အားတော့မအားဘူးပေါ့။ ဒါပေမဲ့ ပြောစရာလေးရှိလာလို့။
မနက်က အိမ်သာသွားတော့ တစ်ဖက်ခန်းက ရေတွေ တသွပ်သွပ်စီးကျနေပြီး
တခြားအခန်းတွေကိုပါ ရေတွေ လျှံကျနေတာ တွေ့ရတယ်။ မနေနိုင်လို့ တံခါးခေါက်ပြီး အထဲမှာဘယ်သူတုံးကွ၊
ဘာလို့ ရေတွေစီးကျနေတာလဲ၊ ရေခေါင်းကို ပိတ်မထားဘူးလား ဆိုတော့မှ ပိတ်သွားတယ်။
စိတ်ထဲကသိကအောက်ဖြစ်တာနဲ့ အိမ်သာထဲမ၀င်သေးဘဲ အပြင်ကနေရပ်စောင့်နေလိုက်တယ်။
ကိုယ်တော်က တော်တော်နဲ့ထွက်မလာဘူး။ ဒီမှာက ထွက်ကျတော့မယ် ဖြစ်နေပြီ။ ထွက်လာတော့
(so called) အင်ဂျင်နီယာ ကုလားလေး။ မင်းဘာဖြစ်လို့ ရေမပိတ်ဘဲ ထားရသလဲ။ ဟောဒီမှာကြည့်စမ်း၊
အိမ်သာတစ်ခုလုံး ရေတွေကို ရွှဲစိုနေပြီ၊ မင်း နည်းနည်းမှ မစဉ်းစားမိဘူးလား လို့ ပိတ်ဟောက်လိုက်တော့မှ
စပ်ဖြဲဖြဲနဲ့ ရေခေါင်းက ချောင်နေလို့ကွ လို့ ပြန်ဖြေတယ်။ ချောင်တယ်ဆို အခု ဘာလို့ ပိတ်လို့ရသလဲ
ဆိုတော့ ငါ ခေါင်းအသစ်သွားရှာလိုက်အုံးမယ်ဆိုပြီး ထွက်သွားတယ်။
အဲသလိုပဲ။ အိမ်သာထဲမှာ ရေခေါင်းကို သေသေချာချာမပိတ်ခဲ့လို့
ရေတွေ စီးကျနေတာ မကြာခဏတွေ့ရတယ်။
ဟိုတလောကလည်း အိမ်မှာ ကောင်မလေးတစ်ယောက်က ရေခေါင်းကို မပိတ်ဘဲ
ထားခဲ့တယ်။ ကိုယ်ဝင်သွားတော့ ရေတွေက တသွပ်သွပ်။ ကလေးတွေမဟုတ်တော့ဘူး။ ယောက်ျားယူရင်
ကလေး ၃ ယောက်လောက်ရနေပြီ။ မပြောချင်တာနဲ့ သုံးပြီးရင် ရေခေါင်းကို ပြန်ပိတ်ခဲ့ပါလို့
စာရေးကပ်ထားလိုက်တယ်။
ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ။ အဲသလိုရေတွေ အလဟဿဖြစ်နေတာမြင်ရရင်
ကျွန်တော် အရမ်းအသည်းယားတာပဲ။ ရန်ကုန်မှာလား။ တွေ့ပါ့။ မကြာခဏ။ ကျွန်တော်တို့ ပြည်ရိပ်မွန်အိမ်ယာက
အိမ်ခန်းတွေမှာ ည ည ရေတင်တဲ့အခါ ရေတွေ တဗျန်းဗျန်းကျနေသံကြားရတာ အဲဒီမှာသာ ကျွန်တော်ကြာကြာနေရရင်
နှလုံးရောဂါ ရလိမ့်မယ်။ တိုက်က ၈ ထပ်၊ ဟိုဘက် ဒီဘက်အခန်းတွေနဲ့။ တိုက်တွေက ကျောချင်းကပ်ထားတာဆိုတော့
ဘယ်အခန်းက ကျလို့ ကျမှန်းလည်းမသိ။
ဒီတစ်ခေါက်ပြန်တုံးကတော့ အဲဒီလို အပေါ်ထပ်က ရေတွေတဗျန်းဗျန်းကျနေတာနဲ့
ဘယ်သူ့မှမပြောတော့ဘဲ အောက်ဆင်းပြီး ရေမော်တာ သွားပိတ်လိုက်တယ်။ တကယ့်ကို စိတ်ပျက်စရာ။
ကျွန်တော်တို့တိုက်ရှေ့မှာ ကွန်ဒိုကြီးဆောက်နေတယ်။ ကျွန်တော့်သား
မမွေးခင်ကတည်းက ဆောက်နေတဲ့တိုက်။ အခု သားတောင် မိန်းမရတော့မယ်။ ခုထိမပြီးသေးဘူး။ အဲဒီတိုက်မှာလည်း
ကျုပ်တော့ဖြင့် စူပါဗိုက်ဆာတို့၊ အင်ဂျင်နီယာတို့ တစ်ခါမှ မတွေ့ဖူးပေါင်။ အလုပ်သမား
လေးငါးယောက်က ဟိုနားတူနဲ့ထုလိုက်။ ဒီနား အုတ်စီလိုက်နဲ့တွေ့တာပဲ။ အဲဒီတိုက်က ရေဖြုံးလိုက်ပုံတော့
မပြောပြစေနဲ့။ ရေမော်တာမောင်းထားပြီး သွားချင်ရာသွားနေကြတယ်။ ရေတွေက ပြည့်လျှံပြီး
တဗွမ်းဗွမ်းနဲ့ လမ်းတွေပေါ်လျှံကျ။ တကယ့်ကို စည်းမဲ့ကမ်းမဲ့လူတွေပါလားကရို။
ဒါ အဲဒီတစ်နေရာထဲမထင်ပေါင်။ တစ်နိုင်ငံလုံး အဲသည်အတိုင်းချည်း
နေမှာဘဲ။
ကိုရင်တို့လည်း ကြုံဖူးမှာပါ။
လူလေးငါးယောက် လမ်းပိတ်ရပ်ပြီး စကားပြောနေတာမျိုး။
ရည်းစားနဲ့ ဖုံးပြောရင်း လမ်းကို အလယ်ကနေ စိတ်အေးလက်အေး ပိတ်လျှောက်နေတာမျိုး။
ရထားတစ်စီးလုံး တိတ်ဆိတ်နေတုံး ဖုံးကို အကျယ်ကြီး အော်ကြီးဟစ်ကျယ်ပြောတာ။
လူသွားလမ်းကို ကန့်လန့်ဖြတ်ပြီး ခြေထောက်ကြီး ရှေ့ထိုးထားတာ။
ကားပေါ်အတင်းလုတက်ပြီး နေရာအတင်းဦးတာ။
ရှေ့မှာ လူကြီးသူမတွေ၊ ကလေးသူငယ်တွေမြင်လျက်နဲ့ မသိချင်ယောင်ဆောင်ပြီး
ပေကပ်ထိုင်နေတာ။
လမ်းပေါ်ကွမ်းတံတွေး ဗျစ်ကနဲ ထွေးသွားတာ။
ကားမောင်းနေရင်းကနေ လမ်းပေါ် ကွမ်းတံတွေးထွေးချသွားတာ။
အိမ်သာဝင်ပြီး ရေဆွဲမချခဲ့တာ။
ဒါတွေဟာ အသေးအဖွဲကလေးတွေဗျ။ နောက်ပြီး အဲဒါကို ကျောင်းမှာ
သင်ပေးရမဲ့အရာမျိုးမဟုတ်ဘူး။ လောကနီတိ အနေနဲ့တော့ ဘုန်းကြီးကျောင်းနဲ့ လူကြီးမိဘတွေက
သင်ပေးလို့တော့ရသပေါ့။ စင်ကာပူက အိမ်သာတွေမှာ စာရေး ကပ်ထားတာတွေ့ဖူးကြမှာပါ။ “Be
considerate” “Little effort, means a lot.” ဆိုတာ။
ရှေ့နည်းနည်းလောက်တိုးပြီး ရှုးရှုးဖလားဝါးရင် ကြမ်းပြင်ပေါ်
ဆီးစက်တွေ မကျတော့ဘူးပေါ့။
ဟောဒီမှာကြည့်။
ထမင်းဆိုတာ ဘာမှ တန်ဘိုးမရှိဘူး။ ထမင်းကို ကုန်အောင်မစားဘူး။
နောက်ပြီး ကိုယ်ဘယ်လောက်ကုန်သလဲ ဆိုတာ မခန့်မှန်းတတ်။ စားလောက်ရုံ တိုင်းပြီးမချက်။
ရမ်းချက်၊ ရမ်းစား၊ မကုန်တော့လွှင့်ပစ်။
ပထမဆုံးပုံက ထမင်းအိုးကို ဆေးချလိုက်တော့ ကျလာတဲ့ ထမင်းတွေပါ။
ထမင်းကို ကုန်အောင်မစားဘဲ အကျန်အားလုံး ကို လွှင့်ပစ်လိုက်တာပါ။ ထမင်းကျန်တာကို မစားချင်တော့
ထမင်းအိုး တစ်ခြမ်းလုံးလွှင့်ပစ်လိုက်တယ်။ ဒုတိယပုံက ကျွန်တော် အမှိုက်ပုံးကို ရိုက်ထားတာ။ ကြည့်ကြည့်ပါ။
ထမင်းနဲ့ဟင်းတွေ သွန်ပစ်ထားတာ။
တတိယပုံက သင်္ဘောသီးကို ၀ယ်ထားပြီး ဒီအတိုင်း အလှကြည့်ထားတယ်။
မှိုတက်ခံထားတော့ ပထမ၊ အင်း - အလက်ဇန္ဒားဖလဲမင်းလိုများ ပင်နယ်စလင်အသစ်ထုတ်ဖို့ စမ်းသပ်ထားတာများလားလို့
စောင့်ကြည့်သေးတယ်။ နောက် ဘယ်သူမှ တို့တာမတွေ့တော့ လွှင့်ပစ်လိုက်ရတယ်။
နောက်ဆုံးပုံကတော့ ကျွန်တော်တို့ရုံးက ပြည်ကြီးတရုတ် အင်ဂျင်နီယာ
ထမင်းစားထားတဲ့ ပန်းကန်ပါ။ ကျွန်တော်တို့နဲ့ ရံဖန်ရံခါ ထမင်းအတူတူ လိုက်စားတယ်။ သူထမင်းစားတဲ့အခါတိုင်း
ထမင်းကို ဘယ်တော့မှ ကုန်အောင်စားတာ မတွေ့ရဘူး။ ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် - နေပါဦး
ဟိုင်တောင်းရယ်။ ထမင်းကို ဘာဖြစ်လို့ကုန်အောင်မစားတာလဲ လို့ မေးတော့ ငါ မကုန်ဘူးကွ
တဲ့။
မကုန်တာမင်းသိလျက်နဲ့ ဘာဖြစ်လို့ နည်းနည်းမမှာသလဲ လို့ အထွန့်တက်တော့
ဘာမှ ပြန်မပြောဘူး။ ထမင်းကို လျှော့ထည့်ပါလို့ပြောရင် ဘယ်သူမှ ရန်မတွေ့ပါဘူးဗျာ။ ကျွန်တော်လည်း
တစ်ခါတလေ ကုလားစာ စားပါတယ်။ ကုလားတွေက ထမင်းကို အများကြီး ထည့်ပေးတတ်တယ်။ ကျွန်တော်ကတော့
ထမင်းကို တစ်ဝက်ပြန်လျှော့ခိုင်းလေ့ ရှိတယ်။ ဟင်းကိုလည်း နှစ်မျိုးထက်ပိုမမှာဘူး။ ကိုယ်ကုန်သလောက်ပဲမှာပေါ့။
ကိုယ်ဘယ်လောက်စားနိုင်သလဲ မမှန်းတတ်ရင်တော့ ဒါ တစ်ခုခုလွဲနေတာဖြစ်ရမယ်။
ဟိုတစ်နှစ်က ကိုရင်ဂျစ်တို့ တစ်သုံးလုံး ဘုရားဖူးအဖွဲ့နဲ့
လိုက်သွားတုံးကလည်း အဲသလိုပဲ။ သူတို့က ခရီးစဉ်မစခင် ဘုန်းကြီးကျောင်းမှာ ဘူဖေးထမင်းကျွေးတယ်။
ဟင်းကောင်းတွေနဲ့။ လာသမျှလူတွေထဲမှာ တစ်ယောက်မှ နှပ်ချေးတွဲလောင်းမပါဘူး။
ထမင်းစားပြီးတော့ ကျွန်တော်စားပွဲတွေ လျှောက်ကြည့်တယ်။ စားပြီးသားပန်းကန်တွေထဲမှာ
ကြက်ပေါင်တွေ၊ ပုဇွန်ထုပ်တွေ စသဖြင့် ဟင်းတွေ အများကြီးကျန်နေတယ်။ အားလုံးပြောင်စင်နေအောင်
စားထားတဲ့ထမင်းပန်းကန်ဆိုတာ မရှိသလောက်ကို ရှားတယ်။ ကိုယ်လည်းမစားနိုင်ပါဘဲလျက် ဘာဖြစ်လို့
အလကားရတိုင်း လောဘတကြီး နင်းကန် ထည့်ရသလဲ။ လှူတာတော့ လှူတာပေါ့။ ဒါပေမဲ့ အလဟဿလုပ်ပစ်တာတော့
ဘယ်ကောင်းမတုံးဗျာ။ ကျုပ်တို့ရွာက လူတွေဆိုတာ တစ်လနေလို့ ကြက်သားဟင်းတစ်ခါ မစားရဘူး။
ပြောရရင်တော့ အများကြီးပေါ့ဗျာ။ အဲဒါဟာ သိတတ်မှု၊ ဘ၀နေနည်းအနုပညာတတ်မြောက်မှုပဲဗျ။
ဘွဲ့လက်မှတ်တွေ အများကြီးကိုင်ထားတဲ့သူတွေ၊ ဆင်လောက်ရာထူးကြီးရှိတဲ့သူတွေထဲမှာလည်း
အဲဒါမျိုးတွေတွေ့ရတော့ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ပါဘူးဗျာ။
သူများအတင်းပြောနေတာနဲ့ အိပ်ရေးတွေ ပျက်ကုန်ပြီ။ နာရီပြန်တစ်ချက်ထိုးတော့မယ်။
အိပ်တော့မဗျာ။
နက်ဖြန်လည်း အလုပ်ဆင်းရမယ်။ ဆန်းဒေးလည်း တစ်နေကုန်စာသင်ရအုံးမယ်။
အေးငြိမ်း
၁၄၊ ၂၊ ၁၅။ ၀၀း၄၈ နာရီ။
No comments:
Post a Comment