(၁)
လူတစ်ဦးတစ်ယောက်ကြောင့် လူအများ
အကျိုးဖြစ်ထွန်းသည်များရှိသလို လူတစ်ဦးတစ်ယောက်ကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ရသည်များလည်း
ရှိလေ၏။ ဤသည်မှာ ဘယ်လူမျိုး၊ ဘယ်ဘာသာဆိုတာနှင့်မဆိုင်။ ပုဂ္ဂလ ဓိဌာန်နှင့်သာ များစွာဆိုင်လေသည်။
မိမိကြောင့် လူအများ အကျိုးမဖြစ်ထွန်းချင်သာနေပါ။
ဒုက္ခတော့မရောက်ပါစေနှင့်။
(၂)
၁၁ - ၃
- ၂၀၁၅ ရက်နေ့က အသက် ၁၉ နှစ်ရှိကျောင်းသူတစ်ယောက် ရထားစင်္ကြန်အပေါက်အတွင်း ကျွံကျသော
ဖြစ်ရပ် စင်ကာပူ၌ ဖြစ်ခဲ့၏။
စင်ကာပူမှရထားများမှာ
ရထားကြမ်းပြင်နှင့် ဘူတာစင်္ကြန်ကြမ်းပြင် အနိမ့်အမြင့်မရှိ၊ တပြေးတည်းဖြစ်၏။ တံခါး ဖွင့်လိုက်လျှင်
ရထားကြမ်းခင်းနှင့် ဘူတာကြမ်းပြင်မှာ ၄ လက်မ (၁၀၀ မီလီမီတာ) မျှသာ ကွာ၏။ ဤသို့ ခွာထားရခြင်း
မှာလည်း ရထားလှုပ်သည့်အရှိန်ကြောင့် ရထားကိုယ်ထည်နှင့် ဘူတာကြမ်းခင်းတို့ မတိုက်မိစေရန်
ဖြစ်လေသည်။
ရထားစီးခရီးသည်များ
ထိုအပေါက်မှ ကျွံမကျစေရန် ရထားဆိုက်သည်နှင့် တပြိုင်နက် အပေါက်ကျွံမယ်၊ သတိထားပါဟု
ဘူတာတွင်တပ်ဆင်ထားသော စပီကာများမှ တောက်လျှောက်ကြေငြာနေပါသည်။ သို့သော် ဤကြေငြာသံကို
ဘယ်နှစ်ယောက် ဂရုစိုက် နားထောင်ပါသနည်း။ ရထားဘက်ကရော ကြေငြာရုံမှလွဲ၍ ဘာများ လုပ်လို့ရပါမည်နည်း။
(နောင်ကျလျှင်တော့ ထိုအပေါက်များကို ဖုံးရန် ရထားတံခါးဖွင့်လိုက်သည်နှင့် အလိုလိုထွက်လာသော
လျှာထိုးအခင်းများ ပေါ်လာလေဦးမည်လားမသိ။)
ကိုယ့်လမ်းကိုယ်
ဂရုစိုက်သွားလျှင် သည်အပေါက်ကြားထဲ ဘယ်လိုမှ ကျွံကျစရာ အကြောင်းမရှိပါ။ သို့သော် သိတော်မူကြသည့်အတိုင်း
စမတ်ဖုံးများပေါ်လာသည့် အချိန်မှစ၍ မည်သူများ မိမိလမ်းကို ဂရုတစိုက်ကြည့်ကာ သွားပါ သနည်း။
ဘေးဘီဘယ်မှ စိတ်မ၀င်စားအား။ မျက်လုံးကို ဖုံးမျက်နှာပြင်ပေါ်တွင်သာ အသေကပ်ထားလျက် သွားကာမတ္တမျှ
သွားကြခြင်းဖြစ်၏။ အဆိုးဆုံးမှာကား လမ်းဖြတ်ကူးသည့်အခါတွင်ပင် ဖုံးပွတ်နေခြင်းဖြစ်လေသည်။
လမ်းသွားရင်း ပွတ်သည်။ အလုပ်လုပ်ရင်း ပွတ်သည်။ ထမင်းစားရင်းပွတ်သည်။ အိမ်သာတက်ရင်း
ပွတ်သည်။ ဟ၀ှာလုပ်ရင်းတောင် ပွတ်သလား မပြောတတ်။ (တရားထိုင်ရင်း ပြောပါတယ်။)
တစ်ခါက
ရုပ်ရှင်ကားကောင်းသဖြင့် ကြည့်ပါစေဟု ကျွန်တော်တူမများကို ခေါ်ကာ ရုပ်ရှင်သွားကြည့်ကြသည်။
ရုပ်ရှင်ကြည့်သည့်အခါ ရုပ်ရှင်လက်မှတ်နှင့် ပိုက်ဆံအကြွေ ၃-၄ ကျပ်မှလွဲ၍ အခြားဘယ်အရာမှ
ကျွန်တော် သယ်သွားလေ့ မရှိပါ။ သို့သော် သူတို့က ဖုံးယူလာသည်။ ရုပ်ရှင်ကြည့်နေရင်းပင်
ဖုံးပွတ်သည်။ သူတို့ဖုံးပွတ်တာ ကျွန်တော်နှင့် ဘာမှ မဆိုင်ပါ။ သို့သော် ကျွန်တော်မနေနိုင်။
နင်တို့ ရုပ်ရှင်ကြည့်မှာလား၊ အဲဒီဖုံးပွတ်နေမှာလား။ ဖုံးပွတ်မယ်ဆို အခုပြန်ပေတော့
ဟု ငေါက်လိုက်၏။ ထိုမှစ၍ နောက်ပိုင်း ဘယ်တော့မှ ရုပ်ရှင်လိုက်မပြတော့ပါ။
ထမင်းစားရင်းလည်း
လက်က အငြိမ်မနေ။ ထမင်းတွင် စိတ်မ၀င်စား။ ဖုံးကို ဘေးနားချလျက် ဖုံးကိုကြည့်ရင်း ထမင်း
စားတာ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ကျွန်တော်နှင့် သူတို့ ထမင်းစား မဆုံတာများပါသည်။
မဟုတ်လျင် တစ်ချိန် မဟုတ် တစ်ချိန် ပြောမိမည်။
နောက်တစ်ခု။
မိတ်ဆွေတို့လည်း သတိပြုမိပါလိမ့်မည်။
ရထားတံခါးပိတ်ခါနီး အတင်းပြေးတက်တာ ဖြစ်၏။ ကျွန်တော်တောင် တစ်ခါက တံခါးကြား အိတ်ညပ်နေသော
ခရီးသွားတစ်ယောက်ကို ကူဆွဲပေးရသေးသည်။
စင်ကာပူတွင် ခရီးသွား များချိန်
(peak hour) ၌ ရထားများမှာ နှစ်မိနစ်လျှင် တစ်စီးရှိပါသည်။ လူနည်းသည့် နေ့လည် နေ့ခင်းဆိုလျှင်မူ
၎ မိနစ်မှ တစ်ခါတလေ ၆ မိနစ်လောက်ထိ စောင့်ရတတ်သည်။ သို့ဆိုလျှင် ရထားတစ်စီးလွတ်ပါမှ
အကြာဆုံးစောင့်ရ သုံးမိနစ်၊ နေ့ခင်းပိုင်းဆို ၆ မိနစ်ထက်မပို။ သည် လေးငါးခြောက်မိနစ်အတွက်နှင့်
အဘယ်ကြောင့် အတင်းပြေးတက်ဘိရသနည်း။ ဟိုနေရာကို လေးငါးခြောက်မိနစ် နောက်ကျရောက်သွားတော့ရော
ဘာဖြစ်သွားမှာမို့နည်း။ အကယ်၍ ၎င်းသာ တံခါးကြားညပ်မိပါက ရထားမှာဆက်ထွက်လို့မရဘဲ သည်နေရာတွင်
ရပ်နေရပေလိမ့်မည်။ အခန့် မသင့်လျှင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ပင် ရနိုင်သည်။ ထိုအခါ သည်ရထားပေါ်ပါလာသည့်
ခရီးသည်အားလုံး နှောင့်နှေး ကြန့်ကြာကုန်တော့မည်။ ထို့ပြင် သည်ရထားသာ မထွက်နိုင်ပါက
နောက်ထပ်လာမည့် စီးရေများစွာသော ရထားများကိုပါ ထိခိုက်မည် ဖြစ်တော့သည်။
(၃)
အထက်ပါကျောင်းသူ
အပေါက်ကျွံတာ မနက် ၇း၅၀ နာရီ။ သည်မတော်တဆမှုကြောင့် ဘူတာတွင် ပုံခဲသွားသည့် ခရီးသည်အားလုံးကို
ရှင်းထုတ်ရတာ တစ်နာရီခွဲကြာသည်။ မနက် ၉ နာရီခွဲမှ လူအားလုံး ရှင်းသွားသည်ဆို၏။
ထိုနေ့မနက်က
အလုပ်ကို ၄၅ မိနစ်လောက် နောက်ကျပြီးမှ ရောက်သည်ဟု အိုင်တီပညာရှင်တစ်ဦးက ပြော၏။ စင်ကာပူမှ
ရထားက ရထားပျက်လျှင် ထိုဘူတာမှ နောက်ဘူတာများသို့ ဘတ်စ်ကားများ ပြေးဆွဲပေးသည်။ ခရီးသည်များမှာ
ရထားမှ ကားသို့ပြောင်းစီး။ ထိုသို့ပြောင်းစီးခြင်းအတွက် ပိုက်ဆံပေးစရာမလိုပါ။
ထိုကျောင်းသူ၏ပေါ့ဆမှု၊
မိမိကိုယ်ကိုယ် တာဝန်မဲ့မှုကြောင့် ထောင်ဂဏန်းအတော်များများ ခရီးသည်များ ဒုက္ခ ရောက်ရသည်။
ရထားဝန်ထမ်းများ အလုပ်ရှုပ်ကြရသည်။ မလိုအပ်ဘဲ အပိုအလုပ်ရှုပ်ရသည်။ ခေါင်းစားရသည်။ အလုပ်
နောက်ကျတော့မည်ဖြစ်သဖြင့် ရထားပေါ်ပါလာသူများမှာ ဟိုဖုံးဆက်၊ သည်ဖုံးဆက် လုပ်ကြရသည်။
အကယ်၍ လေယာဉ်ကွင်းဆင်းမည့် ခရီးသည်များ ပါလာပါက ရထားကိုစောင့်နေနိုင်တော့မည်မဟုတ်။
ထိုဘူတာမှပင် တက္ကစီငှားစီးရ တော့မည်။ မလိုအပ်ဘဲ အပိုပိုက်ဆံများ ကုန်မည်။
လူကလည်းကြပ်၊
ဆူညံပွက်လောကလည်း ရိုက်နေတော့ ကလေးများမှာ စိတ်တိုကာ အသားကုန် ဟစ်ငိုမည်။ ထိုအခါ ရထားနောက်ကျသဖြင့်
နဂိုကမှ စိတ်တိုနေသောအဖေက ကလေးတင်ပါးကို ခပ်စပ်စပ်ကလေးရိုက်မည်။ ထိုအခါ လင်မယား စကားများမည်။
စီးပွားရေးတွက်ကိန်းနှင့်တွက်လျှင်
လူတစ်ယောက် ၁ နာရီ နောက်ကျတယ်ထား။ လူ ၅၀၀၀ နောက်ကျလျှင် နာရီပေါင်း ၅၀၀၀ ဆုံးရှုံးသွားတော့မည်။
ဤသည်များမှာ
ထိုကလေးမ၏ မဆင်ခြင်မှု၊ ပေါ့ဆမှု၊ သူများဘာဖြစ်ဖြစ် ငါလုပ်ချင်တာလုပ်မည်ဟူသော တစ်ကိုယ်ကောင်းဆန်မှု၊
ကိုယ့်ကိုယ်ကိုယ် တာဝန်မယူမှုတို့ကြောင့်ပင် မဟုတ်ပါလော။
၂၀၁၀ မေလက
မင်္ဂလာဈေးမီးကြောင့် ငွေကျပ် သိန်းပေါင်း နှစ်သိန်းကျော်ဘိုး ဆှုံးရှုံးခဲ့ရသည်။ ထိုဈေးမှ
ဈေးသည် အားလုံးလိုလို ဆုံးရှုံးမှုကြီးစွာ ဖြစ်ရသည်။ ဒုက္ခများကြရသည်။ ဤသည်မှာ ရေနွေးအိုးတည်ပြီး
မီးမပိတ်ခဲ့သူ တစ်ဦး တစ်ယောက်ကြောင့်ဖြစ်၏။ ၎င်း၏ တာဝန်မဲ့မှု၊ ပေါ့ဆမှုကြောင့် မဟုတ်ပါလော။
ဘတ်စ်ကားမောင်းသူတစ်ဦး၏
ပေါ့ဆမှု၊ တာဝန်မဲ့မှုကြောင့် ရန်ကုန် - နေပြည်တော် အမြန်လမ်းတွင် ကားပေါင်းများ စွာ
တိမ်းမှောက်၍/တိုက်၍ ခရီးသည်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီ။ လမ်းကိုချည်းအပြစ်တင်နေရုံဖြင့်
သည်လမ်းကြီး ကောင်းလာမှာ မဟုတ်ပါ။ လမ်းမကောင်းမှန်းသိလျှင်၊ အန္တရာယ်များမှန်းသိလျှင်
လူက ထိန်းထိန်းသိမ်းသိမ်း၊ ဆင်ဆင်ခြင်ခြင် မမောင်းသင့်ပါသလော။
လူတစ်ဦးတစ်ယောက်ကြောင့်
လူပေါင်းများစွာ ဒုက္ခရောက်ရသည့်သာဓကများမှာ မရေမတွက်နိုင်အောင် ရှိပါသည်။
(၄)
ယခင်က
စင်ကာပူမှ ရထားစင်္ကြန်များမှာ ဘာအကာအရံမှ မရှိ။ သည်တော့ လောကကြီးတွင်နေရန် စိတ်ကုန်နေ
သူများမှာ ထိုပလက်ဖောင်းမှနေ၍ အရှိန်ဖြင့်ဝင်လာသည့် ရထားအောက်သို့ ခုန်ချကာ သေကြောင်းကြံကြသည်။
ထိုအခါ လူထု၏ ပူညံပူညံလုပ်မှု၊ အစိုးရ၏ ဖိအားပေးမှုကြောင့် ရထားကုမ္ပဏီမှာ ဘူတာတိုင်းရှိ
ပလက်ဖောင်းအားလုံးကို နံရံနှင့် တံခါးများ တပ်ပေးရလေ၏။ ပိုက်ဆံတော်တော်များများ ကုန်သွားသည်။
သည်တော့ သူတို့ပိုက်ဆံပြန်ရအောင် ရထားခ ထပ်တိုး၏။ နောက်ဆုံးတော့ ယခင်က တစ်လကို ကားခ၊
ရထားခ ၆၀ လောက်နှင့်လောက်သော ကျွန်ုပ်တို့မှာ ယခု တစ်လ ၈၀ နှင့်တောင် မလောက်တော့။ ရထားကဒ်ထဲထည့်ထားသည့်
ပိုက်ဆံများမှာ အရက်ကြိုက်သော မောင်မင်းကြီးသား၏ ဖန်ခွက်ထဲမှ ယမကာရည်များကဲ့သို့ အလွန်လျှင်မြန်စွာ
ကုန်ဆုံးပျောက်ကွယ်သွားလေ့ရှိသည်။
မသကာ၊
သေချင်ရင် ကိုယ့်ဘာသာ ၁၆ ထပ်တိုက်ပေါ်က ခုန်ချပါလား။ လွယ်ပါ့။ တိုက်များမှ စင်္ကြန်များမှာ
ရင်ဆို့ လောက်သာမြင့်သည်။ တက်ချင်သပဆို အလွယ်လေး။ ခုန်သာချလျှင် လေဟုန်စီးသည့် အရသာလည်း
ခံရမည်။ အမြင့်မှ ၀ဲပျံကာ ရှုခင်းလှလှလေးများကိုလည်း ကြည့်နိုင်မည်။ ဒါ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်ချင်သေးလျှင်
ငါ နတ်သမီးလေး တွေကြည့်ချင်လို့ တာဝတိံသာကို ကိုယ့်စရိတ်နဲ့ကိုယ်သွားတာဟေ့ ဟု လည်ပင်းတွင်
စာချိတ်လို့ရသေးသည်။ သဟာဆို ဘယ်သူမှ ဒုက္ခမများတော့။
ခုတော့
သေတာ ရိုးရိုးမသေ။ လူများကို ဒုက္ခပေးပြီးမှ သေသည်။ ဤသည်ကို သေချင်းဆိုးဟုခေါ်၏။ အနှီသေချင်းဆိုးများကြောင့်
ရထားကုမ္ပဏီ (SMRT - Singapore Mass Rapid Transit) လည်း အလုပ်ရှုပ်ရ၏။ ကျွန်တော်တို့လည်း
ရထားခ အပိုကုန်ရ၏။ စင်ကာပူတွင် တစ်နေ့လျှင် ခရီးသွားသူ လေးသန်းကျော်မျှ ရှိသည်ဆို၏။
အနှီ သေချင်းဆိုး၊ မသာကောင်များကြောင့် လေးသန်းမျှသော လူအပေါင်း အပိုပိုက်ဆံကုန်ရသည်။
ကျွန်တော်သာ လုပ်လို့ရလျှင် ယမမင်းထံ ဖုံးဆက်ကာ ထိုသကောင့်သားများအား ဆီပူအစား မီးတောင်မှ
ချော်ရည်ပူများနှင့် ကြော်ခိုင်းဘို့ လှမ်းမှာလိုက် ချင်သေး၏။
(၅)
အောင်မာ၊
ငါတို့စင်ကာပူက အဲဒီကောင်တွေ ဒုက္ခပေးတာ ဘာဟုတ်သေးလို့လဲကွ။ မင်းတို့တိုင်းပြည်က ဟို
နေ၀င်းဆိုတဲ့ကောင်နဲ့ နေပူတော်မှာ ကာတွန်းဖတ်နေတဲ့ကောင်ကြီး ဒုက္ခပေးတာ မင်းတို့ သန်း
၅၀ ခုထိ ဒုက္ခပင်လယ်ဝေတုံး မဟုတ်လားကွာ။ အောင်မယ်၊ မင်းတို့ပို့သတဲ့ မေတ္တာတော်တွေကြောင့်
အခုထိ ကျန်းကျန်းမာမာ ဆိုပါလားကွ။
မိတ်ဆွေတို့ပတ်ဝန်းကျင်မှ
လူငယ်လူကြီးများကိုလည်း မိမိတစ်ယောက်အတွက် လူအများ ဒုက္ခမရောက်ပါစေနှင့်။ မိမိကိုမှီပြီး
လူအများ ချမ်းသာပါစေ၊ ထိုသို့ လူအများချမ်းသာရာရစေရန် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ၊
တစ်ကိုယ်ကောင်း မဆန်ပါနှင့်၊ အစစအရာရာ ဆင်ခြင်တုံတရား ရှေ့ထားပြီး လုပ်ကြ၊ ကိုင်ကြ၊
ပြောကြ၊ ဆိုကြ၊ ရေးကြ၊ ဖေ့စ်ဘုတ်ပေါ် တင်ကြပါ ဟု ပြောဆို ဆုံးမကြပါမည့်အကြောင်း မေတ္တာရှေ့ထားပြီး
ရေးလိုက်ရပါကြောင်း။
ဖတ်ရှုအားပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါသည်။
အေးငြိမ်း
၁၄ မတ်လ၊ ၂၀၁၅
No comments:
Post a Comment