Sunday, April 24, 2016

မြန်မာပြည် ခရီးတထောက် (၂)

(၄) မြိတ် ခရီးစဉ်

ကိုနိုင်ဝင်းက သူတို့မြိတ်ကိုလည်း Safety အကြောင်းလာပြောပါဦးဟု ဖိတ်ခေါ်သဖြင့် ကျွန်တော်က မတ်လ ၂၆၊ ၂၇ ကို ရက်ရွေးလိုက်၏။ ၂၆ ရက်နေ့တွင် Safety အကြောင်းပြောပြီး ၂၇ ရက်နေ့တွင် ကျောင်းသားကျောင်းသူများကို ပညာရေး အကြောင်း ပြောမည်ဖြစ်ပါသည်။ ဖိတ်ကြားသည့်အဖွဲ့မှာ မြိတ်မြို့မှ အင်ဂျင်နီယာလူငယ်အများစု ပါဝင်ဖွဲ့စည်းထားသည့် မြိတ် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် (မြိတ်မြို့) - MFD (Myeik Future Development Public Co. Ltd.) ဖြစ်၏။

မတ်လ ၂၅ ရက်နေ့တွင် ကိုနိုင်ဝင်း စင်ကာပူမှ ပြန်လာသည်။ ကျွန်တော်နှင့် မနက်ဖြန်မနက် လေယာဉ်ကွင်းမှာတွေ့ဘို့ အချိန်းအချက်လုပ်ကြ၏။ လေယာဉ်က ၇ နာရီဆိုတော့ Check-in လုပ်ရန် လေယာဉ်ကွင်းမှာ ၅ နာရီခွဲ တွေ့ကြမည်ဟု ချိန်းဆိုလိုက်သည်။

ကျွန်တော်ကတော့ ၅ နာရီခွဲဆို ၅ နာရီခွဲရောက်လာမှ ကြိုက်သည်။ သည့်အတွက် ကျွန်တော် လေယာဉ်ကွင်းရောက်တော့ ၅ နာရီခွဲ။ ၁၅ မိနစ်လောက်ကြာတော့ ကိုနိုင်ဝင်းရောက်လာသည်။ သို့သော် အတူသွားမည့် ကိုမျိုးကျော်က ၆ နာရီကျော်သည် ထိ ရောက်မလာသေး။ Check-in လုပ်သည့်နေရာတွင် ဘယ်သူမှမရှိတော့။ ကျွန်တော်က ကိုနိုင်ဝင်းကိုလောဆော်သည်။ လာနေပြီ၊ လာနေပြီဆိုပြီး တော်တော်နှင့်ရောက်မလာ။ အချိန်ကို မလေးစားရကောင်းလားဟု ကျွန်တော် အတော်ဒေါသထွက် လာသည်။ ကိုနိုင်ဝင်းကတော့ သူတို့က မြိတ်ကိုအမြဲသွားနေကျဆိုတော့ မြိတ်လေယာဉ်အထာသိလို့ အေးအေးဆေးဆေး လုပ်နေတာဟု ဆို၏။

သူရောက်လာတော့ အားလုံးပေါင်းပြီး Check-in လုပ်သည်။ ကျွန်တော်တို့ နောက်ဆုံးဖြစ်၏။ မောင်မင်းကြီးသားက အေးအေး ဆေးဆေးပင်။ နောက်တော့ အပေါ်ထပ်တက်ကာ မုံ့စား၊ လက်ဖက်ရည်သောက်ရင်း လေယာဉ်စောင့်ကြ၏။

လေယာဉ်ကလည်း အချိန်မှန်ပါသည်။ မနက် ၇ နာရီတွင် လေယာဉ်ထွက်၏။ Myanmar National Airline ဖြစ်ပြီး အမြင့်ပေ တစ်သောင်းခြောက်ထောင်မှပျံသည်။ ရန်ကုန်မှ မြိတ်သို့ တစ်နာရီခွဲကြာ၏။ ဂျက်လေယာဉ်ဆိုရင်တော့ မိနစ် ၅၀ ပဲကြာတယ် ဟု ကိုနိုင်ဝင်းကပြော၏။ လေယာဉ်ခရီးစဉ်အမှတ် UB305 ဖြစ်ပြီး အစားအသောက်များလည်း ကျွေးပါသည်။ မဆိုးပါ။ လေယာဉ်လက်မှတ်ခ ၈ သောင်း သုံးထောင် ဖြစ်၏။ (အပြန်လေယာဉ်မှာမူ Apex Airline ခေါ် ထားဝယ်အများပိုင် လေကြောင်း ဖြစ်ပြီး လေယာဉ်လက်မှတ်ခမှာလည်း ၆ သောင်း ၈ ထောင်မျှသာ ကျသင့်ပါသည်။) ကိုမျိုးကျော်ကတော့ တစ်ချိန်လုံး အိပ်လိုက်လာသည်။ သူက ၀၀ဖိုင့်ဖိုင့်ကြီး။ သူ့ဘေးနားကျသူမှာ ပိန်ပိန်သေးသေး ကလေးမလေးကြောင့်သာ တော်တော့သည်။

မနက် ၈ နာရီခွဲခန့်တွင် မြိတ်မြို့သို့ လေယာဉ်ဆိုက်၏။ ကျွန်တော့်အတွက်တော့ အရာရာ အသစ်အဆန်းချည်း ဖြစ်၏။ တောမြို့ လေယာဉ်ကွင်းကိုလည်း တွေ့ဖူးရသည်ပေါ့။ ထို့နောက် ကျွန်တော်တို့ကို မြိတ်ကတ်ကျေးကိုက် လိုက်ကျွေးကြသည်။ ကတ်ကျေးကိုက်ဆိုသော်လည်း စားပွဲပေါ်လာချပေးသည်မှာ အတော် အမယ်စုံသည်။ ကျွန်တော်လည်း ဘာကို ဘယ်ကစ စားရမှန်းမသိ၍ သူတို့အရိပ်အချည် ကြည့်နေရ၏။ နောက်တော့ သူတို့စားသလို လိုက်စားသည်။

ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း အောက်ထပ်ကို တိုင်များလွှတ်ထားကာ အပေါ်ထပ်ကို ကွန်ကရိလောင်းထားတာ တွေ့ရ၍ အံ့သြမိသေး၏။ သည်လိုနေရာမျိုးဆို စင်ကာပူတွင် post tensioning ဆွဲမည်။ သည်မှာတော့ ဘာရလိမ့်မတုံး။

စားသောက်ပြီးနောက် ဘုရားသို့လိုက်ပို့သည်။ ကျွန်တော်က သူတို့လုပ်ကိုင်နေသည်များကို ကြည့်ချင်သေးသဖြင့် လုပ်ငန်းခွင် ထဲသွားချင်သည်ဆိုတော့ လိုက်ပို့ကြသည်။ လုပ်ငန်းခွင်မှာ အတော်ကျယ်၏။ အိမ်ယာသစ်များ ဆောက်နေတာဖြစ်ပါသည်။ အောက်ဆင်းကြည့်တော့ Unsafe Act and condition တချို့ တွေ့ရ၍ ဓာတ်ပုံရိုက်ယူခဲ့၏။ ဟောပြောပွဲတွင် ပြသရန်ဖြစ်ပါ သည်။







(၅) လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဟောပြောပွဲ


ထို့နောက် တည်းခိုမည့်ဟော်တယ်သို့လိုက်ပို့သည်။ ဟော်တယ်မှာ တော်တော်လေးကောင်းပါသည်။ များသောအားဖြင့် ထိုင်းက ဧည့်သည်တွေလာကြတယ်ဟု ကိုနိုင်ဝင်းက ရှင်းပြ၏။ နောက် ရေမိုးချိုးပြီး ခဏနားသည်။ အင်တာနက်ရသော်လည်း နှေးလှ၏။ ပြောရမည်များကို တစ်ခေါက်ပြန်ဖတ်သည်။ ဟောပြောပွဲက ညနေ ၃ နာရီမှဆိုတော့ အချိန်ရပါသည်။ ၂ နာရီခွဲ လောက်တွင် ကိုနိုင်ဝင်းတို့လာခေါ်၏။ ဟောပြောပွဲလုပ်သည့်နေရာမှာ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဘုံတိုက်စိမ်း မင်္ဂလာခန်းမ ဖြစ်ပါသည်။ အခန်းက အတော်ကျယ်၏။ စင်မြင့်လည်းရှိသည်။ ပရိုဂျက်တာ နှစ်လုံး ဆင်ထား သည်။ လူ ၃ - ၄၀၀ လောက်တော့ အသာလေး ဆန့်သည်။ အဲယားကွန်းလည်း တပ်ဆင်ထား၏။ အခန်းငှားခက တစ်နာရီကို တစ်သိန်းမှန်း နောက်မှသိရ၏။ ဆိုတော့ ကျွန်တော်တို့ဟောပြောပွဲလုပ်သည့် ၆ နာရီစာလောက်အတွက် အခန်းငှားခချည်း ၆ သိန်းလောက် ကျသည်။ သိပ်တော့မနည်းလှပါချေ။













