန်ယူပြီး ပြုပြင်ယူလို့ရသည်။
နိုင်ငံထူထောင်ရေးအတွက် နိုင်ငံခြားရောက် မြန်မာပညာရှင်တွေကို
ပြည်တွင်းသို့ ပြန်လည် ကဲ့ယူရမည်။
ပြည်တွင်း၌ ရောက်နှင့်နေပြီးသော၊ ပြည်တွင်းသို့ ၀င်လာလတ္တံ့သော
နိုင်ငံခြားသား အလုပ်သမားများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်ဖြစ်လာအောင် လုပ်ရမည်။
လူအရင်းအမြစ် ပြုစုပျိုးထောင်ရေးကိစ္စ။
ဓာတုပစ္စည်းများကို မလျော်ကန်သည့်နေရာများတွင် အဆမတန် သုံးစွဲနေသည့်ကိစ္စ။
နိုင်ငံလူဦးရေ၏ ၇၀% ရှိသော တောင်သူများ ပိုးသတ်ဆေးအသုံးပြုရာတွင်
အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ရေးကိစ္စ။
တော်ကြာ ဟိုနားလောင်လိုက်၊ တော်ကြာ ဒီနားလောင်လိုက်နှင့်
မီးများ မကြာခဏ လောင်နေသည့်ကိစ္စ။
ကားကြပ်တာကိုအခွင့်ကောင်းယူ ခွင်ဖန်ကာ တံတားများ တစ်စင်းပြီးတစ်စင်းထိုးနေသည့်ကိစ္စ။
ပညာရေးကို ပြန်လည်ထူထောင်ရေးကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စ။
အများကြီးခင်ဗျာ။
အနိုင်ရပြီဆိုပြီး ကျွန်ုပ်တို့ ပျော်နေရုံနှင့် မပြီးသေး။
ကိုယ်ကျရာတာဝန်ကို ကိုယ်တတ်နိုင်သလောက် ကျေကျေပွန်ပွန် ထမ်းဆောင်ကြဘို့လိုသည်။
သိပ်လည်းအထင်ကြီးမနေနဲ့။ မင်းတို့တော်လို့မဟုတ်ဘူး။ NLD ဆိုတဲ့တံဆိပ်ကြောင့်နိုင်တာ
ဟု အကျိုးမရှိ၊ သိမ်ဖျဉ်းသော စကားများ ပြောဆိုခြင်းကို ရပ်တန်းက ရပ်ကြပါ။
လွှတ်တော်ကိုယ်စားလှယ်များ မသိလျှင် ကျွန်တော်တို့ ပြောပြကြရမည်။
သူတို့လိုတာ ကျွန်တော်တို့က ပံ့ပိုးပေးကြရမည်။
သူ့တို့ကို ကဲ့ရဲ့သဂြိုဟ် အတင်းဆိုနေရုံဖြင့် အဘယ်အကျိုးရှိအံ့နည်း။
အလှည့်ကျလျှင်ဖြင့် မနွဲ့ကြစတမ်းသာပ။
ယခု ကျွန်ုပ်တို့အလှည့် ရောက်လာပြီ။
ကျွန်ုပ်တို့အားလုံး၏ လက်များဖြင့် ပြည်ထောင်စုသစ်ကြီးကို
တည်ဆောက်ကြပါစို့။
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၆ မတ်လ၊ ၂၀၁၆
မှတ်ချက်။ ။
နှာစေးချောင်းဆိုး ဆက်တိုက်ဖြစ်နေ၍ ကျွန်တော် သိပ်နေမကောင်းပါ။ အရေးထဲ သင်တန်းကလည်း
ရက်တိုင်းလို ရှိနေ။ အလုပ်ကလည်း မအား။
ရန်ကုန်တွင် ဟောပြော/ပို့ချရမည့် သင်တန်းစာရွက်စာတမ်းများပြင်နေရတာကတဖက်။
(အဲဒါတွေကလည်း မပြီးသေး)
ဆိုတော့ ဘာစာမှ မရေးဖြစ်တာ အတော်ကြာ။
ခုတော့ မနေနိုင်လို့မို့ ထမင်းစားချိန်ဖဲ့ပြီးရေးလိုက်တာ
ဖြစ်ပါသည်။
No comments:
Post a Comment