Wednesday, September 5, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၁၇)

  ၃၊ ၄။ စန်းယှဉ်နက္ခတ်


            စန်းယှဉ်နက္ခတ်ကို စင်နက္ခတ်၊ စန်းစီးနက္ခတ် စသဖြင့်လည်းခေါ်ကြပါသေးသည်။

                လထပ်သောနှစ်၌ ဒုတိယ၀ါဆိုလပြည့်သည် အာသဠှီနက္ခတ်နှင့်ယှဉ်ရမည် ဟု ဥပဒေသက ဆိုသဖြင့် လပြည့် စန်းယှဉ်နက္ခတ်များအကြောင်း သိရန်လည်း လိုပါသည်။ ထို့ပြင်တ၀ တန်ခူးမိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း ဆိုသော လင်္ကာ ကလေးများကို ရွတ်ဆိုလျှက် တန်ခူးလတွင် တကယ် စိတြနှင့်ယှဉ်မယှဉ်ကိုလည်း တွက်တတ်နိုင်ကြစေရန် ယခု စန်းယှဉ် နက္ခတ်တွက်ပုံကို ထည့်သွင်းဖော်ပြလိုက်ပါသည်။ 

            လပြည့်စန်းယှဉ်နက္ခတ်များအကြောင်း အခန်း ၁၊ ၄။ နက္ခတ် အခန်း၌ ဖော်ပြခဲ့ပါသည်။ ရှေးကဆရာတို့ယူဆပုံမှာ ကြမ်းလှ၏။ ကျွန်တော့်သဘောအရပြောရလျှင် အမေရိကန်အာကာသအေဂျင်စီဖြစ်သည့် နာဆာမှ ထုတ်ဝေသော နက္ခတ် တည်နေရာများကိုသာ သုံးစေလိုပါသည်။ ရာဇမတ္တဏ်ကျမ်း စသော ရှေးကျမ်းများထက် များစွာတိုးတက်နေသော ခေတ်သစ် နက္ခတ္တပညာရပ်ကိုသာ အားထားစေလိုပါသည်။ ရှေးကျမ်းဂန်လာ အယူအဆများကို ပညာရပ်တစ်ခုအနေနှင့် သိမှတ်ရုံမှလွဲပြီး မသုံးစေချင်တော့ပါ။

            ရာဇမတ္တဏ်ကျမ်းလာ ပုဏ္ဏမီနက္ခတ်များမှာ အောက်ပါအတိုင်း ဖြစ်၏။ ၃၂
 

ဤပုံတွင်ပါသော ဂဏန်းများမှာ နက္ခတ်အမှတ်စဉ်များဖြစ်၏။ ဤပုံအရ ရာသီအလိုက်စန်းယှဉ်နက္ခတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရာသီလအမည်
နက္ခတ်လုံးရေ
စန်းယှဉ်နက္ခတ်
မိဿ
၁၄၊ ၁၅
စိတြ၊ သွာတိ
ပြိဿ
၁၆၊ ၁၇
ဝိသာခါ၊ အနုရာဓ
မေထုန်
၁၈၊ ၁၉
ဇေဋ္ဌ၊ မူလ
ကြဋ်
၂၀၊ ၂၁
ပြုပ္ပါသဠ်၊ ဥတြာသဠ်
သိဟ်
၂၂၊ ၂၃
သရ၀ဏ်၊ ဓနသိဒ္ဓ
ကန်
၂၄၊ ၂၅၊ ၂၆
သတ္တဗိသျှ၊ ပြုပ္ပဘဒြပိုဒ်၊ ဥတြဘဒြပိုဒ်
တူ
၂၇၊ ၁၊ ၂
ရေ၀တီ၊ အဿဝဏီ၊ ဘရဏီ
ၿဗိစ ၦာ
၃၊ ၄
ကြတ္တိကာ၊ ရောဟိဏီ
ဓနု
၅၊ ၆
မိဂသီ၊ အဒြ
မကာရ
၇၊ ၈
ပုဏ္ဏဗသု၊ ဖုသျှ
ကုမ်
၉၊ ၁၀
အဿလိဿ၊ မာဃ
မိန်
၁၁၊ ၁၂၊ ၁၃
ပြုပ္ပာဘရဂုဏီ၊ ဥတြဘရဂုဏီ၊ ဟဿတ

 
            ထို့ကြောင့် မိဿရာသီ၏ စန်းယှဉ်နက္ခတ်မှာ စိတြ သို့မဟုတ် သွာတိ၊ ပြိဿရာသီ၏ စန်းယှဉ်နက္ခတ်မှာ ၀ိသာခါ သို့မဟုတ် အနုရာဓ စသဖြင့် ဖြစ်၏။

            ဆရာတော်ဦးကုဏ္ဍလ၏ အာကဍ္ဎနသဘာဝစိန္တာကျမ်းတွင် ပိဋကတ်လာ ပုဏ္ဏမီနက္ခတ်တို့ကို အောက်ပါအတိုင်းသိရှိ ရလေသည် ဟု ဆိုကာ အောက်ပါအတိုင်း ပြဆိုထားပါသည်။ သို့သော် မည်သည့်ပိဋကတ်ဆိုသည်ကိုမူ အတိအကျညွှန်းဆို မထားပါ။ ၁၄

လထပ်သောနှစ်၌ ဒုတိယ၀ါဆိုလပြည့်သည် အာသဠှီနက္ခတ်နှင့်ယှဉ်ရမည် ဆိုရာ၌ အာသဠှီနက္ခတ်ဟူသည် ပြုပ္ပါသဠ် နှင့် ဥတြာသဠ် နက္ခတ်များကို ဆိုလိုခြင်း ဖြစ်ပါသည်။

            စန်းယှဉ်နက္ခတ်ဟူသည် လမင်းနှင့်အတူ ယှဉ်တွဲတည်ရှိနေသော နက္ခတ်ဖြစ်ကြောင်း ပြောခဲ့ပြီ။ သို့အတွက် စန်းယှဉ် နက္ခတ်ကိုသိလိုလျှင် လမင်းဖြစ်သည့် တနင်္လာဂြိုဟ်၏ တည်နေရာကို သိရမည်။ တနင်္လာဂြိုဟ်နှင့်နီးစပ်သောနက္ခတ်ကား စန်းယှဉ်နက္ခတ်ဖြစ်တော့၏။ ဤသဘောတရားကိုသိလျှင် တွက်ရန်မခဲယဉ်းတော့ပါ။ တနင်္လာဂြိုဟ်၏ အံသာတွင် နက္ခတ် များ၏ နက္ခတ်စီးအံသာကိုရှာဖွေနှုတ်ပါ။ နှုတ်နိုင်သော နက္ခတ်သည် စန်းယှဉ်နက္ခတ်ဖြစ်၏။ နက္ခတ်စီးအံသာများမှာ အ၀င် အံသာများဖြစ်သဖြင့် ထိုသို့နှုတ်နိုင်သောအံသာ၏ နက္ခတ်သည် စန်းယှဉ်နက္ခတ်ဖြစ်ရခြင်း ဖြစ်လေသည်။

 
ဥပမာ -


တနင်္လာဂြိုဟ်၏တည်နေရာမှာ ၄ ရာသီ၊ ၁ အံသာ၊ ၄၅ လိတ္တာဖြစ်သည်ဆိုကြပါစို့။ ၎င်းကိုအံသာဖွဲ့လိုက်လျှင် ၁၂၁ အံသာ၊ ၄၅ လိတ္တာရသည်။ အခန်း ၁၊ ၄ နက္ခတ်များအကြောင်းတွင် နက္ခတ်စီးအံသာများကို ဖော်ပြထားသော ဇယားရှိပါသည်။ ထိုဇယား အရ မာဃနက္ခတ် သည် ၁၂၀ အံသာရှိ၏။ ထို့ကြောင့် ထိုအနေအထား၌ စန်းယှဉ်နက္ခတ်သည် မာဃနက္ခတ် ဖြစ်သတည်း။

            သို့သော် ထိုဇယားတွင် နက္ခတ်စီးအံသာများ အကွဲကွဲအပြားပြားဖြစ်နေပုံကို ဖော်ပြထားပါသည်။ သို့အတွက် ဒုတိယ ၀ါဆိုလပြည့်သည် အာသဠှီနက္ခတ်နှင့်ယှဉ်ရမည် ဆိုရာတွင် မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့အနေနှင့် မည်သည့် အံသာစီး ဇယားကိုသုံးမှန်း ကျွန်တော်မသိပါ။ ဗေဒင်အလို နက္ခတ်တစ်လုံးလျှင် ၁၃ အံသာ ၂၀ လိတ္တာစီ အညီအမျှခွဲဝေလိုက်လျှင် ရသော်လည်း မျက်မြင်နက္ခတ်များနှင့် ကိုက်ညီမှုနည်းပါလိမ့်မည်။ သို့ဖြစ်၍ အများသဘောနှင့် ကိုက်ညီလိုသူများ အခန်း ၁၊ ၄ နက္ခတ်စီးအံသာဇယား၊ ပထမ ကော်လံမှ ဗေဒင် အံသာ၊ လိတ္တာများကို သုံးနိုင်ပြီး အမှန်အကန်သိလိုသူများအဖို့ နောက်ဆုံး ကော်လံမှ Brightest Star နာရီ၊ မိနစ်များကို သုံးနိုင်ပါသည်။

 
၃၊ ၄၊ ၁။ စန်းယှဉ်နက္ခတ် တွက်ပုံ


            စန်းယှဉ်နက္ခတ်အလွယ်တွက်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

            ၁ ရာသီလျှင် ၃၀ အံသာ။ ၁ အံသာလျှင် ၆၀ လိတ္တာ ရှိသဖြင့် ရာသီစက်တစ်ပတ် ၁၂ ရာသီကို လိတ္တာဖွဲ့လိုက်ပါက

၁၂ x ၃၀ x ၆၀ = ၂၁၆၀၀ လိတ္တာရမည်။ ရာသီစက်တစ်ပတ်တွင် နက္ခတ် ၂၇ လုံးရှိပေရာ နက္ခတ် တစ်လုံးလျှင်

၂၁၆၀၀ ÷ ၂၇ = ၈၀၀ လိတ္တာ ရမည်။ 

            ထို့ကြောင့် တနင်္လာဂြိုဟ်၏ ရာသီ၊ အံသာ၊ လိတ္တာ ကို လိတ္တာဖွဲ့။ ၈၀၀ ဖြင့် စားလျှင် နက္ခတ်လုံးရေ ရ၏။ အကြွင်းကို ၂၀၀ ဖြင့်စားလျှင် ပါဒ်ရသည်။ ထိုမှအကြွင်းကို ၃ ဖြင့်မြှောက်ပြီး ၄၀ ဖြင့်စားလျှင် ဃဋီရသည်။ စင်နက္ခတ်သိရုံအတွက်မူ ပါဒ်၊ ဃဋီထိမလိုပါ။ ၈၀၀ ဖြင့်စားလိုက်၍ အကြွင်းရှိနေလျှင် စားလဒ်ကိုတစ်ခုတိုးလိုက်ပါ။ နက္ခတ်လုံးရေ သင်္ချာရသည်။ ဤသည်ပင်လျှင် စန်းယှဉ်နက္ခတ် ဖြစ်တော့၏။

 
ဥပမာ -

 
တနင်္လာဂြိုဟ်၏တည်နေရာမှာ ၄ ရာသီ၊ ၁ အံသာ၊ ၄၅ လိတ္တာဖြစ်သည်ဆိုကြပါစို့။

ရာသီ
အံသာ
လိတ္တာ
၄၅
၃၀
၁၂၀
၁၂၁
၆၀
၇၂၆၀
၄၅
၈၀၀
၇၃၀၅
လုံး
၇၂၀၀
၂၀၀
၁၀၅
ပါဒ်
၁၀၅
၄၀
၃၁၅
ဃဋီ

 

            ထို့ကြောင့် စန်းယှဉ်နက္ခတ်မှာ ၁၀ လုံးဖြစ်ပါသည်။ ၁၀ လုံးမြောက်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်၏။

 
၃၊ ၄၊ ၂။ နေ့တစ်နေ့၏ စင်နက္ခတ်ကို တွက်နည်း


မည်သည့်စာအုပ်ထဲမှ ကူးထားမှန်းမသိ။ ကျွန်တော့်မှတ်စုစာအုပ်ထဲတွင် စင်နက္ခတ်တွက်နည်း နောက်တစ်နည်းကို လည်း အောက်ပါအတိုင်း တွေ့ရပါသေးသည်။

            ကဆုန်လကစ၍ တိတိကျကျကုန်ခဲ့ပြီးသော လများကိုရေ။ ရသောဂဏန်းကို ၂ ဖြင့်မြှောက်။ မြှောက်လဒ်ကို ကုန်ဆဲ ဖြစ်သော လ ၏ ရက်ကိုရော။ များလျှင် ၂၇ ချေ။ အကြွင်းကား စန်းယှဉ်နက္ခတ်ဖြစ်၏။ ထိုနေ့နက္ခတ်ဟုလည်း ခေါ်သည်။

 
ဥပမာ - ၁၃၆၈ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၆ ရက်။

 
ကဆုန်လက စ၍ရေသော် - ကဆုန် (၁)၊ နယုန် (၂)၊ ၀ါဆို (၃)၊ ၀ါခေါင် (၄)၊ တော်သလင်း (၅)၊ သီတင်းကျွတ် (၆)။

၎င်းကို ၂ ဖြင့်မြှောက်သော် ၆ x ၂ = ၁၂။

လဆုတ် ၆ ရက် = လပြည့် ၁၅ + ၆ = ၂၁ ရက်

ထိုအခါ ၁၂ + ၂၁ = ၃၃ ရသည်။ ၎င်းတွင် နက္ခတ် ၂၇ လုံးဖြင့် ချေသော် ၃၃ - ၂၇ = ၆ လုံးရ၏။

ထို့ကြောင့် ၁၃၆၈ ခု၊ သီတင်းကျွတ်လဆုတ် ၆ ရက်နေ့၏ စန်းယှဉ်နက္ခတ်မှာ အဒြနက္ခတ် ဖြစ်သည်။


သံဒိဌပြက္ခဒိန်တွင် ၁၃၆၈ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၆ ရက်နေ့ရှိ တနင်္လာဂြိုလ်မှာ ၂ ရာသီ၊ ၆ အံသာ၊ ၄၈ လိတ္တာ ဖြစ်၏။ ၎င်းကို အထက်ပါ စင်နက္ခတ်တွက်နည်းအတိုင်းတွက်ပါက စင်နက္ခတ် ၆ လုံးရသည်။
 

ထို့ကြောင့် ဤနည်းကလေးမှာ ကြမ်းသည်ဟုပင်ထင်ရသော်လည်း အံ့သြစရာကောင်းလောက်အောင် မှန်ကန် နေသည်ကို တွေ့ရလေသည်။ ဗဟုသုတရကြစေခြင်းငှာ ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်၊ နှစ်စပိုင်းလောက် က ကူးထားခြင်းဖြစ်ပြီး မည်သည့်စာအုပ်မှ ကူးယူသည်ကိုမူ မှတ်မထားမိခဲ့ပါ။

 
၃၊ ၄၊ ၃။ တနင်္လာဂြိုဟ် တည်နေရာအကြောင်း ရှင်းလင်းချက်


ဗေဒင်ပညာနှင့်မနီးစပ်သူ သာမန်စာဖတ်ပရိသတ်တစ်ဦးအနေနှင့် အထက်ပါ စကားရပ်တို့ကို နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့အတွက် ဤနေရာတွင် အနည်းငယ်ထပ်မံရှင်းပြပါမည်။

            နားရှုပ်စရာရှိသည်မှာ တနင်္လာဂြိုဟ်၏တည်နေရာ ရာသီ၊ အံသာ၊ လိတ္တာ တို့ကို မည်သည့်နေရာမှ ယူရမည်နည်း ဆို သည့်အကြောင်း ဖြစ်ပါသည်။

            ဂြိုဟ်များ၏ တည်နေရာကို တွက်ယူ၍သော်လည်းကောင်း၊ သံဒိဌနေ့စဉ်ကြယ်ပြက္ခဒိန်များမှ ဖတ်ယူ၍သော် လည်းကောင်း ရယူနိုင်ပါသည်။

သက်ဆိုင်ရာ ကောက်ကိန်းများ၊ အခြေခံကိန်းဂဏန်း၊ ဇယားများမရှိပါဘဲလျှက် ဂြိုဟ်များ၏တည်နေရာကို တွက်ယူရန် မလွယ်ပါ။ ထိုကောက်ကိန်းများရှိသည်ဖြစ်စေ တွက်ရတာ အလွန်လက်ဝင်ပါသည်။ ထို့ကြောင့် အလွယ်တကူ ရွှေတိဂုံစောင်းတန်းသွားပြီး သံဒိဌပြက္ခဒိန် ၀ယ်ကြည့်လိုက်တာ ပိုလွယ်ပြီး ပိုမြန်ပါလိမ့်မည်။

            မိမိကိုယ်တိုင်တွက်ယူလိုသူများ သူရိယသိဒ္ဓန္တကျမ်း၊ ဆရာမောက်၏ ကျမ်း၊ ဦးသက္က၏ ကျမ်းစာအုပ်များကို ၀ယ်ယူ လေ့လာနိုင်ကြပါသည်။ စာရှုသူများ မြင်ဖူးကြစေရန် ကျွန်တော့်တွင်ရှိသော ဆရာကာလာစန်၏ သံဒိဌပြက္ခဒိန်ကို ဖော်ပြလိုက် ပါသည်။



ထိုစာအုပ်များ၌ ဂြိုဟ်များ၏တည်နေရာများသာမက စန်းယှဉ်နက္ခတ်များ၊ တိထီ၊ ဃဋီများ၊ ဂြိုဟ်များ သမာဂမ ပြုခြင်း၊ စစ်ထိုးခြင်း၊ ငလျင်လှုပ်ခြင်း၊ နေကြတ်၊ လကြတ် စသည်တို့ကို စုံအောင်ဖော်ပြထားသည်ဖြစ်ရာ လေ့လာသူများ အတွက် အလွန်တန်ဖိုးရှိသော စာအုပ်ကလေးများဖြစ်ပါသည်။ တစ်နှစ်စာ၊ ဆယ်နှစ်စာ စသဖြင့် ထုတ်ပါသည်။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ပိဋကတ်စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။

            ကျွန်တော်မူကား မြန်မာသံဒိဌရော၊ အမေရိကန်ဂြိုဟ်သွား နှစ်မျိုးလုံးသုံးပါသည်။ သို့သော် မြန်မာစွဲကြီးသူဖြစ်သဖြင့် မြန်မာသံဒိဌကို ပိုမိုအားသန်ပါသည်။
 


၃၊ ၅။ တိထီ၊ ဃဋီ


            မြန်မာပြက္ခဒိန်ဥပဒေသ၌ ဒု-၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးရှိရမည် ဟု စည်းကမ်းချက်ထုတ်ထားသဖြင့် မြန်မာ ပြက္ခဒိန်တွက်နည်းတွင် တိထီ အကြောင်းကိုလည်း သိရှိထားရန် လိုပါသည်။ ရှေ့ပိုင်းတွင် တိထီအကြောင်း အနည်းငယ် ပြောခဲ့ပါသည်။

            လမင်းသည် ကမ္ဘာကိုပတ်နေရာ တစ်ပတ်ပြည့်ချိန် (၃၆၀အံသာ) ကို မြန်မာပြက္ခဒိန်တွင် တစ်လ ဟု ခေါ်ဆိုပုံ။ လမင်းကြီး တဖြည်းဖြည်းပြည့်လာကာ ဆန်းလာလျှက် လုံးဝပြည့်ဝန်းသွားချိန်ထိကို ‘လဆန်းပက္ခ’ ဟု လည်းကောင်း၊ ပြည့်ရာမှ တဖြည်းဖြည်း ပြန်ဆုတ်သွားပြီး လုံးဝကွယ်သွားချိန်ထိကို ‘လဆုတ်ပက္ခ’ ဟု လည်းကောင်း ခေါ်ပုံ၊ လဆန်းပက္ခ၊ လဆုတ်ပက္ခတို့အလိုက်စီစဉ်ထားသော ရက်များဖြစ်သဖြင့် ‘ပက္ခဒိန်’ ဟု ခေါ်ပုံ၊ ထိုမှတစ်ဆင့် ‘ပြက္ခဒိန်’ ဟု ရွေ့လျောလာပုံ တို့ကို ရှင်းပြခဲ့ပြီးဖြစ်ပါသည်။

            လမင်းကြီးကမ္ဘာကိုတစ်ပတ်ပတ်ရန် ၂၉ရက်ခွဲ (တိထီရက် ၃၀) ကြာသည်ဖြစ်ရာ တစ်ရက်လျှင် ၃၆၀ ÷ ၃၀ = ၁၂ အံသာ ရှိပါသည်။ ဤသည်ကား တိထီတစ်ရက်၏ အတိုင်းအတာပမာဏ ဖြစ်လေသည်။

            တစ်နည်းအားဖြင့်ဆိုရလျှင် တိထီဟူသည် လမင်းကြီး၏ ပြည့်ဝန်းမှုကို တိုင်းတာသော ယူနစ်ဖြစ်သည်။ ပြက္ခဒိန်မှ လပြည့်၊ လကွယ်ရက်များသည် သဘာဝ လပြည့်လကွယ်ရက်များနှင့် ညီညွတ်၊ မညီညွတ်ကို တိထီ၊ ဃဋီတွက်ပြီး စိစစ်နိုင် ပါသည်။

            တိထီ၊ ဃဋီ ကို အောက်ပါအတိုင်း တွက်နိုင်ပါသည်။ ၃၃


Ø  တနင်္လာဂြိုဟ်စင်မှ တနင်္ဂနွေဂြိုဟ်စင်ကို နှုတ်ပါ။ နှုတ်ကြွင်းမှာ ၆ ရာသီထက်နည်းနေလျှင် လဆန်းရက်များ ဖြစ်သည်။ နှုတ်ကြွင်းသည် ၆ ရာသီထက်များနေပါက ၆ ရာသီနှုတ်ပါ။ ဤကဲ့သို့ ၆ ရာသီနှုတ်ရလျှင် လဆုတ်ရက်များဖြစ်သည်။

Ø  နှုတ်ကြွင်းကို လိတ္တာဖွဲ့ပြီး ၇၂၀ ဖြင့်စားပါ။ စားလဒ်ကား တိထီဖြစ်၏။ စားကြွင်းကို ၁၂ ဖြင့်ဆက်စားပါ။ ရသော စားလဒ်ကား ဃဋီ ဖြစ်၏။

 
နမူနာတွက်ပုံ


၁၃၆၈ ခု၊ သီတင်းကျွတ် လဆုတ် ၆ ရက်

ထိုနေ့ရှိ တနင်္ဂနွေဂြိုဟ်စင် = ၅ ရာသီ၊ ၂၄ အံသာ၊ ၄၅ လိတ္တာ
ထိုနေ့ရှိ တနင်္လာဂြိုဟ်စင် = ၂ ရာသီ၊ ၆ အံသာ၊ ၄၈ လိတ္တာ


ရာသီ
အံသာ
လိတ္တာ
တနင်္လာဂြိုဟ်
၄၈
(ရာသီတွင် မနှုတ်လောက်က ၁၂ ရာသီပေါင်းထည့်ပေးပါ။)
တနင်္ဂနွေဂြိုဟ်
၂၄
၄၅
၁၂
 
 
(၆ ရာသီနှုတ်လောက်၍ လဆုတ်ရက် ဖြစ်သည်။)
၁၂
၃၀
(၁ ရာသီ = ၃၀ အံသာ)
၆၀
၁၂
၇၂
၆၀
(၁ အံသာ = ၆၀ လိတ္တာ)
၄၃၂၀
၇၂၀
၄၃၂၃
တိထီ
၄၃၂၀
၁၂
ဃဋီ

 
            ထို့ကြောင့် ၁၃၆၈ ခု၊ သီတင်းကျွတ် လဆုတ် ၆ ရက် ၏ တိထီ၊ ဃဋီမှာ ၆၊ ၀ ဖြစ်၏။ အထက်ပါသံဒိဋ္ဌ ပြက္ခဒိန်မှ တိထီ၊ ဃဋီ ဟူသော အကွက်တွင်ကြည့်ပါ။ ၁၃၆၈ ခု၊ သီတင်းကျွတ် လဆုတ် ၆ ရက် ကော်လံ တွင် ၆၊ ၀ ဟု တွေ့ပါလိမ့် မည်။ သို့အတွက် သံဒိဋ္ဌပြက္ခဒိန်သာရှိပါက တွက်နေစရာပင်မလိုပါ။ ကောက်လှန်ကြည့်လိုက်ရုံ ဖြစ်ပါသည်။

            ဤသို့ဖြင့် လပြည့်၊ လကွယ်ရက်များ၏ တိထီ၊ ဃဋီကို တွက်ယူနိုင်ပါသည်။

 
၃၊ ၅၊ ၁။ လပြည့်၊ လကွယ်ရက်များတွင်ရှိရမည့် တိထီ


            ပြက္ခဒိန်နှင့် သဘာဝလပြည့် ညီညွတ်ရန် လပြည့်နေ့တွင် ၁၄ တိထီ ၃၀ ဃဋီ မှ ၀ တိထီ ၃၀ ဃဋီ အတွင်း ရှိရမည်။ ဆိုလိုသည်မှာ ဝေါဟာရလပြည့်နေ့၏ မွန်းတည့်မှ လပြည့်ကျော်တစ်ရက်နေ့အတွင်း မွန်းတည့်ချိန်အတွင်း သဘာဝ လပြည့် ရမည်။ တိထီ ၁၅ လုံးပြည့်ရမည်။ 

            ထို့ကြောင့် ၁၃၆၈ ခု၊ သီတင်းကျွတ် လပြည့်နေ့သည် သဘာဝလပြည့်နေ့နှင့် ကိုက်ညီမကိုက်ညီကို အောက်ပါ အတိုင်း စစ်ဆေးကြည့်ရှုနိုင်ပါသည်။

အထက်ပါ သံဒိဋ္ဌ ပြက္ခဒိန်မှ ၁၃၆၈ ခု၊ သီတင်းကျွတ်လပြည့်နေ့၏ တိထီ၊ ဃဋီမှာ ၁၄၊ ၃၂ ဖြစ်ပြီး လပြည့်ကျော် ၁ ရက်နေ့၏ တိထီ၊ ဃဋီမှာ ၀၊ ၃၉ ဖြစ်သဖြင့် ဤပြက္ခဒိန် မှန်ကန်သည်ဟု ဆိုရမည်။

သို့ဆိုလျှင် မည်သည့်အချိန်၌ လပြည့်သနည်း။ အောက်ပါအတိုင်း လွယ်ကူစွာတွက်ယူနိုင်ပါသည်။


တိထီ
ဃဋီ
လပြည့်ကျော် ၁ ရက်နေ့ သန်းခေါင်ရှိ တိထီ =
၃၉
လပြည့်နေ့ သန်းခေါင်ရှိ တိထီ =
၁၄
၃၂
တစ်ရက် (၂၄နာရီ) တွင် တက်သောဃဋီ =
=
၆၇
ဃဋီ
လပြည့်ချိန်ရှိ ပုဏ္ဏမီတိထီ =
၁၅
လပြည့်နေ့ သန်းခေါင်ရှိတိထီ =
၁၄
၃၂
လပြည့်ရန် လိုသောဃဋီ =
၂၈
ဃဋီ
ထို့ကြောင့် ၂၈ ဃဋီတက်ရန်လိုသော အချိန်
=
၂၈
x
၂၄
=
၁၀.၀၃
နာရီ
၆၇
၁၀.၀၃ နာရီ = နံနက် ၁၀ နာရီ ၂ မိနစ်


၁၃၆၈ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ နံနက် ၁၀ နာရီ ၂ မိနစ်အချိန်တွင် မုချလပြည့်ပါသည်။

 
ဆက်ပါဦးမည်။

 
အေးငြိမ်း
၎ စက်တင်ဘာ၊ ၂၀၁၂ ည ၁၁း၅၅ နာရီ

No comments: