(၁)
ခက်သည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊
ပျော်စရာကောင်းသည်ဖြစ်စေ၊ စိတ်ညစ်စရာကောင်းသည်ဖြစ်စေ၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
အရာအားလုံးသည် အချိန်တန်လျှင် ပြီးဆုံးရသည်သာ ဖြစ်ချေ၏။
ယခု ကျွန်ုပ်တို့ Graduate
Certificate in Workplace Safety and Health သင်တန်းဆိုတာကြီးလည်း နိဂုံးကမ္ပတ်၊ အဆုံးသတ်သွားပါချေပြီ။
သောက်ကျိုးနည်း၊ နာမည်ကြီးကတော့ ဖျားလောက်စရာ။ မစ္စတာမိုက်ကယ်ကိုမင်းသိန်းကတော့ အစ်ကို၊
ဟုတ်တိုင်းမှန်ရာတွေချည်းလျှောက်လည်း ရေးမနေနဲ့အုံး။ လူတွေက ဒီသင်တန်းကို အထင်ကြီးနေကြတာဗျ
ဟု သတိပေးပါ၏။ သို့သော်လည်းပေါ့လေ၊ ကျွန်တော်ဆိုသော လူ့ခွစာကား လောကကြီး၏ ဇောက်ထိုးမိုးမျှော်နိုင်လှသော
ကမောက်ကမ ကို့ယို့ ကားယား၊ ဘူးရှစ်များကို ဖွင့်ချဘို့ရာ ကျွန်တော့်မွေးရာပါတာဝန် ဖြစ်၏ဟုခံယူထားသည်ဖြစ်ရာ
ဖြူသည်ကိုဖြူသည်၊ မဲသည်ကို မဲသည်၊ ပြာသည်ကို ပြာသည်ဟု ရေးမည်သာဖြစ်ပါ၏။ အများညီ၍ ဤကိုကျွဲဖတ်သည့်အထဲတွင်
ကျွန်တော်မပါပါ။
သို့သော် ယခုမူ ကျွန်တော့်မှာ
ထိုသင်တန်းမှ assignment တစ်ခု ရေးစရာကျန်နေသေး၍ တစ်ကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး
(ဆောက်လုပ်ရေး) စာအုပ်ကိုသာ ဇောက်ချရေးလို၍ တစ်ကြောင်းတို့ကြောင့် ယခု အားလုံးပြောပြနိုင်ဦး
မည်မဟုတ်ပါ။ ခရစ္စတိုဖာပေါက်ကျိုင်းစတိုရီကျမှ အပြည့်အစုံရေးပါမည်။ ယခုတော့ သည်
Level D ဆိုတာ ဘာလဲဟု မြည်းစမ်း နိုင်ကြစေရုံမျှ ပြောပြပါမည်။
(၂)
ပစ္စည်းတစ်ခု၏တန်ဘိုး
အဘယ်မျှရှိသနည်းဟု မေးလျှင် မိတ်ဆွေ မည်သို့ဖြေပါမည်နည်း။ သည်မေးခွန်းကို ကျွန်တော်
မဖြေပါ။ ဆရာကြီး မင်းသိင်္ခက ပုဏ္ဏားဘကွန်း (ကျွန်တော်မမှားဟုထင်ပါသည်။ သည်ဝတ္ထုကို ၁၉၈၇
ခုနှစ်များဆီက ဖတ်ခဲ့တာ ဖြစ်ပါသည်။) တွင် ဖြေပြထားခဲ့ပါသည်။ ဆရာကြီး၏အဖြေကို ကျွန်တော်
အကျဉ်းရုံးပြောပြပါမည်။
စိန်ကလေးတစ်လုံးကို
ခွေးတစ်ကောင်က မြင်လေသော် လက်လက်၊ လက်လက်နှင့် အထူးအဆန်းဖြစ်လို့ ဟောင်တာက လွဲပြီး
သူ့အတွက် ဘာမှ တန်ဘိုးမရှိ။ ခွေးဟောင်သံကြား၍ နွားကျောင်းသားကလေးက ထိုစိန်တုံးကလေးကို
ရသွားလေသော် အနည်းငယ် တန်ဘိုးတက်လာသည်။ နွားကျောင်းသားက ချဉ်ပေါင်ရွက်သည်အဒေါ်ကြီးအား
ထိုစိန်တုံးကလေးကိုပေးကာ ချဉ်ပေါင်ရွက်ငါးစီးလောက်နှင့်
လဲစားသည်။ ခွေးအတွက် ဘာမှတန်ဘိုးမရှိသော ကျောက်တုံးကလေးမှာ နွားကျောင်းသားကလေး ချဉ်ပေါင်ရွက်
ငါးစီးစာလောက် တန်ဘိုးတက်လာသည်။ ချဉ်ပေါင်ရွက်သည်အဒေါ်ကြီးကား ခေသူမဟုတ်။ သည်ဟာ အဖိုးတန်
ကျောက်ကလေးဖြစ်ရမည်ဟု သိသဖြင့် မြို့တက်ကာ ရောင်းလေသော် ပိုက်ဆံ ၁၀၀ ကြီးများတောင်ရလိုက်သဖြင့်
အပျော်ကြီး ပျော်လျှက် ရှိ၏။
သည်စိန်တုံးကလေးကို
ငွေ ၁၀၀ နှင့် ချဉ်ပေါင်ရွက်သည်ထံမှ ၀ယ်ထားလိုက်သော တောမှ ရွှေဆိုင်ပိုင်ရှင်သည် ရန်ကုန်
မဂိုလမ်းသို့လာလျှက် ကျောက်ကုန်သည်များသို့ ရောင်းလေသော် ငွေ ၅၀၀၀ မျှပိုက်မိသွားတော့၏။
ထိုအကောင်းစားစိန်ပွင့်ကို ဘိလပ်မှ အစိုးရအရာရှိကြီးက ငွေတစ်သိန်းခွဲပေးကာ ၀ယ်သွားလေသတည်း။
ဤသည်မှာ
ပစ္စည်းတစ်ခုကို လူအများ တန်ဘိုးထားသည့်အပေါ်မူတည်၍ ပစ္စည်းတန်ဘိုးတက်သွားရခြင်း နမူနာ
ဖြစ်လေသည်။
နိုင်ငံတော်အစိုးရကောင်းမှုကြောင့်
၁၉၉၅ ခုနှစ်က ကျွန်တော်ဘန်ကောက်သို့ လေ့လာရေးခရီးနှစ်ပတ်သွားရ၏။ အပြန်တွင် ငွေစအနည်းငယ်ပိုက်လာနိုင်သည့်အတွက်
ဘ၀တစ်လျှောက်လုံး ဤမျှသောအသပြာကို တစ်လုံးတစ်ခဲတည်းရဘို့ မလွယ်ခဲ့သည်ဖြစ်ရကား ထိုပိုက်ဆံကလေးပဲ့မှာစိုးသည့်အတွက်
ပျဉ်းမနားမြို့သစ်တွင် မြေကွက်ကလေးတစ်ခုကို ခြောက်သောင်း ပေး ၀ယ်ထားလိုက်လေ၏။
မရီပါနှင့်မိတ်ဆွေများ။
ထိုစဉ်က လခ ၁၆၂၅ ကျပ်ရသော ကျောင်းဆရာတစ်ဦးအနေနှင့် ပိုက်ဆံ ၆ သောင်းဆိုသည်မှာ နည်းလှသည့်ပိုက်ဆံမဟုတ်ပါ။
ထို့ကြောင့် မစားရက်မသောက်ရက် မြေကွက်ကလေးပြေးဝယ်ထားလိုက်ရခြင်း ဖြစ်ပါသည်။ ကျောင်းဆရာဘ၀မှ
စုတေပြီး ရန်ကုန်ထွက်လာစဉ် ထိုမြို့အစွန်အဖျားမှ မြေကွက်ကလေးကို လိုက်ရောင်းရာ ၀ယ်မည့်သူမရှိ။
ပိုက်ဆံအလျင်လိုနေလို့ ဘယ်လောက်ရရ ရောင်းပါမည်ဆိုတာတောင် ဘယ်လိုမှ ရောင်းမထွက်။
ဟော၊ အရှင်မွေး
နေ့ချင်းကြီး ဆိုသည့်စကားလို ကြပ်ပြေးဟူသည့် တောစွန်ဇနပုဒ်ကလေးမှသည် နေပြည်တော် ဆိုသဟာကြီးဖြစ်လာလေသော်
ထိုအနီးအနားမှ မြေကွက်ဈေးများသည်လည်း ဟို့၊ ယောယုဝနားကပ်နေသည့် အခြေမှသည် ချက်ချင်းလက်ငင်း
တာဝတိံသာအစွန်းနားနီးနီးထိ ထိုးတက်သွားလေ၏။
သို့တပြီးကား
ဘယ်လိုရောင်းလို့မှ မထွက်သော ကျွန်တော့်မြေကွက်ကလေးသာ ရှိဦးမည်ဆိုပါလျှင် ယခင်က ၆
သောင်း မှသည် ယခုအခါ သိန်း ၃၀၀၀ ခန့် ဖြစ်နေလောက်ပါပြီ။ သို့သော် အချိုအချောင်နှင့်ချမ်းသာရမည့်
ဇာတာ မပါသူဖြစ်ရကား မစားရက်မသောက်ရက် ရှိစုမဲ့စုပိုက်ဆံကလေးဖြင့် ၀ယ်ထားခဲ့သော ကျွန်တော့်မြေကွက်ကလေးမှာ
မည်သို့ စခန်းသိမ်းသွားသည် မသိရ။ ကျွန်တော့်မှာ ရေစက်ပဲချလိုက်ရမလား။ သာဓုပဲခေါ်လိုက်ရမလား
ယခုတိုင် မဝေခွဲနိုင်ပါလေ။
ကျွန်တော်ဆိုလိုသည်မှာ
တစ်စုံတစ်ရာ၏တန်ဘိုးမှာ လူတွေဘယ်လောက်တန်ဘိုးထားသလဲဆိုသည့်အပေါ် များစွာ မူတည်နေကြောင်း
ဖြစ်ပါသည်။
(၃)
မြတ်စွာဘုရားဟောသည့်တရားပွဲသို့
လာရောက်နာကြားသူ နည်းမည်မဟုတ်ပါ။ သို့သော် လာသူအားလုံး တရားရပါ သည်လား။ မရသည့်အတွက်ပင်
ကျွန်ုပ် ဤစာကိုရေးနေရခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားပွဲကိုသွားရောက်နာကြားပြီး
အကျွတ်တရား မရကြသူတွေထဲတွင် ကျွန်တော်တစ်ဦးအပါအ၀င် ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။ သို့ဆိုလျှင်
ထိုစဉ်က ကျွန်ုပ် တရားမရခဲ့ခြင်းမှာ တရားဟောသူ မြတ်စွာဘုရား ညံ့သောကြောင့်မဟုတ်။ ကျွန်တော်၏
လက်ခံနိုင်သောဉာဏ်ရည် မပြည့်ဝသောကြောင့်သာ ဖြစ်၏။
ဆယ်တန်း၌
စာသင်သူများရော ဘာထူးပါသနည်း။ သည်အတန်းထဲ၌ သည်စာကို သည်ဆရာက သည်နည်းအတိုင်း အားလုံးတပြေးညီ
သင်ပေးလိုက်တာသာ ဖြစ်သည်။ သို့သော် အချို့မှာ ဂုဏ်ထူးရသည်၊ အချို့မှာ အောင်ရုံပဲအောင်သည်။
အချို့ မှာတော့ အောင်ပင်မအောင်။ ဤသည်မှာလည်း လက်ခံသည့် ကျောင်းသား၏ ဉာဏ်၊ ကြိုးစားမှု၊
ဝီရိယရှိမှုနှင့် တန်ဘိုးထားမှုတို့ အပေါ် များစွာမူတည်နေပါသည်။
ယခု ဤ WSH Level D သင်တန်းကို
ကျွန်တော်တို့ ၃ လကျော်မျှ တက်လိုက်ကြသည်။ ပိုက်ဆံရော၊ အချိန်ရော၊ ကိုယ်အားဉာဏ်အားရော
ရင်းနှီးပေးဆပ်လိုက်ရသည်။ သို့ဆိုလျှင် ဤမျှရင်းနှီးထားသည့် သင်တန်းမှ တန်ရာတန်ကြေး
ပြန်ရလိုက်ပါသလား ဆိုသည်ကို ဆန်းစစ်ကြည့်ဘို့ မကောင်းပါလား။
တော်တော်များများကတော့ သင်တန်းကို
ဘာတွေသင်မလဲဆိုတာ သိလိုသည်ထက်၊ သည်သင်တန်းမှ သင်ပေးလိုက် သည်များကိုယူကာ လက်တွေ့ပြန်လည်
အသုံးချဘို့ဆိုတာထက် လက်မှတ်တစ်စောင်ရရုံလောက်မျှ လာတက်ကြတာ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်က
အထင်နှင့် ရမ်းတုတ်ခြင်းမဟုတ်ပါ။ ကြိုးစားပမ်းစား လေ့လာသူနှင့် အဖြစ်မျှလာတက်သူ မကွာပါ
သလော။ အလွန်ကွာလှ၏။
ကျွန်တော့်နောက်နားတွင်ထိုင်နေသည့်
ကုလားနှစ်ကောင်မှာ တစ်ချိန်လုံး စကားများနေသည်။ ဤသည်မှာ တစ်ရက် မဟုတ်၊ နှစ်ရက်မဟုတ်။
သင်တန်းချိန်တိုင်း ဖြစ်၏။ သူတို့ စကားပြောသံကြောင့် ကျွန်တော့်မှာ အတော် အနှောက်အယှက်
ဖြစ်ရသည်။
ဟို့နောက်ဘက် ခပ်ကျကျတွင် ထိုင်နေသည့်
မလေး အုပ်စုမှာလည်း လက်ပံပင်၊ ဆက်ရက်ကျသကဲ့သို့ ရှိ၏။ ဟိုသင်တန်းဆရာတစ်ဦးကတောင် မင်းတို့
စကားများနေသမျှ ကာလပတ်လုံး ငါရှေ့မဆက်ဘူး၊ မင်းတို့ပြောလို့ပြီးသွားမှ ဆက်ကြရအောင်
ဟု ပြောယူသည်ထိ ဖြစ်၏။ ထိုဆရာ့နာမည်မှာ ဘူပန်ဆင်းဖြစ်မည် ထင်ပါသည်။ ကောင်းကောင်းမမှတ်မိ။
ဟို့ဘက်ဒေါင့်တွင် ထိုင်နေသည့်
safety manager ဆိုသည့် တရုတ်မမှာမူ ဒူးနှန့်လျှက် စားပွဲပေါ်ခေါင်းတင် အိပ်ငိုက် နေလေသည်။
တစ်ချိန်တွင် အတန်းတွင်းလေ့ကျင့်ခန်းအဖြစ်
Indoor Air Quality တွင် Air Change တွက်ရသည်။ ဘာမှ မခဲယဉ်းပါ ခင်ဗျား။ ကျွန်တော့်ဘေးတွင်ထိုင်သည့်
Safety Officer ဆိုသူမှာ ft3/sec မှ m3/hr ကိုပင်မပြောင်းတတ်။ ဟကောင်၊ စက္ကန့် နဲ့ နာရီနဲ့ ဘယ်သင်းများသတုံး။ များမယ်ဆိုရင် မြှောက်ရမလား၊
စားရမလား ဟု ပိတ်ဟောက်လိုက်မှ ပါးစပ်အဟောင်းသားနှင့် အေးကွ၊ မင်းပြောတော့လည်း ဟုတ်သား
ဆိုလေ၏။ Level C တုံးကလည်း ဒါမျိုးတွေ ခပ်များများတွေ့ခဲ့ရသည်မို့ ယခု သိပ်မအံ့သြတော့ပါ။
Primary သင်္ချာကိုပင် မှန်အောင်မတွက်တတ်သော Safety Officer များရှိပါသည်ဆိုလျှင် မိတ်ဆွေတို့
ယုံပါမည်လား။
ဤသည်ကို အကြောင်းသိဖြစ်သူ ဆာဂျစ်ဆင်းဆိုသူ
သင်တန်းဆရာကမူ မပူပါနဲ့ကွာ၊ မင်းတို့ ဘာမှတတ်စရာမလိုပါဘူး၊ သင်တန်းချိန် ၇၅% ပြည့်အောင်တက်၊
assignment အားလုံးတင်၊ Compentent ဖြစ်မှာပါဘဲ ဟု ဆိုလေ၏။ သူက အကောင်း ပြောခြင်းမဟုတ်၊
ရွဲ့ပြောခြင်းဖြစ်ပါသည်။ သူက MOM officer အဖြစ် နှစ်အတော်ကြာလုပ်ခဲ့သူဖြစ်ပြီး ယခု
ကိုယ်ပိုင်စီးပွားရေး လုပ်နေသူဖြစ်၏။ အလွန်အပြောကောင်းလှသလို ဗဟုသုတများစွာလည်း ပေးနိုင်သည်။
ယနေ့ သင်တန်းပြီး အကဲဖြတ်ချက် ပေးရတော့ သူ့ကို အမှတ်အများဆုံးပေးခဲ့သည်။ သူက ဥပဒေအကြောင်း
ပို့ချသည်။
ကျွန်တော့မိတ်ဆွေဖြစ်သူ မစ္စတာလင်း
မှာလည်း မဆိုးပါ။ သူလည်း ဗဟုသုတများစွာ ပေးနိုင်၏။ သူက Noise Control အကြောင်း သင်သည်။
သို့သော် သူပို့ချသည့်အထဲမှ တော်တော်များများမှာ ကျွန်တော်သိပြီးသားများ ဖြစ်ပါသည်။
Assignment ဆိုလို့လည်း အထင်မကြီးပါနှင့်။
ကျွန်တော်အပါအ၀င် ဦးရေအနည်းငယ်ကသာ ကိုယ့်သိက္ခာကိုယ် ထိန်းလျှက် ကြိုးစားပမ်းစားနှင့်
ကျကျနနရေးတာ ဖြစ်ပါသည်။ အများစုမှာမူ ယခင်သင်တန်းပတ်များက assignment များကို ခိုးကူးကြတာ
ဖြစ်ဖို့များပါသည်။ ဤသည်မှာလည်း ကျွန်တော်ရမ်းပြောတာ မဟုတ်ပါ။ သင်တန်းဆရာများ ပြောပြတာ
ဖြစ်ပါသည်။
မင်းကွာ၊ ဘယ်လောက်ဆိုးသလဲဆိုရင်
စာလုံးပေါင်းမှားတာကစ တူတယ်။ ငါဖြင့်အံ့သြလို့မဆုံးဘူး ဟု လင်း ကပြောပါ သည်။ ဤသည်ကိုလည်း
ကျွန်တော်မအံ့သြပါ။ Level C တက်ခဲ့စဉ်က ဤကဲ့သို့ မစ္စတာငတက်ပြားများကို ကျွန်တော်ကိုယ်တိုင်
ကူညီခဲ့ဖူးသောသောကြောင့် ဖြစ်၏။ ECC project တုံးက ထိုသင်တန်းတက်နေသူ မိတ်ဆွေများအား
ကျွန်တော့် assignment များကို ဖိုတိုကော်ပီကူးပေးလိုက်၏။ နာမည်လေးတော့ ကိုယ့်ဟာကိုယ်
ပြောင်းထည့်ကြပေါ့ကွာဟုလည်း မှာရသေးသည်။ ဒါတောင် အားမရသေးလို့ ကိုယ်တော်တို့က soft
copy လေးများ လိုချင်လိုက်သေးသည်။ ဒါတော့ သည်းခံပါခင်ဗျား။ ကိုယ့်ဟာကိုယ်ပဲ စာရိုက်ပါဟု
ငြင်းလွှတ်ရသည်။
(၄) Level A/B/C/D
မသိသေးသူမိတ်ဆွေများကို
ဗဟုသုတအဖြစ် အနည်းငယ်ရှင်းပြပါမည်။
စင်ကာပူ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး
ပရော်ဖက်ရှင်နယ် (professional ကို မည်ကဲ့သို့ဘာသာပြန်လျှင် ရပါမည်နည်း။ ကျွမ်းကျင်တတ်မြောက်သူ၊
ပညာရှင်ဟု ပြန်ဆိုလျှင် အနီးစပ်ဆုံးမှန်မည်ထင်ပါသည်။) များအတွက် သက်ဆိုင်ရာ သင်တန်းများစွာ
ရှိပါသည်။ ဤအထဲတွင် မဖြစ်မနေတက်ရမည့် အခြေခံသင်တန်းများအား ၄ ဆင့် သတ်မှတ်ထား၏။
Level A, Level B, Level C နှင့် Level D ဖြစ်၏။
Level A မှာ လက်မှတ်ရသင်တန်း
(Certificate) ဖြစ်ပြီး ထိုသင်တန်းအောင်လျှင် Safety Supervisor လုပ်စားလို့ ရသည်။
Level B မှာ အဆင့်မြင့်လက်မှတ်ရသင်တန်း
(Advance Certificate) ဖြစ်ပြီး ထိုသင်တန်းအောင်လျှင် Safety Coordinator လုပ်စားလို့
ရသည်။
Level C မှာ ဒီပလိုမာသင်တန်း
(Specialist Diploma) ဖြစ်ပြီး ထိုသင်တန်းအောင်လျှင် Safety Officer လုပ်စားလို့ ရသည်။
Level D ဘွဲ့လက်မှတ်ရသင်တန်း
(Graduate Certificate) ဖြစ်ပြီး ထိုသင်တန်းအောင်လျှင် Safety Auditor လုပ်စားလို့
ရသည်။
ဘယ်အဆင့်က
လခဘယ်လောက်ရသနည်းဟု မမေးပါနှင့်။ သင့်ကိုခန့်ထားသော ကုမ္ပဏီက လခဘယ်လောက်ပေး သနည်းဆိုသည့်အပေါ်မူတည်ပါသည်။
စင်ကာပူဆိုတာ သိသည့်အတိုင်း လည်သလိုလုပ်သည့် တိုင်းပြည်ဖြစ်သဖြင့် (ဥရောပ၊ အမေရိကား
နှင့် သြစတေးလျ စသည့်နိုင်ငံကြီးများမှလွဲ၍) စလုံးကုမ္ပဏီများမှာ ဥပဒေကို ၀ိနည်းလွတ်ရုံ
ရနိုင်သမျှ လက်တစ်လုံးခြား လှည့်ပတ်လုပ်ကြတာ ဖြစ်၏။ မည်သို့လုပ်သည်များကို ခရစ္စတိုဖာပေါက်ကျိုင်းတွင်
အူမချေးခါးမကျန် သိသမျှ အကုန်ဖွင့်ချပြပါမည်။
သို့အတွက်
အစိုးရက လူဘယ်လောက်ရှိလျှင် safety supervisor ကဘယ်လောက်၊ safety coordinator က ဘယ်လောက်၊
safety officer ကဘယ်လောက် ခန့်ထားရမည်ဆိုတော့ အလုပ်ထဲမှ အလုပ်သမားတစ်ယောက်ယောက်ကို
Level A သင်တန်းသွားတက်ခိုင်းလိုက်သည်။ အောင်လာတော့ ခမောက်အပြာ ပြောင်းဆောင်းပေးလိုက်သည်။
လခကတော့ သည် အတိုင်း။ သို့မဟုတ်ပါကလည်း စူပါဗိုက်ဆာတစ်ယောက်ယောက်ကို ခမောက်အပြာ ဆောင်းပေးထားသည်။
သည်တော့ safety supervisor ထပ်ခန့်စရာမလိုတော့။ ကံဆိုးသူ ဟိုငနဲကတော့ နှစ်မျိုးလုပ်။
လခက သည်အတိုင်း။
သို့သော်
ထို so call safety supervisor များကလည်း ဘာ safety အလုပ်များ လုပ်ပါသနည်း။ သူဌေးက
ခမောက် အရောင်ပြောင်းထားသဖြင့်သာ safety supervisor ဟု ခေါ်ရသော်လည်း ကိုယ်ဘာလုပ်ရမည်ကိုလည်းမသိ၊
လုပ်လည်းမလုပ် တတ်။ အင်မတန် ဆဲနိုင်၊ ဆိုနိုင်မှ မတတ်သာလို့ လုပ်ကြတာဖြစ်သည်။ သူဌေးကလည်း
ဝိနည်းလွတ်ရုံ လုပ်သလို၊ သူတို့ကလည်း ပီဘိ ၀ိနည်းလွတ်ရုံကလေး လုပ်ကြတာဖြစ်၏။ အနို့
လခတစ်မျိုးတည်းနှင့် မည်သူသည် အမိုက်ခံလျက် အလုပ်နှစ်မျိုး လုပ်ပါမည် နည်း။ ကံမကောင်းလျှင်
ရိုးရိုးအလုပ်သမားလစာ ၄၅၀ မှ ၈၀၀။ သည့်ထက်ပိုကောင်းလျှင် ၁၀၀၀ - ၁၂၀၀ လောက် ရနိုင်ပါ
လိမ့်မည်။
သို့သော်
Safety Coordinator ကိုတော့ သည်လိုလုပ်လို့မရ။ သူ့ကျ သီးသန့်ရာထူးနှင့် ခန့်ရတာ ဖြစ်သည်။
ပိုက်ဆံ မျိုးမျိုးမြက်မြက်ကလေးလည်းလိုချင်၊ အလုပ်လည်းမလုပ်ချင်သည့် လူပျင်းများ နားခိုရာတစ်နေရာလည်း
ဖြစ်ပါသည်။ အားလုံးကို သိမ်းကြုံးတော့ မဆိုလိုပါ။ အလုပ်လုပ်သည့် ကိုအော်ဒီနေတာများလည်း
များစွာရှိပါသည်။ သည်နေရာတွင် အကျယ်မချဲ့တော့ပါ။ ခရစ္စတိုဖာပေါက်ကျိုင်းကျမှ အူမချေးခါးမကျန်
အကုန်ရေးပါမည်။ လုပ်တာမလုပ်တာ အသာထားလို့ လခမြိုးမြိုးမြက်မြက်ကလေး ရပါသည်။ ၂၀၀၀ မှ
၃၀၀၀ လောက်ရှိပါသည်။
စင်ကာပူတွင်
Safety Officer ခန့်ထားခြင်းကို WSH (WSHO) Regulations ဥပဒေဖြင့်သတ်မှတ်ထားသည်။ ထိုဥပဒေ
အရ သင်္ဘောကျင်းအားလုံး၊ ဓာတုဗေဒနှင့် ရေနံချက်စက်ရုံများ၊ စီမံကိန်းတန်ဘိုး ၁၀ သန်းထက်ကျော်သော
ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ လုပ်သား ၁၀၀ ထက်ပိုသော စက်ရုံများတွင် Safety
Officer များခန့်ထားရသည်။ Safety Officer ဖြစ်ဘို့ WSH Level C သင်တန်းပြီးရသည်။ လုပ်သက်
၂ နှစ်ရှိရသည်။ အောင်မယ်၊ Safety Officer လည်း လခမနည်းလှပါ။ ကျွန်တော်တို့လို ခပ်တုံးတုံးလူတွေက
လခသိပ်မများလှသော်လည်း လခ ၈၀၀၀ - ၁၀၀၀၀ ထိ ရသော safety officer များရှိ၏။
နောက်ပြီး
ဆောက်လုပ်ရေး၊ စက်ရုံ စသည်တို့တွင် Safety Audit လုပ်ဖို့ WSH (SAFETY AND HEALTH
MANAGEMENT SYSTEM AND AUDITING) REGULATIONS 2009 ဆိုသည့် ဥပဒေရှိသည်။ ထိုဥပဒေအရ ဆောက်လုပ်ရေး
စီမံကိန်းတစ်ခုသည် စီမံကိန်းလိုင်စင်ချပေးပြီး ၂ လအတွင်း audit လုပ်ရသည်။ မလုပ်လျှင်
ချပေးထားသော လိုင်စင်ကို ပြန်ရုပ်သိမ်းခွင့်ရှိ၏။ ထို့နောက် ၆ လပြည့်တိုင်း audit လုပ်ရသည်။
ထို့ကြောင့် auditor များလိုသည်။
Safety
Auditor လုပ်လိုလျှင် WSH Level D သင်တန်းဆင်းလက်မှတ်ရှိရသည်။ safety နယ်တွင် လုပ်သက်
၅ နှစ် ရှိရသည်။ ဤအချက်များနှင့် ပြည့်စုံလျှင် auditor အဖြစ်မှတ်ပုံတင်နိုင်သည်။
Saety
Professional အနေနှင့် သည်သင်တန်းများမှာ အခြေခံဖြစ်၏။ အခြား သင်တန်းပေါင်းများစွာလည်း
ရှိပါသေး သည်။ ကျန်းမာရေးအတွက် Industrial Hygiene Professional, မီးကာကွယ်ရေးအတွက်
Fire Safety Manager, Confined Space စစ်ဆေးသူအဖြစ် Confined Space Safety
Assessor, ဆူညံသံများအတွက် Noise Monitoring Officer, Noise Control Officer, ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
Environmental Control Officer။ အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် Working At Height
Safety Supervisor, အများကြီးရှိပါသည်။ ကိုယ်နှင့်သင့်တော်ရာ ပတ်သက်ရာများ ရွေးချယ်တက်နိုင်ပါသည်။
သို့သော်
သင်တန်းများ လျှောက်တက်ပြီး လက်တွေ့ အသုံးမချနိုင်လျှင်လည်း အလကားပင် ဖြစ်ပါသည်။
(၅) နိဂုံး
တစ်နေ့
သင်တန်းမစမီ ကန်တင်း၌ ကျွန်တော်ထမင်းစားနေစဉ် ကျွန်တော့်ဘေးနားတွင် ထိုင်လေ့ရှိသည့်
Alvin ဆိုသည့် တရုတ်ကလေး ရောက်လာလျှက် မင်း၊
assignment တွေ တင်ပြီးပြီလား ဟု မေး၏။ ငါက အလုပ်ကိုအကြွေးမထားတတ်ဘူးကွ။ လုပ်စရာတစ်ခုခုရှိရင်
အဲဒီဝန်ထုပ်ကြီး ခေါင်းပေါ်တင်နေတဲ့ ဒဏ်ကို ငါမခံနိုင်ဘူး။ အဲဒီတော့ လက်ချာပြီးသွားတဲ့
နောက်တစ်ပတ် အတွင်း assignment ကို တင်တာပဲ။ အခု နောက်ဆုံးတစ်ခုကလွဲလို့ အားလုံးတင်ပြီးသွားပြီ
ဟု ဆိုလေသော် မင်းတော့ ချီးကျူးပါ တယ်ကွာ။ ငါလေ့လာမိသလောက်တော့
အတန်းထဲမှာ မင်းတစ်ယောက်ပဲ ကြိုးစားပမ်းစား လေ့လာနေတာ ငါတွေ့တာပဲ။ ကျန်တဲ့ သူတွေက ဒီလောက်မဟုတ်ပါဘူးကွာ
ဟု ဆိုလေ၏။
သူက ကျွန်တော့်ထက်
များစွာငယ်ပါလိမ့်မည်။ အလွန်ဆုံး ရှိလှမှ ၃၅ နှစ်ပေါ့။ ကျွန်တော်သူ့ကို သေသေချာချာ
ရှင်းပြပါ သည်။
ဒီမယ်
အဲလ်ဗင်၊ မင်းဒီကို ဘာလုပ်ဖို့လာတာလဲ။ မင်းဒီကိုလာပြီး ဒီအခန်းထဲမှာ ထိုင်လိုက်ရခြင်းအားဖြင့်
အချိန်တွေ ကုန်မသွားဘူးလား။ အရေးကြီးတာက ငါဘာလုပ်နေသလဲဆိုတာ သိဘို့ပဲကွ။
မင်းကြိုးစားပမ်းစား
လေ့လာသည်ဖြစ် စေ၊ မလေ့လာသည်ဖြစ်စေ။ အချိန်တန်ရင်
လက်မှတ်တစ်ခုတော့ ရမှာဘဲ။ ဒါပေမဲ့၊ လေ့လာတဲ့လူ ရလာတဲ့လက်မှတ်နဲ့၊ မလေ့လာတဲ့လူ ရလာတဲ့လက်မှတ်ရဲ့
တန်ဘိုးချင်း အင်မတန်ကွာလိမ့်မယ်။
မင်း သေသေချာချာ
မလေ့လာ၊ မဆည်းပူးလည်း ဟောဒီ ၄ နာရီကိုတော့ ပေးဆပ်လိုက်ရမှာဘဲ။ နောက်ပြီး ဒီသင်တန်း
ဆိုတာ အလကားတက်ရတာ မဟုတ်ဘူး။ ငါတို့ ပိုက်ဆံပေးတက်ရတာ။ ဒီတော့ ၄ နာရီ ကုန်သွားတာချင်းအတူတူ
ငါတို့ အဲဒီအချိန်တွေ၊ ပိုက်ဆံတွေကို ဘာလို့ အကားဖြုန်းတီးပစ်မလဲ။
ငါ့အနေနဲ့ကတော့
ငါပေးလိုက်ရတဲ့ အချိန်တွေနဲ့ ပိုက်ဆံတွေနဲ့ တန်အောင် ရသမျှ အကုန်ပြန်ယူရမှာဘဲ။ အဲဒါကြောင့်
မို့လို့ သင်တန်းဆရာပြောသမျှ တစ်လုံးမကျန် ငါလိုက်မှတ်နေတာပဲ။ နားထောင်တယ်ဆိုတာက တစ်ရက်နှစ်ရက်အတွင်း
အကုန်မေ့ကုန်မှာကွ။ အဲဒါကြောင့် ငါက ဓာတ်ပုံရိုက်မှတ်တာတို့၊ စာနဲ့ရေးမှတ်တာတို့ လုပ်တာပဲ။
မင်းက
ငယ်ငယ်လေးရှိပါသေးတယ်ကွာ။ ကိုယ့်ဘ၀ကိုယ် တိုးတက်ချင်ရင် ဘယ်တော့မှ အချိန်ကို အလဟဿ မကုန်စေနဲ့
- ဟု ပြောလိုက်ပါသည်။ မင်းပြောတာ ဟုတ်တယ်ကွ။ ငါတို့ မင်းပြောသလို သေသေချာချာ လုပ်သင့်တယ်။
ခုလိုရှင်းပြတာ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ဟု ဆိုလေသည်။
သူတို့အတွက်က
လက်မှတ်တစ်စောင်ရရေးသာ ဖြစ်သော်လည်း ကျွန်တော့်အတွက်မူ စာရေးစရာ ကုန်ကြမ်းများလည်း
အမြောက်အများရပါသည်။ မြန်မာစကားပုံလေးနှင့် အဆုံးသတ်ပါမည်။
ယူတတ်မှ ရ၏။
ချူတတ်မှ ကျ၏။
မယူတတ်လျှင် အပုံကြီးလျက်နှင့် မရ။
မချူတတ်လျှင် အရုံနီးလျက်နှင့် မကျ။
တက်သစ်စ မြန်မာ လူငယ်၊ လုံမငယ်များသည် ယူတတ်သူများ၊ ချူတတ်သူများဖြစ်အောင်
ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါသည်။
အေးငြိမ်း
၁၊ ၉၊ ၁၃။ ညနေ ၅း၃၀ နာရီ
1 comment:
Dear Ko Aye Nyein,
Thank for your blog. We use your knowledge for our works.
Let the country be development your blog as a point.
Best Regards,
Mr.Aye Lwin
Post a Comment