Monday, March 16, 2015

တာဝန်သိမှု၊ တာဝန်ယူမှု

(၁)

တနင်္ဂနွေတစ်နေ့လုံးစာသင်၊ ညကျတော့လည်း ရန်ကုန်ကတူတော်မောင်ရောက်လာလို့ သူတို့ကျောင်းလိုက်ပြ၊ နေမဲ့ အိမ်လိုက်ပို့ စသဖြင့် ည ဆယ်နာရီတီးမှ အိမ်ပြန်ရောက်၏။ လူလည်း ဖွတ်စာဖတ်စာကို တက်။
တာဝန်မဲ့မှု ပို့စ်၌ ပါဝင်ရေးသားကြသော ကွန်မင့်အားလုံးကို ကျေးဇူးတင်ပါ၏။ လူအမျိုးအမျိုးရှိသဖြင့် အမြင်အမျိုးမျိုး၊ တုံ့ပြန်ပုံ အမျိုးမျိုးရှိသည်မှာ မဆန်းပါ။ လူတိုင်းလွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ရှိသဖြင့် အားလုံးကို ကျွန်တော် လက်ခံ ပါသည်။ မည်သူ့ကိုမှ အပြစ်မမြင်ပါ။ စိတ်ဆိုးစရာအကြောင်းလည်းမရှိပါ။
ထိုဆောင်းပါး၌ဖော်ပြခဲ့သည့် အနှီကောင်မလေးမှာ ဇာတ်ရုပ်တစ်ခု၊ နမူနာတစ်ခုမျှသာ ဖြစ်ပါသည်။ ထိုကလေးမမှာ ၎င်းကဲ့သို့ အလားတူ တာဝန်မဲ့သူအားလုံးကို ကိုယ်စားပြု၏။
ယခု တာဝန်ယူမှုအကြောင်းကို ဆက်ရေးပါမည်။
            အမှန်တကယ်ဆိုလျှင် လူများသာ တာဝန်သိစိတ်နှင့် တာဝန်ယူတတ်ကြပါမူ ကိစ္စတော်တော်များများ ပြီး၏။ လောက ကြီး အတော်ငြိမ်းချမ်းသာယာလှပေမည်။
            သက်သေသာဓက အနည်းငယ် ထုတ်ဆောင်ပြပါမည်။
            အကယ်၍ လူအများသည် မိမိ၏အမှိုက်ကိုသာ မိမိတာဝန်ယူကာ ပစ်တတ်ကြပါမူ ဤလောကကြီးသည် အမှိုက် ကင်းစင်သော လောကကြီး ဖြစ်ပေမည်။
            ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့က ဆိတ်ဖူးတောင် ပရဟိတနှင့် ဘုန်းတော်ကြီးကျောင်းကို သွားလှူတော့ ကလေးတွေ အများကြီးတွေ့ရ၏။ အနို့အရှင်ဘုရားရယ်၊ ကလေးတွေကလည်း များများလှချည့် ဟု ကိုသောင်းတန်က မေးလျှောက်လေသော် ဒါယကာကြီးရေ၊ သူရို့မိဘတွေက ဆင်းရဲလို့ဆိုပြီး ကလေးတွေကို ကျောင်းလာထားတယ်။ ကျောင်းအိပ်ကျောင်းစားပေါ့။ နို့ပေမဲ့ အဲဒီလိုကျောင်းအပ်ပြီးတဲ့နောက် သူတို့မိဘတွေ လုံးဝပေါ်မလာတော့ဘူး။ ဘုန်းကြီးပဲ မွေးလိုက်ရတော့တယ် ဟု ဆိပ်ဖူးတောင်ဆရာတော်က အမိန့်ရှိပါသည်။
            ကိုင်း၊ အဘယ်မျှ တာဝန်မဲ့လိုက်ပါသနည်း။ ဆင်းရဲလို့မကျွေးမမွေးနိုင်ရင်၊ ကလေးမယူနဲ့ပေါ့။ မနေနိုင်လို့ယူရင် ကျွေးနိုင်အောင်လုပ်ပါ။ သင်တို့ရော ထမင်းစားပြီး အသက်ရှင်နေတာ မဟုတ်ပါလား။ ဒါဆို ကိုယ့်ခလေးကိုယ် ကိုယ်စားမဲ့ အထဲက ခွဲကျွေးလိုက်ပါ။ အဘယ်ကြောင့် ဘုန်းကြီးဆီ လာပစ်သွားရပါသနည်း။
            မိတ်ဆွေတို့မယုံလျှင် ရန်ကုန်၊ ပုလဲမြို့သစ်တွင် မြသိင်္ဂီသီလရှင်သင် ပညာရေးကျောင်းရှိသည်။ သွားကြည့်ပါ။ အဲသလို ခလေးတွေ အများကြီးတွေ့ရမည်။ ကျောင်းမှာ စားရေရိက္ခာ ပြဿနာတက်တိုင်း ဆရာကြီးများမှာ ကျွန်တော်တို့ဆီ ရောက်လာတတ်၏။ ဒါယိကာမကြီးရေ၊ လုပ်ပါအုံး။ ထိုအခါ မမက ကျွန်တော့်ဆီ ဖုံးဆက်ပြောသည်။ ဟဲ့၊ မြသိင်္ဂီက ဆရာကြီးတွေ လာတယ်။ ကျွန်တော်တို့ကလည်း မနေနိုင်။ တတ်နိုင်သမျှ လှူဒါန်းရသည်။ ထိုဆရာကြီး၊ ဆရာလေးများမှာ လူမသိသူမသိ မာသာထရီဇာများ ဖြစ်လေသည်။
            ဒါမှ အားမရသေးလျှင် ရွှေဂုံတိုင်၊ ထောက်ကြန့် စသည့် ကလေးပြုစုရေးဌာနများသွားကြည့်ပါ။ ပုစု၊ ခရု၊ ပုဇွန်များ အတုံးအရုံးလိုက် တွေ့ရမည်။ ထိုကလေးများမှာ များသောအားဖြင့် မိဘများက မွေးပြီး ပစ်သွားသော ကလေးများဟု သိရလေသည်။ တစ်ခါတလေ တိုက်စရာ နို့မှုန့်ဘူးတောင်မရှိ။ အစိုးရကထောက်ပံ့တာလည်း ကြည့်လိုက်ဦး။ ကလေးတစ်ဦး လျှင် မြန်မာငွေ (၁၀) ကျပ် ပါတဲ့။ သောက်ကျိုးနဲ။ သည်ခေတ်ကြီးထဲ ငွေ ၁၀ နှင့် နို့မှုန့်ထားလို့ ရေတောင် တိုက်လို့မရ။
            ဤမိဘများကိုမှ တာဝန်မဲ့သည်မခေါ်လျှင် ဘယ်သင်းကို ခေါ်ပါမည်နည်း။
            တခြားထားလို့ ကိုယ့်ရွာကအတင်း ကိုယ်၊ တုပ်လိုက်ရဦးမည်။ ကျွန်တော်တို့ရွာတွင် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက် နှင့် (၄) ရပ်ကွက် ဟု ရပ်ကွက် လေးခုရှိ၏။ အလယ်မှ (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်များတွင် အတန်ငယ် ချောင်လည်သူများနေကြပြီး (၁) ရပ်ကွက်တွင် ဆင်းရဲနွမ်းပါးသူများ နေကြ၏။ (၄) ရပ်ကွက်လည်း သိပ်မဆိုးပါ။ နေနိုင် စားနိုင် များထဲက ဖြစ်သည်။
            ကျွန်တော်တို့ မြို့ပြင်ကနားမှ ပြန်လာ၍ ပစ္စည်းများ သယ်စရာရှိလျှင် (၁) ရပ်ကွက်မှ လူများကို အငှားခေါ်ရသည်။ မောင်မင်းကြီးသားများမှာ မနက်ဖြန်တစ်ရက်စာ စားစရာရှိလျှင် သည်ကနေ့ အငှားမလိုက်။ ပီဘိ စားစရာမရှိမှ ခေါ်လို့ရသည်။ သူတို့ နည်းနည်းဗိုက်ပြည့်နေသည့်အချိန်ဆို မနည်းချော့မော့ ခေါ်ရ၏။
            ကျွန်တော်တို့ ငယ်စဉ်က အိမ်အတွက် သစ်ဝါးများကို တောတက်ကာ ကိုယ့်ဘာသာကိုယ် ခုတ်၊ သယ်၊ ဆောက်ကြ ၏။ ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုဘဲ အိမ်ဖြစ်သည်။ သည်မျှ သစ်ဝါးများ ပေါနေပါလျှက် (၁) ရပ်ကွက်တွင် အိမ်အမိုး လုံသောအိမ်၊ ၀ါးထရံ လုံလုံခြုံခြုံရှိသောအိမ် ရှားလှ၏။ သည်နေရာက မိုးယိုလျှင် ဟိုနေရာသို့ ရွှေ့နေသည်။
တခြားလူ မပြောပါနှင့်။ ကျွန်တော့်ဦးကြီး အရင်းခေါက်ခေါက် ဦးကြီးမြသိန်းတို့ အိမ်၌ပင်လျှင် အိမ်ခေါင်းရင်း တစ်ခြမ်းသာ ကောင်းကောင်းမွန်မွန် နေလို့ရသည်။ ခြေရင်းဘက်မှ ၀ါးကြမ်းခင်းများမှာ ဆွေးမြေ့၊ ပေါက်ပြဲနေသဖြင့် နင်းလို့မရ။ သို့ဆိုလျှင် ဦးကြီးမြသိန်း မည်မျှ အလုပ်ရှုပ်နေလို့ အိမ်မပြင်နိုင်တာပါနည်း။ ဘာအလုပ်မှ မရှုပ်ပါ။ နေလို့ရသော ၀ါးကြမ်းခင်းပေါ်၌ ၀မ်းလျားမှောက်လိုက်၊ ပက်လက်လှန်လိုက်ဖြင့် အချိန်ကုန်၏။ သူတို့မိသားစု၌ ဦးကြီးမြသိန်းနှင့် အရီးအေးကြိုင်။ ပြေးရေ ကြည့်လိုက်ပါမှ လင်ကိုယ်မယား နှစ်ဦးသာရှိသည်။ သေသည့်တိုင် အရီးအေးကြိုင်တို့ ပြေပြေလည်လည် စားရသောက်ရသည်ဟု တစ်ခါမှ မကြားစဖူးခဲ့။