ကျွန်တော်က အခန်းငှားခ ဈေးကြီးလှကြောင်းပြောရာ ကိုနိုင်ဝင်းက ဒါကို သူတို့လည်း တွက်မိပါသည်။ သို့သော် သည်အခန်းက ကျယ်လည်းကျယ်သည်။ အဲယားကွန်းလည်းရှိသည်ဆိုတော့ နားထောင်သူများ သက်တောင့်သက်သာ ရှိစေရန် ရွေးလိုက်ကြောင်း ပြော၏။ ချွေးတလုံးလုံးနှင့်ဆိုလျှင် ပြောသည့်အထဲ စိတ်ပါဝင်စားမှုနည်းမှာစိုး၍ ဈေးကြီးသည့်တိုင် အဲယားကွန်းခန်းကို ရွေးလိုက်သည့် သူတို့၏ စေတနာကို ကျွန်တော့်မှာ မလေးစားပဲ မနေနိုင်ပါချေ။

လိုချင်သူများဝယ်နိုင်စေရန် ကျွန်တော်ရေးသည့်စာအုပ်များကို ယူသွားရာ တော်တော်များများ ရောင်းရသည်ကို တွေ့ရပါသည်။ ကျောင်းစာကြည့်တိုက်များနှင့် နည်းပညာတက္ကသိုလ်တို့အတွက် စာအုပ်တစ်စုံစီ လှူလိုက်သည်။

ဟောပြောပွဲတက်ရောက်လာကြသူများမှာ တစ်သုတ်ပြီးတစ်သုတ် တဖွဲဖွဲရောက်လာနေရာ များမကြာမီပင် ခန်းမကြီးတစ်ခုလုံး ပြည့်သွားပါတော့၏။ ဟောပြောပွဲလာသူများကို ကိုနိုင်ဝင်းက မိတ်ဆက်ပေး၍ သူတို့နှင့် စကားစနေပြော၏။ ကျွန်တော်တို့ ဟောပြောပွဲသို့ ရန်ကုန်စက်မှုတက္ကသိုလ် ဒုပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာလွင်အောင်က ဘုန်းကြီးဝတ်နှင့် ရောက်လာသည်။ ကျွန်တော်ကျောင်းသားဘ၀က ဆရာတို့ကျောင်းမှာရှိပါသေးသည်။ ယခုတော့ အသက်ကြီးလှပြီ။

ခဏနေတော့ အခန်းအနားစ၏။ ဦးပဉ္စင်း (ဒေါက်တာလွင်အောင်) က အဖွင့်အမှာစကား နည်းနည်းပြော၏။ ထို့နောက် ကျွန်တော် စပြောသည်။

တက်ရောက်လာသူများမှာ အလွှာစုံမှ ဖြစ်၏။ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများလည်းပါသည်။ MFD မှ အင်ဂျင်နီယာများအပါအ၀င် ၀န်ထမ်းအားလုံး၊ အလုပ်သမားများ၊ စိတ်ဝင်စားသူများနှင့်ဆိုတော့ ကျွန်တော်လည်း အားရပါးရ ပြောအားရှိသည်။ လူလေး ၂ ယောက် တစ်ပိုင်းလောက်ပြောရသည့်ပွဲများတွင် ကျွန်တော့မှာ အသံပင်မထွက်တတ်။

ကျွန်တော့်အတွက် ၂ နာရီပေးထားသဖြင့် အေးအေးဆေးဆေး ပြောလို့ရပါသည်။ ကျွန်တော်က ဆိုဒ်ထဲမှ ရိုက်လာသော ဓာတ်ပုံများကိုပါပြ၍ ရှင်းလင်းပြောပြ၏။ သူတို့အားလုံး စိတ်ဝင်တစား နားထောင်ကြပါသည်။ ကျွန်တော်က လုပ်ငန်းခွင် မတော်တဆမှု ဗီဒီယိုအပိုင်းကလေးများပြရာ accident ဖြစ်သည့်နေရာများ၌ ဟင်ကနဲ၊ ဟာကနဲ အသံများကြားရ၏။ ယူသွားသော safety harness, safety glasses, rubber gloves, respirator စသည်တို့အပြင် သူတို့၌ရှိသော safety shoe, handgloves များပါ ယူလာပေးသဖြင့် လက်တွေ့ပြရာ၌ အထောက်အကူ များစွာရပါသည်။

