Thursday, September 27, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၂၈)

  ၄၊ ၄၊ ၅။ သင်္ကြန်စာအား အဓိပ္ပါယ်ဖော်ကြည့်ခြင်း


 ဇယ်တု သဗၺမဂၤလံ။            ။ သုဝဏ္ဏမယံ ဖလိက၊ ပဋိစ္ဆနံ္န သမပဏ္ဏာ သ ယောဇနာယာမ၀ိတ္ထာရံ၊ သူရိယဿ ဒေ၀ပုတ္တဿ ၀ိမာနံ၊ သူရိယမဏ္ဍလံ နာမ။ ယင်းသို့မိန့်မှာ ဌာကထာတည့်၊ ကျမ်းလာပါဌ်ရင်း၊ ဓိပ္ပါယ်လင်းသော်၊ အတွင်းခန်းသာ၊ ရွှေပိန်း ကာသည့်၊ ထိန်ဝါတင့်ဖြီး၊ ရွှေဖြင့်ပြီး၍၊ ရံဆီးဘုံပ၊ ဖန်သားခလျှက်၊ လုံးဝယူဇနာ၊ ငါးဆယ်ဖြာနှင့်၊ သင်္ချာအ၀န်း၊ တွက်ရေ ညွှန်းသော်၊ အစွန်းငါးဆယ်၊ တစ်ရာသွယ်သည့်၊ နေနွယ်ဝံသ၊ အာဒိစ္စဟု၊ ဒေ၀ဗိမာန်၊ ဘုံယာဉ်ပျံကို၊ ရည်သန်သမှု၊ ခေါ်ဝေါ် ပြုသား၊ လောကုပစာ၊ သူရိယာဟု၊ နာမာပညတ်၊ နေပြာသာဒ်မှ၊ သဟဿရောင်၊ ခြည်တစ်ထောင်ဖြင့်၊ ထိန်ပြောင်ပ၀င်း၊ သုံးကျွန်းလင်းသည့်၊ တနင်္ဂနွေခေါ်ဆို၊ ထိုသည့်ဂြိုဟ်သည်၊ အဟိုပထမ၊ ကပ်ဦးစက၊ မိဿရာသီ၊ အာဒိချီလျှက်၊ ဿဝနီမှတ်၊ ထိုနက္ခတ်၏၊ ပါဒ်ပထမ၊ ယှဉ်ပြိုင်ကြလျှက်၊ လှည့်ကြွမြန်းရာ၊ နက္ခတ်သာကို၊ မှီပါနိုင်ပဲ၊ သို့ဖြစ်မြဲကြောင့်၊ နောက်ဆွဲပါဒ၊ ဒုတိယ နှင့်၊ ယှဉ်ရပြန်လာ၊ ဤခြင်းရာဖြင့်၊ ပစ္ဆာပါဒ၊ နက္ခတ္တနှင့်၊ ဌာနရာသီ၊ ဆယ့်နှစ်လီ၌၊ စဉ်စီယှဉ်ရ၊ သို့ကိစ္စမှာ၊ မာသချင့်ထောက်၊ မိန်သို့ရောက်၍၊ နောက်အ၀သာန်၊ န၀င်းမှန်မှ၊ တစ်ဖန်မိဿ၊ အစန၀င်း၊ ပြောင်းယှဉ်ခြင်းဖြင့်၊ စက်ကွင်းတစ်ရစ်၊ တစ်ပတ် ခေတ်ကို၊ တစ်နှစ်အရ၊ သင်္ကြန်ကျဟု၊ ဌာနမြန်ပြည်၊ သမုတ်သည်ကို၊ အတည်တွက်ဆ၊ သင်္ကေတကား၊ ခဆပဉ္စာ၊ သက္ကရာကို၊ ရာဇာကြငှာန်း၊ စောရဟန်းတည့်၊ ကိန်းခန်းချေရစ်၊ အစနှစ်မှ၊ မဇ္ဈဌာနီ၊ နေပြည်တော်ထိ၊ သွယ်ညှိယူလစ်၊ တွက်စစ်ကောဇာ၊ နှစ်သင်္ချာကား၊ ၁၃၇၃ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၇ ရက်၊ ခရစ်နှစ် ၂၀၁၂ ခု၊ ဧပြီလ ၁၃ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန်။ ည စက် ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်၊ မြန်မာပဟိုရ် ညဥ့် ၁ ချက်တီးတော်၊ ၁ နာရီ၊ ၃ ပါဒ်၊ ၁၁ ဗီဇနာ၊ ၂ ပြာဏ်၊ ၂ ခရာ အချိန်၊ ဗြိစ္ဆာရာသီလဂ်၊ ဓနုရာသီစန်း၊ တနင်္ဂနွေဟောရန်၊ ကြာသပတေးတြင်း၊ ကြာသပတေးန၀င်း၊ ဗုဒ္ဓဟူး ဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ် ၁၇ လုံး၊ ၀ ပါဒ်၊ ၁၂ ဃဋီ၊ ၅၂ ၀ိဃဋီ၊ ၁၈ အနုဃဋီပြည့်ထက်၊ လဂ်စီးလျှက်၊ ထိုနာရီ ၏ မွန်းတည့်နက္ခတ်သော်ကား၊ ဥတ္တရဖလဂုဏီနက္ခတ်၊ ၁၄၈ အံသာ၊ ၂ လိတ္တာ၊ ၄၈ ၀ိလိတ္တာတွင် ဗလ၀ကရိုဏ်းနှင့် ယှဉ်လျှက် ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် ခရုသင်းအဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ နွားလားဥသဘကိုစီး၍၊ လက်တစ်ဖက်ကား ပုဆိန်၊ လက်တစ်ဖက်ကား တံစဉ်ကိုကိုင်လျှက်၊ အရှေ့တောင်ထောင့်ကသည် အနောက်သို့ဝင်၏။ ပြောက္ကာဒေ၀ီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊ အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ရဿကာဒေ၀ီ နတ်သမီးကား ဆောင့်ကြောင့်ထိုင်၍ လှမ်းလင့်၏။ နန္ဒာဒေ၀ီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။ ထို့ကြောင့် မိုးဦး၊ မိုးလယ် မိုးရွာချိန်နည်းပါးအံ့။ မိုးနှောင်းပိုင်းတွင် မိုးရွာချိန်များအံ့။ ပြည်သူပြည်သားများ ဘုရားပုထိုး၊ ကျောင်းကန် လှူဒါန်းမှု များကုန်အံ့။ ကျွဲနွားစသော သတ္တ၀ါတို့ ရောဂါဘယဖြစ်ကုန်အံ့။ အခြေလေးခုတို့ ဥပဒ်ဖြစ် အံ့။ နိုင်ငံတကာတွင် ပြည်ကြီး၊ ပြည်ငယ်အချို့ မငြိမ်မသက် ဖြစ်ကုန်အံ့။ ပိုးချည်ရှားအံ့။ ငြုပ်၊ ကြက်သွန်၊ ငြုပ်ကောင်း၊ စားသောက်ကုန်ခြောက်တို့ ဈေးကောင်းအံ့။ လေဆင်နှာမောင်း၊ မုန်တိုင်းများ၊ မြစ်ကမ်းရိုးတို့၌ ကျရောက်ဖန်များသော်လည်း ကြိုတင်သတိပေးမှုကြောင့် အန္တရာယ်နည်းပါးအံ့။ (ဤကား မဟာသင်္ကြန်ကျ အဟောတည်း။)  
            သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် ၂၄ မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေး မင်္ဂလာပြုရာ၏။ ဤကား အများနှင့်ဆိုင်သော သာမည အခါပေတည်း။ အသီးအသန့် ၀ိသေသအခါပေးကား၊ သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ ၇ လုံး၊ ၂၈ ဃဋီ၌ ဣဋ္ဌတနင်္လာ မြေခံ၏။ သို့ဖြစ်၍ ယင်းတိထီ မြေခံ ဆိုင်ရာမှာ တနင်္လာနေ့ဖြစ်ပြီး သင်္ကြန်ကျသည့်ရက်မှာ သောကြာနေ့ဖြစ်၏။ သို့ဖြစ်ရာ တနင်္လာ နှင့် သောကြာသားသမီးတို့မှ အပ ကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည် မိမိတို့၏နေ့အလိုက် ဂဟပတိအရပ်ကား တနင်္ဂနွေသားသမီးအတွက် မိမိ မွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သော အရှေ့မြောက်ထောင့်အရပ် ပရိဝါရမှဆက်၍ အာယု၊ နဂရ၊ ဘုမ္မိ၊ ဂဟပတိဟု ရေတွက်၍  လက်ယာရစ်အားဖြင့် အရပ်မျက်နှာကို လှည့်၍ယူရာတွင် အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ် ဖြစ်သည်။ ထို့ကြောင့် အင်္ဂါသားသမီးကား အနောက်မြောက်ထောင့်အရပ်၊ ဗုဒ္ဓဟူးသားသမီးကား မြောက်အရပ်၊ ကြာသပတေး သားသမီးကား အရှေ့အရပ်၊ စနေသားသမီးကား အရှေ့မြောက်ထောင့်အရပ်၊ ရာဟုသားသမီးကား အရှေ့တောင်ထောင့်အရပ် များသို့ မျက်နှာမူပြီးလျှင် မိမိတို့နံ၏ အမြစ်ဖြစ်သော တနင်္ဂနွေကား ဒန်း၊ အင်္ဂါကား ကံ့ကော်၊ ဗုဒ္ဓဟူးကား မြေစာ၊ ကြာသပတေးကား ချယား၊ စနေကား သီး၊ ရာဟုကား မြေစာ၊ အမြစ်နှင့် နံတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍ မိမိတို့နံ၏ အညွန့် ပန်း တနင်္ဂနွေကား ကံ့ကော်၊ အင်္ဂါကား ချယား၊ ဗုဒ္ဓဟူးကား သပြေညွန့်၊ ကြာသပတေးကား သီးညွန့်၊ စနေကား အုန်း၊ ရာဟုကား သပြေဟူသော နံတူပန်းပွင့်၊ ပန်းညွန့်တို့ကို အသီးသီးဆောင်လျှက် ရတနာသုံးပါး၊ မိဘဘိုးဘွား ၊ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့် သမ္မာဒေ၀၊ နတ်မြတ်နတ်ကောင်းတို့ကို ပူဇော်ကန်တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

            သင်္ကြန်အကျ မြေခံနေ့သားသမီးဖြစ်သော တနင်္လာနေ့သားသမီးတို့သည် မိမိတို့၏ ဂဟပတိအရပ်ဖြစ်သော အနောက်အရပ်ရှိ သစ်ပင်ရင်း၌ မိမိတို့၏ အမြစ်ဖြစ်သော အုန်းညွန့်ကို အခင်းပြု၍၊ မိမိတို့နံ၏ အညွန့်ဖြစ်သော မြေစာညွန့်ကို ဆောင်လျှက် သင်္ကြန်အကျ ဂြဟဇာပွင့်ရာ တောင်အရပ်သို့ မျက်နှာမူပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

            သင်္ကြန်အကျနေ့သည် သောကြာနေ့ဖြစ်ရာ သောကြာနေ့သားသမီးတို့သည် သင်္ကြန်အကြတ်နေ့တွင် ဂဟပတိအရပ်ဖြစ်သော တောင်အရပ်ရှိ သစ်ပင်ရင်း၌ သောကြာ၏ အမြစ်နေ့နံဖြစ်သော သပြေညွန့်ကို အခင်းပြု၍၊ မိမိတို့နံ၏ နံညွန့်ပန်းဖြစ်သော ဒန်းညွန့်ကိုဆောင်ပြီးလျှင် ပထမအကြတ်ရက်ဖြစ်သော စနေနေ့၌ ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ် ဂြဟဇာ အရပ်ဖြစ်သော အနောက်တောင်ထောင့်အရပ်သို့ မျက်နှာမူပြီးလျှင်၊ တဖန် ဒုတိယအကြတ်ရက်ဖြစ်သော တနင်္ဂနွေနေ့၌ ဂြဟဇာပွင့်ရာ၊ သင်္ကြန်အကြတ် ဂြဟဇာအရပ်ဖြစ်သော၊ အနောက်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့် သမ္မာဒေ၀၊ နတ်မြတ်နတ်ကောင်းတို့ကို ပူဇော် ကန်တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

ဦးခေါင်းဆေးရသော အကျိုးကား - သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုဟ်မင်းသည် ပုဏ္ဏမေ၊ အံသာ ၃၆၀ ရသဖြင့် တစ်ဘ၀ဏပြည့်၍၊ မိန်ရာသီ အ၀သာန်န၀င်းမှ မိဿရာသီ၊ အာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်၊ ဣဓ၊ ဤလူ့ပြည်၌၊ မာဏ၀ါ၊ သတ္တ၀ါ၏ု ခေါ်ဝေါ်အပ်ကုန်သော၊ မနုဇာ၊ လူအပေါင်းတို့သည်၊ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား၊ သတ္တဘာဂီ၊ ခုနစ်နှစ်ကဖြစ်ကုန်သော၊ ရောဂီ၊ အနာမျိုးတို့သည်၊ ၀ိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏ အဖို့ဖြစ်ကုန်သော၊ သတသဟဿာနိ၊ တစ်သိန်းသော အကျိုးတို့သည်၊ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။

            သင်္ကြန်အခါ၌ ရှောင်ရန်အမှုများကား၊ “နရုဒံ မေထုနံ သုရာ၊ ၀ဓကောဓေန တေလတာ။ ရုက္ခဆေဒါ ဟနန္တဿ၊ တိဏေယျ ၀ိတ္တိဏေယျ ၀ိတ္တိဏေယျ ၀ါ၊ ဣမာနိ ဒသကမ္မာနိ၊ သက္ကောပိ ပရိဝဇ္ဇယေ” ဟု ဆိုသောကြောင့် မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ ၁ - မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြေးကုန်ထ၊ ၂ - ကာမအရာ၊ မေထုနာနှင့်၊ ၃ - ပါဏာသတ်ပုတ်၊ ၄ - သောက်ထုတ်သေရက်၊ ၅ - မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသကိုငြိမ်း၊ ၆ - ဆီလိမ်းပွတ်ဆင်၊ ၇ - သစ်ပင်ခုတ်ဖြတ်၊ ၈ - သတ်ခတ်ကုန်ရှောင်း၊ ၉ - အရောင်း၊ ၁၀ - အ၀ယ်၊ လဲလှယ်ဟူသည်၊ ဤဆယ်မည်ကို၊ လူ့ပြည်တစ်ခွင်၊ လူကိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသော်ကား၊ လင်္ကာကြားသည်၊ ဤကား မဟာသင်္ကြန်အကျ အလိုတည်း။ 

            သင်္ကြန်အတာတက်အံ့သောအခါကား - - မြန်မာသက္ကရာဇ် ၁၃၇၃ ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်၊ ခရစ်နှစ် ၂၀၁၂ ခု၊ ဧပြီလ၊ ၁၆ ရက်၊ တနင်္လာနေ့၊ မြန်မာစံတော်ချိန် နံနက် စက် ၁ နာရီ၊ ၅၈ မိနစ်၊ ၇ စက္ကန့်၊ မြန်မာပဟိုရ် ညဥ့် ၂ ချက်တီးကျော်၊ ၄ နာရီ၊ ၃ ပါဒ်၊ ၁၀ ဗီဇနာ၊ ၁ ပြာဏ်၊ ၈ ခရာ အချိန်၊ မကာရလဂ်၊ မကာရရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ ဗုဒ္ဓဟူးတြင်း၊ တနင်္လာန၀င်း၊ ဗုဒ္ဓဟူးဒွါဒသင်း၊ စနေတိံသင်း၊ နက္ခတ် ၂၁ လုံး၊ ၃ ပါဒ်၊ ၆ ဃဋီ၊ ၅၈ ၀ိဃဋီ၊ ၁၂ အနုဃဋီထက် လဂ်စီးလျှက် ထိုနာရီ၏ မွန်းတည့်နက္ခတ်သော်ကား ၀ိသာခါ နက္ခတ်၊ ၂၁၀ အံသာ၊ ၄ လိတ္တာ၊ ၅၃ ၀ိလိတ္တာတွင် ဗိသျှတိ ကရိုဏ်းနှင့်ယှဉ်လျှက်၊ သီရိသူရိယသိဒ္ဓန္တ၊ ကြမတ္တဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာသက္ကရာဇ်၊ ၁၃၇၃ ခုနှစ်ပြည့်၍၊ အတာနှစ်သစ်၊ သက္ကရာဇ် ၁၃၇၄ ခုနှစ်သို့ အတာတက်သည်။ အတာသင့်သော တနင်္လာသားသမီးတို့သည် အတာတက်သော အချိန်၌ ရတနာ ၇ ပါးဖြင့် ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာသိကြား၊ စတုလောကပါလနတ်၊ သာသနာတော်စောင့်နတ်၊ သမ္မာဒေ၀၊ နတ်ကောင်းနတ်မြတ်တို့အား၊ မိမိတို့ဆန္ဒရှိသော ၀တ္ထုပစ္စည်းတို့ဖြင့်၊ လှူဒါန်းပူဇော်ပသ၍၊ တိထီမြေခံ၊ မိတ္တု၏၊ ဂြဟဇာပွင့်ရာအရပ် ဖြစ်သော၊ အနောက်အရပ်သို့၊ မျက်နှာမူပြီး လျှင်၊ အတာစားကုန်ရာသည်။

အတာစားရခြင်း၏ အကျိုးကား - - အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် “အတာကမံ္မ ကရောန္တဿ၊ မဟာဘောဂံ မဟာသုခံ၊ မဟာပ္ဖလံ စတုဒ္ဓိသံ၊ ဝေရီဇေယျသုမင်္ဂလံ” ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား၊ ပြန့်ပွားတိုးတက်၊ ပြည့်စုံကုန်ရာသည်။

            အတာဆန်းထူး၊ နှစ်ဟောင်းကျူး၍၊ တန်ခူးလည်သည်၊ နှစ်အမည်ကား၊ အာသဠနှစ်တည်း။ နှစ်ကို မကာရ်းစောင့်၏။ လကို ငါးစောင့်၏။ ရက်ကို ကုမ္ဘဏ်စောင့်၏။ မြေကို ဒက္ခရက်ဘီလူးစောင့်၏။ ကောင်းကင်ကို ဣန္ဒသရောနတ် စောင့်၏။ ရေကို နဂါးစောင့်၏။ မိုးကို လင်းပိုင်စောင့်၏။ တောကိုယုန်စောင့်၏။ လူတို့၏ အဓိပတိကား သုခမိန်၊ အခြေလေးခုတို့၏ အဓိပတိကား မဂါရ်း၊ ငှက်တို့၏ အဓိပတိကား ၀မ်းဘဲ၊ သစ်ပင်တို့၏ အဓိပတိကား ဆူးခေါင်းနက်၊ ၀ါးတို့၏ အဓိပတိကား တင်းဝါး၊ မြက်တို့၏ အဓိပတိကား ပပြားမြက်။ နက္ခတ် ၆ လုံးငုပ်၏။ ၇ လုံးပေါ်၏။ မြေသြဇာမရှိ။ မိုးဦးမိုးလယ်ကောင်းအံ့၊ မိုးနှောင်းတန့်အံ့။ မိုးတဖျင့်သုံးရွာအံ့။ မိုးအကြိမ် ၆၀ ရွာအံ့။ ကြည်းတောင်တောမကောင်း။ ချိုင့်ဝှမ်းရာကောင်းအံ့။ ကောက်ပဲ နာအံ့။ အရွက်ဟုန်အံ့။ အသီး၊ အနှံ၊ အမြစ်၊ အဖု မကောင်း။ ရေကြီးအံ့။ ကဆုန်လဆန်း မိုးသံကြားအံ့။ မွတ်သိပ်ကုန်အံ့။ သစ်သီးပန်းမန် အနံ့အမွှေး မကောင်း။ ကဆုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ပြာသို၊ ဤ ၄-လ ကား ခိုးသူဒဏ္ဍထ၍၊ ခိုက်ရန်များအံ့။ မင်းကား ရန်သူကို အောင်အံ့။ ရပ်ခြားနယ်ဝေးမှ ဧည့်သည်များ ရောက်လာအံ့။ နိုင်ငံတကာတို့တွင် လူတို့ အနာအဖျား များကုန်အံ့။ မွတ်သိပ်ကုန်အံ့။ သမီး၊ လုလင်စသော လူကြီးသူမတို့ ချစ်ခင်သောသူတို့နှင့် ကွေကွင်းခြင်း များကုန် အံ့။ လူတို့ပွဲသဘင် အလှူကောင်းမှုပြုသူနည်းအံ့။ ဤနှစ်ဖွားသာ သားသမီးကား ဉာဏ်ပညာရှိအံ့။ ဥစ္စာပစ္စည်း ချမ်းသာအံ့။ စိုးမင်းသိထင်အံ့။ ချစ်သူများအံ့။ ကောင်းသော ကျော်စောခြင်းရှိအံ့။ စောင်းငြင်းတတ်အံ့။ ဘုန်းကံကြီးမားအံ့။ ယဉ်ကျေးသိမ် မွေ့အံ့။ လူတကာတို့ မှီခိုရာ ဖြစ်အံ့။ ဆုလာဘ်ကြီးစွာရအံ့။ အသက် ၈၀ နေရအံ့။ ဤကား အတာစက္ခုအလိုတည်း။

            မိုးလအခါ သီရိန္ဒြအမည်ရှိသော နတ်သားသည် အညို၊ အပြာ၊ အစိမ်း၊ အမောင်း၊ အမည်းအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာ၊ ရတနာ ၇ ပါးဖြင့်ပြီးသော ဘယက်တန်ဆာ၊ နားတောင်းမကိုဋ်၊ သရဖူတို့ကို ၀တ်ဆင်ပြီး သော် အလျား ၂ ဥသဘရှိသည့် အရောင်တို့ဖြင့်ထွန်းလင်းတောက်ပသော သံလျက်ကို လက်ယာလက်ဖြင့်ကိုင်လျှက် လက်ဝဲ လက်ဖြင့် မိုးရေကိုဆောင်၍ စကြာဝဠာတိုက်အလုံးကို နှံ့စေပြီး လူမျိုးအများ၊ သားငါးတိရစ္ဆာန်တို့ကို သနားကြင်နာ၊ မေတ္တာ ထား၍၊ တစ်နှစ်တစ်ခါ၊ ကမ္ဘာ့တန်ဆာဖြစ်သော မိုးတင်းများကို၊ ကယ်တင်ထောက်ပံ့သည်ကား၊ လူ့ပြည်၌ ၃ တင်း၊ သတ္တရဘန်၌ ၃ တင်း၊ ဟိမ၀န္တာ၌ ၂ တင်း၊ ကောင်းကင်၌ မိုးတင်းမရှိ၊ သမုဒ္ဒရာ၌ ၃ တင်းဖြစ်ရာ လူ့ပြည်၊ သတ္တရဘန်၊ သမုဒ္ဒရာတို့၌ မိုးတင်းများသောကြောင့် ၀ပြောသာယာအံ့။ မိုးကောင်းအံ့။ နဂါး၊ ဂဠုန်တို့ မြူးထူးခြင်း လွန်ကုန်အံ့။ နေရှိန် ညံ့အံ့။ မြောက်လေပြန်အံ့။ အအေးပိုအံ့။ အနောက်မြောက်ထောင့်ဒေသတို့တွင် လေဆင်နှာမောင်း၊ မုန်တိုင်းငယ်များ ဖြစ်တတ်အံ့။ လှိုင်းတံပိုးကြီးခြင်းကြောင့် မကြာခဏ ငါးများသေကြေပျက်စီးအံ့။ မိုးသုံးပါးရွာအံ့။ ဆီးနှင်းထန်အံ့။ ရေနေ သတ္တ၀ါတို့ ပျော်ပါးမြူးထူးကြကုန်အံ့။ ကမ်းလွန်ပင်လယ်ပြင်တစ်လျှောက် ဒီရေလှိုင်းများ မကြာခဏရောက်အံ့။ သစ်ရွက်မျိုး ပေါအံ့။ ဤကား ဗျာကရာသီ ရှင်ရသေ့အလိုတည်း။

            ဂန္တန္တရမိုးကိန်းကား မိုးဦး၊ မိုးနှောင်းကောင်းအံ့။ မိုးလယ်တန့်အံ့။ ဂန္တန္တရရေကိန်းကား ရေဦးရေနည်းအံ့။ ရေလယ်၊ ရေနှောင်း၊ ရေကြီးအံ့။

            ဤနှစ်တွင် ကောင်းမှုကုသိုလ်၊ အလှူအတန်းပြုလုပ်မှုများ ထူးခြားစွာ များပြားလာအံ့။ ကောက်ပဲသီးနှံများ၊ ကုန်ပစ္စည်း များ ပေါကြွယ်အံ့။ မိုးကောင်းအံ့။ သလေးစပါး၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပန်းအဖြူ၊ အ၀တ်အထည်များ၊ သစ်သီးဝလံ၊ ကျောက်သံပတ္တမြား၊ ရာဘာ၊ ဆန်စပါး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ပိုးချည်၊ ၀ါဂွမ်း၊ ကြံသကာ၊ ဓါတ်ဆီ၊ ပန်းချီ၊ ပန်းပုပစ္စည်းများ၊ ကြိမ် နှင့် ကြိမ်ထွက်ပစ္စည်းများ၊ အမွှေးအကြိုင်ပစ္စည်းများ အထွက်များအံ့၊ ပေါများအံ့။ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်ရေး၊ ဆက်ဆံရေး ပိုမိုကောင်းမွန်လာအံ့။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မီဒီယာတို့မှ ပညာပေးလှုံ့ဆော်မှုများ၊ အစွမ်းထက်ဆေးဝါးတို့နှင့် ကုသမှုများကြောင့် ရောဂါဘယကင်းဝေးအံ့။ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် လှုံ့ဆော်မှုတို့ ကြောင့် ဆုံးရှုံးမှုနည်းအံ့။ ယာဉ်မတော်တဆမှုများ အဖြစ်များအံ့။ သတ္တု၊ ရေနံ၊ သဘာဝဓါတ်ငွေ့သိုက်အသစ်များ ထပ်မံရှာဖွေ တွေ့ရှိအံ့။

 တောင်သူလယ်သမားတို့ သိမှတ်ဖွယ်ရာ                          
            ၁၃၇၄ ခုနှစ်တွင် သင်္ကြန်တက်ပြီး သုဒ္ဓဒိန် ၄၄ ရက်မြောက်သော နယုန်လဆန်း ၁၀ ရက် (၃၀၊ ၅၊ ၂၀၁၂)၊ ဗုဒ္ဓဟူးနေ့ တွင် ဖျောက်ဆိပ်ကြယ်ပေါ်၏။ ပထမ၀ါဆိုလပြည့်ကျော် ၁၃ ရက် (၁၆၊ ၇၊ ၂၀၁၂) တနင်္လာနေ့တွင် ကောက်ကြီးပျိုး ကြဲရာ၏။ ၀ါခေါင်လဆန်း ၁၅ ရက် (၁၊ ၉၊ ၂၀၁၂) စနေနေ့တွင် ဖျောက်ဆိပ်မွန်းတည့်၏။ တော်သလင်းလဆန်း ၂ ရက် (၁၇၊ ၉၊ ၂၀၁၂) တနင်္လာနေ့တွင် တနင်္ဂနွေဂြိုဟ် ကန်ရာသီပြောင်းသဖြင့် ကန်ဆင်းမိုးရွာအံ့။ သီတင်းကျွတ်လဆန်း ၂ရက် (၁၇၊ ၁၀၊ ၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သရ၀ဏ်နက္ခတ် မွန်းတည့်၏။ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (၁၊ ၁၁၊ ၂၀၁၂) ကြာသပတေးနေ့တွင် ကောက်ကြီးကောက်သားဝင်၏။ တန်ဆောင်မုန်းလဆန်း ၃ ရက် (၁၆၊ ၁၁၊ ၂၀၁၂) သောကြာနေ့တွင် မုရင်းပျိုးကြဲရာ၏။ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (၁ ၊၁၂၊ ၂၀၁၂) စနေနေ့တွင် ဖျောက်ဆိပ်မြေလူး၏။ ပြာသိုလဆန်း ၃ ရက် (၁၄၊ ၁၊ ၂၀၁၃) တနင်္လာနေ့တွင် နဂါးနေရောင်မှ လွတ်၏။ ပြာသိုလပြည့်ကျော် ၃ ရက် (၂၉၊ ၁၊ ၂၀၁၃) အင်္ဂါနေ့တွင် မုရင်း ကောက်သားဝင်၏။ နောက်ဆရာတို့ပြင်ဆင်ချက်အရ တပို့တွဲလပြည့်ကျော် ၂ ရက် (၂၇၊ ၂၊ ၂၀၁၃)  ဗုဒ္ဓဟူးနေ့တွင် မုရင်း ကောက်သားဝင်၏။ ယင်းနေ့တွင် ပုဗ္ဗကြယ်တိုင်ကို လယ်၌ စိုက်အပ်၏။ သီးပင်၊ ကုက္ကိုပင်၊ သဖန်းပင် မင်းမူ၏။ ရေသဖန်းပင် ၌ ပုဗ္ဗကြယ်ဝပ်၏။ မင်းမူသော သစ်ပင်၊ သစ်ကိုင်းကို တိုင်ပြု၍ ကြယ်ဝပ်သော သစ်ပင်၊ သစ်ညွန့်တို့ကို တိုင်၏အဖျား၌ ချည်ပြီးလျှင် ပုဗ္ဗကြယ်တိုင်ပြုအပ်၏။ ထမင်း၊ မုန့်ဖြူ၊ မုန့်နီ၊ ပန်းဖြူတို့ဖြင့် ပုဗ္ဗကြယ်တိုင်ကို ပူဇော်၍ လယ်၌ စိုက်အပ်၏။ ကန်၊ ချောင်း၊ ဆည်၊ မြောင်း၊ တာတမံနှင့် လယ်ယာတို့၌ စတင်ထွန်ယက် လုပ်ကိုင်သောအခါတွင် ဗုဒ္ဓဟူးနေ့နှင့် နဂါးပေါ်ရက်တို့ကို ချန်လှပ်၍ နဂါးလှည့်ကို သတိပြုပြီးလျှင် “စလုတ်ကိုထောက်၊ လယ်ကိုဖောက်၊ ကျောက်ကိုနင်းကာ၊ ထွန်ချရာ၏” ဟု ဆိုသော ကြောင့် မြောက်အရပ်မှ နေ၍ တောင်အရပ်သို့ မျက်နှာမူပြီး လယ်ထွန်မင်္ဂလာ ပြုကုန်ကြရာသည်။ သက္ကရာဇ်ဦးခေါင်း တောင် သို့ပြု၏။ ဓါတ်ဦးခေါင်း မြောက်သို့ပြု၏။ တနင်္ဂနွေနံထွန်း၏။ အင်္ဂါနံပုပ်၏။ အထွန်းကိုဆောင်၊ အပုပ်ကိုရှောင်ကုန်ရာသည်။

- - - - - x x x - - - - -

            ဤကား သင်္ကြန်စာတစ်စောင်၏ စံအရေးအသားတစ်ခုပင် ဖြစ်ပါသည်။ ထိုသင်္ကြန်စာတွင် တစ်နှစ်စာအတွက် ခုနစ်ရက် သားသမီးများအဟော၊ လတစ်လစီအတွက် အဟော စသည်တို့ ထည့်သွင်းဖော်ပြထားပါသည်။ သာမန်လူပြိန်းတို့ ဖတ်လိုက်လျှင် ခုနစ်ရက်သားသမီးနှင့် လစဉ်ဟောစာတမ်းများမှလွဲ၍ အထက်ဖော်ပြပါ ဖော်ပြချက်များကို သိသူတစ်ဦးတစ် ယောက်က မရှင်းပြဘဲ နားလည်နိုင်စရာမရှိပါ။

            မြန်မာပြက္ခဒိန်သည် သင်္ကြန်စာနှင့်တစ်နည်းတစ်ဖုံ ဆက်စပ်ပတ်သက်နေသည်။ တစ်နည်းအားဖြင့် သင်္ကြန်စာတွင် ဖော်ပြထားသော သင်္ကြန်ကျချိန်၊ တက်ချိန်၊ နှစ်ဆန်းချိန်တို့အရသာ မြန်မာပြက္ခဒိန်ကို စီရင်ရသည်ဖြစ်ရာ မြန်မာပြက္ခဒိန် အတွက် သင်္ကြန်စာသည်လည်း အရေးကြီး၏။

            ထို့ပြင်တ၀ တောသူတောင်သားများမှာ ခေတ်ပညာတတ်များလို သတင်းစာ၊ ဂျာနယ်၊ အင်တာနက်ဆိုသည်တို့နှင့် မနီးစပ်။ မိုးလေ၀သကို သိဘို့မလွယ်ကူ။ ခေတ်မီစိုက်ပျိုးနည်းပညာများနှင့် အလှမ်းကွာသည်ဖြစ်ရကား သင်္ကြန်စာကိုသာ အားကိုးတကြီးပြုလျှက် သည်နှစ် မိုးကောင်းမည်၊ ရေလျှံမည်၊ မုန်တိုင်းထန်မည်၊ မည်သည့်နေ့တွင် လယ်စဆင်းရမည် စသည် တို့ကို သိကြရသည်။ တစ်နည်းအားဖြင့်လည်း ငွေကုန်ကြေးကျမများပဲ သည်နှစ်ဘာဖြစ်မည်၊ ဘယ်နေ့သားသမီးတို့ဖြင့် အဆင်ပြေမည်၊ ဘာကုန်တွေပေါမည်၊ ရှားမည် စသည်တို့ကို ဖတ်နိုင်လေသေးရာ ကျေးလက်နေလူထုတို့အတွက် သင်္ကြန်စာ မှာ အရေးပါသောအခန်းကဏ္ဍတွင် ရှိနေပါသည်။

            ထို့ကြောင့် ပညာလိုလား အမျိုးကောင်းသားသမီးများအတွက် ထိုသင်္ကြန်စာမှ ဆိုလိုချက်များကို သေသေချာချာ တိတိပပ နားလည်နိုင်စေရန် သင်္ကြန်စာကို တစ်ပိုဒ်ချင်း ခွဲခြမ်းစိတ်ဖြာလျှက် ဆိုလိုရင်း အဓိပ္ပါယ်များကို စူးစမ်းကြည့်ပါမည်။

 ၄၊ ၄၊ ၆။ သင်္ကြန်အကျ၊ အတက် ဂြိုဟ်ခွင
 


            သင်္ကြန်စာတွင် ထိပ်ဆုံး၌တွေ့ရသည်မှာ သင်္ကြန်ကျချိန်၊ တက်ချိန် ဂြိုဟ်ခွင်များ ဖြစ်ပါသည်။ ဗေဒင်ဆရာများနှင့် ဗေဒင်ပညာကို လေ့လာလိုက်စားထားသူများမှအပ သာမန်လူတို့ နားမလည်နိုင်။ ထို့ကြောင့် ဗဟုသုတရစေရန် ရှင်းပြပါမည်။
            အထက်တွင်ဖော်ပြထားသည့်ပုံများမှာ ရာသီစက်ဝန်းများဖြစ်ပါသည်။ စကြာဝဠာ၏ ပုံသဏ္ဍာန်သည် စက်ဝန်းပုံ ရှိသည်။ ထို့ပြင် နေကို ကမ္ဘာနှင့်တကွ အခြားဂြိုဟ်များကလည်း စက်ဝန်းပုံပတ်လမ်းအတိုင်း လှည့်ပတ်နေကြသည်။ ဤသည် ကိုရည်၍ စက်ဝိုင်းပုံဖြင့် ပြခြင်းဖြစ်ပါသည်။ ကမ္ဘာသည် နေကိုတစ်ပတ်ပတ်ရန် တစ်နှစ် (၃၆၅ ရက်ကျော်) ကြာသည်။ ထို ကမ္ဘာပတ်လမ်းတစ်ပတ်ရှိ ကြယ်များကို အစုများစုကာ ၁၂ ပိုင်းခွဲသည်။ ကြယ်တစ်စုကို တစ်ရာသီဟု သတ်မှတ်သည်။ စက်ဝန်းတစ်ပတ်လျှင် ၃၆၀ ဒီဂရီ (၃၆၀ အံသာ) ရှိသောကြောင့် တစ်ရာသီတွင် ၃၀ ဒီဂရီ ရှိသည်။ ရာသီစက်ဝန်း တစ်ပတ်တွင် ၁၂ ရာသီရှိသည်။ ဤအကြောင်း အခန်း (၁) ရာသီစက်အကြောင်း၌ ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။  
            ထိုစက်ဝိုင်းအတွင်းမှ တစ်ကွက်စီသည် တစ်ရာသီစီကို ကိုယ်စားပြု၏။ ထိုအကွက်များအတွင်းမှ ဂဏန်းများမှာ ဂြိုဟ်များကို ကိုယ်စားပြုသည်။ ၁ = တနင်္ဂနွေဂြိုဟ်၊ ၂= တနင်္လာဂြိုဟ် စသဖြင့် ဖြစ်၏။ ‘၀’ သည် စနေဂြိုဟ်ဖြစ်ပြီး ‘၈’ မှာ
ရာဟု၊ ‘၉’ မှာ ကိတ် ဖြစ်ပါသည်။ ‘လ’ ကား လဂ်ကို ကိုယ်စားပြုသည်။ ‘လဂ်’ ဟူသည် သင်္ကြန်ကျချိန်၊ တက်ချိန် ဖြစ်၏။
            ‘ကျ’ ဟု ရေးထားသောစက်ဝိုင်းသည် သင်္ကြန်ကျချိန်၌ရှိသော ဂြိုဟ်များ၏ အနေအထားဖြစ်ပြီး ‘တက်’ ဟု ရေးထား သောစက်ဝိုင်းသည် သင်္ကြန်တက်ချိန်၌ရှိသော ဂြိုဟ်များ၏အနေအထား ဖြစ်ပါသည်။

အထက်ပါပုံတွင် တနင်္ဂနွေဂြိုဟ် နှင့် ကြာသပတေးဂြိုဟ်သည် မိဿရာသီတွင် ရှိ၏။ သို့ဆိုလျှင် တနင်္ဂနွေဂြိုဟ် နှင့် ကြာသပတေးဂြိုဟ်တို့ မိဿရာသီတွင်ရှိကြောင်း မည်ကဲ့သို့ သိနိုင်ပါသနည်း။ ဂြိုဟ်များ၏ တည်နေရာကိုရှာရန် ဂြိုဟ်သွား ပြက္ခဒိန်လိုပါသည်။ မြန်မာနိုင်ငံ၌ မြန်မာသံဒိဋ္ဌဂြိုဟ်သွားပြက္ခဒိန်အပြင် အိန္ဒိယနှင့် အမေရိကန်ဂြိုဟ်သွားပြက္ခဒိန်တို့ကိုပါ သုံးပါသည်။
            ရာသီများကို ဂဏန်းများဖြင့် သင်္ကေတပြု၏။ ဥပမာ - မိဿရာသီ = ၀၊ ပြိဿရာသီ = ၁၊ မေထုန် = ၂ စသဖြင့် ဖြစ်၏။ အောက်ပါပုံနှင့် ဇယားကို ကြည့်ပါ။


အောက်ပါပုံမှာ ၂၀၁၂ ခုနှစ် ဧပြီလ သံဒိဋ္ဌဂြိုဟ်သွားပြက္ခဒိန် ဖြစ်ပါသည်။ ဘယ်ဘက်အစွန်ဆုံးကော်လံမှာ ဂြိုဟ်များ ကို ပြထားပါသည်။ အပေါ်ဆုံးအတန်း ၅ တန်းမှာ အင်္ဂလိပ်နှင့် မြန်မာ ခုနှစ်၊ လ၊ ရက်၊ နေ့များ ဖြစ်၏။ ညာဘက်အကွက်ရှိ ဂဏန်းများမှာ ဂြိုဟ်များ၏ တည်နေရာ ဖြစ်ပါသည်။ ဤတွင် ဂြိုဟ်များ၏တည်နေရာကို ရာသီ၊ အံသာ၊ လိတ္တာ သုံးဆင့် ပြထား သည်။ အပေါ်ဆုံးဂဏန်းမှာ ရာသီ၊ အလယ်ဂဏန်းမှာ အံသာ၊ အောက်ဆုံးဂဏန်းမှာ လိတ္တာ ဖြစ်၏။



သင်္ကြန်ကျရက်မှာ ဧပြီ ၁၃ ရက်နေ့ဖြစ်ရာ ၁၃ ကော်လံကိုကြည့်လျှင် တနင်္ဂနွေ၊ တနင်္လာစသော ဂြိုဟ်များ၏ တည်နေရာကို သိပါမည်။ အထက်ပါပုံမှ ၁၃ ကော်လံရှိ တနင်္ဂနွေဂြိုဟ် အတန်းကို ကြည့်လျှင် ၀၊ ၀၊ ၄ ဟုတွေ့ရမည်။ ထို့ကြောင့် ၂၀၁၂ခု၊ ဧပြီလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညသန်းခေါင်အချိန် တနင်္ဂနွေဂြိုဟ်၏ တည်နေရာမှာ သုညရာသီ၊ သုညအံသာ၊ ၄ လိတ္တာ ဖြစ်သည်။ သုညရာသီမှာ မိဿရာသီ ဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေဂြိုဟ် ( ၁ ဂဏန်း) ကို ရာသီစက် မှ မိဿရာသီတွင် နေရာချရပါမည်။ 
ထို ၁၃ ကော်လံမှ တနင်္လာဂြိုဟ် အတန်းကိုကြည့်လျှင် ၉၊ ၀၊ ၅၁ ဟုတွေ့ရမည်။ ထို့ကြောင့် ၂၀၁၂ခု၊ ဧပြီလ ၁၃ ရက် နေ့၊ မြန်မာစံတော်ချိန် ညသန်းခေါင်အချိန် တနင်္ဂလာဂြိုဟ်၏ တည်နေရာမှာ ၉ ရာသီ၊ သုညအံသာ၊ ၅၁ လိတ္တာ ဖြစ်၏။ ၉ ရာသီမှာ မကာရရာသီ ဖြစ်၏။ သို့သော် သင်္ကြန်ကျချိန်တွင် တနင်္လာဂြိုဟ်မှာ မကာရရာသီသို့ မရောက်သေး။ ဓနုရာသီတွင်ပင် ရှိသေး၏။ ထို့ကြောင့် သင်္ကြန်ကျချိန်ရာသီခွင်တွင် တနင်္လာဂြိုဟ် ( ၂ ဂဏန်း) ကို ဓနုရာသီတွင် တွေ့ရခြင်းဖြစ်ပါသည်။ 
            ကျန်ဂြိုဟ်များမှာလည်း ဤအတိုင်းပင်ဖြစ်၏။ သင်္ကြန်အတက်ဂြိုဟ်ခွင်မှာလည်း ဤနည်းအတိုင်းပင် ဖြစ်ပါသည်။ လဂ်မှာ သင်္ကြန်ကျချိန်တွင် ဗြိစ္ဆာရာသီ၌ရှိသည်ဖြစ်၍ ဗြိစ္ဆာလဂ်ဟု ခေါ်သည်။ သင်္ကြန်တက်ချိန်တွင် မကာရရာသီ၌ ရှိသဖြင့် မကာရလဂ်ဟု ခေါ်၏။
            သင်္ကြန်စာတွင် အဘယ်ကြောင့် ဤသင်္ကြန်အကျအတက် ဂြိုဟ်ခွင်များကို ထည့်သွင်းထားသနည်းဟူမူ သင်္ကြန် ကျချိန်၊ တက်ချိန်များရှိ ဤဂြိုဟ်အနေအထားများကိုကြည့်ကာ တစ်နှစ်စာဟောစာတမ်း ထုတ်နိုင်သောကြောင့် ဖြစ်ပါသည်။

ဆက်ပါဦးမည်။


အေးငြိမ်း
၂၇ စက်တင်ဘာ၊ ၂၀၁၂ ည ၈း၀၀ နာရီ


No comments: