(၉၇) အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းရန် အရေးကြီးခြင်း
(Safety First)
နောက် အရေးကြီးသောပစ္စည်းတစ်ခုမှာ အသက်ရှူအထောက်အကူပြု ကိရိယာ
(Respirator) ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လာမနိတ်လုပ်ရာတွင် သုံးသည့်ဆေးမှထွက်လာသည့်
ဓါတ်ငွေ့မှာ အလွန်မွှန်လှသည်။ မျက်လုံးနှင့် တိုက်ရိုက်ထိပါက အလွန် စပ်ကာမျက်ရည်များပင်
ကျသည်။ ကျန်းမာရေးအတွက်လည်း အလွန်အန္တရာယ်များသည်။ ထိုဓါတ်ငွေ့တွင် စတိုင်ရင်းပါသည်။
စတိုင်ရင်း ကို ကင်ဆာဖြစ်စေနိုင်သည်ဟု တိုက်ရိုက်မဖော်ပြထားသော်လည်း ကြွက်များနှင့်စမ်းရာတွင်မူ
ဆီးထဲတွင် သွေးပါသည်ဟု ဆိုပါသည်။ ထို့ကြောင့် ထိုဓါတ်ငွေ့ကိုသာ ကြာရှည်ရှူရပါက သေချာပေါက်
ကျန်းမာရေးထိခိုက်မည် ဖြစ်လေသည်။
လာမနိတ်လုပ်ရသည်မှာ
ခဏတစ်ဖြုတ် လုပ်ရတာမဟုတ်။ ကျောက်စက်တိုက်လိုက်၊ လာမနိတ်လုပ်လိုက် နှင့် တစ်နေကုန်၊
တစ်နေခန်း၊ နေ့စဉ်ရက်ဆက် လုပ်ရခြင်းဖြစ်သည်။ သည်တော့ သည်အငွေ့များ ခန္ဓာကိုယ်အတွင်းရောက်နိုင်ချေ
နည်းနိုင်သမျှနည်းစေရန် respirator ၀တ်စေရသည်။
Respirator
တွင် လေကိုစစ်ပေးသည့် လေစစ် - ကက်ထရစ်ခ်ျ (Filter or Catridge) ပါသည်။ သည်ကက်ထရစ်ခ်ျ
မှာ အလွန် ကောင်း၏။ မည်မျှနံစော်နေသော အနံ့အသက်ဖြစ်ပါစေ။ Respirator ကိုသာဝတ်ထားပါက
ပကတိ လေကောင်းလေသန့်ကို ရှူရသကဲ့သို့ ဖြစ်ချေ၏။ ဖိုက်ဘာပိုက်အတွင်း၌ ကြာရှည်လာမနိတ်လုပ်ဘို့ဆိုလျှင်
သည် respirator မ၀တ်ဘဲ ဘယ်လိုမှမဖြစ်နိုင်။ အသက်ရှူကူကိရိယာကို စနစ်တကျဝတ်ဆင်နိုင်ရန် ပစ္စည်းရောင်းသည့်ကုမ္ပဏီ (3M) မှ လာရောက် သရုပ်ပြပါသည်။ ဤသည်ကို fit-test ဟု ခေါ်၏။ အဘယ်ကြောင့် Fit-Test လုပ်ရသနည်း။ အသက်ရှူ ကိရိယာကို ကျကျနန မ၀တ်တတ်ပါက အပြင်မှ ဓါတ်ငွေ့များကို အပြည့်အ၀ ကာကွယ်ပေးနိုင်မည်မဟုတ်။ ထိုအခါ ၀တ်ဆင်သူကို အပြည့်အ၀ ကာကွယ်မပေးနိုင်။ ၀တ်ထားသော်လည်း ၀တ်သလောက် အကျိုးမရှိ။ ထို့ကြောင့် ၀တ်ဆင်သူကို အကာအကွယ်အပြည့်အ၀ပေးနိုင်ရန် Fit-Test လုပ်ရသည်။
Fit-Test လုပ်ရာတွင် အသက်ရှုကိရိယာကို မည်ကဲ့သို့ ၀တ်ရမည်ကို ပြသည်။ ၀တ်ဆင်ပြီးနောက် လုံမလုံကို အသက်ရှူပေါက် ပိတ်လျှက် စမ်းခိုင်းသည်။ ၀တ်တတ်ပြီဆိုလျှင် ဓါတ်ငွေ့လုံသည့်ခေါင်းစွပ် စွပ်ပေးပြီး လူကိုအန္တရာယ်မဖြစ်စေသည့် ဓါတ်ငွေ့တစ်မျိုးဖြင့် မှုတ်ကာ အနံ့ရ၊ မရ စစ်ဆေးသည်။ ဘာအနံ့မှမရဟု ဆိုလျှင် အိုကေပြီ။ ကောင်းကောင်းဝတ်တတ်သွားပြီ။
ထိုကဲ့သို့
Fit-Test လုပ်ပြီးကြောင်းကိုလည်း မှတ်တမ်းထားရသည်။ သူတို့က အသက်ရှူကိရိယာကို မည်ကဲ့သို့ထိန်းသိမ်းရမည်၊
ဆေးကြောရမည်များပါ ပြပေးသည်။
ကျွန်တော်တို့က ဆပ်ကွန်း(sub-contractor)
ဆိုတော့ မိန်းကွန်း(main contrator) ဖြစ်သော JV (Joint Venture of CB&I and
Toyo) ၏ ကြီးကြပ်မှုအောက်တွင်လုပ်ရသည်။ ကျွန်တော်တို့ လုပ်ကိုင်နေသည်များကို သူတို့ကလာစစ်သည်။
ကျွန်တော်လုပ်သည့် ကွန်ဖိုင်း စပေ့စ်တွင် တာဝန်ကျသူမှာ ဆန်နီ ဖြစ်၏။ စ,လုံး တရုတ်ဖြစ်သည်။
စကားကို အမျှင်မပြတ်ပြောတတ်ပြီး စကားပြောလျှင် ပါးစပ်ထောင့်၌ အမြှုပ်များထွက်လာလေ့ရှိ၏။
ကျွန်တော့်မှာ သိပ်ပင်မသတီလှသော်လည်း ဟဲဟဲ၊ ဟဲဟဲနှင့် လုပ်နေရလေသည်။ အနို့ သူတို့က
မိန်းကွန်းဆို တော့ ကလန်ကဆန်လုပ်လို့မရ။ ကပ်ဖားထားရသည်။
သို့သော်
ပြဿနာကတော့ ရှိသည်သာဖြစ်၏။ ပထမဆုံးပြဿနာတက်သည်မှာ လေစစ်များကို မည်သည့်အချိန်တွင် လဲရမလဲ
ဆိုတာဖြစ်၏။ ဆန်နီက မင်းလေစစ်တွေ ဘယ်လောက်ကြာရင် တစ်ခါလဲရမလဲ ဟု မေးလေသည်။ ကျွန်တော်လည်းမသိ။
3M ကလည်း စိတ်ကျေနပ်လောက်အောင် အဖြေမပေးနိုင်။ သူတို့က ဤသည့်ကိစ္စမှာ factor များစွာ
ပေါ်မူတည်နေသည်။ တစ်နေ့လျှင် သည်အသက်ရှူ ကိရိယာကို ဘယ်နှနာရီဝတ်သည်။ ပတ်ဝန်းကျင်အပူချိန်မည်မျှရှိသည်။
လေထဲတွင် ရေငွေ့ပါဝင်မှုနှုန်းမည်မျှရှိသည်။ သည် အသက်ရှူ ကိရိယာများကို မည်ကဲ့သို့ ထားသည်စသဖြင့်
ပြောသည်။ သည်တော့ မည်ကဲ့သို့တွက်ပါမည်နည်း။ Safety Officer ဖြစ်သူ လီ ကတော့ ဘယ်ကရလာတာတွေနှင့် ဘယ်လိုတွက်သည်မသိ။ ကက်ထရစ်ခ်ျ၏ သက်တမ်းကို ၁၃၅ နာရီဟု ဆိုသည်။
သူက ၁၃၅
နာရီဟုဆိုတော့ ကျွန်တော်အလုပ်ရှုပ်တော့သည်။ အသက်ရှူကိရိယာဝတ်သူအားလုံး၏ နာမည်နှင့် ဘယ်နေ့က
သည်ပစ္စည်းကို ထုတ်ပေးလိုက်သည်။ ဘယ်နေ့တုံးက ဘယ်နှနာရီဝတ်သည် ဆိုတာ စာရင်းလုပ်ရတော့၏။
အလုပ်လုပ်တာက တစ်နေရာထဲ မဟုတ်။ ၀ပ်ရှော့မှာ နှစ်ဖွဲ့။ ကွင်းထဲမှာက အနည်းဆုံး သုံးဖွဲ့လောက်ရှိသည်။
ဝပ်ရှော့နှင့်ကွင်းက အဝေးကြီး မိနစ် ၂၀၊ နာရီဝက်လောက် လမ်းလျှောက်ရသည်။ သည်တော့ ကျွန်တော်က
ဇယားများချပေးကာ အသုံးပြုသူအားလုံးကို သူတို့ဘာသာ သူတို့ စာရင်းသွင်းခိုင်းရသည်။ တစ်နေကုန်တော့မှ
ကျွန်တော်က သည်ဇယားများကို လိုက်စု။ မမှတ်ရသေးသူများကို မှတ်ဘို့ပြော။ တချို့ကတော့
သေသေချာချာ မှတ်သည်။ အများစုမှာတော့ မမှတ်သဖြင့် ကျွန်တော်ပင်မေးမြန်း မှတ်ရတာ ဖြစ်ပါ၏။
ထို့နောက် ၁၃၅ နာရီပြည့်သူများကို ကက်ထရစ်ခ်ျ အသစ်ထုတ်ပေးရန် စာထုတ်ပေးရသည်။
ဤသည်မှာလည်း
ကြာကြာမခံပါ။ တစ်လကျော်လောက်အကြာတွင် ဤစနစ်ပျက်သွားလေ၏။ သို့သော် ပြဿနာက သည်တွင် ရပ်သွားတာမဟုတ်။
သည်တော့ 3M က အကြံပေးသည်။ ကက်ထရစ်ခ်ျလဲချိန်မှာ ၁) ၀တ်ဆင်ထားစဉ် အနံ့ရလျှင်။ ၂) ၀တ်ဆင်သူ
မသက် မသာခံစားရလျှင်။ ၃) ကက်ထရစ်ခ်ျ၏ နှုတ်ခမ်းသားများပေါက်ပြဲလာလျှင် - လဲပါ ဟု ဆို၏။
သည်တော့မှ ကျွန်တော်လည်း အသက်ရှူ ကိရိယာ၏ နေ့စဉ်အသုံးစာရင်း မှတ်ရသည့်ဒုက္ခမှ လွတ်ကင်းလေတော့သတည်း။
ကျွန်တော်ကတော့ အလုပ်သမားများကို တကယ်လို့ အနံ့ရပြီဆိုရင် အချိန်မရွေးပြော။ ထုတ်ပေးမယ်
ဟု မှာထားသည်။
ဤတွင်
ဗဟုသုတအဖြစ်ပြောရလျှင် ကက်ထရစ်ခ်ျ အထဲတွင် လေစစ်ပါသည်။ ထိုလေစစ်က ၎င်းကိုဖြတ်ဝင်လာသမျှ
လေ၊ အနံ့အသက်တို့ကို စစ်ပေးသည်။ သို့စစ်ရာတွင် လေထဲ၌ပါလာသော မကောင်းသည့်အညစ်အကြေးမှန်သမျှကို
စုပ်ယူထားလိုက်သည်။ ထို့ကြောင့် ကာလကြာလာသည့်အခါ လေစစ်ထဲတွင် ထိုအညစ်အကြေးများဖြင့်
ပြည့်သွားတော့၏။ ထိုအခါ လေစစ်သည် နောက်ထပ် ထပ်မံ၍ စစ်ပေးနိုင်စွမ်းမရှိတော့ချေ။ ထိုအခြေအနေကို
saturated ဟုခေါ်သည်။ လေကိုစစ်မပေးနိုင်တော့သဖြင့် အဆိပ်အတောက်ရှိ သောလေများမှာ နှာခေါင်းအတွင်း
တိုက်ရိုက်ဝင်လာတော့သည်။ ထိုအခါ အနံ့ရ၏။ ထို့ကြောင့် လေစစ်ကို လဲပေးရသည်။
နောက်တော့
ဒီကောင်တွေ ပိုက်ထဲမှာလုပ်နေတာ လေကောင်းလေသန့်ရမရ မင်းဘယ်လိုသိနိုင်သလဲ။ သူတို့အတွက်
ပန်ကာ ဘယ်နှလုံးဆင်ရမယ်ဆိုတာ ငါ့ကိုပြောပါ ဟု ဆိုလေသည်။ အောင်မယ် ကိုဆန်နီ၊ ဒီလောက်မှ
မတွက်တတ်ရင် င့ါနာမည် အေးငြိမ်းလို့ တောင် မှည့်မထားဘူးဟုဆိုကာ တွက်ချက်ပြလိုက်လေ၏။
သည်တော့မှ ကျွန်တော်တွက်ထားတာ ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောကျနေလေသည်။
အမှန်က သူနားလည်လို့ ခေါင်းငြိမ့်တာမဟုတ်မှန်း ကျွန်တော်သိပါသည်။ သို့သော် ကျွန်တော်က
အမှန်အကန်တွက်ထား တာမို့ သူမကျေနပ်လို့ မေးလိုလျှင်လည်း ကြိုက်သည့်နေရာသွားမေးပါဟု
ပြောထားပါသည်။
ဤသည်ကို
Air Change ဟုခေါ်ပါသည်။ သည်နေရာတွင် မဖော်ပြတော့ပါ။ ဆရာစားချန်ခဲ့ပါမည်။ သိလိုသူများ
ကျွန်တော့်ထံ အီးမေးပို့ မေးမြန်းနိုင်ပါသည်။ ဘာမှမခဲယဉ်းပါ။ ဖော်မြူလာနားလည်လျှင်
အလွယ်ကလေးဖြစ်ပါသည်။
နောက်ပြီး ကွန်ဖိုင်းစပေ့စ်ထဲ၌ အိမ်များတွင်သုံးသည့် ၂၂၀ဗို့ လျှပ်စစ်ပစ္စည်းများ
သုံးလို့မရပါ။ ၁၁၀ ဗို့ပစ္စည်းများသာ သုံးရပါသည်။ သဟာကို ပေါ့ပေါ့ကလေးမထင်ပါနှင့်။ ဥပဒေထုတ်ပြန်ထားတာဖြစ်ပါသည်။
ဘာဖြစ်သလဲ။ သုံးသကွာဟု ခေါင်းမမာပါနှင့်။ ကွိသွားမည်။ သည်တွင် အကြောင်းအပေါင်းသင့်လာ၍
မိတ်ဆွေများကို လျှပ်စစ်ပစ္စည်းများခွဲထားပုံကို နည်းနည်းလောက် ဗဟုသုတအဖြစ် ပြောပြပါမည်။
လုပ်ငန်းသုံး မီးခေါင်းများ
(Industrial Plugs) ကို မမှားစေရန် ဗို့အားကိုလိုက်၍ အရောင်ဖြင့် ခွဲထားပါသည်။ ၅၅ ဗို့မှာ
အဖြူရောင်။ ၁၁၀ ဗို့မှာ အ၀ါရောင်။ ၂၃၀ ဗို့မှာ အပြာရောင်။ ၄၀၀ ဗို့မှာ အနီရောင် ဖြစ်သည်။
ကွန်ဖိုင်းစပေ့စ်ထဲ၌ ထွန်းသောမီးလုံးမှာလည်း သာမန်မီးလုံး မဟုတ်။ ပေါက်ကွဲမှုဒဏ်ခံနိုင်သော explosive proof မီးသီး၊ မီးချောင်း များဖြစ်ရမည်။ အထဲ၌ အလုပ်လုပ်နေသူများ တစ်စုံတစ်ခုဖြစ်လျှင် ကယ်ထုတ်နိုင်ရန် (အပြင်မှ ကြိုးဖြင့်ဆွဲထုတ်နိုင်ရန်) အသက်ကယ်ကြိုး (Life line) လည်းထားပေးရသည်။ ထိုမျှသာမက မူးမေ့သွားလျှင် ကယ်ထုတ်နိုင်ရန် ကိုယ်သိုင်းကြိုး (safety harness) နှင့် တွန်းလှည်း (trolley) လည်း အရံသင့်ထားပေးရသည်။
နောက်ပြီး
ကျွန်တော်တို့က ဓါတုဆေးများနှင့် လုပ်တာဆိုတော့ အကယ်၍ ထိုဆေးများ မတော်တဆမျက်စိအတွင်းဝင်လျှင်
ချက်ချင်းဆေးနိုင်ရန် မျက်လုံးဆေးသည့် မျက်စဉ်းများလည်း အဆင်သင့် ဆောင်ထားရသည်။ ဖြစ်ကတတ်ဆန်း
ထားရတာမဟုတ်။ လူဘယ်နှယောက်ဆိုလျှင် မျက်စဉ်းဘယ်နှဘူး ထားရမည်ဟု သတ်မှတ်ထား၏။
သည်တော့
သည်မျှများပြားလှသည့် လိုအပ်ချက်များကို အပြည့်အစုံရဘို့ဆိုတာ လွယ်သည့်ကိစ္စမဟုတ်။ ဆိုပါစို့
လေးနေရာ၌ လာမနိတ်လုပ်သည်ဆိုလျှင် သည်ပစ္စည်းအားလုံးကို လေးနေရာအတွက် အပြည့်အစုံပြင်ဘို့
လိုသည်။
သို့သော် သည်ပစ္စည်းများအားလုံး ကို ၀တ်စုံပြည့်ဆင်မြန်းရန်
ပိုက်ဆံအများကြီး ကုန်လိမ့်မည်။ သည့်အတွက် ကုမ္ပဏီက လေးနေရာလုပ်သည်ဆိုလျှင် နှစ်နေရာစာလောက်သာ
ဝယ်ပေးသည်။ သည့်အတွက် ပြဿနာတက်ရသူမှာ ကျွန်ုပ်ဖြစ်၏။
မနက်ပိုင်း
အလုပ်စတော့မည်ဆိုသည်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးရန် အလုပ်လုပ်မည့်နေရာ၌ အထက်ဖော်ပြပါ
ပစ္စည်းများ စုံမစုံ သွားစစ်ရသည်။ စစ်ရာတွင် စစ်ဆေးသည့် ပုံစံ (Confined Space
Check List) ရှိသည်။ သည်ပုံစံတွင်ဖော်ပြထားသည်များကို နေရာတကျရှိနေမနေ စစ်ရခြင်းဖြစ်၏။
အပေါက်စောင့် ရှိသလား။ လူဝင် လူထွက်စာရင်းရှိသလား။ လေမှုတ်ပန်ကာ ရှိသလား။ အလင်းရောင်
လုံလုံလောက်လောက်ရှိသလား။ ထွန်းထားတဲ့မီးသီး တွေဟာ ၁၁၀ ဗို့ ဟုတ်သလား။ ပေါက်ကွဲဒဏ်ခံ
မီးသီးတွေဆိုတာ သေချာရဲ့လား။ အားပါး။ အများကြီးခင်ဗျား။
စာအုပ်ကြီးအတိုင်းဆိုလျှင် သည်ပစ္စည်းများမစုံလျှင် အလုပ်လုပ်ခွင့်လက်မှတ်
(Permit To Work) ထုတ်ပေးလို့မရ။ သို့သော်လည်း ပေါ့လေ။ သည်ပစ္စည်းတွေ မစုံလို့ အလုပ်မလုပ်ရ
ဆိုလျှင် သည်အတိုင်းထိုင်နေဘို့သာရှိသည်။ နဂိုကမှ စုံအောင် ၀ယ်ပေးမထားတဲ့ကိစ္စ။ ဘယ့်နှယ်လုပ်
စုံပါ့မတုံး။
ဆန်နီကလည်း ၀ီရိယကောင်းလှ၏။ မနက်ပိုင်း ကျွန်တော်အလုပ်ခွင်ထဲသွားစစ်သည့်အချိန်
သူလည်းပေါက်ချလာ၏။ ထို့နောက် ကျွန်တော်စစ်ဆေးသည့် စာရွက်ကိုတောင်းကြည့်ကာ ဒီဟာရှိရဲ့လား။
ဟိုဟာထားပြီးပြီလားနှင့် လုပ်တော့၏။ ဒါ သူ့အပြစ်မဟုတ်ပါ။ တမင်သက်သက် ပိုက်ဆံလိုချင်လို့
လာညစ်တာလည်း မဟုတ်ပါ။ သူက သူ့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဒါကို ကျွန်ုပ်လည်း သိပါသည်။
သိသမှ ဟိုဘက် နှစ်ဘူတာလောက်တောင် လွန်နေသေးသည်။ သို့သော် အထက်တွင်ပြောခဲ့သလို လင်မရှိတဲ့မုဆိုးမ၊
အတွဲနဲ့ထွက်ပြပါ ဆိုတာတော့ ဘယ့်နှယ့်လုပ်ပါ့မတုံး။
ဒါတစ်ရက်ထဲမဟုတ်။ နေ့တိုင်းပြဿနာတက်တာဖြစ်သည်။
နောက်တော့ ဆန်နီလည်း မတတ်နိုင်။ လက်လျှော့ထား ရလေတော့၏။ သို့သော် ကျွန်တော်ကလည်း
ကိုယ့်တာဝန်မို့ တတ်နိုင်သမျှ စုံအောင်လုပ်ထားပါသည်။ အသက်ကယ်ကိရိယာ (SCBA – Self
Contained Breathing Appratus) ကိုတော့ တစ်ခုပဲထားသည်။ သို့သော် သိပ်မဝေးလှသည့် လက်လှမ်းတမီတွင်
ထားရသည်။
ကွန်ဖိုင်းစပေ့စ်အတွင်း၌
အလုပ်လုပ်နေကြသည်ဖြစ်ရာ နှစ်နာရီတစ်ခါ ကျွန်တော် ဓါတ်ငွေ့သွားတိုင်းရသည်။ သို့ဓါတ်ငွေ့သွားတိုင်းသည့်အခါ
အပေါက်စောင့်သည့် ကုလားလေးများနှင့် အလ္လာပ၊ သလ္လာပ စကားစနေပြောလေ့ရှိ၏။
တစ်နေ့တော့
အစောင့်ဖြစ်သူ နာဂိုကာနီအား နောက်လိုသည်နှင့် ကဲ၊ နာဂို၊ ပြောစမ်း ပါဦးကွာ။ ဟောဟိုက
နေလုံးကြီးဟာ ခုလိုနေ့ခင်းမှာ တယ်ပူသကိုးကွ။ ဒါပေမဲ့ မနက်စောစော နေထွက်စမှာတော့ တယ်မပူလှဘူး။
နောက်ပြီးတော့မှ ဖြည်းဖြည်းချင်း ပူပူလာလိုက်တာ နေ့ခင်းကျတော့ ကျောကွဲမတတ်ပူလာတာ ဘာကြောင့်လဲကွာ
ဟု မေးလိုက်၏။
ထိုအခါ
နာဂိုကာနီက မင်း မီးဖွင့်တော့ မီးသီးကို တွေ့ဖူးတယ်မဟုတ်လား။ ဖွင့်ခါစမှာ သိပ်မပူသေးဘူး။
တော်တော်ကြာတော့ ပူလွန်းလို့မကိုင်နိုင်တော့ဘူးမဟုတ်လား။ အဲဒီအတိုင်းပေါ့ကွ ဟု ဖြေလေ၏။
ကျွန်တော့်မှာ ရုတ်တရက်မအောင့်နိုင်ဘဲ အဟွတ်ကနဲ ရီလိုက်မိ၏။ နောက်မှ အသာပြုံးပြရလေသည်။
သည်တော့မှ
နာဂိုကာနီမှာ သူမှားသွားမှန်းသိကာ ရှက်ကိုးရှက်ကန်းနှင့် ဘာဖြစ်တာလဲ၊ မဟုတ်လို့လား
ပြောစမ်းပါအုံး ဟု ဆိုလေသည်။ ကျွန်တော်က သူမေးတာ ပြန်မဖြေသေးဘဲ မင်း အိန္ဒိယမှာတုံးက
ဘယ်နှစ်တန်းထိ ကျောင်းနေခဲ့ဖူးသလဲ ဟု မေးသောအခါ သူက ဒီပလိုမာ ဟု ဆိုပါသည်။ သည်တော့မှ
အဲလေ၊ ငါတို့ဆီက ဒီပလိုမာနဲ့ အိန္ဒိကဒီပလိုမာ အတူတူပါဘဲ ဟု ကျွန်တော့်မှာ စိတ်ဖြေသာရာရပေတော့၏။
နှိမ်ပြောတာမဟုတ်ပါခင်ဗျား။ ကျွန်တော်တို့ဆီက ဒီပလိုများကိုသွားမေးလျှင်လည်း နာဂိုကာနီ
ကဲ့သို့ ဖြေမည့်သူ အတော်များစရာရှိပါသည်။
တစ်ခါတော့
ကျွန်တော်တို့လုပ်ထားသည့် ပိုက်အဆက်များကို လိုက်စစ်ရသော စတိဗ် (Steve) ပေါက်ချလာသည်။
သူက အမေရိကန်ကြီးဖြစ်၏။ ကျွန်တော်ကား အလွန်ထူလှသူဖြစ်သည်။ အင်္ဂလိပ်ရုပ်ရှင်ကားပေါင်းများစွာကိုကြည့်၊
သတင်းများကိုလည်း နားထောင်သည့်တိုင် အမေရိကန်များပြောသည့် အင်္ဂလိပ်စကားနှင့် အတော်ကြီးကို
မယဉ်ပါးပါချေ။ သူတို့ ဘာပြောမှန်းသိသော်လည်း လုံးစေ့ပတ်စေ့ နားမလည်ပါ။ စတိဗ် ပြောသည်ကိုလည်း
သည်အတိုင်းဖြစ်၏။ နားလည်တစ်ဝက်၊ မလည်တစ်ဝက်။ အီတလီဖြစ်သူ ဘရူနို လည်း ကျွန်တော်ကဲ့သို့ပင်
ဖြစ်၏။ ဖန်ကူးရို စတိဗ်၊ ဖန်ကူးရို အမေရိကန်။
အဲဒီကောင်ပြောတာ ငါဘာမှနားမလည်ဘူး ဟု ဆဲလေသည်။
စတိဗ်က
သူပိုက်ထဲဝင်ကြည့်ချင်သည်ဆို၏။ သူတစ်ယောက်ထဲလာတာ ဖြစ်သည်။ အရေးကြီးတယ် ခုဝင်ချင်တယ်
ဆိုလေသည်။ အလဲ့ကွယ်၊ သည်လို လွယ်လွယ်မဆိုပါနဲ့ကိုယ့်လူ။ သည်ပိုက်ထဲဝင်ဘို့ရာ အကုန်စီမံပြီးမှ
ဝင်လို့ရမယ်။ ခဏစောင့်ပါ။ ငါ့ကောင်တွေ ရှာလိုက်ဦးမယ် ဟု ဆိုလေသော် ခဏလေးပါကွာ။ ၅ မိနစ်လောက်ပဲကြာမှာပါ
ဟု ဆိုပြန်လေသည်။
ကျွန်တော်လည်း
စိတ်တိုလာလေရကား သည်မယ်ဆရာကြီး အက်ဆီးဒင့်ဖြစ်တယ်ဆိုတာ တစ်မိနစ်အတွင်းမှာလည်း သေနိုင်တာပဲ
ဟု ဘုတောလိုက်လေ၏။ သည်တွင် စတိဗ် အကြီးအကျယ်ဒေါသထွက်လေသတည်း။ ကျွန်တော့်ခွင့်ပြုချက်မရဘဲ
သူဝင်လို့ မရပါ။ သူက အရင်လိုလို့ပါဟု ထပ်ပြောပြန်သည်။ ကျွန်တော်အားနာလို့မရပါ။ မတော်တစ်ခုခုဖြစ်သွားရင်
မခက်ပါလား။ ခဏလေးပါကွာ ဆိုပြီး ကျွန်တော်အနီးအနားပတ်ရှာကာ ပစ္စည်းများမ,သည့်
lifting အဖွဲ့မှ ဝေါ်ကီတော်ကီကိုငှားလျှက် နာဂိုကာနီတို့အဖွဲ့ကို ရောက်တဲ့နေရာကနေ အမြန်ဆုံးလာခဲ့ပါဟု
ခေါ်ရလေသည်။ အပေါက်စောင့်သည့်သူများတွင် အရေးပေါ်ဆက်သွယ်ရန် ဝေါ်ကီတော်ကီ တစ်ယောက် တစ်လုံးစီပေးထားသည်။
နာဂိုကာနီတို့အဖွဲ့ရောက်လာတော့
ကျွန်တော်လည်း အမြန် ပန်ကာမှုတ်၊ အစောင့်ထား၊ နောက် တစ်ယောက်ခေါ်ကာ ဓါတ်ငွေ့ ၀င်တိုင်း
စသဖြင့် လုပ်ပေးပါသည်။ သို့သော် မိနစ် ၂၀၊ နာရီဝက်လောက်တော့ ကြာသပေါ့။ စတိဗ်မှာကား
ဘာမှလုပ်မရသဖြင့် ပွစိပွစိလုပ် ကာ စိတ်မရှည်နိုင်စွာ စောင့်နေပါသည်။ ဟုတ်ပါသည်။ သူဝင်သွားပြီးစစ်တာ
၅ မိနစ်မျှသာ ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့က နေ့တိုင်း လာမနိတ်လုပ်နေတာ ဖြစ်သည့်အတွက်
အထဲမှာ အဆိပ်ဓါတ်ငွေ့တွေ ရှိနေနိုင်ပါသည်။ ဘယ်လောက်ရှိနေတယ် ဆိုတာ သည်အတိုင်း အသားလွတ်
မှန်းပြောလို့မရပါ။ မီတာနှင့်တိုင်းကြည့်မှ သိနိုင်ပါမည်။ ထိုအဆိပ်ငွေ့များ ရှိမရှိ၊
အသက်ရှူနိုင်တဲ့ အောက်ဆီဂျင် ရှိမရှိ စသည်တို့ကို မ၀င်ခင် အရင်တိုင်းကြည့်ဘို့လိုပါသည်။
ဒါ ကျွန်တော် သက်သက်ညစ်ပတ်တာ မဟုတ်သလို လုပ်မပေးချင်လို့လည်း မဟုတ်ပါ။
အထက်တွင်ပြောသလို
အထဲတွင် အဆိပ်ငွေ့များရှိနေသည်။ အောက်ဆီဂျင်ကလည်း အလုံအလောက်မရှိဆိုလျှင် ၅ မိနစ် မပြောပါနှင့်။
ဝင်သွားလျှင်သွားချင်း ချက်ချင်းမေ့မြော၊ အခန့်မသင့်လျှင် သေချင်ပင်သေနိုင်ပါသည်။ အောက်ပါ
ဥပမာကိုကြည့်ပါ။
သည်မျှဆိုလျှင် ကျွန်တော့်တာဝန် ဘယ်မျှကြီးကြောင်း သင်မိတ်ဆွေတို့ ရိပ်မိလောက်ပါသည်။
အဲလေ- ရပါတယ်ကွာ၊ ဘာမှ မဖြစ်ပါဘူး ဟု ပေါ့ပေါ့တန်တန် လုပ်လိုက်လို့လည်း ရသပေါ့။ ဘာမှမဖြစ်လျှင်
ဘာမှမဖြစ်ပါ။ တကယ်လို့ အထက်ပါသတင်းအတိုင်း လူ ၃ ယောက် သေလျှင် ဘယ်လိုရှင်းပါမည်နည်း။
ဒါ ကျွန်တော်ကြုံခဲ့ရသော
ပြဿနာများအနက်မှ အလွန်သေးဖွဲသော ပြဿနာကလေး တစ်ခုကို ဆွဲထုတ်ပြခြင်း ဖြစ်ပါသည်။ ထိုမျှ
မက ထိုင်ငိုချင်လောက်အောင် ကြုံခဲ့ရသော ပြဿနာများလည်း ရှိပါသေး၏။ များလှသည့် သည်ကိစ္စများ
အားလုံးကိုတော့လည်း ပြန်မပြော တော့ပါ။
တစ်ခါတွင်မူ
ပိုက်အတွင်း၌ လာမနိတ်လုပ်မည်ဖြစ်၍ ကျွန်တော် ဓါတ်ငွေ့သွားတိုင်းပါသည်။ ပိုက်မှာ ၂.၅
မီတာပိုက်ကြီးဖြစ်သည့် ပြင် အရှည်ကလည်း ၇ မီတာမျှသာရှိသဖြင့် ကျွန်တော် ဘယ်သူ့မှမခေါ်တော့ဘဲ
အထဲသို့သည်အတိုင်း ၀င်သွားပါသည်။ ပြန်ထွက်လာ တော့ ရှဲလ် (Shell) မှ အဖြူကောင်တစ်ယောက်
အပေါက်ဝတွင်စောင့်နေတာ တွေ့ရလေသည်။ ကျွန်တော်အတော်လေး ထိတ်သွား၏။ သူလာဖမ်းတာမှန်း သိပါသည်။
ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ဘာအစောင့်အရှောက်၊ ဘာမှမပါဘဲ ၀င်သွားမိသကိုး။ သူက ကျွန်တော့
pass ကိုတောင်း၏။ နောက်တော့ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးပါတော့သည်။
ကျွန်တော်ကိုယ်နှိုက်က
ကွန်ဖိုင်းစပေ့စ်အဆက်ဆာ ပေကပဲ။ ဒါတွေမသိဘဲ ဘယ်နေပါ့မလဲ။ ပိုက်က တိုတိုလေးမို့လို့ နောက်ပြီး
အပိတ်လဲမဟုတ်။ တစ်ဖက်ပွင့်ဖြစ်သည်။ အရေးအကြောင်းဆိုလျှင် ခုန်ထွက်ပါက နှစ်ချက်၊ သုံးချက်လောက်
ခုန်လိုက်လျှင်ပင် အပြင် ရောက်နိုင်သည်။ ထို့ကြောင့် ၀င်သွားခြင်းဖြစ်၏။ သို့သော် သူက
စာအုပ်ကြီးထဲကဟာတွေနှင့် လာတိုင်းတာသောအခါ ကျွန်တော့်မှာ ဘာ ပြောနိုင်ပါမည်နည်း။ သည်အတိုင်း
ပါးစပ်ကြီးအဟောင်းသားနှင့် ကြည့်နေရလေ၏။
နေ့လည်ပိုင်းတွင်
ဂျေဗီ safety ရုံးမှလှမ်းခေါ်သည်။ ကျွန်တော်ကလည်း မျှော်လင့်ပြီးသား ဖြစ်ပါ၏။ သူတို့က
ကဲ၊ ဒီကိစ္စ မင်းဘယ်လိုရှင်းမလဲ ဟုဆို၏။ ကျွန်တော်ဘာမှ အထွေအထူးပြောစရာမရှိပါ။ ငါတောင်းပန်ပါတယ်ကွာ၊
နောင်အဲဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ် ဟု ဆိုကာ ကတိဝန်ခံစာရွက်ပေါ်၌ လက်မှတ်ထိုးပေးလိုက်ရလေ၏။
အမှန်ပြောရလျှင်
သည်ကိစ္စ ကျွန်တော်အလွန်ရှက်မိပါသည်။ တရားသူကြီးက လာဘ်စားသည့်ကိစ္စမျိုးဖြစ်၏။ ကိုယ်ကသူများကို
သဟောက်သဟာနှင့် ဟိုဟာမရှိလို့၊ ဒီဟာမလုပ်လို့နှင့် သွားပြောနေသော်လည်း ကိုယ်ကိုယ်နှိုက်က
သည်လိုလုပ်သည်ဆိုတော့ ကိုယ့်ကိုယ် ကိုယ်မလေးစားရာကျပါသည်။ သည့်နောက်တော့ အတော်လေး ဆင်ခြင်သွားပါသည်။
ကျွန်တော် ဖြစ်သလိုမလုပ်တော့ပါ။
ကျွန်တော်သာ
သည်ပရောဂျက်ကြီးတစ်ခုလုံး လျှောက်ပြီး နေရာအနှံ့ ကိုယ်တိုင်လိုက်စစ်ရမည်ဆိုလျှင် သေဘွယ်ရာသာရှိလိမ့်
မည်။ သည်တော့ ကျွန်တော့ကို အန်ထိုနီဒို့စ်ဟူသည့် ကုလားလေးတစ်ယောက်အား သိသင့်သိထိုက်သည်တို့
သင်ပေးစေကာ လက်ထောက်အဖြစ် ကူစစ်စေပါသည်။ သည်ကုလားလေးက အလွန်သွက်လက် ချက်ချာသည်။ အလုပ်ကိုလည်း
ကြိုးကြိုးစားစားလုပ်သည်။ သို့သော်လည်း ဘာမှန်းမသိ၊ ညာမှန်းမသိ။ အရမ်းကာရော လုပ်တတ်သည်။
ဘယ်လိုနည်းနဲ့ပြီးပြီး။ ပြီးဘို့ပဲ လိုရင်းမဟုတ်လားဆိုသည့် သဘောဖြစ်၏။
သူ့ကိုသင်တန်းပေးပြီး
သိပ်မကြာမီ ဗွေဖောက်လာသည်။ ဓါတ်ငွေ့သွားတိုင်းတာကို ဖြစ်ကတတ်ဆန်းလုပ်သည်။ မီတာကို နောက်
တစ်ယောက်ကိုပေးတိုင်းခိုင်းပြီး သူက တခြားဟာလုပ်နေသည်။ နောက်ပြီး သူလုပ်လို့ရတာမှန်းမသိ။
မရတာမှန်းမသိ၊ ကွန်ဖိုင်းစပေ့စ်ထဲကို သူ့ခွင့်ပြုချက်ဖြင့် ၀င်ခိုင်းလိုဝင်ခိုင်း။
သည်တော့ လူများက ကွန်ဖိုင်းစပေ့စ်ထဲဝင်လိုလျှင် ကျွန်တော့်ဆီမလာဘဲ သူ့ဆီသွားတော့၏။
ကျွန်တော့်ဆီလာလျှင် ဘယ်မလဲပန်ကာ၊ ဘယ်မလဲ အသက်ကယ်ကြိုး၊ မင်းမီးသီးတွေက ၁၁၀ ဗို့မဟုတ်ဘူးကွ
နှင့် အင်မတန် ဒုက္ခများ သည်။ သူကတော့ ဘာမှမလို။ တစ်ချက်လောက် ဂက်စ်ဝင်တိုင်းပြီး လုပ်တော့ဟု
ခွင့်ပြုခြင်း ဖြစ်၏။ အမှန်က သူ့ကို ဂက်စ်တိုင်းဘို့ပဲ တာဝန်ပေးထားတာ။ သူကသူလုပ်ရမည်ထက်
ကျော်လုပ်ခြင်းဖြစ်သည်။ မြေခွေးကို ရွာစားခန့်တော့ လူပါးဝကာ ခြင်္သေ့လုပ်ရမည့်အလုပ်ကို
ကျော်လုပ်သည့် သဘောဖြစ်လေသည်။ သည်တော့ သည်အတိုင်း ကြာကြာထားလို့မဖြစ်။ ကိစ္စမများခင်
သူ့ကို ကျွန်တော့်လက်ထောက် အဖြစ်မှ အမြန်ပြန်ဖြုတ်လိုက်ရသည်။
ဂျေဗီမှ
safety များက ကျွန်တော်တို့ ကုမ္ပဏီမှ safety supervisor ဖြစ်သူ စတီဗင်ကို လုပ်ခိုင်းဘို့
ပြောသည်။ သို့သော် ကျွန်တော် စတီဗင်ကိုမကြိုက်ပါ။ လူရှေ့သူရှေ့ ဟောင်ဖွာဟောင်ဖွာ ပြောဘို့လောက်သာတတ်သည်။
အလုပ်ကို လက်ကြောတင်းအောင် လုပ်ချင်သူမဟုတ်။ သည်လိုလူမျိုးကို ကျွန်တော်အလွန်မုန်းသည်။
သူ့ကိုသာ လုပ်ခိုင်းလျှင် အန်ထိုနီထက် ပိုဆိုးစရာရှိသည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ မခိုင်းတော့ပဲ
အပင်ပန်းခံကာ ကိုယ့်ဟာကိုယ်သာ လုပ်ပါတော့သည်။
ကျွန်တော်တတ်နိုင်သလောက်
ကြိုးစားပမ်းစားလုပ်တာတွေ့တော့ ဆန်နီလည်း ဘာမှမပြောတော့ပါ။ လက်မှတ်ကို တွင်တွင် ထိုးပေးပါတော့သည်။
သည်အခါတွင်မှ ကျွန်တော်က သူ့ကိုရှင်းပြရသည်။ ဒါတွေငါသိတာပေါ့ကွာ။ ဒါပေမဲ့ ဒါ ငါလုပ်လို့ရတဲ့ဘောင်ထက်
ကျော်နေတယ်။ ဒီပစ္စည်းတွေဝယ်တဲ့ကိစ္စ၊ ကက်ထရစ်ခ်ျတွေလဲတဲ့ကိစ္စက management က ဆုံးဖြတ်ရတာကွ။
ဒီတော့ ငါ့အနေနဲ့ ဒါတွေ လုပ်ပါလို့ပြောရုံပဲတတ်နိုင်တော့မပေါ့။ သူတို့ထောက်ပံ့မပေးတဲ့ကိစ္စတော့
ငါလည်း ဘာမှမတတ်နိုင်ဘူးပေါ့ကွာ စသဖြင့် နားလည်အောင် ရှင်းပြရသည်။
အီးစီစီတွင်
လုပ်ရတာ စိတ်ကျေနပ်စရာကောင်းပါသည်။ ကြီးကြီးမားမားပြဿနာ ဘာမှမရှိပါ။ အဲလေ၊ အလုပ်ပေကပဲ။
ဘယ်အလုပ် စင်းလုံးချောရှိပါမည်နည်း။ အထက်တွင်ဖော်ပြခဲ့သည့် ပြဿနာများရှိပါသည်။ သို့သော်
ကျွန်တော်ကတော့ ဤအရာများကို စိတ်ညစ်စရာ ပြဿနာများဟု မမြင်ပါ။ ဒါ အလုပ်သဘောအရ တွေ့ကိုတွေ့ရမည့်
ပြဿနာများဖြစ်သည်။ မရှင်းနိုင်စရာ ဘာမှမရှိ။ ခေါင်းထဲ တအုံနွေးနွေးဖြစ်စရာ ဘာမှမလိုဟု
သည်အတိုင်းခံယူထားသဖြင့် သည်ကိစ္စများကို ဖြစ်လာလျှင် ချက်ချင်းရှင်းကာ ခေါင်းထဲဘာမှ
ထည့်မထားပါ။ လုပ်စရာရှိတာ လုပ်ပေးလိုက်ရုံသာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဤပရောဂျက်တွင်လုပ်ရခြင်းကို
စိတ်ချမ်းသာသည်ဟု ဆိုခြင်း ဖြစ်၏။
သို့သော်လည်း
အီးစီစီက စင်ကာပူကျွန်းမကြီးပေါ်မှာမဟုတ်။ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာဆိုတော့ သွားရလာရတာ
အင်မတန်အချိန်စားသည်။ အလုပ်ချိန် ၈ နာရီရောက်ဘို့ မနက် ၅ နာရီခွဲ အိပ်ယာက ထရသည်။ အိမ်ပြန်ရောက်တော့
ည ၇ နာရီခွဲကျော် နေပြီ။ ချက်ပြုတ်၊ ရေမိုးချိုး၊ စားသောက်၊ တခြားဗာဟီရ နည်းနည်းပါးပါးလုပ်နှင့်
ည ၉ နာရီလောက်မှ စာကြည့်စားပွဲ စထိုင်ရသည်။ မနက်အစောကြီး ထရမှာဆိုတော့ ညည့်နက်အောင်နေလို့မရ။
ည ၁၁ နာရီလောက်၊ တခါတလေ ၁၁ နာရီခွဲလောက် မဖြစ်မနေအိပ်ရသည်။ သည်တော့ စာရေးစာဖတ်လုပ်ချိန်မှာ
၃ နာရီပင်မပြည့်တတ်။ သည်ကြားထဲ အီးမေးလေးဘာလေးဖတ်။ လိုအပ်ပါက သူငယ်ချင်းတွေဆီ အီးမေးပို့။
မြန်မာပြည်က သတင်းပလင်းလေးတွေဖတ်နှင့် အချိန်ပိုဆိုတာ အလွန့်အလွန်နည်းလှသည်။
မနက် ၅ နာရီခွဲလျှင် ဖုံးမှနှိုးစက်က ဂလွမ်၊ ဂလွမ်၊ ဂလွမ် နှင့် မြည်လာသည်။ ဘာညာကွိကွတွေးမနေအား။
အတင်းလူးလဲထကာ ရေမိုးချိုး၊ မနက်စာစား စသည့်မနက်ပိုင်း ဗာဟီရများကို ဆက်တိုက်လုပ်ရသည်။
ဘယ်ဗျာ။ Rush hour ပါဆိုမှ။ မနက်စာဆိုတာ ဘယ်ဇိမ်ခံ စားနေချိန်ရပါမတုံး။ ဗိုက်ပြည့်ပြီးရော
အတင်းထိုးသိပ်ထည့်ရတာကလား။ ဒါမှ မနက် ၆း၁၅ မတိုင်မီ အိမ်မှထွက်လို့ရမည်။ နောက်ကျလို့
မဖြစ်။ အနည်းငယ်နောက်ကျလျှင်ပင် တိုင်မင်အားလုံး အလွဲလွဲအချော်ချော်ဖြစ်တော့သည်။
မနက်ပိုင်း အလင်းရောင်မလာမီပင် လူအတော်များများ လမ်းပေါ်ရောက်နေပြီ။ အားလုံး
သုတ်သုတ်၊ သုတ်သုတ် နှင့်။ ဘယ်သူ့ ဘယ်သူမှ ကြည့်မနေအား။ အားလုံးမှာ ဦးဆုံးထွက်သည့်
ရထားမီရေးအတွက် တက်သုတ်ရိုက်နေကြသည်။ ထိုအထဲတွင် အလုပ်သွားသည့် သူများပါသလို ကျောင်းသူကျောင်းသားများလည်း
တွေ့ရသည်။
ရထားစီးရတာ သိပ်ပြဿနာမရှိ။ အများဆုံးစောင့်ရမှ ၄ မိနစ်သာ ဖြစ်သည်။ များသောအားဖြင့်တော့
ဘူတာရောက်ချိန်နှင့် ရထားဆိုက်ချိန်တိုက်ဆိုင်တာ များပါသည်။ ထို့ပြင်ရထားက အချိန်လည်းမှန်၊
မြန်နှုံးလည်းမှန်သဖြင့် ဘယ်အချိန်ထွက်လျှင် ဘယ်အချိန် ရောက်မည်ဆိုတာ တွက်လို့ရသည်။
တစ်ဘူတာနှင့် တစ်ဘူတာအကြား ဆိုက်ချိန်၊ သွားချိန်၊ ထွက်ချိန် စုစုပေါင်းမှ ၂ မိနစ်သာကြာသည်။
မနက်ပိုင်းတွင် ရထားထဲ၌ လူပြည့်နေစေကာမူ ဘာသံမှမကြားရ။ ရထားက ကြေငြာပေးနေသော
တံခါးပိတ်မည်။ ဖွင့်မည်။ မည်သည့်ဘူတာဖြစ်သည် တို့လောက်သာရှိသည်။ ခရီးသွားအားလုံးမှာ
ကိုယ့်အာရုံနှင့်ကိုယ်။ အချို့မှာ အိပ်ငိုက်လျှက်၊ အချို့မှာ ဟန်းဖုံး ဖွင့်ကာ ကစားလျှက်၊
အချို့မှာမူ သတင်းစာဖတ်လျှက်၊ တော်တော်များများမှာ နားကြပ်ကိုနားတွင်တပ်လျှက် သီးချင်းနားထောင်ကာ
ခေါင်းကလေးတလှုပ်လှုပ်နှင့် ဇိမ်ယူလျှက်။ ကျွန်တော်ကတော့ သူတို့အားလုံးကို စေ့တကာစုံအောင်
အကဲခတ်ပြီး စာတစ်အုပ်ကို ဖွင့်ဖတ်လျှက်။ သို့မဟုတ် ညဘက်က အိပ်ယာဝင်ညဥ့်နက်သွားလျှင်မူ
မတ်တပ်ငိုက်လျှက် လိုက်ပါလာတတ်သည်။
ကျွန်တော်က lake side မှာနေတာဆိုတော့ သွားရတာ အနည်းငယ်ခရီးထောက်သည်။ အိမ်ကနေဘူတာကို
၁၀ မိနစ်ခန့် လမ်းလျှောက်ရသည်။ Lake Side MRT မှ Clementi MRT ထိ ရထားစီး။ နောက် ဘတ်စ်ကားပြောင်းစီး။
ဘတ်စ်ကားက ထွက်ချိန်နှင့် တိုက်နေလျှင် သိပ်မစောင့်ရတတ်သော်လည်း ပထမကားထွက်သွားပြီးမှ
ရောက်လျှင်မူ ၁၅ မိနစ်၊ ဒါမှမဟုတ် မိနစ် ၂၀ ခန့်စောင့်ပေရော့။ နေ့စဉ်သည်လမ်း
သည်ခရီးကို သည်အချိန်သွားနေကျဖြစ်ရာ တွေ့ရသူများမှာလည်း များသောအားဖြင့် သည်လူများသာ
ဖြစ်တတ်သည်။ တစ်ခါတစ်ရံမှ လူစိမ်းများပါလာတတ်သည်။ ကျောင်းဖွင့်ချိန်ဆိုလျှင်တော့ ကျောင်းသားကျောင်းသူများဖြင့်
ဆူညံဝေစီနေတတ်သည်။ သူတို့ဆင်းသွားလျှင် ကားမှာတိတ်ဆိတ်ကျန်ခဲ့၏။
နံပါတ် ၁၇၅ ကား၌ ပါလာသူအများစုမှာ အီးစီစီသို့သွားမည့်သူများဖြစ်၏။ ဘတ်စ်ကားကို
၁၅ မိနစ်ခန့်သာစီးရသည်။ ထို့နောက် West Coast Highway လမ်းမကြီးကိုဖြတ်ကာ ကူးတို့ဆိပ်သို့
လမ်းထပ်လျှောက်ရပြန်ပါသည်။ မနီးမဝေးနှင့် သူကလည်း ၁၂ မိနစ်လောက် လျှောက်ရ၏။ ဘတ်စ်ကားမှတ်တိုင်မှ
ကူးတို့ဆိပ်သို့အကူး သွားနေသူများမှာ သူ့ထက်ငါ အလုအယက်၊ အပြေးတစ်ပိုင်းဖြစ်၏။ West
Coast ပန်းခြံထဲအဖြတ်တွင် စစ်လေ့ကျင့်ခန်းပေးရာ၌ ခြေလှမ်းညီစေရန် တိုင်ပေးသည့် ဘိတ်၊
ညော်၊ ဘိတ်၊ ညော်၊ ဘိတ်၊ ညော်၊ ဘေး ဟူသကဲ့သို့ ကိုယ့်ဟာကိုယ်တိုင်ကာ ဘောင်းဘီတိုကလေးဝတ်လျှက်
အပေါ်ပိုင်း ဗလာကျင်းနေသည့် မလေးအဘိုးကြီးတစ်ဦးသည် စောစောစီးစီး မျက်မှန်အနက်ကြီးကိုတပ်ကာ
အနှေးပြေး ပြေးလျှက်ရှိ၏။ အဖော်ကွဲနေဟန်ရှိသည့် ကိုရွှေဥသြကလည်း ချွဲချွဲပြစ်ပြစ် ကူနေလိုက်သေးသည်။
မော်တော်ဆိပ်အ၀င်၌ ရဲမေ ၂ ယောက်၊ ရဲသား ၂ ယောက်စောင့်နေကာ ကျွန်းအ၀င်လက်မှတ်ကို
စစ်သည်။ တစ်ခါတစ်ရံ အိတ်များကို ဖွင့်ပြရသည်။ သို့သော် သည် ရာပေါင်းများစွာသော၊ အလုပ်သွားရန်
အတင်းလောနေသည့် သည်လူတန်းကြီးကို အဘယ်မှာလျှင် လူတိုင်းစေ့ အိတ်ဖွင့်စစ်နေနိုင်ပါမည်နည်း။
သေသေရချည့်။ သည့်တော့ပုံမှန်အားဖြင့် တန်းစီဝင်ပြီး ကဒ်ထောင်ပြလိုက်ရုံသာ ဖြစ်ပါသည်။
သူတို့က စင်ကာပူရဲမဟုတ်။ Cesco ဟူသော ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုမှ ရဲများဖြစ်သည်။
သို့သော် သူတို့လည်း လက်နက်ကိုင်ခွင့်ရသည်။ ရဲမေနှစ်ယောက်အနက် တစ်ယောက်မှာ ခပ်ချောချော၊
ခပ်ဖြောင့်ဖြောင့်ဖြစ်ပြီး နောက်တစ်ယောက်မှာ မီးယပ်သည်ကဲ့သို့ ပိန်ခြောက်လျှက်ရှိသည့်
ကုလားမကလေး ဖြစ်၏။ မည်သည့်နေရာတွင် လူအုံနေမည်ကို မိတ်ဆွေတို့ရိပ်မိပါလိမ့်မည်။ ဘာမှလုပ်လို့ပင်
မရသော်လည်း မစားရ၀ခမန်း၊ ဟိုခပ်ဖြောင့်ဖြောင့် ရဲမေလေးစစ်သည့်ဘက်တွင် လူတန်းကြီးပိုရှည်၏။
အသားမဲလှသည့် ရဲသားနှစ်ယောက်မှာမူ လူတန်းကြီးတစ်လျှောက် ဂျလန်း၊ ဂျလန်း လုပ်နေပါသည်။
(ဂျလန်း၊ ဂျလန်းဟူသည် ဟိုလျှောက်လိုက်၊ သည်လျှောက်လိုက်လုပ်နေခြင်းကို မလေးလိုပြောခြင်းဖြစ်ပါသည်။
စင်ကာပူတွင် အသုံးများသော စကားလုံးတစ်ခုဖြစ်၏။)
ထို့နောက်တွင်မတော့ အီးစီစီသို့သွားမည့် ရာပေါင်းများစွာသော လူတန်းကြီးက ဆီးကြိုနေပါလိမ့်မည်။
လူတန်းကြီးက တစ်တန်း တည်းတောင်မဟုတ်။ သုံးလေးတန်း တန်းနေတာ ဖြစ်သည်။ ကူးတို့ဆိပ်တွင်
မော်တော်ဆိုက်သည့်နေရာ လေးခုရှိရာ တစ်နေရာကို တစ်တန်းတန်းထားခြင်း ဖြစ်ပါသည်။ ကိုယ်လည်း
သူတို့နှင့်အတူ ရောယောင်တန်းစီရ၏။
မော်တော်စောင့်ရတာတင် တစ်ခါတစ်လေ နာရီဝက်နီးပါးကြာသည်။ အလွန်မြန်လှပါမှ မိနစ်
၂၀။ သိပ်ဂျမ်းဖြစ်လာလျှင်တော့ ၄၅ မိနစ်ထိပင် စောင့်ရတတ်ပါသည်။ သို့သော်လည်း ရာပေါင်းများစွာသော
လူတန်းကြီးမှာ သည်လိုပဲသည်းခံစောင့်ရပါသည်။ အနို့ မစောင့်လို့ ကော ဘာလုပ်လို့ရပါမည်နည်း။
တစ်ခါတော့
ဂရုတင့်သို့နောက်ရောက်လာသည့် safety officer ဖြစ်သူ Terence အား အလုပ်ကို အမြဲနောက်ကျမှရောက်သည့်
အတွက် အာ့ဒ်က ဘာလို့နောက်ကျရသလဲဟု မေးလေသည်။ ထိုအခါ Terence က မော်တော်စောင့်ရလို့ဟု
ပြန်ဖြေပါသည်။ Come on, we all come here to the same way. We can come in time,
but you can’t. Don’t give me all those nonsense reasons OK. ဟု ဒေါနှင့်မောနှင့်
ပြန်ပြောပါသည်။ Officer တစ်ယောက်အနေနှင့် သည်ကဲ့သို့အပြောခံရတာ အင်မတန်ရှက်စရာကောင်းပါသည်။
သို့သော် ဂရုတင့်မှ ထွက်သာသွားရော Terence စောစောလာတာ ကျွန်တော်တစ်ခါမှ မတွေ့ခဲ့ရဖူးပါ။
အီးစီစီသို့ အလုပ်လာဆင်းသူများကို ပို့ပေးသည့် ကူးတို့ဆိပ်နှစ်ခုရှိသည်။
တစ်ခုက Pasir Panjang jetty ဖြစ်ပြီး နောက်တစ်ခုက West Coast jetty ဖြစ်သည်။ ပါစီပန်ဂျန်းမှ
သူတို့မိန်းကွန်းနှင့် ကြီးကြီးမာစတာများကို ပို့ပေးသည်။ West Coast မှ ကျန် ကန်ထရိုက်တာ
အားလုံးကိုပို့ပေးသည်။ ဆိုတော့ ကျွန်တော်တို့က West Coast jetty မှ စီးရသည်။ သည်ကူးတို့ဆိပ်မှ
စီးသူမှာ ၄၀၀၀ နီးပါးရှိပါသည်။ သည် လူများကို ကြိုပို့လုပ်ပေးဘို့ မော်တော် ၁၂ စီး
စီစဉ်ပေးထားပါသည်။ သို့သော် နောက်ပိုင်း လူများစွာ ထပ်တိုးလာသည့်အတွက် မော်တော် အရေအတွက်ကိုလည်း
ထပ်တိုးကာ မော်တော်ပြေးဆွဲချိန်များ ကိုလည်း ထပ်စိပ်လိုက်ပါသည်။
သည့်အတွက်
ဦးစွာထွက်သည့်မော်တော်ကိုမီနိုင်ရန် အိမ်မှထွက်ကတည်းက ကျွန်တော်တို့ သုတ်သုတ်သုတ်သုတ်လုပ်ကာ၊
ဘတ်စ်ကားမှအဆင်း မော်တော်ဆိပ်သို့အလာတွင်မူ မပြေးရုံတမယ် (အဲလေ) တချို့ကတော့ ပြေးတောင်ပြေးကြခြင်း
ဖြစ်ပါ၏။ ကျွန်တော်အတွက်တော့ သိပ်မဆန်းပါ။ သည်လိုစောင့်ရမည်မှန်းသိသဖြင့် အိတ်ထဲတွင်
စာအုပ်၊ ဂျာနယ် အမြဲဆောင်ထားပါသည်။ တန်းစီရင်း စာဖတ်လို့ရသည်။ မော်တော်စီးရင်းဖတ်လို့ရသည်။
သည်တော့ တစ်နေ့တစ်နေ့စာဖတ်ချိန်ပင် မနည်းလှပါ။
မော်တော်များမှာ
ပင်ဂွင်းမော်တော်များဖြစ်၏။ မော်တော်ဆိုလို့ ကျွန်တော်တို့ မြန်မာပြည်မြစ်ကြောင်းသွား
မော်တော်များလိုပင် ဖြစ်လိမ့်မည်ဟု မထင်လိုက်ပါလေနှင့်။ သူက ပင်လယ်ကူးဘို့ဆောက်ထားတာဆိုတော့
လျော်ကာမယ်ကာ ဆောက်ထားတာမဟုတ်။ သင်္ဘောကို HSC Code (High Speed Craft) နှင့်အညီဆောက်ရခြင်းဖြစ်သည်။
သင်္ဘောကိုယ်ထည်ကို ဒန်နှင့်လုပ်ထားပြီး ပိုက်များကို လည်း ပေါ့ပါးသည့် ဒန်ပိုက်များသုံးထားပါသည်။
ကျွန်တော် မရင်းတက္ကနစ်၌ လုပ်ခဲ့စဉ်က သည်သင်္ဘောမျိုးများ ဆောက်ရခြင်းဖြစ်၏။ သည်သင်္ဘောတစ်စီးလျှင်
အကြီးအသေးကိုလိုက်၍ အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရှိသည်။ ကျွန်တော်ပင်လျှင် သည်သင်္ဘောမျိုးများ
ဆောက်ကာ ရန်ကုန်မှ ထားဝယ်၊ ကော့သောင်း၊ ကျောက်ဖြူ၊ စစ်တွေစသည့်မြို့များသို့ ပြေးဆွဲရန်
ကြံစည်ခဲ့ဖူးသေး၏။ သို့သော်ကျွန်ုပ်၌ သန်း ၂၀ ကိုထား၍ သိန်း ၂၀ ပင်၊ အဲလေ ၂ သိန်းမျှပင်မရှိသဖြင့်
လက်လျှော့လိုက်ရခြင်း ဖြစ်ပါ၏။
သဘောင်္မှာရေလုံ၊
လေလုံဖြစ်ပါသည်။ မုန်တိုင်းဒဏ်ခံနိုင်သည်။ အထဲမှထိုင်ခုံများမှာ ဆိုဖာထိုင်ခုံများဖြစ်၏။
စီးရတာ အင်မတန် သက်တောင့်သက်သာရှိလှသည်။ သည်သဘောင်္များမှာ စင်ကာပူမှ အင်ဒိုနီးရှားသို့
ပြေးဆွဲသော မော်တော်များဖြစ်ပါသည်။ မော်တော်ဒီဇိုင်း ကိုလိုက်၍ လူ ၁၃၀ မှ ၂၀၀ ထိဆန့်၏။
သို့သော်လည်းပေါ့လေ။ လူပေါင်းသောင်းခြောက်ထောင်တင်၍ ပြေးဆွဲနေသော မော်တော်ယာဉ် များဖြစ်လေရာ
အချို့ထိုင်ခုံများမှာ ကြမ်းပိုးထိုးပါသည်။ အချို့ခုံများမှာ ညစ်ပတ်နံစော်နေပါသည်။
မြန်မာပြည်မှ မော်တော်များကို စီးလာခဲ့ သော ကျွန်ုပ်အဖို့မှာတော့ နိဗ္ဗာန်ယာဉ် (ဟုတ်ပေါင်)
အလွန်ဇိမ်ခံဘို့ကောင်းသော မော်တော်များ ဖြစ်ပါသည်။
နံနက်ပိုင်း
အလုပ်သို့သွားစဉ်တွင် အားလုံးလိုလိုမှာ အိပ်လိုက်လာကြပါသည်။ အဲယားကွန်းနှင့် ဆိုဖာနှင့်
အင်မတန်ဇိမ်ကျသဖြင့် များသောအားဖြင့် ကျွန်တော်လည်း အိပ်လိုက်လေ့ရှိပါသည်။ ညက အိပ်ရေးသိပ်မ၀သောကြောင့်တစ်ကြောင်း၊
လှိုင်းကလေးက တလှုပ်လှုပ်ဆိုတော့ ပုခက်လွှဲသိပ်နေသကဲ့သို့ ဖြစ်နေသည်ကတစ်ကြောင်းတို့ကြောင့်
အိပ်ရတာ အင်မတန်အရသာရှိလှပါသည်။
သို့သော်
တခါတလေတော့ အထဲတွင်နေရာမရ။ သည်တော့ မော်တော်နောက်ပိုင်း သို့မဟုတ် အပေါ်ထပ်၌ လိုက်ရသည်။
ထိုအခါများတွင်တော့ ခုံများက ပလတ်စတစ်ခုံများလည်း ဖြစ်ပြန်၊ အပြင်လေတိုက်နေသဖြင့်လည်း
ဖြစ်ပြန်ဆိုတော့ အိပ်လို့မကောင်း။ ထိုအခါ ကျွန်တော်က ပြင်ပရှုခင်းများကို တ၀ကြီးခံစားလျှက်
လိုက်ပါလာလေ့ရှိသည်။
နံနက်ဝေလီဝေလင်းတွင်
ပင်လယ်ပြင်ကြီးကို မိတ်ဆွေတို့ ကြည့်ဖူးပါသလား။ ထို့ထက် ပင်လယ်ကြီးထဲမှ အလင်းတန်းများပေးကာ တဖြည်းဖြည်းထိုးထွက်လာသော နေလုံးကြီးကို ကြည့်ဖူးကြပါသလား။ သို့မဟုတ် နှင်းမှုန်များဖြင့်မှိုင်းလျှက်
လေတိုက်သဖြင့် တဖြတ်ဖြတ်ဖြစ်နေသော လှိုင်းကြက်ခွပ်များထနေသည့် တပြန့်တပြောရေပြင်ကြီးကို
ကြည့်ဖူးပါသလား။ သို့မဟုတ်ပါကလည်း ကောင်းကင်တပြင်လုံးကြည်လင်နေကာ ဟို့ အဝေးကြီးတွင်
သင်္ဘောကြီးများ ကျောက်ချထားသည်ကို မြင်ဖူးပါသလား။
သည်ရှုခင်းများကား
ကျွန်တော့်အဖို့တော့ အင်မတန်အဖိုးတန်လှသော ပန်းချီကားများပင် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင်
မော်တော်နောက်ပိုင်း၌ထိုင်ကာ ပန်ကာမှယက်ထုတ်လိုက်သော ရေပန်းတဖွားဖွားကိုကြည့်ရတာလည်း
အလွန်လှပါသည်။ ပင်ဂွင်းမော်တော်သည် ရေကြောင်းဖွေးဖွေးလမ်းကြောင်းကြီးကိုချန်ခဲ့လျှက်
ပင်လယ်ရေမျက်နှာပြင်ကို ဒေါသတကြီးထိုးခွဲကာ ရေပန်းများကို ဖြစ်စေကာ အီးစီစီပရောဂျက်ရှိရာ
ပူလောအူလာကျွန်းသို့ နေ့စဉ် အစုန်အဆန် ခုတ်မောင်းလျှက်ရှိပါသည်။
အီးစီစီပရောဂျက်သို့ရောက်လျှင်
ထုတ်ပေးထားသော ကဒ်ပြားများဖြင့် ဂိတ်ဝကိုဖြတ်ကာ ၀င်ကြရသည်။ သည်တွင်လည်း ရဲများ စောင့်ကြပ်နေသည်။
သည်ပရောဂျက်တွင် ၂ နှစ်ခွဲကြာမျှ ကျွန်တော်လုပ်ခဲ့ရသည်။ အတွေ့အကြုံသစ်၊ မိတ်ဆွေသစ်၊
ဗဟုသုတအသစ်များရသည့်အပြင် သည်ပရောဂျက်ကောင်းမှုကြောင့်ပင် အင်ဂျင်နီယာလိုင်းမှ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလိုင်းဘက်သို့
ရောက်ရန် လမ်းစများရလာခဲ့သည်။ ထိုလိုင်းဘက်သို့ရောက်ခဲ့သည့်အတွက်လည်း မြန်မာပြည်သူလူထုအတွက်
ပညာများ၊ ဗဟုသုတများ ပိုမိုပေးနိုင်လာပါသည်။
ထို့ကြောင့်ပင်
အီးစီစီ၌ လုပ်ခဲ့ရခြင်းကို ကျွန်တော်အလွန် ကျေနပ်နှစ်သက်ခဲ့သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသတည်း။
၃ - ၁၂ - ၂၀၁၂။ ည ၈း၄၃ မိနစ်
Blk 663D, Jurong West St. 65
#15 – 233
Singapore 644663
Tel: (65) 9733027
Email: y_nyein@yahoo.com.sg
Website: http://shwenyein.blogspot.com
1 comment:
Interesting saya
Post a Comment