ကျွန်တော်လည်း ရောက်သည့်နေရာတိုင်းတွင် ပြနေကျဖြစ်သော လူအားဖြင့် ပစ္စည်းမ,ခြင်းကိုလည်း သရုပ်ပြလိုက်ပါသေး သည်။ ဆိုတော့ စုစုပေါင်း ၂ နာရီလောက်ကြာ၏။ မေးခွန်းမေးပါဆိုတော့ သိပ်မမေးကြ။ မေးနေမကျ၍တကြောင်း၊ သည်ဘာသာရပ်က သူတို့အတွက် အသစ်ဖြစ်နေသေး၍ တကြောင်းတို့ကြောင့် ဖြစ်ပါလိမ့်မည်။

ကျွန်တော်ပြောပြီးတော့ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက်ပြီးတော့ တော်တော်များများ ပြန်သွား၏။ နောက်ပြောမည့်အကြောင်းအရာက Electrical Design ဆိုတော့ အင်ဂျင်နီယာများလောက်ပဲ ကျန်သည်။ အခန်းတစ်ဝက်ပင် မပြည့်ချင်။ သို့သော် ကိုမျိုးကျော်ကတော့ အားပါးရ စုံရေဆန်ရေ ပြောပါသည်။

သူတို့ပြောပြသည့်အတွက် မြိတ်တွင် သည်လိုဟောပြောပွဲလုပ်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရ၏။ ကျွန်ုပ်လည်း ကိုယ့်ဘာသာကိုယ် လက်မထောင်မိလေ၏။ နောက်ထပ် ဟောပြောပွဲများလုပ်ချင်လျှင်လည်း ကြိုပြီးအကြောင်းကြားလိုက်ပါ။ ကျွန်တော် ကြိုးစားလာခဲ့ပါမည်ဟု ပြောသော် သူတို့က ဟောပြောပွဲထက် ရက်တိုသင်တန်းပေးစေချင်ကြောင်း ပြောကြ၏။ ကျွန်တော်လည်း စဉ်းစဉ်းစားစားနှင့် အချိန်ရရင်တော့ လာခဲ့ပါမယ် ဟု မယုတ်မလွန် ပြောခဲ့ရ၏။ အနို့ ကိုယ်က သူများဆီမှာ လခစားအလုပ် လုပ်နေရတော့ ကိုယ့်ကိုယ်ကိုယ်မှ မပိုင်ဘဲကိုး။ ဘယ့်နှာ တရားသေပြောလို့ဖြစ်ပါမတုံး။

ဟောပြောပွဲပြီးတော့ သူတို့က ညနေစာ ထမင်းလိုက်ကျွေးသည်။ တကယ့်ကို အလျှံပယ်ပါ။ ကျွန်တော်က သိပ်လည်း စားနိုင်သူ မဟုတ်လေတော့ ဟိုဟာနည်းနည်း၊ သည်ဟာနည်းနည်း စားရင်းနှင့်ပင် ဘိုက်ပြည့်တော့၏။ ဘီယာသောက်ရတာ ကို ကြိုက်နှစ်သက်သော်လည်း တမင်ပင် ရှောင်လိုက်ပါသည်။ စင်ကာပူမှာလည်း သည်လိုပင် သွားရေတမြားမြားနှင့် မသောက်ဖြစ်အောင် ကြိုးစားခဲ့သည် မဟုတ်ပါလား။

အားလုံးစားသောက်ပြီး ပြန်ခဲ့တော့ ည ဆယ်နာရီတောင်ခွဲနေပြီ။ ရေမိုးချိုးပြီး ကိုမျိုးကျော်လာအုံးမလား စောင့်နေသေးသော် လည်း မပေါ်လာသည်နှင့် ၁၁ နာရီခန့်တွင် အိပ်ယာဝင်ခဲ့ပါတော့၏။

(၆) သာယာလှပသော မြိတ်မြို့

မနက် ၆ နာရီခွဲလောက်တွင် ကိုနိုင်ဝင်းလာခေါ်ပြီး ဘုရားလိုက်ပို့သည်။ စေတီတော်ကို ရွှေသင်္ကန်းကပ်ရန် ၀ါးငြမ်းများ ကိုယ်လုံးပြည့် ဆင်ထားသည်ကို တွေ့ရသည်။ ဘုရားကို ငြမ်းဆင်ရာတွင် သံငြမ်းထက် ၀ါးငြမ်းက ပိုမိုသင့်တော်သည်။ ၀ါးက ကွေးလို့ရသဖြင့် ဘုရားကိုယ်လုံးပုံစံအတိုင်း လိုက်ကွေးကာ ဆင်လို့ရသည်။ ယခင် ဘိုးဘွားအဆက်ဆက်က ငြမ်းဆင်နည်း အတတ်ပညာကို သင်ယူလာခဲ့သဖြင့် ကျွမ်းကျင်နေပြီ။ ဘာ Method Statement မှ မလို။

ရင်ပြင်တော်ပေါ်တွင် ဂြိုဟ်တိုင်များနှင့် ပန်းတင်ခုံများကို သန့်ရှင်းရေးလုပ်နေသော လူငယ်များကို တွေ့ရ၏။ မြန်မာတို့၏ ချစ်စရာကောင်းသော အလေ့အထပင်။ အချို့မှာ အေးအေးဆေးဆေး ဘုရားဝတ်ပြုနေကြသည်။ ဘုရားပရ၀ုဏ်အတွင်း ရောက်သွားပါက လူတိုင်း စိတ်၏ငြိမ်းချမ်းခြင်းအရသာကို ခံစားကြရပါလိမ့်မည်။ အိမ်မှာနေသည်ထက် ဘုရားလာခြင်းက ဘုရားကို ပိုပြီးအာရုံပြုလို့ကောင်းသည်။ ပတ်ဝန်းကျင်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ ခေါင်းလောင်းသံ၊ ကြေးစည်သံ၊ အမျှဝေသံ စသည်တို့က ကုသိုလ်စိတ်ကို တိုးပွားစေသည်။ တန်ဆောင်းထဲတွင် တရားထိုင်နေသူများကို တစ်ယောက်စ နှစ်ယောက်စ တွေ့ရ၏။













စေတီတော်ကို ကုန်းမြင့်ပေါ်တွင်တည်ထား၍ မြို့ကို အပေါ်စီးမှ မြင်နေရသည်။ ရှုခင်းမှာ သာယာလှပါဘိ။
မြိတ်ကို မီးက ဒုက္ခပေးတယ်ဆရာ။ မြို့လေးစည်ပြီးတက်လာမယ်ကြံလိုက်၊ မီးက ထ လောင်လိုက် ဖြစ်နေတယ်။ ကျွန်တော် မှတ်မိတာတင် မြိတ်မှာ မီးလောင်တာ ၃ ကြိမ်မကတော့ဘူး ဟု ကိုနိုင်ဝင်းကပြောသည်။ ကျွန်တော်က အပေါ်စီးမှ မြင်နေရသော မြို့၏ တည်ဆောက်ပုံကိုပြလျှက် မီးဘေးအလွန်စိုးရိမ်ရကြောင်း ရှင်းပြ၏။ အရေးအကြောင်းဆို မီးသတ်ကား ၀င်လို့ မရသောနေရာတွေ များစွာရှိသည်။ အထူးသဖြင့် မြို့မဈေးကြီးဖြစ်၏။ ဆိုင်အားကို တစ်နေရာတည်းတွင် စုပြုံ ဆောက်ထားသောကြောင့် မီးဟေ့ဆိုလျှင် တစ်ဈေးလုံးပြာကျရန် အလွန်လွယ်လှသည်။ အလွယ်တကူ မီးမကူးစေရန် ဈေးကို လေးစိတ်ပိုင်းထားသင့်ကြောင့် ထိုအလယ်လမ်းကိုလည်း မီးသတ်ကားဝင်လို့ရနိုင်ရန် စီမံထားသင့်ကြောင်းများ ရှင်းပြ၏။ သို့သော် ကိုနိုင်ဝင်းကိုပြောရုံဖြင့် ဘာအကျိုးထူးပါမည်နည်း။ မြို့ပြစည်ပင်သာယာရေးအဖွဲ့ စသည့် အရာရောက်သူများက သေသေချာချာ နားလည်သဘောပေါက်ပြီး လုပ်ကြမှ ဖြစ်မည်။

ဟိုး ခပ်လှမ်းလှမ်းတွင်မတော့ ကျွန်းညီနောင်ကို တွေ့ရ၏။ လမ်းမပေါ်တွင် လူအများမှာ ၀မ်းရေးအတွက် တစ်နေ့တာလုပ်ငန်း စရန် လှုပ်ရှားသွားလာနေကြပြီ။

ခဏနေသော် ပြန်ဆင်းခဲ့ပြီး ဟော်တယ်ဝင်ကာ မနက်စာစားကြ၏။ သူတို့ဒေသထွက်မုံ့များမှာ စားလို့ကောင်းပါသည်။ မုံ့တစ်ခုကိုပြကာ ကိုနိုင်ဝင်းက ဟောသည်မုံ့ကို မီဒီယာသမားတစ်ယောက်က သူ့ဟာသူဆွဲတွေးပြီး အမျိုးသမီးပစ္စည်း နာမည်တပ်လိုက်လို့ ကျွန်တော်တို့မှာ စားဘို့တောင် ပါးစပ်မရဲဘူးဖြစ်ရသေးတယ် ဟု ရယ်မောကာ ပြောပြ၏။

ကိုမျိုးကျော်က ကျွန်တော်က အင်ဂျင်ကြီးတော့ လောင်စာများများလိုတယ် ဟု ဆိုကာ အသားကုန် တုပ်လေ၏။ စားသောက်ခန်းကို ဟော်တယ်အပေါ်ဆုံးထပ်မှာလုပ်ထားရာ သဘာဝရှုမြော်ခင်းများကို ကြည့်ရင်း နံနက်စာကို အရသာခံ စားသုံးနိုင်လေသည်။

ဟောပြောပွဲက ၉ နာရီမှစမှာဆိုတော့ အချိန်ရသေးသည်နှင့် ကမ်းနားဘက်လိုက်ပြပါသည်။ ဆိပ်ခံတံတားနှင့် ဆီများ အရောင်းအ၀ယ်လုပ်နေသည်ကို တွေ့ရ၏။ ကလေးလုပ်သမားများလည်း ပါသပေါ့။ ဟောဒီလက်ရမ်းပေါ်တက်ထိုင်တာ လက်ရမ်းကျိုးကျပြီး ကိုးတန်းကျောင်းသားတစ်ယောက် သေဖူးတယ် ဟု ကိုနိုင်ဝင်းက ပြောပြပါသည်။ ယခင်က လက်ရမ်းများ မှာ ခနော်ခနဲ့။ ယခုမူ သံဘောင်များဖြင့်ပြုလုပ်ထားပြီးဖြစ်၏။

အဲဒီလှေတွေက ကင်းမွန်ငါးဖမ်းလှေတွေ။ ကင်းမွန်ငါးတွေက ညဘက်မီးရောင်ရှိတဲ့ဆီကို လာကြတော့ ၀ါးလုံးတန်းတွေမှာ မီးသီးလေးတွေထွန်းထားတာ။
ကမ်းခြေလမ်းတလျှောက် အမှိုက်ပုံးများကို ကြိုကြားကြိုကြားတွေ့ရသည့်တိုင် ပင်လယ်တွင်းသို့ အမှိုက်များ ပစ်ချထားသည်ကို တွေ့ရပါသေးသည်။ သို့သော် ကမ်းခြေအရှည်နှင့်စာလျှင် မပြောပလောက်ပါ။ အချို့အမှိုက်များမှာ အင်ဂျင်ကိုင်ရာမှ ထွက်လာသည့် engine oil filter, air cleaner element စသည့် ပစ္စည်းများဖြစ်သဖြင့် ရေနေသတ္တ၀ါများအား ဒုက္ခ ကောင်းကောင်းပေးမည့် အမှိုက်များ ဖြစ်၏။

ကျွန်တော်တို့မြို့မှာ အမှိုက်ကောက်တဲ့ ပရဟိတအဖွဲ့ ရှိတယ်။ ခုလောက်သန့်ရှင်းနေတာ သူတို့ရှင်းထားလို့။ ဒါပေမဲ့ သူတို့က တစ်ဖွဲ့တည်းဆိုတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို မနိုင်ဘူး။

ဟောဟိုကဟာ အမြန်ရေယာဉ်တွေပေါ့ ဆိုသဖြင့် လှမ်းကြည့်တော့ စင်ကာပူက ပင်ဂွင်ဘုတ်များနှင့် တူတူသေးတော့။ အဲဒီ speed boat လေးတွေက အင်ဒိုနီးရှားကိုပြေးတဲ့ စင်ကာပူကဘုတ်တွေနဲ့ တူသကွဲ့ ဆိုတော့ အဲဒါတွေက မလေးရှား၊ ပီနန်က မှာထားတာတွေ။ ဒီနေရာနဲ့ ပီနန်နဲ့ကသိပ်မဝေးတော့ စီးပွားရေး အဆက်အစပ်ရှိတယ် ဟု ကိုနိုင်ဝင်းက ရှင်းပြ၏။ တဆက်တည်း တွေးမိသည်မှာ သည်ကဲ့သို့သော အမြန်ရေယာဉ်များ ကျွန်ုပ်တို့ အဘယ်ကြောင့် မလုပ်နိုင်ရပါမည်နည်း။

မြန်မာပြည်တွင် ရေကြောင်းခရီးသွားလာမှုမှာ မနည်းလှပါ။ မြစ်ကြီးနားမှသည် ကော့သောင်းထိ၊ ရခိုင်ကမ်းရိုးတမ်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ စသည်တို့တွင် ရေလမ်းခရီးသွားလာမှုကို တွင်တွင်ကျယ်ကျယ် သုံးကြပါသည်။ သို့အတွက် သည်ကဲ့သို့ အမြန်ရေယာဉ်တည်ဆောက်သော သင်္ဘောကျင်းများ မြန်မာနိုင်ငံတွင် ပေါ်ထွက်လာစေချင်လှသည်။ ကျွန်တော် ၂၀၀၅၊ ၂၀၀၆ ခုနှစ်များက စင်ကာပူနိုင်ငံ Marintecknik သင်္ဘောကျင်းတွင် လုပ်ခဲ့ဖူး၏။ ထိုသင်္ဘောကျင်းမှာ အမြန်ရေယာဉ်များ တည်ဆောက်ရေးကိုသာ တွင်တွင်လုပ်သော သင်္ဘောကျင်း ဖြစ်ပေသည်။ သူဌေးက ထိုင်ဝမ်မှဖြစ်ပြီး ရေယာဉ်မှာယူသူ ရှိလျှင်ဖြစ်စေ၊ အမှာမရှိဘဲ ကိုယ်တိုင်တည်ဆောက်ကာ ရောင်းရန်ဖြစ်စေ စင်ကာပူတွင် အမြန်ရေယာဉ်များ တည်ဆောက်၏။ ကျွန်ုပ်သူငယ်ချင်း ကိုရေချမ်းတို့ပင် ထိုရေယာဉ်တည်ဆောက်ရေးတွင် လုပ်ခဲ့ဖူးသေးသည်။

ကျွန်တော်သည်ပင် သည်လို အမြန်ရေယာဉ် တစ်ပတ်နွမ်းများဝယ်ကာ ဧရာဝတီမြစ်ကြောင်းတွင် ပြေးဆွဲရန် ကြံခဲ့ဖူးသေး၏။ သို့သော် ရေယာဉ်၏တန်ဘိုးမှာ အင်ဂျင်ချည်းပဲ အမေရိကန်ဒေါ်လာ တစ်သန်းခန့်တန်ပေရာ ကျွန်ုပ်အနေနှင့်ဆိုလျှင် ဘီလ်ဂိတ်၏သမီးကို အပိုင်ချိုင်မှ ဖြစ်နိုင်မည်ဖြစ်သောကြောင့် အားမတန်၍ မာန်လျှော့လိုက်ရလေသော ဟူသတတ်။

တဖက်တွင်မြင်နေရသော ကျွန်းနှစ်ကျွန်းကို လည်ချင့်စဖွယ် ပြင်ဆင်လိုက်လျှင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်နိုင် ကြောင်း စီးပွားရေးအမြော်အမြင် နည်းနည်းမှမရှိသော ကျွန်ုပ်က ဆရာကြီးလုပ်ကာ အကြံပေးပြန်၏။

 ဆက်ပါဦးမည်။

အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၁၇ နာရီ

No comments: