ယခု စင်ကာပူ၌ သေဆုံးရသည်မှာ သိပ်မလွယ်လှကြောင်း သိကြရပါပြီ။ ဤကား မြို့ပြများ၏ အကျိုးရလဒ်ပေတည်း။ တောပိုင်း ကျသွားလေ ပိုလွယ်ကူ၊ ပိုရှင်းလာလေ။ ရန်ကုန်၌ပင်လျှင် သည်မျှ မရှုပ်ထွေးလှ။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျော်သူတို့ လက်ထဲ အပ်လိုက်လျှင် ကိစ္စအတော်များများပြီးသွားပြီ။
ထို့ထက် ကျွန်တော်တို့ရွာမှာဆို ပိုရှင်းသေးသည်။ တစ်စုံတစ်ယောက် သေပြီဆိုလျှင် ဘာသတင်းစာ၊ ဘာကြော်ငြာမှမလို။ အောင်မယ်လေး အဖေရဲ့၊ ကျုပ်တို့ကို ထားခဲ့ပြီလားတော့ ဟု အော်ငိုလိုက်သည်နှင့် ဟဲ့၊ ဟို သေချင်းဆိုးလေး၊ တိတ်တိတ်နေစမ်း၊ အဲဒါ ဘယ်သူ့အိမ်ကလဲ ဟု ပုဆိုးကို ခေါင်းပေါ်တင်ကာ အစုံစမ်းထွက်တော့၏။ နာရီမျှပင်မခြားပဲ မိနစ်ပိုင်းအတွင်းမှာပင် ဘယ်သူ့အဖေတော့ ဘာဖြစ်လို့ ဆုံးပြီတဲ့ ဟူသောသတင်းမှာ တစ်ရွာလုံးပျံ့သတည်း။ နာရီပိုင်းအတွင်း ရွာနီးချုပ်စပ်များသို့ပါ သတင်းရောက်ပါသည်။
စင်ကာပူမှာလို ဘာလက်မှတ်မှယူစရာမလို။ ကာယကံရှင်တွေလည်း ဘာမှလုပ်စရာမလိုပဲ ရွာရှိကာလသားများက မဏ္ဍပ်ထိုးစရာရှိထိုး၊ လူကြီးသူမများက အသုဘရှုလာ၊ တရားစကားပြောသူကပြော။ ဘယ်သူ့သမီးလေ အဲဒါ ဘယ်ရွာကအကောင်နဲ့ဆိုလား။ အောင်မယ်လေးဟယ်၊ လူကြားမကောင်းသူကြားမကောင်း မဖုံးနိုင်မဖိနိုင်တွေ ဖြစ်လို့ပါလား ကဲ့သို့သော ရပ်တကာ၊ ရွာတကာမှ အတင်းအဖျင်းများပြောသူကပြော။ အကျွေးအမွေး စီစဉ်သူကစီစဉ်။ ရွာဦးဘုန်းတော်ကြီးကို သွားလျှောက်သူက လျှောက်။ နောက်ပြီး မြေကျဆွမ်းကျွေး။ ပိုက်ဆံတတ်နိုင် သူများက အခေါင်းလေးဘာလေးလုပ်။ ပိုက်ဆံမတတ်နိုင်ဘူးလား။ ကိစ္စမရှိ။ ဖျာလိပ်နှင့်ဆိုလည်း ဘယ်သူကမှ ကဲ့ရဲ့မနေ။ နောက်ပြီး ကူငွေလေးဘာလေးထည့်။ အခြားရွာများတွင်တော့ မသိ။ ကျွန်တော်တို့ရွာတွင် မသာ၌ ဖဲဝိုင်းဖွဲ့သည့် ထုံးစံမရှိပါ။
မြေချရာတွင်လည်း အသင်တို့စင်ကာပူလို ဘာမီးရှို့ခွင့်၊ ဘာမြေမြှုပ်ခွင့်ပါမစ်မှ မလို။ ရွာထိပ် ခပ်လှမ်းလှမ်းက သစ်ပင် အုပ်အုပ်နှင့် ရွာသင်္ချိုင်းသို့ ကာလသား လေးငါးယောက်က ထမ်းသူထမ်း၊ ပေါက်တူးသယ်သူသယ် ဖြင့် ကျန်ရစ်သော ရုပ်အလောင်းကို သယ်သွားကာ မြေမြှုပ်လိုက်လျှင်ပင် အသုဘကိစ္စ ပြီးတော့၏။
နောက် ၇ ရက်ပြည့်တော့ ရက်လည်ဆွမ်းကျွေး။ အားလုံးပြီး။ ကြည့်စမ်း လွယ်လိုက်သမှ။
အမွေကိစ္စလား။ တချို့ကတော့ မသေခင်ကတည်းက စီမံခဲ့သည်။ မစီမံခဲ့သူများအဖို့လည်း ဘာပြဿနာမှမရှိပါ။ တောသူတောင်သားတွေ ဆိုတော့ အမွေခွဲရအောင် ဘာအာမခံတို့၊ ရွှေငွေစိန်ကျောက်တို့ များများစားစား ရှိတာမဟုတ်။ လယ်ရှိမည်။ ယာရှိမည်။ ကျွဲနွားနှင့် လှည်း၊ ထွန်တုံးထွန်တံ စသည့် လယ်ယာလုပ်သည့် ကိရိယာများရှိမည်။
ဤသည်တို့ကို ရွာလူကြီးများက သင့်သလို စီမံပေးလိမ့်မည်။
ဟဲ့၊ ငအေးက ဟို ထန်းသုံးပင်ကွင်းကိုယူ။ မိညှက်က ပေါက်ပင်ချောင်နားက ယာကိုယူ။ ငထွန်းက ခိုင်းနွားကြီး တယှဉ်းကိုယူ။ ဖိုးခွေးကတော့ ထိပ်ကွက်မကြီးနဲ့ သားလေးယူပေါ့။ ဟုတ်ပလား ဟု ဆုံးဖြတ်ပေးလိုက်သည်နှင့် ဟုတ်ကဲ့ပါ ဘကြီးဖြိုး ဆိုကာ ကိစ္စပြီးတော့၏။
သို့သော်လည်းလေ လောကီသားပေမို့ လက်တွေ့မှာ ဤလောက်မလွယ်တာများလည်း ရှိပေမပေါ့။ ကျွန်တော်တို့ရွာက ကျွန်တော်တို့သားချင်း ညီအစ်ကိုများကတော့ အမွေကိစ္စနှင့် တစ်ယောက်နှင့်တစ်ယောက် ဒါးတွေနှင့်တောင် လိုက်ကြသည်။ သို့သော် တကယ်ခုတ်သလားဆိုတော့လည်း မဟုတ်။ ဒါးနှင့်လိုက်၍ မိသွားပြီ ဆိုပါတော့။ တယ်၊ ဒီကောင် ငါလုပ်လိုက်ရ သေတော့မှာပဲ ဟု ဆိုကာ ပြီးတော့၏။ ဘေးက မိန်းမလုပ်သူတွေကတော့ ဆွဲပါအုံးဟဲ့၊ လွဲပါအုံးဟဲ့။ ဘယ်သူတို့ ဘယ်ဝါတို့ စသဖြင့် ဗျာများ ရသည်ပေါ့။ သို့သော် ရွာလူကြီးများနှင့် အမှုမပြတ်၍ ရုံးပြင်ကန္နားရောက်ရတာ အင်မတန်ရှားပါသည်။ တရားရုံး ရောက်သည်နှင့် တရားသူကြီးပေးရ။ ရှေ့နေကို ဆက်သရ။ မဆီနှင့်မဆိုင် ရဲကိုလည်း ပံ့ပိုးရ၊ စာရေးကို မျက်နှာချိုသွေးရနှင့် အမွေရမှာကနောက်။ ရှိသမျှစည်းစိမ် အကုန်ပြုတ်မှာကအရင် ဆိုတာ သိထားကြလေတော့ ဘယ်သူမှ ရုံးအရောက်မခံ။ ရွာလူကြီးများနှင့်ပင် ပြီးပြတ်ကြသည်က များပါသည်။
သို့ဖြစ်ပါ၍ သေခြင်းကိစ္စ ဤ၌တစ်ခန်းရပ်ပါမည်။
ကျေးဇူးတင်ပါသည်။
၁၇-၁-၂၀၁၂ ည ၇ နာရီ ၅၈ မိနစ်
No comments:
Post a Comment