Saturday, March 14, 2015

နားရှိသောနံရံများ

(၁)

ကျွန်တော်ငယ်စဉ်က နံရံမှာနားတွေရှိတယ်ဆိုသည့်စကားကို မကြာခဏကြားခဲ့ဖူးသော်လည်း ဘာကိုဆိုလိုမှန်း နားမလည်ခဲ့။ ချစ်ကောင်းကလည်း “နံရံအားလုံး နားတွေရှိတယ် . . . ဘ၀ကို သီချင်းလုပ် ဆိုချင်တယ် . .” ဟု ဟစ်ခဲ့သည်။ အသက်ကလေးရလာတော့မှ နံရံတွေမှာ တကယ်နားတွေရှိမှန်း ဘ၀အတွေ့အကြုံများနှင့်ယှဉ်၍ နားလည်ခဲ့ရ၏။
ယခု နားရှိသော နံရံများကြောင့် လောလောလတ်လတ် ကြေကွဲသွားရသော ကောင်လေးတစ်ယောက်အကြောင်း ပြောပြပါမည်။ ယခင်ကလည်း တစ်ယောက်ဖြစ်ခဲ့ဖူးပြီ။ (ကျွန်တော် ပရောဂျက်အသစ်သို့ သွားရမည်ဆိုတော့ ကျွန်တော့်နေရာ သို့ ၀င်လာသည့် ချန်း ဆိုသော ပြည်ကြီးတရုတ် safety officer ဖြစ်၏။ ရောက်ပြီး ၃ လမပြည့်ခင်ပင် သူ့စရိတ်နှင့်သူ ညောင်းသွားလေ၏။ ချန်း အကြောင်းကိုတော့ ခရစ္စတိုဖာ ပေါက်ကျိုင်းကျမှ ရေးပါတော့မည်။) သို့သော် အနည်းငယ် ကြာသွားပြီဖြစ်သဖြင့် လတ်လတ်ဆတ်ဆတ် အကြောင်းကို ဦးစားပေးတင်ပြလိုက်ရခြင်း ဖြစ်ပါ၏။ မိတ်ဆွေများ သင်ခန်းစာ ယူနိုင်ရန် ဖြစ်ပါသည်။

(၂)

            သည်ကနေ့မနက်က ရုံးရောက်ရောက်ချင်း “မင်း ယူခဲ့တဲ့ ဆေးခွင့်တွေအတွက် ဆေးမှတ်တမ်းတွေ ပေးပါ” ဟု Assistant Project Manager က တောင်းသော အခါ “ငါ ညကပဲ အလုပ်ဖြုတ်ခံလိုက်ရပြီ။ ပေးစရာမလိုတော့ဘူး” ဟု ကျွန်တော့် Safety Coordinator ကောင်လေးက မျက်နှာ မသာမယာဖြင့် ပြန်ပြော၏။
            သူများကို မထင်ကောင်းသော်လည်း ကျွန်တော့်စိတ်ထဲတွင် သည်ကောင်၊ သည်ပုံနဲ့ဆို သက်ဆိုးသိပ်ရှည်လိမ့်မယ် မဟုတ်ဘူး ဟု နဂိုကတည်းက တွက်မိပါသည်။ သို့သော် “မင်း သတိထားနော်၊ ငါ့ကို ရုံးက မေးတာ နှစ်ခါရှိပြီ။ ငါတို့ကို သူတို့ မျက်လုံး ဒေါက်ထောက်ကြည့်နေတယ်။ ငါတို့ ဘာလုပ်လုပ် ရုံးက အကုန်သိတယ်လို့ မှတ်ထား” ဟု ကျွန်တော် သူ့ကို ယခင်က သတိပေးခဲ့ဖူး၏။
ကျွန်တော်တို့က safety consultant ကုမ္ပဏီတစ်ခုမှ ဖြစ်၏။ ကျွန်တော်တို့ကို စီမံကိန်းလုပ်ငန်းများသို့ ငှားထားတာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က လက်ရှိလုပ်နေသည့် ကုမ္ပဏီ၏ ၀န်ထမ်းများမဟုတ်။ ထို့ကြောင့် သူတို့မငြိုငြင်ရန် အစစ သတိထားရသည်။ စားပွဲနေရာချထားတာလည်း ကြည့်ဦး။
ကျွန်တော်တို့ရုံးက ပေ ၂၀ ကွန်တိန်နာကို ရုံးခန်းလုပ်ထားတာ ဖြစ်သည်။ ကွန်တိန်နာကသေးတော့ စားပွဲ လေးလုံး သာ ဆန့်သည်။ အစွန်ဆုံးနှစ်လုံးတွင် ခုနက ပြောခဲ့သည့် လက်ထောက်မန်နေဂျာနှင့် ဆိုဒ်မန်နေဂျာက နေရာယူထားပြီး အလယ်တွင် ကျွန်တော်တို့နှစ်ယောက်ကို ထားလေရာ ကျွန်တော်တို့နှစ်ယောက်မှာ သူတို့ မျက်လုံးရှေ့ တည့်တည့်၌ ရှိနေ၏။
ကျွန်တော့်အဖို့ ဘယ်မှာနေရနေရ အကြောင်းမဟုတ်ပါ။ သို့သော် ဟိုကောင်ကျတော့ အကြောင်းဟုတ်သည်။
သည်ကောင်လေးက အလွန်ဆုံးရှိလှမှ အသက်အစိတ်၊ သုံးဆယ်လောက်သာ ရှိဦးမည်။ စင်ကာပူနိုင်ငံသား မလေးလူမျိုး။ စကားကို ပလုံးပထွေးပြော၏။ နေတာက ဒေါင့်မကျိုး။ လူကသာ လူ့လောကထဲဝင်မယ်ကြံကာရှိသေး၊ သူ့ကိုယ်သူတော့ ဟုတ်လှပြီ ထင်နေသည်။
ထိုင်လျှင် ဘယ်တော့မှ တည့်တည့်မတ်မတ်မထိုင်။ ခါးကို ခွေခေါက်ကာ ထိုင်ခုံနောက်ကို ခေါင်းမှီလျက်။ အင်း အဲနှင့် အမြဲ သမ်းဝေနေတတ်၏။ တစ်ခါတော့ စည်းဝေးပွဲလုပ်နေစဉ် ထိုင်ခုံကိုမှီလျှက် ကားယားကြီးထိုင်ကာ ဖုံးကို ကလိနေသည်။ ဒီမယ်ကိုယ့်လူ၊ အခု ဒါ စည်းဝေးပွဲလုပ်နေတာ၊ မင်းစိတ်မ၀င်စားဘူးဆိုရင် အခုထွက်သွားလို့ရတယ်။ မင်းကြောင့်တော့ တခြားသူတွေ အနှောက်အယှက်မဖြစ်စေနဲ့ ဟု ကျွန်တော် ပိတ် သုတ်လိုက်တော့မှ နေရာပြင်ထိုင်သည်။ သို့တိုင် ဖုံးကို လက်မှ မချသေး။ မင်းဖုံးကို silent mode ပြောင်းပြီး စားပွဲပေါ်မှောက်ချထားလိုက်ပါ ဆိုမှ စိတ်မသက်မသာဖြင့် တင်လေ၏။
ပရောဂျက် အစပိုင်းက အလုပ်သမား နှစ်ဆယ်၊ အစိတ်လောက်သာ ရှိသေးသည်။ ရုံးမှာလည်း ကျွန်တော်တို့ နှစ် ယောက်ပါနှင့်မှ လေးငါးယောက်သာ ရှိ၏။ ဆိုတော့ အတော်လေး အလုပ်ပါးသည်။ သည်တော့ ကိုယ်တော်က လူအလစ်ကြည့်ကာ လွတ်နေသော ကွန်တိန်နာထဲ တံခါးဂျက်ချကာ အိပ်လေ၏။ သိပ်လည်း အလုပ်မရှိသဖြင့် ကျွန်တော် သူ့ကို ဘာမှ မပြောပါ။ သို့သော် သည်ကိစ္စကို ကျွန်တော်တို့ ကုမ္ပဏီက သိလေသည်။
နောက်ပြီး တစ်ခါတလေ သူ ဘယ်ပျောက်နေသည်မသိ။ ဟဲလ်မက်က စားပွဲပေါ်မှာဆိုတော့ ဆိုဒ်ထဲမှာ မရှိတာ သေချာသည်။ ဆိုဒ်ထဲမှာမရှိဆိုတော့ ရုံးအနီးပတ်ဝန်းကျင်တွင် ရှိရမည်ပေါ့။ သို့သော်လည်း ရုံးအနီးအနား၌လည်း မရှိ။ မရှိသမှ တစ်နေ့ခင်းလုံးလိုလို ပျောက်နေတာ ဖြစ်၏။ ထို့ပြင် အခါများစွာပင် အလုပ်သို့ နောက်ကျမှ၊ တစ်ခါတလေ ၉ နာရီ လောက်မှ ရောက်လာတတ်သည်။ (ကျွန်တော်တို့ အလုပ်က ၈ နာရီစသည်။ ကျွန်တော်က ဆိုဒ်ထဲသို့ ၈ နာရီမတ်တင်း လောက်ရောက်အောင်သွား၏။ ဘတ်စ်ကားနောက်ကျပါမှ ၈ နာရီ တီးခါနီး ရောက်တာဖြစ်သည်။ ၈နာရီကျော်မှ ရောက်တာ မရှိသလောက် ရှားသည်။)
သောကြာနေ့တွင် ၀တ်ပြုဘို့ဆိုကာ မနက် ၁၁း၄၅ တွင် ထွက်၏။ တစ်ခါတလေ ညနေ ၃ နာရီလောက်မှ ပြန်လာ သည်။ အစောဆုံးပြန်ရောက်တာ ၂ နာရီ။ ထိုမျှမက တစ်ခါတစ်ခါ ညနေ ၄ နာရီလောက် သုတ်ကနဲ လစ်ထွက်သွားတတ် သေးသည်။ ထို့ကြောင့် ဆိုဒ်မန်နေဂျာက သူ သောကြာနေ့ ပလီတက်ခွင့်ကို ပိတ်လိုက်တော့၏။
နေ့ခင်းထမင်းစားချိန်အိပ်လျှင် စားပွဲပေါ် ခြေထောက်တင်ကာ အိပ်သည်။ သူခြေထိုးထားသည့်ဘက်က လက်ထောက်မန်နေဂျာစားပွဲ။ အစပိုင်းက မီးပိတ်အိပ်သည်။ နောက် ပြောကြတာနှင့် မီးမပိတ်တော့။ နောက်ပြီး ခြေညှပ်ဖိနပ် နှင့် ဟိုဟိုသည်သည် လျှောက်သွားသည်။
ပြောရလျှင် အများကြီးဖြစ်သည်။ ကျွန်တော်ကတော့ သိပ်များများစားစား မပြောပါ။ မင်း သတိထားနေနော်။ ငါတို့ လုပ်သမျှ ရုံးက အကုန်သိနေတယ် ဟုသာ သတိပေးပါသည်။ သို့သော် သူ ဘယ်လို ခံယူသည်မသိပါ။
သူက ခုမှ ဒီရောက်လာတာဖြစ်သည်။ ကျွန်တော်က ၂၀၁၁ နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက သူတို့နှင့် ပေါင်းလာတာ ဆိုတော့ ဘယ်သူ ဘာ ဆိုတာ အကုန်နီးပါးသိသည်။ ဘယ်သူတွေ ကျွန်တော်တို့ရုံးကို အမြဲသတင်းပို့နေသည် ဆိုတာကိုလည်း ကျွန်တော် ခန့်မှန်းမိပါသည်။ သို့သော် ဒါ ကျွန်တော့်အလုပ်မဟုတ်ပါ။ ကောင်းတာလုပ်လျှင် ကောင်းသည့် သတင်းထွက်မည်။ မကောင်းတာလုပ်လျှင် မကောင်းသည့် သတင်းထွက်မည်။ ထို့ကြောင့် ကျွန်တော်က သူ့ကို သတိပေးခြင်း ဖြစ်၏။
တစ်ခါတစ်ခါ ကျွန်တော်တို့ ဒါရိုက်တာ ဆိုဒ်ထဲလာသည်။ သူလည်း အကြောင်းမရှိလျှင် မလာတတ်ပါ။ ကိစ္စရှိလို့ လာတာဖြစ်၏။ ထိုအခါများတွင် အာမက်က ဒီလိုဒီလိုလို့ ငါကြားတယ် ဟု မေး၏။ ကျွန်တော်ကလည်း ဖုံးထားစရာမရှိပါ။ သို့တိုင် အကုန်တော့လည်း မပြောပါ။ ပြောစရာလည်း အကြောင်းမရှိပါ။ ကျွန်တော်မပြောလည်း သူတို့သိပြီးသား ဖြစ်၏။

(၃)

            ပြီးခဲ့သောအပတ်က ရုံးမှ အဖွားကြီး ဖုံးဆက်မေးသည်။ ဟဲ့၊ အာမက်အခြေအနေ ဘယ့်နဲ့လဲ။ How’s his work performance ဟု မေး၏။ ငါ မစ္စတာတန်ကို ပြောပြထားတယ် ဟု ပြန်ဖြေသည်။ သို့သော် သိပ်မကျေနပ်။ ဟဲ့၊ တန်က ငါ့ကို ဘာမှပြောတာမဟုတ်ဘူး၊ ငါ ဒါတွေ ဒါတွေကြားတယ်နော်၊ နင်ငါ့ကို ဘာမှ ဖုံးနေစရာမလိုဘူး ဟု ဆို၏။ ဟုတ်ပါတယ်။ ငါ ကလည်းဖုံးနေတာ မဟုတ်ပါဘူး။ ငါတို့ အထက်အရာရှိက မစ္စတာတန်ဆိုတော့ through proper channel လို့ လမ်းစဉ်အတိုင်း လုပ်တာပါ ဟု ပြောရ၏။ တော်ကြာ သူများအတွက် ကိုယ့်ပါ စိတ်အကွက်ခံရလျှင် မကောင်း။
            သည်အဖွားကြီးက သည်ကုမ္ပဏီမှာ လုပ်သက်အရင့်ဆုံး။ တခြား ဒါရိုက်တာဆိုသူတွေတောင် သူ့လောက် လုပ်သက် မရင့် ဟု ဆို၏။ ထို့ကြောင့် သူဌေးထက်တောင် အာဏာရှိသေးသည်။ သူ့ကို ပလေးပလေး လုပ်လို့မရ။
            သို့နှင့် အပိုးမကျိုးသော အာမက်ကို နည်းနည်း အပိုးကျိုးသွားအောင် လက်စင် ပေးလိုက်ခြင်း ဖြစ်မည်။
            သည်လိုလုပ်တာ အာမက်က မကျေနပ်။ ဘယ့်နှယ်ကွာ၊ ဟိုတစ်နေ့ကမှ probation period (အစမ်းခန့်ကာလ) ပြီး တယ်။ အခု အလုပ်ဖြုတ်ရတယ်လို့။ နောက်ပြီး ငါတို့စာချုပ်ထဲမှာ တစ်လ နို့တစ်လို့ပါတယ်။ အခု နှစ်ပတ်ပဲပေးတယ်၊ ငါ MOM ကို တိုင်ထားတယ် ဟု ဆိုလေသည်။ ဟာဟာ့၊ ကျွန်တော်တို့ သူဌေးက ယခင်က MOM မှာ အကြာကြီးလုပ်ခဲ့ပြီးမှ ကုမ္ပဏီ ထောင်ထားသူဖြစ်လေသည်။ ဆိုလိုသည်မှာ ယခု MOM မှ အရာရှိတော်တော်များများမှာ သူ့တပည့်များ ဖြစ်လေ၏။ အဖိုးကြီး က အသက်ကြီးလှပြီ။ ရင်ကြပ်တရှဲရှဲနှင့်ဆိုတော့ သူစကားဆယ်လုံးပြောလျှင် နှစ်လုံးလောက်သာ ကျွန်တော် နားလည်သည်။ ကျန်တာ ယက်ဆား၊ ယက်ဆားနှင့် ရမ်းတုတ်ရတာဖြစ်၏။ နားလည်လို့မဟုတ်။

(၄)

            အဲဒါပါပဲခင်ဗျား။
            နံရံများ၌ နားရှိကြောင်း အာမက်ဖြစ်ရပ်က သက်သေထူခဲ့လေပြီ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၂ မတ်လ၊ ၂၀၁၅။ ည ၁၀း၁၆ နာရီ

No comments: