Tuesday, February 17, 2015

Knowledge Is Power

Knowledge Is Power ဟုဆိုရာတွင် Knowledge ကို ပညာဟုယူသော် ရနိုင်လိမ့်မည် ထင်ပါသည်။ Knowledge Is Power
သည် လက်တင်ဘာသာ scientia potentia est  ဖြစ်ပြီး ဖရန်စစ်ဘေကွန်ရေးကြောင်း Wikipedia, the free encyclopedia တွင်အောက်ပါအတိုင်း ဖော်ပြထားပါသည်။
The phrase "scientia potentia est" (or "scientia est potentia"[p] or also "scientia potestas est") is a Latin aphorism often claimed to mean organized "knowledge is power". It is commonly attributed to Sir Francis Bacon, although there is no known occurrence of this precise phrase in Bacon's English or Latin writings. However, the expression "ipsa scientia potestas est" ('knowledge itself is power') occurs in Bacon'sMeditationes Sacrae (1597). The exact phrase "scientia potentia est" was written for the first time in the 1668 version of the work Leviathan by Thomas Hobbes, who was secretary to Bacon as a young man.
The related phrase "sapientia est potentia" is often translated as "wisdom is power".
Ref. Link: http://en.wikipedia.org/wiki/Scientia_potentia_est

ယခု ပညာနှင့်ပတ်သက်၍ သိသမျှ ရေးပါအံ့။

ပညာကို ဘယ်လူဆိုးတို့
ယူခိုးလို့ ပါပါ့မယ်။
အတတ်ကယ် လိမ္မာနှင့်
ဥစ္စာ ဘယ် တူကြလိမ့်
လောကလူဝယ်။
သိကြားမြင် လုံလောက်က
မျက်မှောက်ကယ် သည်ကိုယ်ဝယ်
ရလွယ်၏ ခင်ပွန်း။
တမလွန် နောင်ခါကောင်းစေဘို့
မြိုက်ချမ်းသာ ပိုမိုမြင့်
ကဲဆင့် တောက်ထွန်း။      ။
                                                စဥ့်ပါဆရာတော်

တသင်းမှတ်ကြ၊ လူထိုမျှတို့
သိပ္ပကိုမူ၊ နည်းသည်ဟူ၍
မအောက်မေ့နှင့်၊
တွေ့ရာမှတ်သား၊ မိုးပေါက်များသော်
အင်းလျားချောင်းကန်၊ ပြည့်သောဟန်တည့်။

ကျွန်ုပ်တို့ မူလတန်းကျောင်းသားဘ၀ကပင် ပညာအရေးကြီးပုံအကြောင်း အမျိုးမျိုး သင်ကြား၊ လေ့လာခဲ့ရပါသည်။ ပညာ အရေးကြီးသောကြောင့် မြတ်စွာဘုရားက မင်္ဂလာတရား ၃၈ ပါးတွင် အ သေ၀နာစ၊ ဗာလနံ။ ပဏ္ဍိတာ နဉ္စသေ၀နာ ဟု ပညာရှိကို မှီဝဲဆည်းကပ်ရန် ပထမဦးဆုံးသော မင်္ဂလာ နှစ်ပါးတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်ပေသည်။ ပညာရှိနှင့် ပေါင်းသင်း ရသော် ကိစ္စအတော်များများပြီး၏။

အ သေ၀နာစ၊ ဗာလနံ - လူမိုက်ကို မပေါင်းနှင့် ဆိုရာ၌ လူမိုက်ကို အဓိပ္ပာယ်ဖွင့်ရာတွင် အောက်ပါဥပမာလေးနှင့် ရှင်းပြသည်။ အဖေဖြစ်သူ အိပ်နေစဉ် နဖူးပေါ်သို့ မှက်တစ်ကောင် လာနားလေ၏။ အဖေဖြစ်သူအား မှက်ကိုက်မခံရစေရန် သားဖြစ်သူက ထိုမှက်ကို ပုဆိန်ဖြင့်ပေါက်လေရာ အဖေဖြစ်သူ ဦးခေါင်းကွဲလျက် စင်းစင်းသား သေလေ၏။ ထိုသားလောက် မိုက်မဲသူ မည်သူ ရှိပါအံ့နည်း။

၁၂၃၃ ခုနှစ်၏ တစ်နေ့သောအခါဝယ် အင်္ဂလိပ်အ၀ယ်တော်တစ်ဖွဲ့ မန္တလေးရွှေနန်းတော်ရောက်လာပြီး စကျင်တောင်ကို ၀ယ်လိုကြောင်း လျှောက်တင်လေသော် မင်းတုန်းမင်းကြီး အကျပ်ရိုက်လေ၏။ အောက်ပြည်အောက်ရွာကို သိမ်းပိုက်ပြီးသော ကိုရွှေအင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို နယ်ချဲ့ရန် ခြေလှမ်းစခြင်းဖြစ်ကြောင်း မင်းတရားကြီးရိပ်မိသည်။ ထိုအခါ ထုံးစံအတိုင်း ယောအတွင်းဝန်ကို ခေါ်ယူတိုင်ပင်ရ၏။

ယောမင်းကြီးက အ၀ယ်တော်အဖွဲ့သို့ စကျင်တောင်ကိုတော့ဖြင့် မရောင်းလိုပါ။ အလိုရှိသည်ဆိုလျှင် ရွှေတိဂုံစေတီတော်မြတ် တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်နှင့် အလဲအလှယ်ပြုလုပ်လိုပါသည် ဟု အကြောင်းပြန်လိုက်လေရာ အင်္ဂလိပ်ဉာဏ်ကြီးရှင်များ အဖွဲ့ ပန်လန်လက်၊ ပက်လက်လန်၍ ပြန်ပြေးခဲ့ရဖူးလေပြီ။ ဤသည်မှာ ဦးဘိုးလှိုင်၏ ပညာရှိမှုကြောင့် မဟုတ်လော။

ပညာဟူသည် ပါဠိသက် ဝေါဟာရဖြစ်၏။ ပညာတွင် “ပ” က တစ်ပုဒ်၊ “ညာ” က တစ်ပုဒ် ဖြစ်၏။
ပ - ဟူသည် ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်ပြီး
ညာ - က သိခြင်း ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် ပညာ ဟူသည် အရာရာကို ခွဲခြမ်းစိတ်ဖြာ၊ ဝေဖန်ပိုင်းခြား၏ သိခြင်း ဟု အဓိပ္ပာယ်ရ၏။
                                    ဓမ္မပီယဆရာတော် (စာမျက်နှာ ၇။ အတွေးအမြင် မဂ္ဂဇင်း၊ အမှတ် ၂၅၂၊ မတ်လ၊ ၂၀၁၃)

ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏။
                                    ပိုဒ်ရေ ၂၀၀။ မဃဒေ၀ လင်္ကာသစ်၊ မန်လည်ဆရာတော်


ကမ္ဘာ့မြေပုံပေါ်တွင် ရှာကြည့်လိုက်လျင် စင်ကာပူဟူသည် ပီဘိ အစက်အပြောက်ကလေးမျှသာ ရှိ၏။ ဘာအရင်းအမြစ်မှ မရှိသော စင်ကာပူက မလေးရှားမှ ခွဲထွက်မည်ဆိုတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးများ နှာခေါင်းရှုံ့ကြသည်။ သို့သော် ယနေ့ စင်ကာပူသည် ကမ္ဘာ့နိုင်ငံများ၏ ထိပ်ဆုံးနား၌ ရပ်တည်နေပြီ။ အောက်ပါ GDP (PPP) (gross domestic product (at purchasing power parity)) ကို ကြည့်ပါ။


သို့ဆိုလျင် ဘာအရင်းအမြစ်မှ မရှိသော စင်ကာပူကို ဘာဖြင့် တည်ဆောက်သနည်း။ အဖြေကား ရှင်းလှ၏။ လီကွမ်ယုတို့အဖွဲ့က စင်ကာပူကို တံငါရွာကလေးမှသည် ယနေ့အခြေအနေထိရောက်အောင် ပညာဖြင့် တည်ဆောက် သွားခဲ့သည်မဟုတ်တုံလော။

လွတ်လပ်ရေးရစနှစ်များက ကမ္ဘာ့ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်ရာထူးရောက်အောင် မွေးထုတ်ခဲ့ပေးသည့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဖြစ်သည်ထိ ဇောက်ထိုးမိုးမျှော်ကျအောင် လုပ်ခဲ့သော ဗာလနံ နေ၀င်း၊ ထိုမှတစ်ဖန် LDC အဆင့်မှသည် ဖွတ်ကျားLDC အဆင့်ရောက်သည်ထိအောင် စွမ်းဆောင်ပြခဲ့သော အမိုက်တကာ့ ထိပ်ခေါင် ဖွတ်ခေါင်းဆောင်တို့မှာ ပညာမဲ့လျှင် ထိုသို့ဖြစ်ရသည်ဟု လက်တွေ့သက်သေပြခဲ့သော မျက်မြင်သာဓကများပင် မဟုတ်ပါလော။ 

အခါတစ်ပါးသော် လူငယ်တစ်ဦးသည် ဆိုကရေးတီးအနား ချဉ်းကပ်လျက် အောင်မြင်မှု၏ လျှို့ဝှက်ချက်ကား အဘယ်ပါနည်း ဟု မေးလေ၏။ ပညာရှိကြီးက လူငယ်ကို နောက်နေ့နံနက်၌ မြစ်ဆိပ်တွင် တွေ့ရန် ချိန်းဆိုလိုက်သည်။ နောက်တစ်နေ့နံနက်၌ ပညာရှိကြီးနှင့် လူငယ်တို့ မြစ်ဆိပ်တွင်တွေ့လေသော် ပညာရှိကြီးက လူငယ်အား ၎င်းနှင့်အတူ ရေထဲဆင်းလိုက်လာရန် ခေါ်လေသည်။ လူငယ်လည်း လိုက်လေ၏။ ရေအနက် လည်ပင်းခန့်သို့ရောက်လေသော် ပညာရှိကြီးက လူငယ်အား မပြောမဆို ရေထဲကိုင်နှစ်လေ၏။ လူငယ်လည်း ရုန်း၏။ သို့သော် အရုပ်ဆိုးဆိုး ဗလကောင်းကောင်း ပညာရှိကြီး၏ လက်မှ မလွတ်သာ။ လူငယ်ရေမွန်းပြီး ၀ူးဝါးဝူးဝါးဖြစ်ကာ ပြာနှမ်းလာမှ ပညာရှိကြီးက ပြန်ဖော်ပေးလိုက်သည်။

လူငယ် ရေများအန်ထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှုသွင်းပြီးလိုက်သောအခါမှ ပညာရှိကြီးက မင်း ရေအောက်မှာတုံးက ဘာကို အလိုချင်ဆုံးလဲ ဟု မေး၏။ လူငယ်လည်း လေပေါ့ဗျ ဟု မကျေမချမ်းဖြေ၏။ ထိုအခါမှ ပညာရှိကြီးက -

အေး၊ ရေအောက်မှာတုံးက မင်းလေကို အသည်းအသန်အလိုရှိနေသလိုသာ အောင်မြင်မှုကို အလိုရှိမယ်ဆိုရင် မကြာခင်မှာ အောင်မြင်လိမ့်မယ်။ အောင်မြင်မှုအတွက် ဘာလျှို့ဝှက်ချက်မှ မရှိဘူးလကွ ဟု ဆိုလေ၏။

အသင်လူကလေးအပေါင်းတို့သည်လည်း ဆိုကရေးတီးပြောသကဲ့သို့သာ ပညာကို သည်းသည်းပြင်းပြင်း အလိုရှိပါမူ မဝေးလှသော တစ်နေ့၌ လူအပေါင်းတို့က အမြတ်တနိုး၊ တန်ဘိုးထားရသော ပညာရှိကြီးဖြစ်လာမှာ ဧကန်မလွဲဟု တွံ၊ အသင်သူတော်ကောင်း အပေါင်းတို့သည်၊ ဂဏှာဟိ၊ မှတ်သားကြလေကုန်သတည်း။

ဆန္ဒ၀တော၊ ကိံ နာမကမ္မံ၊ နသိဇ္ဈတိ။ ပြင်းပြသော အလိုဆန္ဒရှိသူအတွက် မဖြစ်နိုင်သည့်အရာ ဘာရှိပါသနည်းဟု မြတ်ဗုဒ္ဓ ဟောခဲ့လေသည်။

မဝေးလှသောအချိန်တွင် ကျွန်ုပ်ချစ်သော အမိမြန်မာပြည်ကြီးသည် ပညာသူတော်ကောင်းများကို လက်ဝယ်ပိုင်ပိုင် ရရှိပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

(တစ်နေ့လုံးစာသင်ထားရလို့ ပင်ပန်းနေသဗျာ။ ရေးချင်လွန်းလို့ရေးလိုက်တာ။ အိပ်တော့မယ်။)

အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ ဖေဖော်ဝါရီ။ ၂၀၁၅။ ည ၁၁း၃၈ နာရီ

No comments: