သိစရာရှိတာများသိခွင့်ရရေး၊
ကန်ထရိုက်စာချုပ်သေသေချာချာ ချုပ်တတ်ရေး၊ အရည်အသွေးမီ အစားအသောက်များ ထွက်ပေါ်လာရေး
နှင့် နိုင်ငံခြားသားများ အလုပ်ခန့်ထားရေးကို ဆွေးနွေးကြခြင်း
(၁) ပွဲဖြစ်ပေါ်လာပုံ
မတ်လ (၁) ရက်၊ ၂၀၁၄ ရက်နေ့က စင်ကာပူမှ
ကျွန်တော်တို့ လေးယောက် (ကိုစိုးမင်းဆက်၊ ကိုသိန်းသန်းဝင်း၊ မစိမ့် နှင့် ကျွန်တော်)
တို့ ရန်ကုန်၊ UMFCCI တွင် မြန်မာ့အပြောင်းအလဲနှင့် စိန်ခေါ်မှုများအတွက် နိုင်ငံတကာမှ
ဥပဒေပြုခြင်း၊ ကျင့်သုံးခြင်းဆိုင်ရာ အတွေ့အကြုံများ ခေါင်းစဉ်ဖြင့် ဟောပြော၊ ဆွေးနွေးခဲ့ကြပါသည်။
ကိုနေမျိုးမောင့်စကားနှင့် ပြောရလျှင် မြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ဟိုစာတတ်ပုဂ္ဂိုလ်က
လာ ပညာပေးဟောပြောလိုက်၊ သည် ပညာရှိကြီးများက လာပြီး လက်ချာရိုက်လိုက်နှင့် လူမျိုးပေါင်းစုံတို့
မြန်မာနိုင်ငံအတွင်း နည်းမျိုးစုံဖြင့် လာရောက် ကာရာအိုကေသီဆိုနေကြရာ ကျွန်တော်တို့လည်း
ထို ကာရာအိုကေပွဲပေါင်းများစွာထဲမှ ပွဲသေးကလေးတစ်ခုသာ ဖြစ်ပါ၏။ ပွဲဖြစ်မြောက်အောင်
ဆောင်ရွက်ပေးကြသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
၂၀၁၄၊
ဇန္န၀ါရီလ၊ ဒုတိယပတ်၏ တစ်ခုသောနေ့တွင် မြန်မာပြည်နိုင်ငံတော်သမ္မတရုံးအကြံပေးအရာရှိ ဦးလှမောင်ရွှေ
စင်ကာပူကို ခေတ္တလာစဉ် ကျွန်တော်တို့နှင့် တွေ့လိုပါသည်ဆိုသဖြင့် တွေ့ဆုံစကားပြောကြရာမှ
သူက လတစ်လ၏ ပထမစနေနေ့တွင် UMFCCI ၌ ဟောပြောပွဲ ပြုလုပ်ရန် အခန်းစီစဉ်ပေးနိုင်ကြောင်း
ပြော၏။ အနီးဆုံးရက်မှာ မတ်လ ၁ ရက်၊ စနေနေ့ဖြစ်သည်။ ကျွန်တော်တို့လည်း ထိုနေ့ပြုလုပ်ရန်
ဝိုင်းဝန်းစဉ်းစားကြ၏။
ကျွန်တော်က
လောလောဆယ် ACTA Course, CU4A ကိုတက်နေသည်။ ထိုသင်တန်း၏ assessment date မှာ မတ်လ ၁
ရက်နေ့ဖြစ်နေတော့ မသွားတော့ဟု တွေးလိုက်သည်။ အမှန်က assessment date ကို မတ်လ ၃ ရက်နေ့
ရွေးထားတာ ဖြစ်သည်။ သို့သော် ဘရန်ဒီ (ဟုတ်ပေါင်) ဘရန်ဒန်ဆိုသူက မတ်လ ၁ ရက်နေ့ သူမအားသဖြင့်
အချိန်လဲပေးပါ ဆိုလာလေရာ ကျွန်တော်ကလည်း နေရာတကာ အမြဲ လူစွမ်းကောင်းလုပ်ချင်တော့ မင်းမအားရင်
ငါ့ရက်နဲ့လဲပေးမယ် ဆိုကာ လျှာရှည်ပြီး လဲမိထား၏။ သည်တော့ ပြန်လဲလို့ကောင်းပါ့မလား။
ဟောကြပြောကြမည့်
မိတ်ဆွေများက ကျွန်တော်မပါရင် မတ်လမသွားတော့ဘူးဟု ဖြစ်ကုန်၏။ (အားကိုးရှာကြ သကိုး။)
ပွဲစီစဉ်သူက သူ မတ်လ ၁ ရက်နေ့ကို confirm လုပ်ပြီးပြီ။ ကျွန်တော်တို့မသွားဖြစ်ရင်
civil ကအဖွဲ့တွေ သွားခိုင်းမည် ဆို၏။ သို့သော် သူတို့က ကျွန်တော်တို့လို နိုင်ငံ
policy တွေအကြောင်းပြောမှာ မဟုတ်။ civil နှင့်ဆိုင်ရာသာ ပြောကြမှာ ဖြစ်၏။ ကျွန်တော့်လူများက
ကျွန်တော်ပါစေချင်သည်။
နောက်တော့ ကျွန်တော် ကျောင်းကိုသွားကာ
assessment date ကို ပိုက်ဆံ ၂၆ ကျပ်ခွဲပေးပြီး ရက်ရွှေ့လိုက်သည်။
မြန်မာပြည်သူပြည်သားတွေအတွက် အရေးကြီးသဖြင့်။ အစိုးရအရာရှိပိုင်းမှလူကြီးများကို
သိသင့်သိထိုက်တာတွေ သိစေချင် သောကြောင့်သွားခြင်း ဖြစ်၏။
ကျွန်တော်ပြောမည့်အကြောင်းရာမှာ
မြန်မာတစ်နိုင်ငံလုံးအတွက် မြန်မာပြည်သူပြည်သားများအတွက် အလွန် အရေးကြီးသော အကြောင်းအရာ
ဖြစ်သည်။ အနို့ ကျုပ်တို့နိုင်ငံအတွင်းကို ဘယ်ကမှန်းမသိတဲ့သူတွေ တံခါးမရှိ၊ ဒါးမရှိ
(အချို့ဆို ပတ်စ်ပို့တောင်မှမရှိဟု ဓာတ်သိမိတ်ဆွေတစ်ဦးက ပြောသည်) ၀င်ချင်သလိုဝင်၊
ထွက်ချင်သလိုထွက်နေတာ ကျုပ်တို့က မျက်စိပိတ်၊ နားပိတ်ပြီး သည်အတိုင်း လက်ပိုက်ကြည့်နေရမလား။
ကျုပ်တို့လိုလူတွေရှိနေပါလျက်ကနဲ့ သည်အကောင်တွေ ကိုယ့်မြေပေါ်ထင်ရာလုပ်နေတာ ကျုပ်တို့က
သည်းခံနေရမလား။ သူတို့တိုင်းပြည်ကို ကျုပ်တို့အဲသည်လို သွားလုပ်ကြည့်ပါလား။ ရမလားလို့။
သည်လိုဖြစ်နေတာ
ကျွန်တော် အသည်းပြာလှသည်။ ဒါ ပြောချင်နေတာကြာပြီ။ မနှစ်က ရေနံချောင်းက လွတ်တော် ကိုယ်စားလှယ်
ဒေါ်ဝင်းမော်ထွန်းကို သည်စာပေးလိုက်ပြီး လွှတ်တော်ထဲမှာ ပြောခိုင်းခဲ့သည်။ သူတော့ ပြောတယ်
ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူတွေစိတ်ဝင်စားသလဲ။ ဘယ်လောက်ခရီးပေါက်သလဲ ကျွန်တော်မသိ။ သူများကို
ပြောခိုင်းရတာ အားမရ။ ကိုယ့်ဟာကိုယ် ပယ်ပယ်နယ်နယ် တုပ်လိုက်ချင်သည်။ ဒါကြောင့် မတ်လ
(၁) ရက်နေ့ကို သွားဖြစ်အောင်သွားရန် စီစဉ်ခြင်း ဖြစ်၏။
(၂)
အမှန်တကယ်ဆိုလျှင်
မြန်မာပြည်သူပြည်သားများအတွက် ကျွန်တော့်မှာ ပြောစရာများစွာ ကျန်ပါသေးသည်။ ပထမဆုံးပြောချင်သည်မှာ
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သည့် စံနှုန်း၊ စံထားများအကြောင်း ဖြစ်ပြီး
နောက်တစ်ခုမှာ National Competency Standard အကြောင်း ဖြစ်၏။
သည်တွင်
National Competency Standard အကြောင်း နည်းနည်း မျှဝေခွင့် ပြုပါ။ Competency ဟူသည်
ကျွမ်းကျင်လိမ္မာမှု ဖြစ်၏။ အဘယ်ကို ကျွမ်းကျင်လိမ္မာသူဟု ခေါ်သနည်း။ လူတစ်ဦးသည်၊ လက်မှုပညာသည်တစ်ယောက်
သည် သူလုပ်ရမည့်အလုပ်ကို သေသေချာချာသိသည်၊ တကယ်လည်း လုပ်တတ်သည်။ စေတနာထားပြီးလည်း လုပ်သည်။
ဤသည်ကို ကျွမ်းကျင်လိမ္မာသူဟု ခေါ်သည်။
နှုတ်မှုပညာဖြစ်စေ၊
လက်မှုပညာဖြစ်စေ၊ အတတ်ပညာတစ်ရပ်ရပ်တွင် သေချာစွာ ဆရာဖြစ်တတ်ကျွမ်းရန် ထိုသူကို ပြည့်စုံလုံလောက်သော
လေ့ကျင့်သင်ကြားမှု ပေးရမည်။ အမြင်နှင့်တတ်ခြင်း၊ အကြားနှင့်တတ်ခြင်းကို ပြည့်စုံလုံလောက်သော
တတ်ကျွမ်းခြင်းဟု ခေါ်ချင်မှခေါ်နိုင်မည်။
ဥပမာ
- အိမ်များတွင် မီးဆင်သော အလုပ်သမားတစ်ဦးဆိုပါစို့။ ထိုအလုပ်သမားသည် ဤအိမ်တွင် ရေခဲသေတ္တာ
ဘယ်နှလုံးရှိသည်၊ ကွန်ပြူတာ မည်မျှရှိသည်၊ အခြားမည်သည့် လျှပ်စစ်ပစ္စည်းများ သုံးသည်
စသဖြင့် သေသေချာချာစာရင်း ကောက်ပြီး ထိုအိမ်အတွက် မည်သည့်အရွယ်ရှိသော မီးကြိုးကို သုံးရမည်ကို
တွက်တတ်မည်၊ မည်သည့်အရွယ်အစားရှိသော ဘရိတ်ကာထားပေးရမည်၊ မည်သည့်နေရာမှ မီးကြိုးသွယ်ရမည်၊
မည်သည့်နေရာတွင် မီးခလုတ်များ ဆင်ရမည်ကို သိသည်။
တွင်ခုံခုတ်သော
လုပ်သားအတွက်၊ စာသင်သော ဆရာ/ ဆရာမအတွက် စသဖြင့် လုပ်ငန်းအလိုက် မည်သည့် အသိပညာများ
တတ်မြောက်၊ ကျွမ်းကျင်ရန်လိုသည်၊ မည်သည့်အဆင့်ထိ နားလည်ထားရမည် စသည်တို့ကို သတ်မှတ်
ထားသော စံနှုန်းများ နိုင်ငံအလိုက်ရှိသည်။ ဤစံနှုန်းများကိုပင် National Competency
Standard ဟု ခေါ်ခြင်းဖြစ်၏။
ကျွန်တော်တို့နိုင်ငံတွင်
မီးဆင်သူများအား တကယ်ကျွမ်းကျင်သူများ ဟုတ်မဟုတ်၊ မည်ကဲ့သို့ စစ်ဆေးပါသနည်း။ မကျွမ်းကျင်သူ
မီးဆင်လျှင် အလွန်အန္တရာယ်များသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်တစ်နှစ် လောင်သောမီးများကို
ကြည့်ပါ။ လျှပ်စစ်ကြောင့် လောင်သောမီး အတော်များသည်ကို တွေ့ရမည်။ အဘယ်ကြောင့်လောင်သနည်း။
ယခုကျွန်တော်တို့နေသောအိမ်၊
ပထမဆုံးအိမ်စတက်စဉ်က အိမ်ပေါ်ရောက်ပြီး တစ်ပတ်မျှမပြည့်ခင် ရေပိုက်မှ ရေများယိုသဖြင့်
ပြန်ပြင်ရသည်။ ပြင်တော့လည်း ကောင်းသလား မမှတ်ပါနှင့်။ သည်နေရာကိုပြင်၊ ဟိုနေရာက ပေါက်။
ဟိုနေရာကိုပြင်၊ သည်နေရာက ယို ဖြစ်၏။ မြန်မာငွေကျပ် သိန်းပေါင်း ရာဂဏန်းအတော်များများပေး
ဝယ်ထားသော ကျွန်တော်တို့အိမ်မှ ရေပိုက်လိုင်း ဆင်ထားပုံ၊ မီးလိုင်းဆင်ထားပုံကလေးများ
မိတ်ဆွေများကို ပြချင်လှပါဘိ။
ဤသည်မှာ
ကျွန်တော်တို့တစ်အိမ်တည်း မမှတ်ပါနှင့်။ မြန်မာတစ်နိုင်ငံလုံးရှိအိမ်များမှာ ကျွန်တော်တို့အိမ်လိုချည်း
ဖြစ်သည်ဟု မှတ်ပါ။
မယူမနေရစနစ်ဖြင့်
အတင်းအဓမ္မရောင်း၍ (အလွန်ဈေးကြီးကြီးပေးကာ) ယူထားရသော နေပြည်တော်မှ အန်တီပြုံးတို့
ကုမ္ပဏီရုံးခန်းကို ကြည့်လိုက်ပါဦး။ အောင်မယ်၊ အပြင်ကကြည့်တော့ဖြင့် လှလို့၊ ပ-လို့၊
ဝင်းလို့ပြောင်လို့ပါလား။ သို့သော် အိမ်မကြီးနှင့် နောက်ဘက် ရေချိုးခန်းမှာ မပေါင်းမီကပင်
divorce လုပ်ပြီးနေပြီ။ တိုက်ဘေးနားတွင် ပတ်ပတ်လည် ခင်းထားသော အောက်ခြေမှ အုတ်ရိုးများမှာ
အိမ်မကြီးနှင့် အတူမနေလိုသောကြောင့် တစ်အိုးတစ်အိမ် ထူထောင်လျက်ရှိ၏။ အင်ဂျင်ပျက်လို့များဖြင့်
စက်ဆရာမခေါ်လိုက်လေနှင့်။ သည်နေ့ပြင်၊ နက်ဖြန်ပျက်။ နက်ဖြန်ပြင်၊ သဘက်ခါပျက်။ ကိုယ်ရှာလို့ရသမျှပိုက်ဆံ
စက်ဆရာဘို့ချည်း မှတ်ပါ။
ဤသည်များ
အဘယ်ကြောင့် ဖြစ်နေရသနည်း။ ထို စက်ဆရာ၊ မီးပြင်သူ၊ ပန်းရံ၊ လက်သမား၊ ဆရာ၊ ဆရာမ ဆိုသူများမှာ
သူတို့တတ်သည့်တတ်အပ်ရာကို သေသေချာချာမတတ်ပါဘဲလျက် သူများလုပ်တာမြင်၊ သူများပြောတာကြားနှင့်
တတ်ယောင်ကား၊ ဆရာလုပ်နေကြသူများ ဖြစ်သောကြောင့်တည်း။
Competent
person ဆိုရာတွင် attitude ဆိုတာလည်းပါသည်။ တတ်တော့တတ်ပါသည်။ ဘယ်လိုလုပ်ရမည် ဆိုတာတော့
သိပါသည်။ သို့သော် ဘိလပ်မြေ နှစ်အိတ်သုံးရမည်မှန်း သိပါလျက် တစ်အိတ်ကို ခိုးရောင်းပြီး
တစ်အိတ်ပဲ သုံးသူကို တကယ့် competent person မခေါ်။ လူညာ၊ သူခိုးပဲဖြစ်မည်။
မည်သည့်အတတ်ပညာအတွက်
မည်သည်တို့တတ်မြောက်ထားရန်လိုသည် ဟူသော စနစ်ချမှတ်ထားခြင်း ကျွန်တော်တို့နိုင်ငံတွင်
မရှိသေးပါ။ လူကြီးများသိအောင် ကျွန်တော် ဤအကြောင်း ပြောချင်ပါသေးသည်။ အခွင့်ရလျင်ပေါ့။
အခွင့်မရတော့လည်း မတတ်နိုင်ပါ။
(၃)
ကိုသိန်းသန်းဝင်း၊ ကိုစိုးမင်းဆက်၊ မအေးမာနှင့် ဦးတင်မောင်ဝင်းတို့က
ဖေဖော်ဝါရီလ ၂၈ ရက်၊ ညနေလေယာဉ်ဖြင့် သွားကြသည်။ ကျွန်တော်နှင့် မစိမ့်က မတ်လ ၁ ရက်နေ့
မနက်လေယာဉ်ဖြင့် သွားသည်။ ရန်ကုန်လေဆိပ်သို့ ၁၀း၄၀ တွင် လေယာဉ်ဆိုက်၏။ ပုံမှန်ဆို ၂၅
မိနစ်လောက်မောင်းလျှင် ရောက်မည့်အိမ်ကို ၄၅ မိနစ်လောက် မောင်းရသည်။ ၈ မိုင်လမ်းဆုံ
တွင် ပိတ်မိနေသောကားတန်းမှာ ၉ မိုင်ကိုရောက်တော့မည်။ သားက စိတ်မရှည်။ ကျွန်တော်က ချိန်းထားသည်တို့ရှိသဖြင့်
နောက်ကျမှာ စိုးရိမ်နေသည်။
နောက်
အိမ်ဝင်၊ နေ့လည်စာစား၊ အ၀တ်အစားလဲပြီး မင်းရဲကျော်စွာလမ်းသို့ထွက်ခဲ့၏။ သည်မှာလည်း
မြေနီကုန်းမီးပွိုင့်၌ ပိတ်ပြန်၏။ မြေနီကုန်းမီးပွိုင့်မှကားတန်းသည် မဟာမြိုင်ကိုကျော်လျှက်
ဟံသာဝတီသို့ပင်ရောက်တော့မည်။ ပူကလည်း အလွန်ပူလှ၏။ (တောက်၊ ခြယ်သထားတာလေးတွေတော့ ချွေးထွက်လို့
ကုန်ပါပြီကွာ)
သို့သော်
ဟဲဟဲ၊ သိတယ်မလား။ ကျွန်တော်တို့ကသာ မော်ဒရေတာနဲ့တွေ့ဆုံဆွေးနွေးရမှာ နောက်ကျမှာစိုးလို့
လောနေသည်။ UMFCCI ရောက်တော့ ပထမပွဲ ပြီးရုံရှိသေးသည်။ ပထမပွဲမှလူများပင် မစဲသေး။ အခမ်းအနားပြင်သူများက
နောက်ခံစာလုံးများကို ခုမှဖြုတ်တုံး၊ ပြင်တုံး ရှိသေးသည်။ ခုမှ ၁ နာရီနီးပါးပဲရှိသေးတော့
ဟောပြောပွဲတက်မည့် ရွှေပွဲလာ ပရိသတ်လည်း တစ်ယောက်မှမရှိသေး။
ကျွန်ုပ်တို့လည်း
ဟိုယောင်ယောင်၊ သည်ယောင်ယောင်လျှောက်လျှက်ရှိရာ တစ်ခုသော မျက်နှာလုံးလုံးနှင့် ကလေးမလေးတစ်ဦးက
မစိမ့်သို့ချဉ်းကပ်ကာ ဟိုမေးသည်မေး လုပ်၏။ ထို့နောက် သူက မစိမ့်ကို အင်တာဗျူးသည်။
Lifestyle မှဟု ဆို၏။
အတော် . . . . . . . . ကြီး ကြာမှ ကိုယ်တော်တို့ ပေါက်လာ၏။
မော်ဒရေတာလုပ်မည့် ဦးအောင်နိုင်ဦး၊ ဦးလှထွန်းခိုင်၊ ဦးလှမောင်ရွှေ၊ ဆရာဖေမြင့် စသည်။
ဤနေရာ၌ တစ်ခုကျွန်ုပ်ဗဟုသုတတိုးရသည်မှာ ဦးလှထွန်းခိုင် နှင့် ဦးလှမောင်ရွှေတို့မှာ
နာမည်ပင် ရခိုင်နှင့်ဆင်သော်လည်း အမှန်စင်စစ် ဗမာများဖြစ်သည် ဟူသတည်း။ သို့နှင့် ကျွန်ုပ်တို့အား
ဗီအိုင်ပီ (ဤအသုံးအနှုန်းကို ကျွန်ုပ် အလွန်မြင်ပြင်းကပ်လှသည်။ ကျွန်ုပ်တမူကား မည်သည့်အခါကမှ
ဗီအိုင်ပီ မဖြစ်လိုခဲ့။) ခန်းထဲသို့ ခေါ်ကာ အစီအစဉ်များ ညှိနှိုင်းကြ၊ တိုင်ပင်ကြသည်။
ဦးအောင်နိုင်ဦးက ဟောပြောချိန် မိနစ် ၂၀ ပေးပြီး ပရိသတ်များ မေးလာသည့်မေးခွန်းများကို
ပြန်ဖြေရင်းမှ လိုတာများ ဖြည့်ပြောမည်ဆို၏။ ဘာမှပြဿနာမရှိပါ။ ကျွန်တော်က အစီအစဉ်ကြေငြာမည့်
မိန်းကလေး ကိုခေါ်ကာ သူတို့ရေးထားသည့် (ဟောပြောမည့်ဆရာဆရာမများ)
အစား (ဟောပြောမည့်သူများ) ဟု ပြင်ပေးရန်
ပြောလိုက်ပါသည်။
ခဏနေတော့
MRTV (ဆိုလား) မှ အင်တာဗျူးလိုပါသည် ဆိုသဖြင့် ကျွန်တော်တို့ လိုက်သွား၏။ ပထမ ကိုစိုးမင်းဆက်ကို
အင်တာဗျူးသည်။ နောက် ကျွန်တော့်ကို ဗျူးသည်။ (လူရှေ့သူရှေ့မှာ ဗီဒီယိုအရိုက်ခံရတာ ရှက်သားကလား
ဗျ) နောက်တော့ ယခင်တစ်ခါ ကျွန်တော့်ကို အင်တာဗျူးဗီဒီယိုရိုက်သွားသော စကိုင်းနက်မှ
ကောင်လေး၊ ကောင်မလေး များကို တွေ့သည်။
ပွဲစချိန် ၂ နာရီဟုပင် ကြေငြာထားသော်လည်း ဗမာထုံးစံကို
မဖျက်လို၍ ၂း၁၅ မှ စပါသည်။ ကျွန်တော်က အမေးအဖြေကဏ္ဍကျမှ စင်ပေါ်တက်ထိုင်လိုသော်လည်း သူတို့က
ပွဲမစမီကတည်းက ခေါ်သဖြင့် စင်ပေါ်တက်ထိုင်လိုက်ရ၏။ (လူအများရှေ့မှာထိုင်နေရတာ မလွတ်လပ်ဘူးဗျ။)
ပထမဆုံး ဦးတင်မောင်ဝင်းက MTP ဆိုတာ ဘာလဲ ဟု ရှင်းပြ၏။
ထို့နောက် ကိုသိန်းသန်းဝင်းက -“မြန်မာ့အပြောင်းအလဲအတွက် နိုင်ငံသားတို့၏သိပိုင်ခွင့်ဆိုင်ရာဥပဒေ (Freedom
of Information Act)” အကြောင်း ပြောသည်။ သူပြောသည့်အချုပ်မှာ အောက်ပါအတိုင်းဖြစ်၏။
နိုင်ငံသားတို့၏ သိပိုင်ခွင့်ဆိုသည်မှာ -
နိုင်ငံသားတို့၏သိပိုင်ခွင့်
(Freedom of Information or Right to Information or Right to Know) ဆိုသည်မှာ အစိုးရဌာနတို့၏လုပ်ငန်းဆောင်တာတို့နှင့် ပတ်သက်သောသတင်းအချက်အလက်များကို နိုင်ငံသားတို့အနေဖြင့်
တရားဝင် တောင်းဆိုပိုင်ခွင့်၊ တရားဝင်သိပိုင်ခွင့်နှင့် အများသိအောင် ထုတ်ဖော်နိုင်ခွင့်ဟူ၍
ဖြစ်ပါသည်။
ဤဥပဒေ၏ အခြေခံအကျဆုံးသော အချက်မှာ
သက်သေပြရန်လိုအပ်မှု (Burden of Proof) သည် တောင်းဆိုသူ နိုင်ငံသား၏တာဝန်မဟုတ်ပဲ
ပေးရန်ငြင်းဆိုသူ အစိုးရဌာနတာဝန်သာဖြစ်ခြင်း ဖြစ်ပါသည်။
ဥပဒေတွင် ပါဝင်သော အဓိကအချက်များ
(၁) ဌာနဆိုင်ရာများ
ဤဥပဒေတွင် အစိုးရဌာနများအနေဖြင့် သတင်းထုတ်ပြန်ပေးရေးနှင့် ပတ်သက်သော တာဝန်၊
ဝတ္တရား၊ လိုက်နာရမည့်အချက်များ၊ သတင်းကောက်ယူပုံ၊ ထိန်းသိမ်းပုံ၊ ထုတ်ပြန်ပုံနည်းလမ်းများ၊
ထုတ်ပြန်ရမည့် သတင်းများ၊ ချွင်းချက်အဖြစ် ခွင့်ပြုပေးသည့် သတင်းအချက်အလက်များ၊ အများပြည်သူဆက်သွယ်နိုင်မည့်
လိပ်စာ (ဖုန်း၊ အီးမေးလ်) ထားပေးရန် အစရှိသည်တို့ကို အသေးစိတ်လမ်းညွန်ထားပါသည်။
(၂) နိုင်ငံသားများ
အလားတူစွာ နိုင်ငံသားတို့နှင့် ပတ်သက်၍ တောင်းဆိုနိုင်သည့်သတင်းအချက်အလက်များ၊
တောင်းဆိုပုံ၊ အယူခံဝင်ပုံ၊ လိုက်နာရန်စည်းကမ်းများ၊ အလွဲသုံးစားပြုလျှင် ကျခံရမည့်ပြစ်ဒါဏ်များ
အစရှိသည်တို့ကို အသေးစိတ်ဖော်ပြထားပါသည်။
(၃) သတင်းလွတ်လပ်ခွင့်ဆိုင်ရာကော်မစ်ရှင်
ထို့အပြင် ဤဥပဒကို ကျင့်သုံးရာတွင် ကြီးကြပ်မှုပေးနိုင်ရန်လည်းကောင်း၊ အငြင်းပွားမှုများ
ပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန်လည်းကောင်း သီးခြားလွတ်လပ်၍ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသော
သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကော်မစ်ရှင်ကို မည်သို့ဖွဲ့စည်းရမည်၊ အကြီးအကဲကို မည်သို့ခန့်အပ်ရမည်၊
ကော်မစ်ရှင်၏ လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖြေရှင်းပုံနည်းလမ်း၊ သတင်းပို့ပုံ၊ အစီရင်ခံရန်နည်းလမ်းများ အစရှိသည်တို့ကိုလည်း
အသေးစိတ်ထည့်သွင်းရေးဆွဲထားပါသည်။
မြန်မာနိုင်ငံတွင် ဘာကြောင့်သတင်းလွတ်လပ်ခွင့်လိုအပ်ပါသလဲ
အစိုးရ
•
အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့်
ပွင့်လင်းမြင်သာမှုရှိသော၊ တာဝန်ခံမှုရှိသော၊ အုပ်ချုပ်ရေးစနစ်ကောင်း ဖြစ်ပေါ်လာရေးကို
ပံ့ပိုးပေးမယ့် ဥပဒေဖြစ်ခြင်း
•
အစိုးရဌာနတို့၏ သတင်းအချက်အလက်
ကောက်ယူထိန်းသိမ်းမှုနှင့် မူဝါဒဖော်ဆောင်ရာတွင် အသုံးချမှုကို ပိုမိုကောင်းမွန်စေခြင်း
•
အစိုးရအပေါ် ယုံကြည်မှု
ပိုမိုအားကောင်းလာစေနိုင်ခြင်း
နိုင်ငံသား
•
နိုင်ငံသားတို့၏ သိပိုင်ခွင့်
အခွင့်အရေးကို တရားဝင်အသိအမှတ်ပြုပေးရာရောက်သည်သာမက နိုင်ငံသားတို့ အနေဖြင့် နိုင်ငံအရေးအရာကိစ္စရပ်တို့ကို
သိခွင့်၊ ပါဝင်ခွင့်ရှိစေခြင်း
မြန်မာနိုင်ငံတွင် ဤဥပဒေပေါ်ပေါက်လာရန် လုပ်ဆောင်သင့်သည့်အချက်များ
လူထုနားလည်လက်ခံလာအောင် ဆောင်ရွက်ခြင်းအဆင့်
•
နယ်ပယ်အသီးသီးမှ လူသိများထင်ရှားသူများ
ပါဝင်သော ညွန့်ပေါင်းအဖွဲ့ဖွဲ့ရန်နှင့် ညွန့်ပေါင်းအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပမှ
ကျွမ်းကျင်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေကြမ်းတရပ်ကို စတင်ရေးဆွဲရန်
•
ညွန့်ပေါင်းအဖွဲ့အနေဖြင့်
မိမိတို့သက်ဆိုင်ရာ နယ်ပယ်တွင် ဉပဒေအကြောင်း အများသိရှိအောင် စဉ်ဆက်မပျက် ဟန်ချက်ညီညီ
လုပ်ဆောင်ရန်
ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်း
•
လူထုနားလည်လက်ခံမှုအရှိန်
အားကောင်းလာလျှင် လွှတ်တော်သို့တင်သွင်းကာ ပြဌာန်းနိုင်ရန် ဆောင်ရွက်ရန်
•
တိုင်းနှင့် ပြည်နယ်လွှတ်တော်များတွင်လည်း
ဤဥပဒေကို တပြိုင်နက် ပြဌာန်းပြီး ဖြစ်စေရန် ဆောင်ရွက်ရန်
•
ဤဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်လျက်ရှိသော
တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရှာဖွေ၍ ပြုပြင်ပြောင်းလဲမှုများကို တပြိုင်နက်လုပ်ဆောင်ရန်
ဥပဒေပြဌာန်းပြီး အကောင်အထည်ဖော်သောအဆင့်
•
ကုန်ကျမည့်စရိတ်ကို
အစိုးရဌာနများ၏ ဘတ်ဂျက်တွင် လုံလောက်အောင် ထည့်သွင်းရေးဆွဲရန်
•
အငြင်းပွားမှုများဖြစ်လျှင်
သတင်းလွတ်လပ်ခွင့်ဆိုင်ရာကော်မစ်ရှင်မှ စည်းမျဉ်းဥပဒေများအတိုင်း တိကျစွာ ဆုံးဖြတ်ပေးရန်
အကဲဖြတ်သောအဆင့်
•
စတင်ကျင့်သုံး၍ တစ်နှစ်ပြည့်သောအခါတွင်
လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်အား အကောင်အထည်ဖော်မှု အခြေအနေကို အကဲဖြတ်စေခြင်း
•
ဝေဖန်အကြံပြုချက်များအတိုင်း
လိုအပ်ချက်များကို ပြင်ဆင်စေခြင်း
အခြားလုပ်ဆောင်ရန်အချက်များ
•
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သောအခါ
နိုင်ငံသားတို့၏ သိပိုင်ခွင့်ကို အာမခံပေးမည့် အပိုဒ်များ ဖြည့်စွက်ထည့်သွင်းနိုင်အောင်
ကြိုတင်ပြင်ဆင်ထားရန်
ယခုအချိန်အခါကဲ့သို့ ပိုမိုကောင်းမွန်သော စနစ်အခြေအနေတခုသို့
ပြောင်းလဲရန် အားယူနေသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားတို့၏ သိပိုင်ခွင့်ဟူသော
နိုင်ငံသားအခွင့်အရေးကို တရားဝင်မြှင့်တင်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။
သူပြီးတော့
ကိုစိုးမင်းဆက်ကို ခေါ်သည်။ ကိုစိုးမင်းဆက်က - “Implementation of Construction Project with
Detailed Contract Documents” အကြောင်း ပြောသည်။ သူပြောသည့်အကြောင်း အကျဉ်းချုပ်မှာ
အောက်ပါအတိုင်း ဖြစ်၏။
ဆွေးနွေးတင်ပြချက်အနှစ်ချုပ်။
ယနေ့မျက်မှောက်ကာလတွင်မြန်မာနိုင်ငံသည်
တိုးတက်ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေတို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပြည်ပနိုင်ငံတကာတို့ဖြင့်
ဆက်ဆံရေး အစရှိသည်ဖြင့် ကဏ္ဍပေါင်းစုံတို့တွင်လည်း ဆင့်ကဲပြောင်းလဲ တိုးတက်လျက်ရှိနေပါသည်။
တိုင်းပြည် တိုးတက်ဖွံ့ဖြိုး ပြောင်းလဲလာသည်နှင့်အတူ အခြေခံအဆောက်အဦ
(Infrastructure) လိုအပ်ချက်တွေမှာ မြင့်မားလာမည်ဖြစ်ပြီး၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်
တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို နိုင်တော်အဆင့်၊ ဒေသအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်
အစရှိသည်ဖြင့် အဆင့်ပေါင်းစုံတို့တွင် နှစ်တို နှစ်ရှည် စီမံကိန်းများချမှတ်ကာ အကောင်အထည်ဖော်
ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။
တည်ဆောက်ရေးစီမံကိန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်ကာလများကဲ့သို့ နိုင်ငံတော် အစိုးရတစ်ခုတည်းမှသာ
ပင်မတာဝန်ယူဆောင်ရွက်ခြင်းများ မဟုတ်တော့ဘဲ ပြည်ပနိုင်ငံခြားမှရင်းနှီးမြှုတ်နှံမှုများနှင့်
ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တို့၏ ရင်းနှီးမြှုတ်နှံမှုများတို့ဖြင့်လည်း အကောင်အထည်ဖော်ခြင်းဖြင့်
အခြေခံအဆောက်အဦး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးကြရတော့မည် ဖြစ်ပါသည်။
ထိုသို့စီမံကိန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသေးစိပ် တိကျ ရှင်းလင်းပြတ်သားသော စီမံကိန်း အချက်အလက်ပါ
စာရွက်စာတမ်းများနှင့် သဘာတူစာချုပ်များမှာ အင်မတန်မှ အရေးကြီးပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံတို့တွင်
နိုင်ငံတော်အစိုးရမှ အာဏာကုန်လွှဲအပ် ခြင်းခံထားရသော
အာဏာပိုင်အဖွဲ့အစည်းတို့မှ စိစစ်တည်းဖြတ်ပြဌာန်း အတည်ပြုထားသောစံနှုန်းပုံစံ စာရွက်စာတမ်းနှင့်
သဘောတူစာချုပ်များဖြင့် နိုင်ငံတော်စီမံကိန်းများသာမက ပုဂ္ဂလိက စီမံကိန်းများကပါ လုပ်ငန်းရပ်ဆိုင်ရာ
စာချုပ်စာတမ်းများကို ချုပ်ဆိုကြခြင်း ဖြစ်ပါသည်။
မိမိတို့ နိုင်ငံ၏
ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ တရားဝင်စာချုပ်စာတမ်းများကို သုံးသပ်ကြည့်သောအခါ ရှင်းလင်းပြတ်သားတိကျမှုအားနည်းခြင်း၊
နည်းပညာရပ်ဆိုင်ရာလိုအပ်ချက်များ၊ စံနှုန်းစံထားများနှင့် စီမံကိန်းကွပ်ကဲကြီးကြပ်မှု
ဆိုင်ရာလုပ်ငန်းစဉ်များကို သဘောတူစာချုပ်တွင် ထည့်သွင်းရေးသားလေ့မရှိခြင်း၊ အစရှိသောအားနည်းချက်များကြောင့် လုပ်ငန်းစေခိုင်းသူနှင့်
လုပ်ငန်းဆောင်ရွက်သူတို့ကြားတွင် နားလည်မှုများလွဲမှားစေပြီး အငြင်းပွားမှု၊ လုံခြုံစိတ်ချမှုမရှိခြင်း၊
စိုးရိမ်ပူပန်ကြောင့်ကြရခြင်း၊ လုပ်ငန်းငွေ၊ အချိန် နှင့် ကုန်ထုတ်လုပ်မှုများ ဆုံးရှုံးရခြင်း၊
မလိုလားအပ်ဘဲ တရားရုံးတွင် အမှုရင်ဆိုင်ရခြင်းတို့ကိုဖြစ်စေနိုင်ပါသည်။
စီမံကိန်းလုပ်ငန်းများကြောင့်
ဖြစ်ပေါ်လာသော တရားမမှုများကို ရှင်းလင်းရသည့်အခါတွင်လည်း တိကျပြတ်သား
ရှင်းလင်းမှု အားနည်းသော စာချုပ်စာတမ်းများကြောင့် လုပ်ငန်းစေခိုင်းသူ သို့မဟုတ် လုပ်ငန်းဆောင်ရွက်သူတို့မှာ
မနစ်နာသင့်ပဲ နစ်နာဆုံးရှုံး ခဲ့ကြရပါသည်။ ထိုသို့သော နစ်နာဆုံးရှုံးမှုများသည် တိုင်းပြည်တိုးတက်မှုတည်ဆောက်ရေးတွင်
အဓိက အခန်းကဏ္ဍတစ်ရပ် ဖြစ်သော အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အဟန့်အတား
ဖြစ်စေသောကြောင့် နည်းနိုင်သမျှနည်းအောင် ကာကွယ်ကြရမည် ဖြစ်ပါသည်။ ယခုဆွေးနွေး တင်ပြချက်တို့သည်
အခြေကျ ဖွံ့ဖြိုးပြီးဖြစ်သော ဆောက်လုပ်ရေးလောကရှိသည့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတို့တွင်
ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းနှင့်သက်ဆိုင်သည့် အသေးစိပ်စာရွက် စာတမ်းများနှင့်
သဘောတူစာချုပ်များ မည်ကဲ့သို့ချုပ်ဆိုကြသည်ကို အကြမ်းဖျင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ပါသည်။
သူပြီးတော့
ကျွန်တော်။ သူတို့ပြောတာ ကျွန်တော်အားမရ။ ကိုသိန်းသန်းဝင်းပြောတာ မြန်ပြီး လုံးနေသည်။
တိုးလည်းတိုးသည်။ ကိုစိုးမင်းဆက်ကျတော့ တိုးလွန်းသည်။ သူတို့ကို ACTA course သွားတက်ဘို့
အကြံပေးရဦးမည်။
ကျွန်တော်က မိုက်ကိုဖြုတ်ပြီး ရှေ့ထွက်ပြောသည်။ စင်နောက်မှာ
ပုန်းလျှိုးကွယ်လျှိုးပြောရတာ အားမရ။ စကားပြောရာတွင် မိမိပြောသည်ကို တစ်ဖက်သား ကြည်ကြည်လင်လင်
ပြတ်ပြတ်သားသားကြားရဘို့၊ နားလည်ဘို့ အရေးကြီးသည်။ ဘာပြောသွားမှန်း မသိလျှင် နားထောင်ရကျိုး၊
ပြောရကျိုးမနပ်။
ကျွန်တော်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများလာရောက်
အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ဥပဒေတစ်ရပ် ရေးဆွဲ ချမှတ်ထားရန်လိုအပ်ကြောင်းကို ပြောပါသည်။
ကျွန်တော်ပြောတာကို သီးသန့်ပို့စ် တင်ပါမည်။
ကျွန်တော်ပြီးတော့
မစိမ့်။ သူက “Safe Food for
Local and Global Consumption” အကြောင်း ပြောသည်။ သူပြောသည့် အကြောင်းအရာအကျဉ်းချုပ်မှာ
အောက်ပါအတိုင်း ဖြစ်၏။
Safe Food ဆိုသည်မှာ အစားအသောက်ထဲတွင် မလိုလားအပ်သော ရုပ်ဝတ္ထု၊ ဓာတုပစ္စည်း နှင့်
အဏုဇီဝပိုးမွှားများ ကျန်းမာရေး ထိခိုက်သော အဆင့်အထိ မပါဝင်သည့်အစားအသောက်များကို ဆိုလိုသည်။
မြန်မာဝေါဟာရအမှန်မှာ “ဘေးဥပဒ်ကင်းသော အစားအသောက်များ” ဖြစ်သည်။ နိုင်ငံတိုင်းတွင်
နိုင်ငံသားများ ဘေးဥပဒ်ကင်းသော အစားအသောက်များကို လက်လှမ်းမီစေရန် ဦးတည် မျှော်မှန်းရမည်။
ဥပဒ်မှန်သမျှအလုံးစုံကင်းဝေးအောင် (Zero Risk) လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အလွှာတိုင်းရှိ ပြည်သူလူထု၏ အစားအသောက်နှင့်ပတ်သက်သော
ယုံကြည်မှုအဆင့် (Confidence Level) တစ်ခု ထူထောင်ပေးရန် ဖြစ်သည်ကိုလည်း သတိထားရန်
လိုအပ်ပါသည်။ ထိုမျှော်မှန်းချက်ကိုရရှိရန်အတွက် ပြည်သူလူထုကို အကာအကွယ်ပေးမည့် ဥပဒေ၊
နည်းဥပဒေများရှိရမည့်အပြင် ဥပဒေကို လိုက်နာအောင်လည်း ဆောင်ရွက်ရန် (enforcement) လိုသည်။
မြန်မာနိုင်ငံအတွင်းယခုလက်ရှိအခြေအနေမှာ မည်သည့်အစားအသောက်ကိုမဆို ယုံကြည်မှု
အတိုင်းအတာတစ်ခုအထိ ထားနိုင်သော အနေအထားတွင် မရှိသေးပါ။ (၂၀၁၄) ခု၊ ဖေဖေါ်ဝါရီလ (၁၈)
ရက်နေ့ Myanmar Time သတင်းစာပါ လမ်းဘေးတွင် အစားအသောက်ရောင်းချသော ဆိုင်များအနက် ဆိုင်သုံးဆိုင်တွင်
တစ်ဆိုင်နှုန်း ကျန်းမာရေးထိခိုက်စေသော အဏုဇီဝပိုးမွှားများ ပါဝင်နေသည်ဟူသောတွေ့ရှိချက်၊
(၂၀၁၃) ခုနှစ် မတ်လ (၅) ရက် The New Light of Myanamr သတင်းစာပါ ဟုမ်းမလင်းမြို့ရှိ
အထပ်သားစက်ရုံတစ်ရုံတွင် ဖြစ်ပွားခဲ့သော အစာအဆိပ်သင့်မှု
(ပိုးသတ်ဆေးပါသည့် ဂေါ်ဖီထုပ်စားပြီး ဖြစ်သည်ဟု ယူဆရသည်) များကို သာဓကပြလိုပါသည်။ ဤစာတမ်းတွင်
မြန်မာနိုင်ငံအတွင်း တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချနေသော အစားအသောက်များနှင့်
ပတ်သက်ပြီး မည်သည့်အကြောင်းရင်းကြောင့် ယုံကြည်မှုအဆင့်တစ်ခု မတည်ဆောက်နိုင်ပါသနည်း။
ပြဌာန်းထားသည့် ဥပဒေမရှိသည့် အတွက်လား၊ ဥပဒေလိုက်နာအောင်လည်း ဆောင်ရွက်မှုအားနည်းသည့်အတွက်လား
ဆိုသည်ကို သုံးသပ်ကြည့်ပါသည်။
အိမ်နီးနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံများရှိ
အစားအသောက် ဥပဒေများနှင့် နှိုင်းယှဉ် လေ့လာရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့်
အမျိုးသားအစားအသောက်ဥပဒေသည် အခြားနိုင်ငံများရှိ ပင်မဥပဒေများကဲ့သို့ ပြည်သူလူထုကို
ဥပဒ်များမှအကာအကွယ်ပေးရန် ရေးဆွဲထားကြောင်းတွေ့ရပါသည်။ ထို့ပြင် အစားအသောက်များ၊ ထုတ်လုပ်ခြင်း၊
ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊
ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန် စသည်ဖြင့် အစုံအလင်ပါဝင်ကြောင်းတွေ့ရသည်။
အသစ်ပေါ်လာသော ဘေးဥပဒ်များကို လျှော့ချနိုင်ရန်အတွက် ဥပဒေတွင်လည်းကောင်း အရံဥပဒေများဖြင့်
သော်လည်းကောင်း၊ အသေးစိတ်များ ထပ်မံဖြည့်စွက်ရန် လိုအပ်သော်လည်း လက်ရှိတည်ဆဲဥပဒေမှာ
ပြည်သူများ လိုက်နာအောင် ဆောင်ရွက်နိုင်လျှင် အစားအသောက်ကြောင့်ဖြစ်သော ဘေးဥပဒ်များလျှော့ချရေးအတွက် အတော်အတန် ပြည့်စုံကြောင်း တွေ့ရှိရပါသည်။
ဥပဒေလိုက်နာအောင် ဆောင်ရွက်မှုအပိုင်း (Enforcement) ကို ဆက်လက်လေ့လာသောအခါ ကျန်းမာရေးဝန်ကြီးဌာန
အင်တာနက် စာမျက်နှာမှတစ်ဆင့် ဖတ်ရှုရသော Department of Food And Drug Administration
၏ စားသောက်ကုန်နှင့် ပတ်သက်သည့် လုပ်ငန်း ဆောင်တာများတွင် ပြည်တွင်း အစားအသောက်ထုတ်လုပ်သည့်
လုပ်ငန်းများနှင့် ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းများ အတွက်
ထောက်ခံချက် (Recommendation) ထုတ်ပေးခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းများ
အတွက်လိုအပ်သော ကျန်းမာရေးလက်မှတ် (Health Certificate) ထုတ်ပေးခြင်း တို့ကိုတွေ့ရပါသည်။
ထိုလုပ်ငန်းဆောင်တာများအရ ဆက်လက်စဉ်းစားရန် ရှိသည်မှာ အစားအသောက်နှင့်ပတ်သက်သည့်
အာဏာအရှိဆုံး အဖွဲ့အစည်း၏တာဝန်သည် ထောက်ခံချက်များ၊ လက်မှတ်များ ထုတ်ပေးရုံ မျှသာ ဖြစ်ခဲ့မည်ဆိုလျှင်
သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ အာဏာလွှမ်းမိုးမှု နည်းပါးနေမည်လားဆိုသည်ကို သုံးသပ်ရန်လိုပါသည်။
ဥပမာ စားသောက်ကုန်တစ်မျိုးကို ပြည်ပမှတင်သွင်းလာရာ ထိုစားသောက်ကုန်မှာ FDA မှ ထောက်ခံချက်ပေးရန်
သတ်မှတ်ထားသော စံထက် နိမ့်သည်ဆိုပါစို့။ ဤစားသောက်ကုန်ကို ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချရန်
သင့်မသင့် ဆုံးဖြတ်ချက်ကို မည်သည့်ဌာနက ပေးပါ မည်နည်း။
ထိုဆုံးဖြတ်ချက်ပေးသော ၀န်ကြီးဌာနအတွက် Food Safety သည် အဓိကအရေးထားစရာ ဖြစ်ပါရဲ့လား စသည်တို့ကို ဆက်လက်သုံးသပ်ရန် လိုအပ်ပါသည်။ အစားအသောက်
များမှဖြစ်သော ဘေးဥပဒ်လျှော့ချရေးအတွက် နိုင်ငံတော်အဆင့် အာဏာပိုင်အဖွဲ့အစည်းတစ်ခုသည်
အစားအသောက် ထုတ်လုပ်/ ဖြန့်ဖြူး/ ရောင်းချသူများ ဥပဒေ အတိုင်းမလိုက်နာလျှင် လုပ်ငန်းရပ်ခိုင်းယုံ
နှင့်မပြီးဘဲ ဥပဒေမလိုက်နာသောကြောင့် ကျဆင်းသွားသည့် ယုံကြည်မှုအဆင့်ကို မူလအဆင့်ရောက်သည်အထိ
ပြန်လည် မြှင့်တင် ပေးနိုင်ရန်လည်း လိုအပ်ပါသည်။ အလားတူပင် နယ်စပ်ဝင်ပေါက်များမှ တင်သွင်းသော
စားသောက်ကုန်များ၊ ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်များစသည်တို့ ဘေးဥပဒ်ကင်းမကင်း
စစ်ဆေးပြီး ပြည်သူလူထုအတွက် ယုံကြည်မှုအဆင့်တစ်ခု ထူထောင်ပေးနိုင်ရန် ဆိုသည်မှာ အစိုးရအဖွဲ့အစည်းတစ်ရပ်ကို
လုပ်ပိုင်ခွင့်သာမက အာဏာတစ်ရပ်ပါ အပ်နှင်းထားရန်လိုအပ်ပါသည်။
ဥပမာဆိုရလျှင် စင်္ကာပူနိုင်ငံတွင် စားသောက်ဖွယ်များမှ ဥပဒ်လျှော့ပါးရေးကို တာဝန်ယူရသော
အဖွဲ့အစည်းမှာ Agri-Food & Veterinary Authority (AVA) ဖြစ်ပြီး စားသောက်ကုန်များကို
ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း
အစရှိသည်များကို AVA လိုင်စင်ပါမှ ဆောင်ရွက်ခွင့်ရှိပါသည်။ လမ်းဘေးဈေးသည်များကိုမူ
National Environment Agency မှ အစားအသောက် ကိုင်တွယ်သူ (Food Handlers) များအတွက်
သင်တန်းများပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ လိုက်လံစစ်ဆေးခြင်း၊ ဥပဒေမလိုက်နာသူများကို
အပြစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။
ယခုဆွေးနွေးပွဲတွင် ပြသနာများသာမက ဖြစ်နိုင်ချေရှိသည့် အဖြေများကိုလည်း ဆွေးနွေးလိုပါသည်။
ထိုသို့ဆွေးနွေးရာတွင် သတင်းအချက်အလက် စုဆောင်းရလွယ်ကူခြင်း၊ ရလဒ်မြင်သာထင်ရှားခြင်း၊
စင်္ကာပူတွင် Food Safety Management System စတင်ထူထောင်စဉ် အခြေအနေနှင့် ယခု မြန်မာနိုင်ငံ၏
လက်ရှိအခြေအနေများကြားတွင် ဆင်တူမှုများရှိခြင်းတို့ကြောင့် စင်္ကာပူနိုင်ငံကို နမူနာအနေဖြင့်
လေ့လာကြည့်ပါသည်။
စင်္ကာပူနိုင်ငံသည် Food Safety Management System တစ်ခု ထူထောင်ရန်အတွက် (၁၉၆၀)
ပြည့်နှစ်များမှစတင်ကာ ထိုစဉ်က သက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ငါးလုပ်ငန်းကို ခြေကုပ်ယူပြီး စတင်ခဲ့ပါသည်။ အခြေခံအဆောက်အအုံများ
ခိုင်မာလာမှ ကူးသန်းရောင်းဝယ်မှုကို စတင်အားပေးခဲ့ပါသည်။ ဤနေရာတွင် ခေါင်းစဉ်ပါ
Global Consumption နှင့် သက်ဆိုင်သော ကူးသန်းရောင်းဝယ်မှုကိုလည်း ဆွေးနွေးလိုပါသည်။
ကူးသန်းရောင်းဝယ်ခွင့်ဆိုသည်မှာ နှစ်ဘက်သွား ဒါးနှင့်တူပါသည်။
ပြည်တွင်းထွက်စားသောက်ကုန်များကို ပြည်ပဈေးကွက် စံချိန်မီ ထုတ်လုပ်နိုင်အောင်
အားပေးနိုင်လျှင် Food Safety Management System အားကောင်းလာအောင် ထူထောင်ရေးအတွက်
လှေခါးတစ်ထစ်ဖြစ်သည်။ သို့မဟုတ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ငွေအရင်းအနှီး၊ နည်းပညာ၊
လူအင်အား အလုံးအရင်းနှင့်ဝင်လာပြီး နိုင်ငံအတွက် အကျိုးအမြတ်၊ ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ
သိပ်မရရှိလိုက်ဘဲ ပြည်ပကုမ္ပဏီများကသာ အကျိုးအမြတ်ရရှိသွားနိုင်သည်။
တစ်ဖက်မှလည်း မိမိနိုင်ငံ၏ ဈေးကွက်တွင် တင်သွင်းရောင်းချရန် အစားအသောက်များ၏
စံများကို တိတိကျကျ သတ်မှတ်နိုင်ခြင်း၊ စစ်ဆေး၊ ထိန်းချုပ်နိုင်ခြင်းမရှိပါက မိမိတို့နိုင်ငံသည်
အခြားဈေးကွက်များတွင် ရောင်းချရန်စံမမီသော အရည်အသွေးညံ့၊ ဥပဒ်မကင်းသည့် အစားအသောက်များကို
စုပုံရာ အမှိုက်ပုံ (Dumping Ground) ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ကူးသန်းရောင်းဝယ်မှုကို
မိမိနိုင်ငံတိုးတက်ရေးအတွက် လှေခါးတစ်ထစ် အဖြစ် အသုံးချနိုင်ရန်ပြင်ဆင်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အစားအသောက်တွင်ပါသော ဘေးဥပဒ်အန္တရာယ်များမှ ကာကွယ်ရေးမှာ
ရှုပ်ထွေးကျယ်ပြန့်လှပါသည်။ မြန်မာနိုင်ငံတွင် ထိရောက်သော Food Safety Management
System တစ်ခုထူထောင်ရန် အရေးတကြီးလိုအပ်နေပါသည်။ ထိထိရောက်ရောက် လက်တွေ့ကျင့်သုံး အကောင်အထည်ဖေါ်ရန်
တည်ဆဲဥပဒေမှာ အမျိုးသားအစားအသောက်ဥပဒေ ဖြစ်ပြီး ပြင်ဆင်ချက်များကို ခွင့်ပြုသည့်ဥပဒေလည်း
(၂၀၁၃) ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။
ဥပဒေလိုက်နာအောင် ဆောင်ရွက်မှအပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်နှင့်အာဏာကို
ပြန်လည် သုံးသပ်ရန် လိုအပ်သည်ဟုယူဆပါသည်။ ထို့အပြင် လမ်းဘေးအစားအသောက်များ၊ ပြည်တွင်းတွင်ထုတ်လုပ်သော
အစားအသောက်များ၊ ပြည်ပမှတင်သွင်းသော စားသောက်ကုန်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေထွက်စားသောက်ကုန်များကို ဘေးဥပဒ် နည်းနိုင်သမျှ နည်းအောင် လိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာအာဏာပိုင်များနှင့်အတူ
ပူးပေါင်းဆောင်ရွက်ရန်အတွက် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ချရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
ဆက်ပါဦးမည်။
No comments:
Post a Comment