            ထိုသူများမှာ အခြားသူများ၏ တာဝန်ကိုအပထား၍ မိမိတာဝန်ကိုပင် မိမိကျေပွန်အောင် မယူကြသူများ မဟုတ်ပါ လော။ ၎င်းတို့၏ သားသမီးများ စားရသောက်ရပုံကို မိတ်ဆွေများအား ဦးဇွန်းဘုတ်ဆွဲကာ ပြလိုက်ချင်ပါဘိ။ မိမိတာဝန်တင် မဟုတ်သေး။ မိသားစု၏ တာဝန်ကိုပါ အနည်းငယ်မှ ယူချင်ကြသူများမဟုတ်ပါ။
            သူများအကြောင်းပြောရတာ ပေါ့ပျက်ပျက်နိုင်လှသည်။ ကိုယ့်အကြောင်းကိုယ်တုပ်မှ ပယ်ပယ်နယ်နယ်ရှိမည်။
            ကျွန်တော့်နှမအရင်း၏ လင်။ ကျွန်တော့်ယောက္ဖ အရင်းခေါက်ခေါက်ကား အလွန်ကံကောင်းသူ ဖြစ်ချေ၏။
            ကျွန်တော့်နှမ၊ သူ့မယားမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသဖြင့် သူ့ယောက္ဖ ကျွန်ုပ်မှာ ၎င်းတို့မွေးထားသည့် ကလေးနှစ်ဦးကို ခေါ်ယူကျွေးမွေးထားလေ၏။ ထိုကလေးနှစ်ဦး ကျွန်ုပ်တို့ထံ ရောက်လာသည့်နေ့မှစကာ အနှီရွှေယောက္ဖ တော်မှာ လူပျိုပြန်ဖြစ်ပြီးသကာလ မွေးသမိခင်အိမ်သို့ ပြန်ကပ်စားကာ လယ်ယာပြန်စားရေး အလုပ်ကိုသာ တွင်တွင်လုပ်ချေ သည်။
ဘာကွဲ့၊ သူ့သားနဲ့သမီးဘို့ ပိုက်ဆံပို့ပေးသလား။ အောင်မယ်မင်း မောင်ရယ်။ မေးမှ မေးရက်ပလေ။ သူ့သားနဲ့ သမီးဘို့ထားလို့ သူတောင် သူ့အမေဆီက လက်ဖြန့်တောင်း သုံးနေမင့်ဟာ။ ဟဲ့၊ ငါ့သားနဲ့သမီး နေထိုင်ကောင်းပါလေရဲ့လား ဟု တစ်နှစ်နေလို့ တစ်ခွန်း မေးတော်မူဖော်မရ။ တခြားလူများ အသာထား၍ ကျွန်တော့်ယောက္ဖ အရင်းခေါက်ခေါက်ပင်လျှင် တာဝန်မဲ့လှချေသည်။
            ထိုမျှမက၊ ကျွန်ုပ်တို့ရွာမှ အလယ်တန်းကျောင်း ကျောင်းအုပ်ဖြစ်သူမှာ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ တော်၏။ သူ့အဖေနှင့် ကျွန်တော့်အမေမှာ မောင်နှစ်မ အရင်းခေါက်ခေါက် ဖြစ်၏။ သူတို့တွင် မောင်နှစ်မ နှစ်ဦးတည်းသာ ရှိလေသည်။ သူ့မိန်းမမှာ ကျွန်ုပ် ရေဖြူသွားစဉ်က စီးခဲ့သည့် တွင်အော်တာလေယာဉ်၏ ပန်ကာထက် ပိုလည်လေရကား ယောက်ျားဖြစ်သူ ကို ဟိုလိုပြောလိုက်ပါလား၊ ဒီလိုလုပ်လိုက်ပါလား နှင့် စီမံခန့်ခွဲကာ စီးပွားအတော်ဖြစ်လေ၏။ သူတို့တွင် ပိုက်ဆံပြေလည် သော်ငြားလည်း တစ်ဦးတည်း နေရသည့် အမေအိုကို သေသည့်တိုင် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပေးကမ်း၊ မထောက်ပံ့ခဲ့ ပါလေ။ ထို အမေအို၊ ကျွန်တော့်အရီး မလှတင်မှာ လယ်ငှားခရသည့်အခနှင့် စားသောက်နေထိုင်ရလေသည်။ ဤမျှ တာဝန်မဲ့လှသည့် သားကို မွေးရတာ မွေးရကျိုးမနပ်၊ ၀မ်းရေစပ်လှသည်။
            ဟိုတလောက သတင်းတစ်ပုဒ်တွင် အသက် ၈၀ ကျော်အမေအိုကို ၀က်ခြံထဲ၌ ပစ်ထားသည့်သားအား အစိုးရက တရားစွဲသည့်အကြောင်း ဖတ်လိုက်ရ၏။ စိနတိုင်းပြည်တွင် ဖြစ်သည်။ ကျွန်ုပ်တို့တိုင်းပြည်ကား လူ့အခွင့်အရေးကို လေးစားလှသဖြင့် သူရို့သားအမိချင်းဖြစ်သည့် ကိစ္စ၊ မည်သူကမှ ၀င်မစွက်ဖက်။ အလွန် နိုင်ငံကြီးသား ပီသလှချေ၏။
           
            မိတ်ဆွေများခင်ဗျား။ အရှည်ကြီး လျှောက်ရေးပြနေတာ သည်းခံတော်မူပါ။ လူများ တာဝန်မဲ့မှုကြောင့် လောကကြီး အဘယ်မျှ အရုပ်ဆိုး အကျည်းတန်နေကြောင်း သိစေလို၍ စုန်ရေဆန်ရေ ရေးပြရခြင်းဖြစ်ပါသည်။

(၂)

            ကျွန်တော်သည် လက်ရှိ စင်ကာပူနိုင်ငံ၌ Safety Officer အဖြစ် အလုပ်လုပ်ကိုင်လျှက်ရှိပါ၏။ Safety Officer ဆိုတော့ Safety နှင့်ပတ်သက်သည့် ဥပဒေများကို လေ့လာကျွမ်းဝင်ရသည်။ ထိုဥပဒေများတွင် responsibility, responsibility ဆိုသည့်စကားလုံးကို ထပ်ချည်းတလဲလဲ သုံးထားကြောင်း ဖတ်မိသူတိုင်း သတိပြုမိပါလိမ့်မည်။ မင်းတို့မှာ ဟောဒီ တာဝန်ဝတ္တရားတွေ ရှိတယ်။ အဲဒီတာဝန်တွေ မကျေပွန်ရင် ဟောသည်အတိုင်း ဒဏ်ရိုက်မယ်ဟု ပြတ်ပြတ်သားသား ပြဌာန်းထားပါသည်။
            Workplace Safety and Health Act 2006, အပိုဒ် 15. (3A) ၌ အောက်ပါအတိုင်း ပြဌာန်းထား၏။ 


            အကြင်သူတစ်ဦးတစ်ယောက်သည် ၎င်း၏ အမှုမဲ့အမှတ်မဲ့ (negligent) အပြုအမူ (act) ကြောင့် မိမိကိုယ်နှိုက်ကို သော်လည်းကောင်း (himself) အခြားသူများကိုသော်လည်းကောင်း (others) အန္တရာယ်ဖြစ်စေခဲ့ပါက ဒဏ်ငွေ သုံးသောင်း နှင့်/သို့မဟုတ် ထောင်ဒဏ် ၂ နှစ် ကျခံစေရမည်။
            ထိုဥပဒေအရ ရထားကြမ်းပေါက်၌ကျွံကျသည့် ခလေးမသည် အကယ်၍သာ လုပ်ငန်းခွင်၌ ထိုသို့ဖြစ်ခဲ့ပါက ၎င်း၏ အမှုမဲ့အမှတ်မဲ့မှုကြောင့် သူ့ကိုယ်သူ ထိခိုက်ဒဏ်ရာရစေသည့်အတွက် ဒဏ်ငွေ သုံးသောင်း နှင့်/သို့မဟုတ် ထောင်ဒဏ် ၂ နှစ် ချနိုင်ပေသည်။ မည်မျှဒဏ်ရိုက်မည်ကို တရားသူကြီးက ဆုံးဖြတ်ပါလိမ့်မည်။
            ထို့အတူပင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများသည်လည်း ပြစ်မှုကျူးလွန်သည် မည်၏။
           
(၃)

ကျွန်တော်တို့ရွာကား တည်ဆောက်ပုံ အလွန်လှသည့်ရွာဖြစ်၏။ ဗကပများကို တိုက်ထုတ်စဉ်ကာလက စနစ်တကျ အကွက်ချ တည်ဆောက်ထားခြင်းဖြစ်သည်။ စနစ်တကျသာ ထိန်းသိမ်းထားပါမူ အလွန်သာယာလှပမည့် ရွာကြီးတစ်ရွာ ဖြစ်၏။ သို့သော် ဤသည်မှာ ရပ်ရွာကို အုပ်ချုပ်သည့်သူ၏ အမြော်အမြင်ရှိမှုနှင့် စီမံခန့်ခွဲတတ်မှု၊ ရွာသူရွာသားများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ အများကြီးလိုသည်။
ရွာလူကြီးမှာ ကျွန်တော့်အစ်ကိုဝမ်းကွဲဖြစ်သူ ကိုမြင့်အောင်ဖြစ်၏။ ကိုမြင့်အောင်မှာ အလွန်ရိုးသူ၊ အေးသူ၊ လူရိုးလူ ဖြောင့် ဖြစ်ပါသည်။ သို့သော် အလွန်ပျော့ညံ့လှသည်။ အမြော်အမြင်မရှိ။ ဘာစာပေဗဟုသုတ၊ ပြင်ပဗဟုသုတမှ မရှိ။ စီမံခန့်ခွဲမှုဆိုတာ နားမလည်။ သို့သော် ရွာတွင် သူ့လောက်ကောင်းသူမရှိသဖြင့် လူကြီးတင်ထားရခြင်း ဖြစ်၏။ ၂၀၀၆ ခုနှစ် ရွာပြန်တော့ ကျွန်တော် ရွာမှလူအားလုံးကို ဖိတ်စေကာ ဟောပြောပွဲ ပြုလုပ်ပါသည်။ အခြားမဟုတ်။ မိမိတို့ အိမ်ခြံဝင်း အတွင်းနှင့် မိမိတို့ ခြံစည်းရိုးပတ်လည်ကို သန့်ရှင်းရေးလုပ်ကြရန်၊ ကိုယ်စားဘို့ သီးပင်စားပင်များကို ကိုယ့်ဘာသာ စိုက်ကြ၊ ပျိုးကြရန် ဖြစ်၏။
အလွန်လှပသည့် ရွာလမ်းမကြီးများမှာ ကျိုးသည့်နေရာကကျိုး၊ ပဲ့သည့်နေရာကပဲ့။ အချို့နေရာများတွင် လမ်းလယ်၌ ဗွက်အိုင်ကြီးများ ထနေသည်။ အချို့နေရာများတွင် ခြုံနွယ်ပိတ်ပေါင်းများ မှာ လမ်းပိတ်မတတ်ရှိ၏။ ရွာခြံစည်းရိုးဟူ၍ မရှိ။ အိမ်ခြံစည်းရိုးများမှာလည်း ပျက်သည့်နေရာကပျက်၊ ပြိုသည့်နေရာကပြို။ ရွာတွင်းဝင်လိုက်ကတည်းက သည်အခြေအနေကို မြင်ရတာ ကျွန်တော် အလွန် စိတ်မချမ်းသာပါ။ ထို့ကြောင့် ကိုမြင့်အောင်ကို တစ်ရွာလုံးဖိတ်စေကာ သူတို့ကို ပြောဆိုဆုံးမ၊ သြ၀ါဒ ပေးခြင်းဖြစ်၏။
ခင်ဗျားတို့၊ အချိန်ယူပြီး ညနေပိုင်း ရေမချိုးခင် တစ်နေ့ တစ်နာရီလောက် ကိုယ့်ခြံထဲက ပေါင်းပင်တွေ ရှင်းကြစမ်းပါ။ ပေါင်းတွေနေရာမှာ ဘူးပင်စိုက်လို့ရတယ်။ ငြုပ်မြောင်းချလို့ရတယ်။ ငှက်ပျောပင်၊ သင်္ဘောပင်ဆိုတာ စိုက်ထားပြီး ဘာမှမလုပ် ရဘဲ အချိန်တန်တော့ ဆွတ်ခူးစားရုံပဲ။ စိုက်ကြစမ်းပါ။ ဟောသည် ရွာလမ်းမကြီးကို ခြုံနွယ်ပိတ်ပေါင်းတွေရှင်း၊ ဗွက်တွေဖို့၊ ကျောက်ခင်းစသဖြင့် ပြန်ပြင်ကြစမ်းပါ။ . . .
ကျွန်တော်ပြောတာ တစ်နာရီခွဲကြာပါသည်။ အပြည့်အစုံကို မွေးရပ်မြေသို့အလည်သွားခြင်း ပို့စ်တွင် ရှာဖတ်ကြည့်ကြပါ။
လူကြီးများကိုသာမက လူငယ်လူရွယ်များကိုလည်း သီးသန့်ခေါ်ကာ ရပ်ရေးရွာရေးမှာ ဦးဆောင်လုပ်ကြဘို့။ တာဝန် ကိုယ်စီယူကြဘို့ ကျွန်တော် ရွာပြန်သည့်အခါတိုင်း အတန်တန်ပြောပါသည်။ သို့သော် ယခုထိတိုင် ဘာမှ ဖြစ်မလာပါ။
မြန်မာပြည်ဟူသည် ကျွန်တော်တို့ရွာများကဲ့သို့ ရွာများ၊ မြို့များ၏ အပေါင်းအစု ဖြစ်၏။ သင်တို့နေသည့်ရွာကို သင်တို့ မစောင့်ရှောက်လျှင် ဘယ်သူ့ကို လုပ်ပေးစေချင်တာပါနည်း။ အစိုးရကိုလော။ အစိုးရကလုပ်ပေးလျှင်ပင် တစ်ခါနှစ်ခါသာ ဖြစ်နိုင်ပါလိမ့်မည်။ သည်ရွာတွင် အမြဲနေသူများမှာ မိမိတို့သာဖြစ်၍ မိမိတို့ရွာကို စောင့်ရှောက်ဖို့ မိမိတို့တွင်ပင် တာဝန်ရှိပါသည်။
တာဝန်ယူတတ်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ကြစမ်းပါ။

(၄)

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
. . . . . .
ညီညာထကြွ၊ ဆုံးမနာယူ
. . . . . . .
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
. . . . အစရှိသော သိင်္ဂလောဝါဒသုတ်လာ ကျင့်ဝတ်များ မြန်မာ့ယဉ်ကျေးမှု၌ ရှိပြီးဖြစ်ပါသည်။ ဘယ် အင်္ဂလိပ်လို ရေးထားသည့် ကျမ်းစာကြီးများကိုမှ သွားကိုးကားနေစရာ၊ ဘာသာပြန်နေစရာ မလိုပါ။
            သည်ကဗျာများကို မြန်မာမှန်လျှင် လူတိုင်းလိုလို အလွတ်ရကြသည်ချည်း။ သို့သော် ဘယ်နှစ်ယောက်များ သည်ကဗျာများက ညွှန်ပြထားသည်များကို လိုက်နာကျင့်ကြံပါသနည်း။ ဤကဗျာများက သင်ကြားပြသသည့်အတိုင်းသာ မြန်မာတို့ လိုက်နာကျင့်ကြံကြမည်ဆိုပါက မြန်မာပြည်ကြီး သည်အခြေအနေတွင်ပင် ရှိနေလိမ့်မည်မဟုတ်လောက်။
            မင်းတို့အား ဆိုဆုံးမထားသော မင်းကျင့်တရားလည်း ရှိပါသည်။ အနှီမင်းများသည် မင်းကျင့်တရား (တာဝန် ၀တ္တရား) ဆယ်ပါး၌ ဘယ်နှစ်ပါးညီအောင် ကျင့်ပါသနည်း။ ကျောင်းသားများကို လည်ပင်းညှစ်ကာ တုတ်နှင့်နာနာရိုက်ခြင်းကို မင်းကျင့်တရားဟု ခေါ်ပါသလော။
            တာဝန်ကျေရန် တာဝန်သိစိတ်ရှိရမည်။ တာဝန်သိစိတ်ဟူသည် မည်သည့်ဘွဲ့ကြီးရထားသည် ဆိုတာနှင့် မဆိုင်။
            ကျွန်တော့်အမေ၏ အစ်မကြီးများမှာ အပျိုကြီးများဖြစ်၏။ ဒေါ်ဟံ နှင့် ဒေါ်ကြိုင်ဟု ခေါ်သည်။ ရခိုင်ရိုးမတောင်ခြေ ၀ါးတောကွင်းကျေးရွာ၌ နေ၏။ စာဆို၍ ဘုန်းကြီးကျောင်းတွင် သင်ခဲ့သော သေစာရှင်စာမျှသာ တတ်ချေသည်။ သို့သော် အနှီ အရီးမယ်ဟံတို့ တာဝန်သိလိုက်ပုံမှာ စာဖွဲ့လို့ပင် မကုန်နိုင်။
သူရို့ညီမနှင့်မောင်များက မွေးထုတ်လိုက်သော ကလေးများဖြစ်သူ ကျွန်တော်တို့မောင်နှမတစ်သိုက်ကို ပညာတတ်များဖြစ်လာအောင် အစွမ်းကုန် အားထုတ်ခဲ့၏။ အရီးမယ်ဟံ၏ တာဝန်သိစိတ်ဖြင့် ကျွန်တော် ယခုအခြေသို့ ရောက်ခဲ့ရသည်။ အရီးမယ်ဟံသာ ကျွန်တော်တို့ တာဝန်ကိုမယူခဲ့ပါက ယခုလောက်ဆို ကျွန်တော် ၀ါးတောကွင်းရွာ၌ အခြားသူများနည်းတူ ယာထွန်နေပေလိမ့်မည်။ ကလေးငါးယောက်လောက်မွေးကာ ကသီးကရွဲဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်စားနေရမည်မှာ သေချာသလောက်ရှိ၏။
သူများမွေးထားသည့် သားသမီးများအတွက် အရီးမယ်ဟံတည်း ဟူသော အပျိုကြီးတွင် ဘာတာဝန်မှ မရှိပါ။  သို့သော် အရီးမယ်ဟံတွင် တာဝန်သိစိတ်ရှိခဲ့၏။ သူ့တူ၊ တူမများအား အလုံးစုံတာဝန်ယူကာ ပြုစုပျိုးထောင်ပေးခဲ့၏။ သို့အတွက် ဦးအေးငြိမ်းတည်းဟူသော ကျွန်ုပ်သည် ဖြစ်ခဲ့၏။ ဤသည်မှာ ကျွန်ုပ်အရီး ရှင်မယ်ဟံ၏ တာဝန်ယူမှုကြောင့်၊ တာဝန်သိမှုကြောင့် မဟုတ်ပါလော။
မိတ်ဆွေတို့ ငယ်စဉ်က မူလတန်း(ထင်ပါသည်) ဖတ်စာတွင် သင်ခဲ့ရပါသည်။
အခါတစ်ပါးတွင် ဘုရင်ကြီးတစ်ပါးသည် သူ့တိုင်းသူပြည်သားများ၏ ပြည်သူ့ဝန်ထမ်းစိတ် (တာဝန်သိတတ်သည့် စိတ်) ကို စမ်းလို၍ လူသွားလူလာလမ်းကျဉ်းကျဉ်း၌ ကျောက်တုံးကြီးကို ချထားစေသည်။ ထိုကျောက်တုံးကြီး လမ်းပိတ်နေမှု ကြောင့် လှည်းတို့သည် မှောက်၏။ လူအများတို့သည်လည်း လမ်းကျဉ်းကျဉ်း၌ သွားရလာရ ဒုက္ခအတော်များလျက် ရှိနေ လေသည်။ သို့တိုင် မည်သူကမှ ထိုကျောက်တုံးကြီးကို ရွှေ့မည်ဟု မစဉ်းစား။ ဘယ် ဂန်းမသားကများ ဒီကျောက်တုံးကြီး လာချသွားရပါ လိမ့်ဟုသာ ကြိမ်းမောင်း ရေရွတ်၊ ဆဲဆို သွားကြလေ၏။
တစ်နေ့တွင် လူရွယ်တစ်ဦးသည် ထိုလမ်းမှ ဖြတ်သွားခိုက် ကျောက်တုံးကြီးကို မြင်လေသော် သြော်၊ ဒီကျောက်တုံးကြီးကြောင့် လမ်းသွားလမ်းလာတွေ ဒုက္ခဖြစ်တော့မှာဘဲ ဟု တာဝန်သိစိတ်ဖြင့် ကျောက်တုံးကြီးကို မရကုတ်က ကော်ထုတ်ကာ ရှင်းလိုက်လေသည်။ ထိုအခါ ကျောက်တုံးကြီး အောက်တွင် ဘုရင်ကြီး ကြိုတင်မြှုပ်ထားသည့် တာဝန်သိစိတ် အတွက် ဆုလာဘ်ရွှေသေတ္တာကို တွေ့ရလေသည်။
ဤပုံပြင်မှာ ဖတ်ကောင်းရုံထည့်ထားတာ မဟုတ်။ ကျောင်းနေသူ ကလေးငယ်များ၏ တာဝန်သိစိတ်ကို နှိုးဆွပေးရန် ဖြစ်လေသည်။ သို့သော် ဤစာကိုသင်ခဲ့သူ ဘယ်နှစ်ယောက်၌ တာဝန်သိစိတ်များ ဖြစ်ပေါ်ခဲ့ပါသနည်း။ ဤစာကို သင်ဖူးသူ ကလေးသူငယ်အားလုံး၌ တာဝန်သိစိတ် ဖြစ်ပေါ်ခဲ့ပါမူ မည်မျှ တန်ဘိုးရှိလိုက်ပါမည်နည်း။
 (ကျွန်တော့်ကို သည်ဘ၀ရောက်အောင် မြေတောင်မြှောက်ပေးခဲ့သူ အရီးမယ်ဟံမှာ သူစိုက်သွားသည့်အသီးအပွင့် ကလေးများကို အနည်းငယ်မျှ မြင်သွားခွင့်မရရှာခဲ့။ ကျွန်တော် နောက်ဆုံးနှစ်တက်နေစဉ် ၁၉၈၆၊ ဇွန်လ ၁၆ ရက်၊ တနင်္လာနေ့ ၌ ဆုံးပါးသွားခဲ့လေရာ ကျွန်ုပ်မှာ ကျွေးကျေးဇူး မဆပ်လိုက်နိုင်ခြင်းအတွက် ယူကြုံးမရ ဖြစ်ခဲ့ရပေသည်။)

            ကျွန်တော်ချစ်သော အမိမြန်မာပြည်ကြီးသည် အရီးရှင်မယ်ဟံကဲ့သို့ တာဝန်သိစိတ်ရှိသူ နိုင်ငံသားကောင်းများကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသတည်း။

ဖတ်ရှုအားပေးသူအပေါင်းအား ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း

၁၆ မတ်၊ ၂၀၁၅။ ၀၀း၄၄ နာရီ။

No comments: