(၁)
ကျွန်တော်တို့တိုင်းပြည်မှာ
အရင်တုံးက စာပေစိစစ်ရေးလို့ နာမည်တွင်တဲ့ စာပေကင်ပေတိုင် ဆိုတာ ရှိခဲ့သဗျ။ ခုတော့
နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပါပြီ။ သဟာဆို ဘယ့်နှာကြောင့် စာပေစိစစ်ရေးဆိုတာကြီး
ထားရပါသလဲ တဲ့။
လိပ်ပြာသန့်သူသည် သန်းခေါင်ယံ
တံခါးခေါက်သံကို ကြောက်စရာမလို ဆိုတဲ့ စကားရှိတယ်ဟုတ်။ လိပ်ပြာမသန့်တဲ့ သူတွေအဖို့ ကိုယ့်(ဟ၀ှါ)ကိုယ်တောင်
မြွေမှတ်လို့ခုန် ဆိုလား။ သည်တော့ အရာရာကို စိုးထိတ်ကြောက်လန့်နေရ သကိုးခင်ဗျ။
ငါတို့အကြောင်း ဘာတွေများရေးလိုက်လေမလဲဟဲ့။ ငါတို့က စာနဲ့ပေနဲ့ သိပ်မနီးစပ်တော့
သူတို့ ဘာတွေရေးလို့ ရေးထားမှန်း နားလည်တာမဟုတ်ဘူး။ သည်တော့ စာပေစိစစ်ရေးဆိုတာကြီး
ထားပြီး ငါတို့ မကောင်းကြောင်း ရေးတဲ့ကောင်တွေ အကုန်ဖြုတ်ထုတ်သတ်လုပ်မှ
သင့်တော်လိမ့်မယ် လို့တွက်ပြီး မနေ့တစ်နေ့ ကထိ စာမှန်သမျှ ဘုရားရှိခိုးစာပါမကျန် စာပေစိစစ်ရေးဆိုတဲ့
ပေတံကြီးနဲ့တိုင်း၊ အရာရာကို သံသယမျက်လုံးနဲ့ ဒေါက်ထောက် ကြည့်နေကြရရှာတာကိုး။
သနားစရာ သတ္တ၀ါတွေပ ခင်ဗျာ။
စာတိုက်ကပို့တဲ့
စာတွေတောင် မခံနိုင်။ သူတို့မသင်္ကာရင် ဖောက်ဖတ်တာခံရတယ်။ ခုခေတ်ကျတော့ အီးမေးပါ
ကြားဖြတ်ဖတ် ဆိုပါလား။ နောက်ပြီး သူရို့အကြောင်းရေးတဲ့ သူတွေကို ဘာတဲ့
ပုဒ်မဘယ်လောက်ဆိုလား၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု တဲ့။ ဆွဲစိ။ သွားရော့
ရေကြည်အိုင်။ ပြန်မထွက်လာနဲ့။ အပြင်မှာနေရရင် တောင်မှ စာရေးခွင့်ပိတ်တယ်။
ဘယ်နှနှစ်။ မှတ်ကရော့။ လူကိုထောင်ချရတာ အားမရလို့ လက်ကိုပါထောင်ချတာပေါ့။
ဒါပေမဲ့ပေါ့လေ။
အဆိုးထဲက အကောင်းတစ်ခုတော့လည်း ရှိပေသပေါ့။ သူတို့ခေတ်မှာ (မ.ဆ.လ ခေတ်မှာ) ရင်သားပေါ်နေတဲ့ပုံတွေ၊
ဒူးပေါ်ပေါင်ပေါ်ပုံတွေ မမြင်ရဘူးပေါ့။ ဘာတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေတောင် ဘောင်းဘီ
မ၀တ်ရလုပ်လိုက်လို့ နန္ဒာလှိုင်တို့ ဘောင်းဘီဝတ်ရိုက်ထားတဲ့ကားတွေ ပြန်ရိုက်ရဆိုလား။
သဲ့သဲ့ကြားလိုက်ပါရဲ့။ သို့သော်လည်းပေါ့လေ၊ သည်ဘက် ဗိုလ်ချုပ်ကြီးတွေခေတ်မှာတော့
ကောင်မလေးတွေ၊ အောက်ကနေ ကြည့်လိုက်ရင် အတွင်းခံဘောင်းဘီပါမြင်ရအောင် ၀တ်ပြီး
စင်ပေါ်တက်လမ်းလျှောက်ပြတဲ့ ဖက်ရှင်ရှိုးတို့၊ ဘာမယ်ပွဲတို့၊ ညာမယ်ပွဲတို့ ဆိုတာ
မမြင်ချင်မှအဆုံး။ သင်္ကြန်တွေမှာလည်း ယိုသူမရှက်၊ မြင်သူရှက်ရတဲ့ မြင်ကွင်းတွေမနည်း။
နင်တို့ဟာနင်တို့
ကြိုက်သလိုဝတ်၊ ကြိုက်သလိုဖော်လို့ရတယ်၊ ငါတို့ထိုင်ခုံလာမလှုပ်ရင် ပြီးရောလို့
သဘောထားတယ် ထင်ပါရဲ့။
(၂)
အလဲ့ကွယ်၊ ညှို့မဂ္ဂဇင်း ဆိုပါလား။ လိင်ကိစ္စ ပညာပေးချင်လို့
ထုတ်တာပါတဲ့။ အောင်မယ်လေး ကိုအယ်ဒီတာ။ ကိုယ်ကိုယ့်ကိုယ် ရှက်တတ်ပါ။ ငါလုပ် နေတာ
လိင်ပညာပေးလား။ မုဒိန်းမှုတွေပိုများလာအောင် လှုံ့ဆော်ပေးနေတာလား။ ခုမှ ဆယ်ကျော်သက်စ
မရိုးမရွအကောင်လေးတွေ၊ ကောင်မလေးတွေကို ဟိုဟာ လုပ်ဖြစ်အောင်
အတင်းတွန်းပို့နေတာလား။ ကိုယ့်ဟာကိုယ် ပြန်မေးလိုက်စမ်းပါ ကိုယ့်လူ။ အဲဒီစာအုပ်ကို
အဖေတစ်ယောက်အနေနဲ့ သမီးအပျိုလေးရဲ့ရှေ့မှာ လှန်ဖတ်ရဲပါသလားလို့မေးရင် အယ်ဒီတာလုပ်တဲ့သူ
ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါရဲ့။
အဲလေ (ကျုပ်သမီးနဲ့
ကျုပ်နဲ့ အဲဒီစာအုပ်ကို အတူတူထိုင်ဖတ်တာပဲ။ ဘာဖြစ်သလဲ) လို့ ဖြေရင်တော့လည်း
မပြောတတ်ဘူးပေါ့။ ခင်ဗျားကရောလို့ ကျွန်တော့်ကို ပြန်မေးလာခဲ့ရင်တော့
ကျွန်တော့်အနေနဲ့ ကိုယ့်သမီးရှေ့မှာ မပြောနဲ့ ကိုယ့်မိတ်ဆွေ (ယောက်ျား ယောက်ျား၊
မိန်းမ မိန်းမ) တွေရှေ့မှာတောင် မကိုင်ရဲပါခင်ဗျား လို့ပြောရပါ လိမ့်မယ်ဗျ။
(ဒါဖြင့် ခင်ဗျားရော၊ ကောင်မလေးတွေမြင်ရင် မကြည့်ဘူးလားလို့မေးပါ။
နေမလားဗျ။ ကျုပ်လည်း သန်သန်မာမာ ယောက်ျားတစ်ယောက်ပဲ။ ဘယ်နေလိမ့်မလဲ။ ဒါပေမဲ့
သိသာသိစေမမြင်စေနဲ့ ဆို မဟုတ်လား။ သိက္ခာတော့ ရှိရမှာပေါ့ဗျ။)
အဲဒီပုံတွေကြည့်လိုက်စမ်းပါခင်ဗျာ။ ဘာကိုပညာပေးတာပါလဲ။ ပညာပေးတယ်ဆိုရင်တော့
(ပိုက်ဆံများများရဘို့ အဲဒီလိုဝတ်ပြီး အဲဒီလိုပို့စ်ပေးရတယ်ကွဲ့)
လို့ပေးတဲ့ပညာပဲဖြစ်မှာဘဲ။
အယ်မယ်လေး၊ သရုပ်ဖော်တဲ့ ပန်းချီဆရာကလည်း ဆွဲတတ်ပါပေ့။ ဖွမ်။
ဒါများအဆန်းလုပ်လို့ဗျာ၊
ခင်ဗျားတို့ စင်ကာပူမှာဆို တစ်ကိုယ်လုံး အ၀တ်မရှိတဲ့ကောင်မလေးတွေပုံတွေကို
ပြက္ခဒိန် ထုတ်ပြီး ဒီလိုပဲ စားပွဲပေါ်တင်ထားကြတာ မဟုတ်လား။
အို့ဟို၊ ဒီလိုမပြောနဲ့လေကိုယ့်လူ။ စင်ကာပူမှာက ပေါင်ရင်းရောက်နေတဲ့
ဘောင်းဘီ၊ တင်းကျပ်နေတဲ့စကပ်၊ အသားပေါ်တာများ ဘာရှက်စရာရှိလို့ကွယ်လို့ သဘောထားပြီး
မြန်မာအမျိုးသမီးများ ရေချိုးတဲ့အခါ ရင်လျားသလို ၀တ်ထားတဲ့အင်္ကျီ (အဲလေ) စ,လုံး တရုတ်မတွေတင်မဟုတ်ပါဘူး။
စင်ကာပူကို ရောက်နေတဲ့ ဗမာမတွေလည်း မထူးပါဘူး။ ရောမရောက်ရင် ရောမလိုကျင့်ရမယ်လို့ခံယူပြီး
သူတို့လည်း တိုကြ ဖော်ကြတာပါပဲ။ တခြားဟုတ်တဲ့ နေရာမှာသာ ရောမလိုမကျင့်ရှိရမယ်။
ဒါမျိုးကျတော့ ဒီနေ့စင်ကာပူရောက်၊ နက်ဖြန်ကစ ကျင့်တော့တာပဲ။ နောက်ပြီး
အောက်ခံဘောင်းဘီနဲ့ ဘရာစီယာကြော်ငြာတာကို နေ့စဉ်ထုတ် သတင်းစာကြီးထဲမှာ
ဘီကီနီဝတ်ထားတဲ့ ကောင်မလေးတွေပုံနဲ့ ကြော်ငြာကြတာပဲ။ သူတို့အဖို့ကတော့ ဘာမှ မဆန်းတော့ဘူးလေ။
ဆရာဝန်တွေက မွေးစကတည်းက ရှက်ကြောကို ချက်ကြိုးနဲ့ရောဖြတ်ပေးလိုက်ကြတာကိုး။
လူကြားထဲမှာ နှုတ်ခမ်းချင်း တပြွတ်ပြွတ်၊ ဟိုပွတ်သည်ပွတ်လုပ်နေကြတာ
သူတို့ရိုးရာယဉ်ကျေးမှု ဖြစ်နေမင့်ကိုး။ (ဘုရား၊ ဘုရား။ အဲဒီယဉ်ကျေးမှုကြီး ဘုရား
တပည့်တော်တို့ မြန်မာပြည်ထဲ ရောက်မလာပါစေနဲ့ဘုရား။)
မျက်နှာဖုံးအပါအ၀င် ဂျာနယ်ရဲ့ ၉၂ မျက်နှာသောစာမျက်နှာ မှာ
နောက်ဆုံးကြော်ငြာတစ်ရွက်နှုတ် ၉၁ မျက်နှာကျန်။ အဲဒီ ၉၁ မျက်နှာမှာ ဟုတ်တိပတ်တိ
ပညာပေးတာ ဘယ်နှစ်ခု ပါပါသလဲ။ (ကျွန်တော်တစ်အုပ်လုံး အစအဆုံး ဖတ်ကြည့်ပြီးပါပြီ။)
မရိုးမရွဖြစ်လာအောင် ကောင်မလေးတွေ ပဲပေးနေတဲ့ပုံတွေချည်းပဲ ၄၅ မျက်နှာရှိပါတယ်။
သေသေချာချာ မှတ်လောက်သားလောက် ရသွားမဲ့ပညာနဲ့ အဲဒီကောင်မလေးပုံတွေကို ကြည့်ပြီး
မာဆတ်သွားမဲ့ ဟာကို အချိုးချကြည့်လိုက်ရင် မာဆတ်ဘက်က ပိုများနေပါတယ်။
ဒီပုံတွေကို ဒီအတိုင်းထုတ်ရောင်းရင် အပြောခံရမှာစိုးလို့
လိင်ပညာပေးလို့ နာမည်ခံထားမှန်းသိပါ့ဗျာ။ ခင်ဗျားက ကျုပ်တို့ကို နလဗိန်းဒုံးတွေ
အောက်မေ့နေလို့လား။ လိင်ပညာပေးဆိုရင် ဆရာဒေါက်တာအောင်ခင်ဆင့်၊
ဒေါက်တာမောင်မောင်ညို၊ ဒေါက်တာအုန်းမောင် (ဆိုလား ဘယ်သူ၊ မေ့တောင်နေပါပြီ) တို့စာအုပ်တွေလောက်
ကောင်းတဲ့ စာအုပ်ရှိပါ့မလား။ ဒေါက်တာ နန်းဥမ္မာတို့လည်း ရေးတယ်ထင်ပါရဲ့။ အဲဒီဆောင်းပါးမျိုးတွေကို
ဒီထက်ပိုပြီး ကြည့်ပျော်ရှုပျော်ရှိမဲ့ ဓါတ်ပုံတွေနဲ့ ထုတ်မယ်ဆိုရင်
ဘာမှပြောစရာမရှိပါဘူး။
အဲလေ - (သြော်
သူတို့ဘယ်လိုပဲ ပဲပေးနေနေ တစ်နေ့ကျ သေကြရမှာချည်းပါလား။ သူတို့ ဘယ့်ကလောက်ပဲ
လှပါစေ။ သူတို့ခန္ဓာကိုယ်ထဲမှာ ချေးတွေ၊ သေးတွေနဲ့ ပြည့်နေပါလား။ သြော် - အနိစ္စ၊
အနိစ္စ) လို့ တရားမှတ်တတ်ရင် တော့လည်း အကောင်းသားပေါ့။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကတော့ အဲဒီပုံတွေကြည့်ပြီး အဲဒီလိုတရား မမှတ်မိပါလို့
ဝန်ခံပြစေ။
(ကိုယ်မြင်တာ ရေးပြတာပါ။ ကျွန်တော်နဲ့လွတ်လပ်စွာ
သဘောကွဲလွဲနိုင်ပါတယ်။)
အေးငြိမ်း
၁၄ ဒီဇင်ဘာ၊ ၂၀၁၂
ည ၁၀း၁၂ နာရီ
1 comment:
ဘာသဘောမှ မကွဲလဲဘူး၊ လွှတ်သဘောတူတယ်။
Post a Comment