မတ်လ (၁) ရက်နေ့က ရန်ကုန်ပြန်လိုက်တော့ ထိုနေ့ဖြေရမည့်စာမေးပွဲကို
ပိုက်ဆံပေးကာ ရက်ရွှေ့လိုက်ရသည်။ စာမေးပွဲမှန်က ဘယ်စာမေးပွဲဖြစ်ဖြစ် (မနှဲလေးနှင့် ဦးမင်းကျော်သာကွာချင်ကွာမည်)
အနည်းနှင့်အများတော့ နတ်ကြီးကြသည်ချည်း။ ဆိုတော့ (၁) ရက်နေ့ကပြီးရမည့် သည် ၀န်ထုပ်ဝန်ပိုးကြီးကို
ကျွန်ုပ်က နောက်ထပ်နှစ်ပတ်စာ ထပ် ထမ်းပိုးထားရသည်။ ဘာပဲဖြစ်ဖြစ် အဆုံးတစ်နေ့တော့ ရောက်လာရသည်ချည်း။
သည်စာမေးပွဲ မနက်ဖြန်ဖြေရမည်။
သဟာကြီးရှိနေတော့ တခြား စာရေးစာဖတ်ကိစ္စများ ဘာမှ သိပ်မလုပ်အား။
သို့သော်လဲပေါ့လေ။ ဒေးဗစ်ကော်ပါဖီးကိုအားကျ၍ လွန်ခဲ့သောစနေနေ့က
မလေးရှားလေယာဉ်ကြီးမှာ လူ ၂၃၉ ယောက်နှင့် ကိုယ်ဖျောက်ပြလိုက်ပြီးသကာလ တစ်ကမ္ဘာလုံး
(အဲလေ မြန်မာဘက်ကတော့ ဟိုဗေဒင်ဆရာ နှစ်ယောက်ကလွဲလို့ သိပ်လှုပ်လှုပ်ရှားရှားမတွေ့ရ) လေယာဉ်တွေလွှတ်၊
သင်္ဘောတွေလွှတ်၊ ရေငုပ်သင်္ဘောတွေလွှတ် နှင့် မျက်ကလူးဆန်ပြာ အလုပ်ရှုပ်နေကြသကဲ့သို့ -
ကျွန်ုပ်မှာ ကျွန်ုပ်ကြီးဒေါ်လည်း ထိုလေယာဉ်ပေါ်ပါမသွားပါဘဲလျက်
သည်လေယာဉ်ကြီး ဘယ်နားရောက်လို့ ဘာတွေများ ဖြစ်နေပါလိမ့်ဟု အခြား မျက်နှာစာအုပ်မိတ်ဆွေများကဲ့သို့
ရင်တထိတ်ထိတ်နှင့် မိနစ်မလပ်၊ စက္ကန့်မလပ် (ဘရိတ်ကင်းနယူး ရော၊ မ,ဘရိတ်ကင်းနယူးများမှပါ)
စောင့်ကြည့်နေမိလေသည် ဟူသတတ်။
စာတတ်ပုဂ္ဂိုလ်ကြီးများကလည်း တော်ကြာ ဟိုနားပဲ လေယာဉ်အပိုင်းအစ
တွေ့တယ်ဆိုလိုဆို၊ တော်ကြာ လေယာဉ်က အဆက်အသွယ်ပြတ်သွားပြီး နောက်ထပ်ပဲ ၄ နာရီ ဆက်ပျံနေသေးတယ်ပြောလိုပြော၊
တော်ကြာ ဗမာပြည်က ထားဝယ်ဆိပ်ကမ်းပဲလာပြီး စီးပွားရေးလုပ်ဖို့ လေ့လာနေသယောင်ယောင်၊ ကိုကိုးကျွန်းပဲဆင်းပြီး
ပျော်ပွဲစားထွက်တော့ မလိုလို၊ တော်ကြာ ဟို ရေနံတူးစင်ပေါ်က လူကလည်း ငါ့နာမယ် သတင်းစာထဲပါ
မနည်းဘူးဟဲ့လို့ တွေးပြီး အဲဒီလေယာဉ်ကြီး ရေထဲထိုးဆင်းသွားတာ ငါ့မျက်စေ့နဲ့ တပ်အပ်မြင်ရပါတယ်
အော်လိုအော်၊ (သောက်ကျိုးနည်း၊ အဲဒီရေနံတူးစင်က တခြားလူတွေ အကုန်အိပ်ပျော်နေတယ်ထင်ပါရဲ့)။
အယ်မယ်လေး၊ ထန်းရည်မူး ကျွဲခိုးပေါ်။ ဟိုကောင်မလေး၊ အခန်းထဲတစ်ခါလေး
ခေါ်မိပါတယ်။ အလျင်တုံးကတော့ မပေါ်။ ခုမှ ပေါ်ရတယ်လို့။ လေယာဉ်ပိုင်းလော့တော့ အသက်ရှင်လျက်သားပြန်လာရင်
ဒေါက်ဖိနပ်စာမိဦးမှာ မြင်ယောင်သေးတော့။
ဘာရမလဲကွာ၊ နင်တို့လိုပဲ ငါတို့လည်း အစွမ်းပြရပေမပေါ့ ဆိုကာ
မြန်မာပြည်မှ ဗေဒင်ဆရာတစ်ယောက်ကလည်း ဟေ့၊ ဟိုဂြိုဟ်ကြီးက ဟိုဂြိုဟ်မလေးနဲ့တွဲသွားနေတဲ့အတွက်
အကြမ်းဖက်သမားတွေ ဖမ်းသွားတာ။ အသက်ရှင်တဲ့ သူတွေ ရှိနေသေးတယ် ဆိုပြီး ဟောလိုဟော။ နောက်တစ်ယောက်ကလည်း
ဒီမယ်ကိုယ့်ဆရာ၊ စိတ်ထဲထင်တာတွေ လျှောက်ပြောမနေနဲ့။ ဘာအကြမ်းဖက်တာမှမဟုတ်ဘူး။ တွင်းမည်းကြီးထဲ
ဒလိမ့်ခေါက်ခွေး လိမ့်ဆင်းသွားတာ။ ကိုယ့်လူသတ္တိရှိရင် တစ်ယောက်နဖူး တစ်ယောက် ထုံးတို့ကြေးလောင်းမလား
ဆိုလိုဆို။ နောက် သိပ်မဟန်မှန်း သိတော့မှ နှစ်ယောက်သားတိုင်ပင်ပြီး ဤဟောကိန်းများကား
ကျွန်ုပ်တို့ဟောခြင်းလုံးဝမဟုတ်၊ ကျွန်ုပ်တို့နာမည်ကို အလွဲလေးစား (ဟုတ်ပေါင်) အလွဲသုံးစားလုပ်ခြင်းမျှသာဖြစ်သည်
လို့ ကြေငြာလိုကြေငြာ။ အလုပ်ရှုပ်ပါဘိကွာ။
မလေးရှားအစိုးရကလည်း ဘယ်သူ့ဆီက အတုခိုးထားမှန်းမသိ။ (ကျွန်ုပ်တို့ဆရာကြီးတွေဆီက
တိတ်တိတ် သင်ထားခဲ့တာများလား။) နင်ရို့ဘာပြောပြော အကုန်ပယ်သကွယ် ဆိုပြီး တစ်ပယ်ထဲပယ်ချ။
မလေးရှားနတ်ဆရာတွေကတော့ ကုန်းပေါ်မှာလှေလှော်ပြီး လေယာဉ်ခေါ်ပွဲတွေ
လုပ်နေပါလား။ ကျွန်ုပ်တို့ ရွှေပြည်တော်ကြီးက အကြားအမြင်ဗေဒင်ဆရာတို့ အသံတိတ်လှချည့်။
တကယ်အမြင်အကြားရနေရင် အဲဒီလေယာဉ်ဟာ ဘယ်နေ့ဘယ်အချိန်က ဘယ်လို ပျက်ကျသွားပြီး အရှေ့လောင်ဂျီတွဒ်
ဘယ်နှဒီဂရီ၊ မြောက်လတ္တီတွဒ် ဘယ်နှဒီဂရီ၊ ရေအောက်အနက် ဘယ်နှပေမှာ ဘယ်လိုစောင်းစောင်းကြီး
လဲနေတယ်။ လူတွေသေတယ်၊ ဘယ်နှစ်ယောက်တော့ဖြင့် မျော့မျော့လေးကျန်သေးတယ်။ နောက်ထပ် ဘယ်နှစ်နာရီကြာရင်
ဘယ်သင်္ဘောက ရှာလို့တွေ့မယ် စသဖြင့် အတပ် ဟောလိုက်ပါတော့လား။ ဘာမှမဖြစ်ခင်တုံးကတော့ စွာကျယ်
စွာကျယ်နဲ့၊ အရေးဟဲ့ဆိုတော့မှ ငါတို့ ၀ါတွင်းသုံးလ ၀စီပိတ်ကျင့်တယ် လုပ်လို့ရမလားကွဲ့။
သဟာတွေကြည့်ပြီး
အူယားလှသဖြင့် ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။
စာဆက်ကျက်လိုက်ဦးမဗျာ။
၁၄၊ ၃၊ ၁၄။ ည ၉း ၄၆ နာရီ
No comments:
Post a Comment