Friday, September 21, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၂၃)

 
အခန်း (၄)

 
သင်္ကြန်

 
၎၊ ၁။ သင်္ကြန်အစ ၃၆


ကမ္ဘာဦးအခါက လူ့ပြည်တွင် ‘က၀ါလမိုင်းဆရာကြီး’ သည် လောကီဗေဒင်အရာ၌ အလွန်တရာ တတ်ကျွမ်းလိမ္မာ သည်ဖြစ်သောကြောင့် လူ့ပြည်၊ နတ်ပြည်တို့တွင် ထင်ရှားကျော်ကြားလေသည် ဟူသတတ်။

အခါတစ်ပါး သိကြားမင်းနှင့် ‘အာသီ’ အမည်ရှိသော ဗြဟ္မာမင်းတို့သည် တစ်နှစ်ပတ်လုံး၌ မင်္ဂလာအခါ မပြုကောင်း သောရက်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြ၏။

            ဗြဟ္မာမင်းက သက္ကရာဇ်ကိုတည်၊ သုံးဖြင့်မြှောက်။ တစ်ဆယ့်နှစ် ဖြင့်စား။ ကြွင်းသောရက်သည် အခါမပြုကောင်း သောရက် ဖြစ်သည်ဟုဆို၏။

            သိကြားမင်းက သက္ကရာဇ်ကိုတည်၊ ခုနစ်ဖြင့်စား။ ကြွင်းသောရက်သည် အခါမပြုကောင်းသောရက် ဖြစ်သည်ဟု ဆို၏။

            ထိုကဲ့သို့ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အငြင်းအခုံဖြစ်ရာ ရှုံးသူက ဦးခေါင်းဖြတ်ခံမည်ဟု ကတိပြုကြပြီး လူ့ပြည်သို့ သက်ဆင်း၍ က၀ါလမိုင်း ဆရာကြီးကို ခုံတင်မေးမြန်းကာ အဆုံးအဖြတ်ခံကြသည်။

            က၀ါလမိုင်းဆရာကြီးက သိကြားမင်း၏ ဆိုစကားသည် အမှန်ဖြစ်၏။ အကျွန်ုပ်ပြောသည်ကို မယုံကြည်ကြပါလျှင် စကြာဝဠာတံတိုင်းတွင် သွား၍ရှုကြပါလော့ ဟု ဆို၏။

            သိကြားမင်းနှင့် ဗြဟ္မာမင်းတို့လည်း စကြာဝဠာတံတိုင်းသို့ သွားကြည့်ကြရာ ဆရာကြီးပြောသည့်အတိုင်းမှန်နေသည် ကို တွေ့ကြရလေ၏။

            ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို သိကြားမင်းက စက်ဖြင့်ဖြတ်ပြီး ကြွင်းသောဗြဟ္မာကိုယ်တွင် ‘ပိင်္ဂလ’ ဆင်၏ ဦးခေါင်းကို ဖြတ်၍တပ်ကာ ရေစင်ဖြန်းသဖြင့် အသက်ဝင်လာရာ မဟာပိန္နဲနတ် ဟူ၍ ဖြစ်လာလေသတည်း။

            လွင့်စဉ်သွားသော ဦးခေါင်းကို ကောက်ယူကာ တာဝတိသာနတ်ပြည်သို့တက်ပြီးလျှင် ကမ္ဘာတည်အံ့သော နတ်သမီး ခုနစ်ဖော်တို့ကို ရွေးချယ်၍ အပ်နှင်းလေသဖြင့် ထို နတ်သမီးခုနစ်ယောက်တို့သည် တလှည့်စီကိုင်ကာ အလှည့်ကျ စောင့်ကြရ လေသည်။

 
အလှည့်ကျကာလ ၃၆


            အချင်းယူဇနာ ၅၀၊ အ၀န်း ယူဇနာ ၁၅၀၊ အတွင်းကား ရွှေ၊ အပကား ဖန်အတိပြီးသော ‘ဘာဏုရာဇာ’ နေမင်းကြီး သည် ၁၂ ရာသီအစဖြစ်သော မိဿရာသီ၊ အာဒိန၀င်း၊ အဿဝဏီနက္ခတ် ပထမပါဒ်မှ အစပြုလျှက် ၁ ပါဒ်လျှင် ၃ ရက်နှင့် နာရီ ၂၀။ နက္ခတ်တစ်လုံးလျှင် ၁၃ ရက်နှင့် နာရီ ၂၀။ ၂ လုံး ၁ ပါဒ်ဖြစ်သော တစ်ရာသီကို တိထီရက်ပေါင်း ၃ ဖြင့် အစဉ်သင့် ယှဉ်လျှက်သွားရာ ၁၂ ရာသီအဆုံးဖြစ်သော မိန်ရာသီ၊ အ၀သန်န၀င်းထက်မှ မိဿရာသီ အာဒိန၀င်းထက်သို့ တစ်ဖန် လှည့်လည်မိသည်ရှိသော် ရာသီအားဖြင့် ၁၂ ရာသီ၊ နက္ခတ်အားဖြင့် ၂၇ လုံး၊ န၀င်းအားဖြင့် ၁၀၈ န၀င်း၊ အံသာအားဖြင့် ၃၆၀ အံသာ၊ မဟာလိတ္တာပုံအားဖြင့် ၂၁၆၀၀ ပြည့်၍ နှစ်ပတ်လည်မိသည်တွင် ဗြဟ္မာမင်း၏ ဦးခေါင်းကို အလှည့်စေ့သည့်အတွက် နတ်သမီးတစ်ပါးမှသည် အခြားနတ်သမီးတစ်ပါးသို့ ပြောင်းသည်ကို အစွဲပြု၍ သက္ကရာဇ်ဦးခေါင်းပြောင်းသည်ဟု ခေါ်စမှတ် ပြုကြလေသည်။ ဤသည်ပင်လျှင် သင်္ကြန်ကျချိန်ဖြစ်သတည်း။

            ဤကား သင်္ကြန်ကျခြင်းနှင့်ပတ်သက်၍ ဟိန္ဒူနက္ခတ္တဝေဒကျမ်းများတွင် ဖော်ပြထားပုံ ဖြစ်လေသည်။

 ၄၊ ၂။ သင်္ကြန်ဟူသည်


            သင်္ကြန်တန်ခူး၊ နှစ်ဦးညောင်ရေ၊ စာပုလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန် နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျှင်၊ ဤသို့ယှဉ်သား၊ အစဉ်ပြုမြဲ၊ ဆယ့်နှစ်ပွဲတည့်။        
သာဓိနပျို့၊ လက်ဝဲသုန္ဒြ

            သင်္ကြန်ဟူသည် သက္ကဋဘာသာ သင်္ကရန္တိ (Samkaranti) (အဓိပ္ပါယ် -Going from one place to another) မှ ဆင်းသက်လာပြီး ‘ကူးပြောင်းခြင်း’ ဟု အဓိပ္ပါယ်ရပါသည်။ ထိုမှ သင်္ကရန္တိ è သင်္ကြန္တ è သင်္ကြန် ဟု ရွေ့လျောလာခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့်လည်း သင်္ကြန် = သင်္ကြန္တ = သီသကရ + အန္တ = (သီသ = ဦးခေါင်း + ကရ = ပြုခြင်း + အန္တ = အဆုံး) = သက္ကရာဇ်ဦးခေါင်း အဆုံးပြုခြင်း ဟုလည်း ဖွင့်ဆိုကြပါသေးသည်။

            သင်္ကြန်နှစ်မျိုးရှိသေး၏။ စူဠ၀ိသုဝသင်္ကြန်နှင့် မဟာဝိသုဝသင်္ကြန်တို့ ဖြစ်သည်။
 


တနင်္ဂနွေဂြိုဟ် ဖြစ်သော နေမင်းသည် ၁၂ ရာသီစက်ဝန်းကို တစ်နှစ်တာပတ်လုံး လှည့်လည်လျှက်ရှိရာ သူရိယ နေမင်း တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းချိန်ကို စူဠ၀ိသုဝသင်္ကြန်ဟု ခေါ်ခြင်းဖြစ်လေသည်။ အိန္ဒိယနိုင်ငံ၊ အချို့သော ပြည်နယ်များတွင် စူဠ၀ိသုဝသင်္ကြန်ပွဲ ဆင်နွှဲကြသည်။

မဟာဝိသုဝသင်္ကြန်ဆိုသည်မှာ တနင်္ဂနွေဂြိုဟ် နေမင်းသည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ချိန် ဖြစ်၏။ အိန္ဒိယပြည်၊ ဟိန္ဒူဘာသာဝင်တို့တွင်မူ မိဿသင်္ကြန်၊ ကြဋ်သင်္ကြန်၊ တူသင်္ကြန် နှင့် မကာရသင်္ကြန် ဟု သင်္ကြန်လေးမျိုး ရှိသည်။ တနင်္ဂနွေဖုဋဂြိုဟ်စဉ် (နေ) သည် တောင်ဘက်မှ မြောက်ဘက်သို့အကူး အီကွေတာပေါ်ဖြတ်သန်းစဉ် မိဿသင်္ကြန်၊ မြောက်ယာဉ်စွန်းတန်းသို့ နေရောက်စဉ် ကြဋ်သင်္ကြန်၊ မြောက်ဘက်မှ တောင်ဘက်သို့အကူး အီကွေတာပေါ်သို့ နေဖြတ်သန်း စဉ် တူသင်္ကြန်၊ တောင်ယာဉ်စွန်းတန်းသို့ နေရောက်စဉ် မကာရသင်္ကြန် စသဖြင့်ဖြစ်၏။

မြန်မာတို့ကျင်းပသော နှစ်ကူးသင်္ကြန်မှာ မိဿသင်္ကြန်ဖြစ်၏။ သို့သော် အိန္ဒိယမှသင်္ကြန်အခါမှာ တနင်္ဂနွေဖုဋဂြိုဟ်စဉ် မိဿရာသီဝင်ချိန်ဖြစ်ပြီး မြန်မာပြည်မှ သင်္ကြန်အခါမှာမူ တနင်္ဂနွေမဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်လေသည်။ ထပ်မံရှင်းပြ ပါဦးမည်။

နေစကြာဠာတွင် ကမ္ဘာနှင့်တကွ အခြားဂြိုဟ်များသည် နေမင်းကိုလှည့်ပတ်လျှက်ရှိ၏။ သို့သော် ဤသို့လှည့်ပတ်နေ သည်မှာ စက်ဝိုင်းပုံအတိအကျမဟုတ်ဘဲ ဘဲဥပုံ(အီလစ် - eclipse) ဖြစ်၏။ နေမင်း၏ တည်နေရာမှာလည်း အလယ်ဗဟို တည့်တည့် မဟုတ်ချေ။ ထိုအခါ ကမ္ဘာသည်နေကိုပတ်နေစဉ် တစ်ချိန်တွင် နေနှင့်အနီးဆုံး (Perigee) သို့ရောက်လာပြီး တစ်ချိန်တွင် နေနှင့်အဝေးဆုံး (Apogee) သို့ရောက်သွားသည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံး ကမ္ဘာသွားနှုန်းမှာ အညီအမျှ မရှိဘဲ နှေးသည့်အခါနှေးပြီး မြန်သည့်အခါ မြန်သည်။ (လက်တွေ့တွင် နေမင်းကြီးသွားနေသကဲ့သို့ မြင်ရသဖြင့် နေသွားနှုန်းဟု သုံးနှုန်းပါမည်။)

သို့သော် တွက်ရလွယ်စေရန် ထိုအနှေးအမြန်များကိုထည့်မတွက်ဘဲ ပျမ်းမျှသွားနှုန်းဖြင့်တွက်ကြသည်။ ထိုပျမ်းမျှ နေသွားနှုန်းကို Mean Sun ဟုခေါ်၏။ အမှန်တကယ် ကောင်းကင်တွင် နေမင်းကြီးသွားနေသောနှုန်းကိုမူ True Sun ဟု ခေါ် ပါသည်။ Mean Sun ကို မဓျတနင်္ဂနွေဟုလည်းကောင်း၊ True Sun ကို ဖုဋတနင်္ဂနွေဟုလည်းကောင်း ခေါ်ပါသည်။

တနင်္ဂနွေဂြိုဟ် ကမ္ဘာနှင့်အဝေးဆုံးရောက်ချိန်ကို သူရိယသိဒ္ဓန္တကျမ်းတွင် တနင်္ဂနွေမန္ဒဥစ်ဟု ခေါ်သည်။ ဤတနင်္ဂနွေ မန္ဒဥစ်သည်လည်း အတည်အမြဲမရှိ။ တဖြည်းဖြည်းရွေ့လျားလျှက် ရှိပေသည်။ ကလိယုဂ်နှစ်ဆန်းစ၌ ထို တနင်္ဂနွေမန္ဒဥစ်၏ တည်နေရာမှာ ပြိဿရာသီ၊ ၁၇ အံသာ၊ ၇ လိတ္တာ၊ ၄၈ ၀ိလိတ္တာ ဖြစ်၏။ သက္ကရာဇ် ၁၃၂၅ တွင် ပြိဿရာသီ၊ ၁၇ အံသာ၊ ၁၇ လိတ္တာ၊ ၃၆ ၀ိလိတ္တာ ဖြစ်လာလေရာ နှစ်ပေါင်း ၅၀၀၀ ကျော်တွင် ၁၀ လိတ္တာခန့်ရွေ့သည်။ ထို့အတွက် နှစ် ၁၀၀ လျှင် ၅ စက္ကန့် ခန့် ရွေ့လေသည်။
 

သို့ဖြစ်လေရာ မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ် ၀င်ချိန်နှင့် မဓျတနင်္ဂနွေဂြိုဟ် ၀င်ချိန်မှာမတူ။ ကွဲပြားလာသည်။ မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်အား မြန်မာပြက္ခဒိန်တွင် သင်္ကြန်ကျချိန်ဟု သတ်မှတ်သည်။ မိဿရာသီသို့ မဓျ တနင်္ဂနွေဂြိုဟ် ၀င်ချိန်အား သင်္ကြန်တက်ချိန်ဟု သတ်မှတ်သည်။

 
၎၊ ၃။ သင်္ကြန်အခါကာလ
 

            အထက်တွင် မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်အား သင်္ကြန်ကျချိန်၊ မိဿရာသီသို့ မဓျတနင်္ဂနွေဂြိုဟ် ၀င်ချိန် အား သင်္ကြန်တက်ချိန်ဟု ခေါ်ကြောင်းပြောခဲ့ပြီ။ ထို့ကြောင့် သင်္ကြန်ကာလဟူသည် ဖုဋတနင်္ဂနွေဂြိုဟ်စင် မိဿရာသီသို့ စတင်ဝင်ချိန်မှ မဓျတနင်္ဂနွေဂြိုဟ်မိဿရာသီဝင်ချိန်တိုင်အောင် သွားခဲ့ရသော ဖုဋတနင်္ဂနွေဂြိုဟ်၏ ခရီးတာကာလပင် ဖြစ်တော့၏။ သင်္ချာသဘောအရမူ တနင်္ဂနွေမန္ဒဥစ်၏ ရာသီ၊ အံသာသည်ပင် သင်္ကြန်ကာလဖြစ်ပါသည်။

            ရှေးရှေးမြန်မာမင်းများလက်ထက်မှ အစပြု၍ ဒုတိယကမ္ဘာစစ်ကြီးကာလအထိ မြန်မာပြည်၌ အသုံးပြုခဲ့သော သင်္ကြန် အခါကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၁ မိနစ်၊ ၁၂ စက္ကန့် ဖြစ်ပါသည်။ ထိုကိန်းသည် နှစ်ပေါင်း ၅၀၀၀ ကျော်၊ ကလိယုဂ်နှစ်ဆန်း၊ မန္ဒဥစ် ၇၇ အံသာ၊ ၇ လိတ္တာ၊ ၄၈ ၀ိလိတ္တာ၏ သင်္ကြန်ကာလဖြစ်သော်လည်း ဤအတိုင်းပင် မပြုမပြင်ဘဲ သုံးခဲ့ကြ၏။ ယခု မြန်မာသက္ကရာဇ် ၁၄ ရာစု၏ တနင်္ဂနွေမန္ဒဥစ်မှာ ပြိဿရာသီ၊ ၁၇ အံသာ၊ ၁၇ လိတ္တာ၊ ၃၉ ၀ိလိတ္တာဖြစ်ပါသည်။

            မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြက္ခဒိန်အကြံပေးအဖွဲ့မှ သင်္ကြန်ကာလကို ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့် (ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန်သုတေသနကျမ်းစာအုပ် စာမျက်နှာ ၁၅၄ တွင် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၅၁ စက္ကန့် ဟု ဖော်ပြထားရာ စာစီအမှားဖြစ်မည်ဟု ယူဆရပါသည်။) ဟု ပြင်ဆင်ခဲ့သည်။ ဆရာဦးအုန်းကြိုင်ကမူ ထိုကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၅ မိနစ်၊ ၅၄ စက္ကန့် ဖြစ်ကြောင်းတွက်ပြထားပါသည်။ ကျွန်တော်တွက်ကြည့်ရာတွင် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့် အတိအကျမရပါ။ ကွဲလွဲမှုရှိပါသည်။ သို့သော် အငြင်းပွားဖွယ်ဖြစ်၍ ဤနေရာတွင် မဖော်ပြတော့ပါ။

            ဤစာအုပ်တွင်မူ ပြက္ခဒိန်အကြံပေးအဖွဲ့၏ သင်္ကြန်ကာလဖြစ်သော ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့်ကို အမှန်ဟု ယူဆ၍ တွက်ပါမည်။

 
၎၊ ၄။ သင်္ကြန်ကျချိန်၊ တက်ချိန်များအား တွက်ခြင်း


            သင်္ကြန်ကျချိန်၊ တက်ချိန်များကို သူရိယသိဒ္ဓန္တကျမ်းလာ နည်းဖြင့်လည်းကောင်း၊ တနင်္ဂနွေဂြိုဟ်၏ တည်နေရာမှ သော်လည်းကောင်း၊ ယမန်နှစ်များမှ သင်္ကြန်ကျချိန်၊ တက်ချိန်များကို ရည်ညွှန်း၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် တွက်နိုင် ပေရာ အောက်တွင် ထိုနည်းများကို ဖော်ပြထားပါသည်။

 
၎၊ ၄၊ ၁။ ပထမနည်း (သူရိယသိဒ္ဓန္တနည်း)


            မဟာသင်္ကြန်တက်ချိန်ကို သူရိယသိဒ္ဓန္တကျမ်းမှ နည်းဖြင့် အောက်ပါအတိုင်း တွက်နိုင်ပါသည်။ သူရိယသိဒ္ဓန္တကျမ်း မှာ လင်္ကာဒေသကို မူတည်တွက်ချက်ထားသဖြင့် မြန်မာပြည်အတွက် မြန်မာစံတော်ချိန်ကို ပြန်ပြောင်းပေးရပါမည်။ ဇောတိသ ဝေဒမဂ္ဂဇင်းတွင် ဆရာဦးအေးဝင်းကျော်က လင်္ကာဒေသနှင့် မြန်မာပြည်စံတော်ချိန်ကွာခြားချက်ကို ၁ နာရီ၊ ၂၆ မိနစ်၊ ၃၆ စက္ကန့် ဟု ဖော်ပြထားပါသည်။ ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်း စာမျက်နှာ ၁၅၃ တွင် ၁ နာရီ၊ ၂၆ မိနစ်၊ ၅၂ စက္ကန့် ဟု ဖော်ပြထား၏။ သို့သော် ကမ္ဘာ့မြေပုံတွင် လင်္ကာဒေသ တည်နေရာ (ဥဂျိန်းမြို့) မှာ ၇၅.၇၇၇ ဖြစ်ပြီး မြန်မာ စံတော်ချိန်မျဉ်းမှာ ၉၇.၅ ဖြစ်ရာ တည်နေရာကွာခြားချက် ၂၁.၇၂၃ ဒီဂရီ ဖြစ်ပါသည်။ ၎င်းကို နာရီပြန်ဖွဲ့လျှင် စံတော်ချိန် ကွာခြားချက် ၁ နာရီ၊ ၂၆ မိနစ်၊ ၅၃.၅၂ စက္ကန့် ရပါသည်။ ယခု ဤစံတော်ချိန်ကွာခြားချက်ဖြင့် တွက်ပါမည်။

 
က) ကြမတ်ဖြင့်တွက်နည်း
 

v  တွက်လိုသော ကောဇာသက္ကရာဇ်တွင် ၃၇၃၉ ပေါင်းပါ။ ကလိယုဂ်နှစ်ဆန်း ရမည်။

v  ကလိယုဂ်နှစ်ဆန်းကို စတုယုဂ်တစ်ခုရှိ သာဝနရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ ဖြင့်မြှောက်ပြီး စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀ ဖြင့်စားလျှင် အကြွင်းမှာ အတိတ်ကြမတ်ဖြစ်သည်။

v  လင်္ကာဒေသရှိ သင်္ကြန်တက်ချိန်ကို အတိတ်ကြမတ်အားဖြင့် တွက်ယူနိုင်သည်။ အကြွင်းရှိလျှင် စားလဒ်တွင် တစ်ခု တိုးပါ။ အတာဟြဂုဏ်းကိုရမည်။ စားခြေမှ အကြွင်းကိုနှုတ်လျှင် အနာဂတ်ကြမတ်ကို ရပါသည်။

v  ဟြဂုဏ်းကို ၅ ဖြင့်ပေါင်းပြီး ၇ ဖြင့်စားလျှင် ရသောအကြွင်းမှာ အတာနေ့ ဖြစ်၏။

v  ၁ စက္ကန့် = ၅၀ ကြမတ်

v  ၁ မိနစ် = ၃၀၀၀ ကြမတ်

v  ၁ နာရီ = ၁၈၀၀၀၀ ကြမတ်

v  လင်္ကာဒေသ နှင့် မြန်မာစံတော်ချိန် ကွာခြားချက် ကြမတ်ပေါင်း = ၂၆၀၆၇၆


၁ နာရီ
=
၁၈၀၀၀၀
၂၆ မိနစ်
=
၇၈၀၀၀
၅၃.၅၂ စက္ကန့်
=
၂၆၇၆
ကြမတ်စုစုပေါင်း
=
၂၆၀၆၇၆

 
နမူနာတွက်ပုံစံ

ကောဇာသက္ကရာဇ် =
၁၃၄၉
ကလိယုဂ်နှစ်ဆန်း =
၁၃၄၉ + ၃၇၃၉
=
၅၀၈၈

၅၀၈၈
၁၅၇၇၉၁၇၈၂၈
၄၃၂၀၀၀၀
၈၀၂၈၄၄၅၉၀၈၈၆၄
၁၈၅၈၄၃၆
၈၀၂၈၄၄၃၅၂၀၀၀၀
၂၃၈၈၈၆၄
= အတိတ်ကြမတ်
အတာဟြဂုဏ်း =
၁၈၅၈၄၃၇
အမြဲပေါင်းကိန်း =
၁၈၅၈၄၄၂
၂၆၅၄၉၁
၁၈၅၈၄၃၇
အကြွင်း =

အတိတ်ကြမတ် =
၂၃၈၈၈၆၄
အတာဟြဂုဏ်း =
၁၈၅၈၄၃၆+၁ = ၁၈၅၈၄၃၇
အနာဂတ်ကြမတ် =
(၄၃၂၀၀၀၀ - ၂၃၈၈၈၆၄ =) ၁၉၃၁၁၃၆
အတာနေ့ =

အတိတ်ကြမတ်
အတာဟြဂုဏ်း
အတာနေ့
 
လင်္ကာဒေသအတွက်
၂၃၈၈၈၆၄
၁၈၅၈၄၃၇
 
စံတော်ချိန်ကွာခြားချက်
၂၆၀၆၇၆
 
မြန်မာသင်္ကြန်အတက်
၂၆၄၉၅၄၀
၁၈၅၈၄၃၇
ကြာသပတေးနေ့

 
အထက်မှ မြန်မာသင်္ကြန်အတက်အတွက် ကြမတ်သည် ၄၃၂၀၀၀၀ ထက်ကျော်နေလျှင် ၄၃၂၀၀၀၀ ကိုနှုတ်ပြီးယူပါ။ ထိုအခါ အတာဟြဂုဏ်း နှင့် အတာနေ့တို့တွင် တစ်ရက်စီ ထပ်ပေါင်းပေးပါ။ ယခု အတိတ်ကြမတ်မှာ ၄၃၂၀၀၀၀ ကို မကျော် သဖြင့် ဤအတိုင်းပင်ယူမည်။ မြန်မာစံတော်ချိန်၌ ဟြဂုဏ်းနှင့် အတာနေ့တို့မပြောင်း။

            တွက်ယူရရှိသော ကြမတ်ကို နာရီ၊ မိနစ်၊ စက္ကန့်တို့သို့ ပြန်ပြောင်းလျှင် အောက်ပါအတိုင်းရပါသည်။


၁၈၀၀၀၀
၂၆၄၉၅၄၀
၁၄
နာရီ
၂၅၂၀၀၀၀
၃၀၀၀
၁၂၉၅၄၀
၄၃
မိနစ်
၁၂၉၀၀၀
၅၀
၅၄၀
၁၀.၈
စက္ကန့်

 
            ထို့ကြောင့် ၁၃၄၉ ခုနှစ် သင်္ကြန်တက်ချိန်မှာ ၁၄ နာရီ၊ ၄၃ မိနစ်၊ ၁၁ စက္ကန့် ၊ ကြာသပတေးနေ့ ဖြစ်ပါသည်။ ၁၄ နာရီ ဆိုသည်မှာ (၁၄ - ၁၂ = ၂) နေ့လည် ၂ နာရီ ဖြစ်၏။

            သို့သော် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သော သင်္ကြန်တက်ချိန်မှာ နေ့လည် ၂ နာရီ၊ ၄၂ မိနစ်၊ ၅၃ စက္ကန့် ဖြစ်ပါသည်။ အဘယ်ကြောင့်ကွဲလွဲရသနည်းဟူမူ မြန်မာပြက္ခဒိန်အဖွဲ့က လက်ခံထားသော လင်္ကာဒေသနှင့် မြန်မာစံတော်ချိန်ကွာခြားချက် မှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာဦးအေးဝင်းကျော် ဖော်ပြခဲ့သည့် ၁ နာရီ၊ ၂၆ မိနစ်၊ ၃၆ စက္ကန့် ဟု ယူထားသော ကြောင့် ဖြစ်၏။

၁ နာရီ
=
၁၈၀၀၀၀
၂၆ မိနစ်
=
၇၈၀၀၀
၃၆ စက္ကန့်
=
၁၈၀၀
ကြမတ်စုစုပေါင်း
=
၂၅၉၈၀၀

 
ထိုအခါ သင်္ကြန်တက်ချိန်ကိုတွက်လျှင် အောက်ပါအတိုင်း ရပါမည်။

အတိတ်ကြမတ်
အတာဟြဂုဏ်း
အတာနေ့
လင်္ကာဒေသအတွက်
၂၃၈၈၈၆၄
၁၈၅၈၄၃၇
စံတော်ချိန်ကွာခြားချက်
၂၅၉၈၀၀
မြန်မာသင်္ကြန်အတက်
၂၆၄၈၆၆၄
၁၈၅၈၄၃၇


၁၈၀၀၀၀
၂၆၄၈၆၆၄
၁၄
နာရီ
၂၅၂၀၀၀၀
၃၀၀၀
၁၂၈၆၆၄
၄၂
မိနစ်
၁၂၆၀၀၀
၅၀
၂၆၆၄
၅၃
စက္ကန့်

 
            သင်္ကြန်ကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့်ဖြစ်လေရာ သင်္ကြန်တက်ချိန်မှ ထိုကာလကိုနှုတ်လျှင် သင်္ကြန်ကျချိန်ကို ရပါမည်။

ဟြဂုဏ်း
နာရီ
မိနစ်
စက္ကန့်
အတာနေ့
သင်္ကြန်တက်ချိန် =
၁၈၅၈၄၃၇
၁၄
၄၂
၅၃.၃
သင်္ကြန်ကာလ =
၄၁
သင်္ကြန်ကျချိန် =
၁၈၅၈၄၃၅
၁၀
၃၈
၁၂

 
            ထို့ကြောင့် သင်္ကြန်ကျချိန်မှာ နံနက် ၁၀ နာရီ ၃၈ မိနစ် ၁၂ စက္ကန့်၊ အင်္ဂါနေ့ဖြစ်သည်။

            အထက်တွင် ဒေသစံတော်ချိန်ညှိကိန်းကွာခြားမှုကြောင့် သင်္ကြန်ကျချိန် တက်ချိန်များကွာခြားပုံကို တွေ့ခဲ့ကြရပြီ။ သို့သော် သူရိယသိဒ္ဓန္တကျမ်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က စီရင်ခဲ့သည်ဖြစ်ရာ ထိုကျမ်းစီရင်စဉ်အခါက လင်္ကာဒေသ မှာ မည်သည့်အရပ်တွင်ရှိသနည်း။ မည်သည့်နေရာကို မူတည်တွက်ချက်သနည်း ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ပါသည်။ အထက်တွင် ကျွန်တော်တွက်ပြသော ဥဂျိန်းဒေသတည်နေရာ (၇၅.၇၇၇ ဒီဂရီ) မှာ ယခုခေတ်တည်နေရာသာဖြစ်ပြီး ရှေးယခင်အခါကာလများနှင့် ကွဲလွဲမှုရှိနိုင်ပါသည်။ ထို့ကြောင့် အငြင်းပွားစရာများမဖြစ်ရလေအောင် ပြက္ခဒိန်အဖွဲ့က လက်ခံ ထားသော ၁ နာရီ၊ ၂၆ မိနစ်၊ ၃၆ စက္ကန့် ဖြင့်တွက်လိုက်ပါက အများသုံးပြက္ခဒိန်နှင့် ကိုက်ညီမည်ဖြစ်သဖြင့် ထိုအတိုင်းသာ တွက်ခြင်းက ပိုမိုသင့်လျော်မည်ဟု ထင်မြင်ယူဆပါသည်။

 
ခ) ခေတ်သင်္ချာနည်းဖြင့် တွက်နည်း


            ဤနည်းမှာ ဆရာဦးအုန်းကြိုင်၏ မြန်မာပက္ခဒိန်သုတေသနကျမ်း၊ စာမျက်နှာ ၁၅၂ တွင် ဖော်ပြထားသောနည်း ဖြစ်ပါသည်။


v  တွက်လိုသော ကောဇာသက္ကရာဇ်တွင် ၃၇၃၉ ပေါင်းပါ။ ကလိယုဂ်နှစ်ဆန်း ရမည်။

v  တစ်နှစ်တွင် ၃၆၅.၂၅၈၇၅၆၄၈၁၄၈၁ ရှိရာ နှစ်ပြည့်များကိုချေပြီး အစွန်းထွက် ဒသမဂဏန်းများကိုသာ ယူပါမည်။

v  ကလိယုဂ်နှစ်ဆန်းကို နှစ်အစွန်းထွက် ၀. ၂၅၈၇၅၆၄၈၁၄၈၁ ဖြင့်မြှောက်ပြီး ရက်ပြည့်များကိုချေကာ ဒသမဂဏန်း စွန်းကိုယူလျှင် ထိုတန်ဘိုးမှာ လင်္ကာဒေသ၏ နှစ်ကူးချိန် (ရက်) ဖြစ်လေသည်။

 
နမူနာတွက်ပုံ -

ကောဇာသက္ကရာဇ် =
၁၃၄၉
 
ကလိယုဂ်နှစ်ဆန်း =
၁၃၄၉ + ၃၇၃၉
=
၅၀၈၈
 
တစ်နှစ်၏ရက်ပိုင်း ဒသမစွန်း
=
ဝ.၂၅၈၇၅၆၄၈၁၄၈၁
၅၀၈၈ x ၀.၂၅၈၇၅၆၄၈၁၄၈၁
=
၁၃၁၆.၅၅၂၉၇၇၇၇၅၃
ရက်ပြည့်ကိုချေပြီး
=
ဝ.၅၅၂၉၇၇၇၇၅၃ (ရက်)
 
၎င်းရက်ပိုင်းကို နာရီ၊ မိနစ်၊ စက္ကန့် ပြန်ဖွဲ့လျှင် -
နာရီ
=
၁၃
မိနစ်
=
၁၆
စက္ကန့်
=
၁၇.၂၈

 ထို့ကြောင့် လင်္ကာဒေသ သင်္ကြန်တက်ချိန်မှာ ၁၃ နာရီ၊ ၁၆ မိနစ်၊ ၁၇.၂၈ စက္ကန့်ဖြစ်သည်။ ၎င်းကို မြန်မာစံတော်ချိန်သို့ ပြန်ပြောင်းရန် စံတော်ချိန်ကွာခြားချက် ၁ နာရီ၊ ၂၆ မိနစ်၊ ၃၆ စက္ကန့်ဖြင့် ပေါင်းပေးပါ။        


နာရီ
မိနစ်
စက္ကန့်
လင်္ကာဒေသ သင်္ကြန်တက်ချိန် =
၁၃
၁၆
၁၇.၂၈
စံတော်ချိန်ကွာခြားချက် =
၂၆
၃၆
၁၄
၄၂
၅၃

 
ထိုအခါ ၁၃၄၉ခုနှစ်၊ မြန်မာနိုင်ငံ၏ သင်္ကြန်တက်ချိန်မှာ ၁၄ နာရီ၊ ၄၂ မိနစ်၊ ၅၃ စက္ကန့်ဖြစ်ကြောင်း သိရပါပြီ။


ဆက်ပါဦးမည်။

 
အေးငြိမ်း
၂၁ စက်တင်ဘာ၊ ၂၀၁၂ ည ၁၀း၁၅ နာရီ

No comments: