ကျွန်တော်ကား အမှားပေါင်းများစွာကို လုပ်ခဲ့သူဖြစ်၏။ အမှားများကို တွေးခဲ့၏။ အမှားများကို လုပ်ခဲ့၏။ ဆုံးဖြတ်ချက် အမှားများကို ချခဲ့၏။ မည်မျှအမှားများလုပ်ခဲ့သနည်းဟူမူ ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးကိုသာ စာရင်းချကာ အမှားလုပ်ခဲ့သည့် အရေအတွက်နှင့် အမှန်လုပ်ခဲ့သည့်အရေအတွက်ကို ချရေးလိုက်ရလျှင် အမှားလုပ်ခဲ့သည့်အရေအတွက်က အမှန်လုပ်ခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ များကောင်း များနေနိုင်ပါသည်။ အချို့အမှုများဆိုလျှင် မှားမှန်းသိလျှက်နှင့် မိုက်မဲစွာ ဆုံးဖြတ်ခဲ့ခြင်းများပင် ပါပါသည်။
အဘယ်ကြောင့် ဤမျှအမှားများကို ကျူးလွန်ခဲ့ရသနည်း ဆိုသော် ပထမအချက်မှာ မလုပ်ခင်က အရင်ပြီးချင်နေသည့် လောဆော်မှု ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်၏ အထုံဝါသနာနှင့် အကျင့်စရိုက်ဟူသည် ပြင်ရခက်လေရကား ထို အလျင်လိုသည့် စရိုက်ကို ကြိုးစားပြင်ကြည့်ပါသည်။ ခဏပဲဖြစ်၏။ နောက် သတိလက်လွတ် ဖြစ်သွားသည့်အခါတွင်မူ လောဆော်မြဲ လောဆော်နေပြန်၏။
များစွာသောအမှားတို့၏ ဒုတိယလက်သည်မှာ ဒေါသကြီးခြင်း ဖြစ်ပါသည်။ ဒေါသထွက်ပြီဆိုသည်နှင့် လူ့စိတ်မှာေ၀၀ါးသွားကာ မှားမှန်၊ ကောင်းဆိုး ဝေခွဲရန်ခက်သွားပါတော့သည်။ စိတ်ကြီးခြင်းနှင့် ဒေါသဖြစ်လွယ်ခြင်းတို့မှာ ကျွန်တော်၏ အလွန်ကြီးမားသော ချို့ယွင်းချက်၊ အားနည်းချက်ပင် ဖြစ်တော့သည်။ ဒေါသကို မေတ္တာဖြင့် လျှော့ချ၍ရပါသည်။ မေတ္တာရှေ့ထားကြပါကုန်။
လုပ်ခဲ့သမျှအမှားများအနက် တတိယတရားခံမှာ ခေါင်းမာခြင်းနှင့် မာနတက်ခြင်း ဖြစ်ပါသည်။ မာနဟူသည် ပညာမာန ဖြစ်၏။ ကျွန်တော်က ကိုယ့်အလုပ်နှင့်ပတ်သက်လျှင် ရှိသမျှစာများကိုလည်း လိုက်ဖတ်၊ လေ့လည်းလေ့လာ၊ လေ့လာသလောက်လည်း သိထား သည်ဖြစ်ရကား ကိုယ့်ကိုယ်ကိုယ် တတ်လှပြီ၊ သိလှပြီ ဟု ထင်ကြီးတစ်လုံးနှင့်ဖြစ်၏။ ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသဖြင့် သူများပြောတာ နားမထောင်၊ ငါလုပ်တာသာ အမှန်ဟု ဘယ်သူဘာပြောပြော ကိုယ်ထင်ရာစွတ်လုပ်တတ်သော အင်မတန် ခေါင်းမာလှသူ ဖြစ်ရာ ဆုံးဖြတ်ချက်အမှား တော်တော်များများမှာ ဤ ထင်တစ်လုံးနှင့် ခေါင်းမာမှုများ၏ အကျိုးဆက်များပင် ဖြစ်ပါသည်။
ဤသည်ကို မသိမဟုတ်။ ကျွန်တော်သိပါ၏။ သို့သော် အင်မတန်ပြင်ရခက်သော စရိုက်ဖြစ်သဖြင့် သိသိကြီးနှင့် မှားမြဲမှားနေခြင်း ဖြစ်ပါသည်။ ဤစာဖတ်မိသူအပေါင်းတို့သည် ကျွန်တော်ကဲ့သို့ မမိုက်မဲမိကြပါစေရန် ဖော်ထုတ်ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်လုပ်ခဲ့သည့် အမှားများကို မချွင်းမချန် ထည့်သွင်းရေးသားပါမည်။ သို့မှ စာဖတ်သူအပေါင်း ထိုအမှားမျိုးကို ရှောင်ကွင်းနိုင်မည် ဖြစ်ပါသည်။
အမှားများကို တွေးခြင်း၊ ပြောခြင်း၊ လုပ်ခြင်း၊ ဆုံးဖြတ်မိခြင်းတို့မှ ကင်းဝေးကြပါစေကုန်သတည်း။
အချို့စာလုံးများမှာ ဘာသာပြန်လိုက်သည်ထက် မပြန်ဘဲ အင်္ဂလိပ်လို သည်အတိုင်းထားတာက ပိုကောင်းသဖြင့် မူရင်းအတိုင်း အင်္ဂလိပ်လို ရေးထားခြင်းကို နားလည်ကြစေလိုပါသည်။ နားမလည်သူများ၊ သေသေချာချာ သိလိုသူများ ကျွန်တော့်အီးမေးလ် aye475@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် ခင်ဗျား။
ကျွန်တော်တို့လုပ်ခဲ့ရသော သင်္ဘောကြီးများပုံ
စင်ကာပူ သင်္ဘောကျင်းများ တစိတ်တဒေသ
(၁၁) Piping QC (Quality Control) တစ်ဦး၏ တာဝန်နှင့် ၀တ္တရားများ ကျူစီ (QC) ဆိုလို့ ခဲခဲယဉ်းယဉ်း ဆန်းဆန်းပြားပြားတွေ လုပ်ရသည်မထင်ပါနှင့်။ မိမိလုပ်နေသော ပိုက်စနစ် (Piping System) တစ်ခုတွင် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် စုဆောင်းပြင်ဆင်ပေးရခြင်းသာ ဖြစ်ပါသည်။ ဒါက ကျွန်တော်တို့ တကယ်လုပ်ခဲ့ရတာဖြစ်၏။
အမှန်တကယ်ဆိုလျှင် ကျူစီတစ်ဦးအနေနှင့် မိမိကိုင်ရသော ပိုက်စနစ်တစ်ခုလုံးကို ပေးထားသော Piping Specification အရ ဘာတွေလုပ်ရမည်။ မည်ကဲ့သို့သော စံနှုံးများရှိသည်ကို အသေးစိတ် ဂဃနဏ နားလည်ထားရန်လိုပါသည်။ နောက် ပိုက်ဆင်နေသော နေရာသို့သွားကာ သူတို့လုပ်တာ မှန်မမှန် စစ်ဆေးရမည်။ သူတို့သုံးနေသော ပစ္စည်း၊ လုပ်နေသော လုပ်နည်းလုပ်ဟန် စသည်တို့သည် piping spec. နှင့် မကိုက်ညီပါက မိမိက ညွှန်ကြားပြသ ပေးရမည်ဖြစ်၏။ အားလုံး ကျန၊ မှန်ကန်၊ ကောင်းမွန်သည်ဆိုမှ သင်္ဘော owner ဘက်မှ ကိုယ်စားလှယ် (owner rep.) ကို ခေါ်ကာ စစ်ဆေးခိုင်းရမည်။ လိုအပ်သောစာရွက်စာတမ်းပေါ်တွင် လက်မှတ်ထိုးရမည် ဖြစ်သည်။
သို့သော် ကျွန်တော် ကျူစီလုပ်စဉ်ကမူ ပထမနှစ်က ထို spec. ဆိုတာ မြင်ပင်မမြင်ဖူးခဲ့ပါ။ နောက်နှစ်ကျမှ ဟိုလူ့မေး၊ သည်လူ့မေး နှင့် အနည်းငယ် ရိုးတိုးရိပ်တိပ် သိလာရသည်။ ကျွန်တော်တင်မဟုတ်။ ထိုသင်္ဘောကျင်းတွင် နှစ်ပေါင်းများစွာ လုပ်နေသော ကျူစီဆိုသူများ သည်လည်း piping spec ဆိုသည်ကို ဖြူသလား၊ မဲသလားပင် မသိကြပါ။ အလွန် အံ့သြစရာကောင်းပါသည်။
ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် Isometric Drawing များ ထုတ်ပေးပါသည်။ ထိုပုံများအတိုင်း ဆင်ရန်ဖြစ်၏။ ထို iso drawing များကို ပိုက်ရှော့ထဲတွင် အပိုင်းလိုက်စီ ဆင်ပါသည်။ ထိုအပိုင်းကလေးများကို spool ဟု ခေါ်ပါသည်။ နောက် ထိုအပိုင်းများကို သင်္ဘောပေါ်တင်ကာ ပိုက်လိုင်းကြီးတစ်ခုလုံးရရန် ဆက်ပါသည်။ ဤကဲ့သို့ ဆင်ခြင်းကို installation လုပ်သည် ခေါ်ပါသည်။
ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများ (fittings) ကို သုံးပြီး လိုအပ်သလို တိုင်းတာ၊ ဖြတ်တောက်ကာ spool များလုပ်ခြင်းကို fabricate လုပ်သည်ဟု ခေါ်ပါသည်။ Fabricate လုပ်ခြင်းကို Piping Supervisor, pipe fitter, fitter helper, welder များက သူ့အပိုင်းနှင့်သူ လုပ်ပါ သည်။
Iso drawing များရပြီးနောက် supervisor များထုတ်လာသော ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို သွားကြည့်ကာ ထို ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများပေါ်ရှိ Heat Number များကို မှတ်ရပါသည်။ ပိုက်ကိုဖြတ်လိုက်၍ ပိုက်အတိုတွင် heat no. မပါလာတော့ပါက မူလ ပိုက်ကြီးမှ heat no. ကို ဖြတ်ထားသော ပိုက်အတိုကလေးပေါ်တွင် Number Punch နှင့် ရိုက်ရပါသည်။
Heat No. သည် ပစ္စည်းတိုင်းအတွက် အရေးကြီး၏။ သို့မှသာ သည်ပစ္စည်းသည် approved ဖြစ်ပြီးသား ဟုတ်၊ မဟုတ် စစ်နိုင်မည် ဖြစ်ပါသည်။ Heat No. များ ရလာပြီဆိုလျှင် ထို Heat No. အရ ထို ပိုက်၊ သို့မဟုတ် ပိုက်ဆက်ပစ္စည်း၏ စက်ရုံတွင် စစ်ဆေးထားသောလက်မှတ် (Certificate) ကို Keppel Pipe Shop မှ ကျူစီဌာနတွင် သွားရှာရပါသည်။ သင်္ဘောကျင်းတွင်သုံးမည့် ပစ္စည်းများကို Keppel Shipyard မှ မှာပြီး ကန်ထရိုက်တာများက ထိုပစ္စည်းများကို ထုတ်ယူရသည်ဖြစ်ရာ ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများမှာ Keppel တွင်သာရှိပါသည်။
သည်တွင်လည်း အကြံအဖန်လုပ်တန်တာ လုပ်ရပါသည်။ တစ်ခါတစ်လေ ပိုက်များမှ ကျွန်တော်တို့ မှတ်လာသော heat no. ကို ပိုက်ရှော့တွင် ရှာလို့မရပါ။ သည်အခါများတွင် ပိုက်ရှော့တွင်ရှိပြီးသား Heat No. ပါသည့် လက်မှတ်တစ်ခုယူကာ ထိုနံပါတ်အတိုင်း ပိုက်ပေါ် တွင် ရိုက်ရပါသည်။ အနို့ လက်မှတ်က အရေးကြီးသည်ကိုး။
ထို့နောက် သူတို့ဆင်မည့် spool များအတွက် ပုံများဆွဲပေးရပါသည်။ သို့သော် ကျွန်တော်တို့မှာမူ ပြောင်းပြန်ဖြစ်၏။ သူတို့ ဆင်ပြီးသား spool များကိုသာ ကူးဆွဲတာ ဖြစ်ပါသည်။ ထို့နောက် ထို spool များကို စစ်ဆေးရန် ပုံစံများပြင်ရပါသည်။ ထိုပုံစံများကို traceability record ဟု ခေါ်၏။ Traceability record တွင် မည်သည့်ပစ္စည်းနှင့် မည်သည့်ပစ္စည်းကို တွဲမည်။ ထို ပစ္စည်းများ၏ heat no.၊ မည်သည့်နေ့က fit up လုပ်သည်။ မည်သည့်နေ့က ဂဟေဆော်သည်။ မည်သည့် ဂဟေဆော်သည့်စနစ် (WPS – Welding Procedure Specification) နှင့် ဆော်သည်။ မည်သည့် welder က မည်သည့်နေ့တွင် ဆော်သည်။ ထိုအဆက် (joint) ကို X-Ray ရိုက်မည်၊ MPI စစ်မည်၊ Ultra Sound ရိုက်မည်။ Chemical Cleaning လုပ်မည်။ လုပ်လျှင်လည်း မည်သည့်နေ့တွင် လုပ်သည် စသည်တို့ကို အပြည့်အစုံ ဖော်ပြရသည်။
ထို့နောက်တွင်မတော့ ဆင်ပြီးသား spool များပေါ်တွင် ပိုက်အဆက်များအားလုံး၌ inspection box များ ဆွဲရသည်။ Inspection Box ဆိုသည်မှာ လာရောက်စစ်ဆေးသည့်အခါ မှတ်တမ်းတင်နိုင်ရန် ဆွဲထားသော ဇယားကလေး ဖြစ်ပါသည်။ ဇယားတွင် အဆက်နံပါတ် (Joint No.), ပိုက်အဆက်ကို စစ်သည့်နေ့ (Fit-up Inspection Date), မျက်မြင်စစ်သည့်နေ့ (Visual Inspection Date) စသည်တို့ ဖြည့် ရပါသည်။
ပိုက်ရှော့တွင် spool အတော်များများပြီးသွားပြီ ဆိုပါက စစ်ဆေးရန် Keppel ကျူစီနှင့် သင်္ဘော Owner Rep. ကို ခေါ်ရသည်။ ခေါ်သည်ဆိုခြင်းမှာ မည်သည့်နေ့တွင် spool များကို fit-up inspection လုပ်ပါမည် ဟု request သွားတင်ရခြင်းဖြစ်ပါသည်။ ထိုသို့ request မတင်မီ ကျွန်တော်တို့ဘက်က (အထက်တွင်ဖော်ပြခဲ့သည့်) လိုအပ်သော စာရွက်စာတမ်းများအားလုံး စုဆောင်းထားရသည်။ သူတို့လာကြည့်မှ ပြာပြာ ပြာပြာနှင့် ဟိုဟာမစုံ၊ သည်ဟာမရှိဆိုလျှင် ကောင်းကောင်းအဆဲခံရမည်။
စစ်ဆေးမည့်နေ့တွင် ပြန့်ကျဲနေသော spool များကို တစ်နေရာထဲတွင် စုပုံထားရသည်။ ထို့ပြင် Heat No. ပါသည့်ဘက်ကို မြင်သာသည့်ဘက်သို့ လှည့်ပေးထားရမည်။ သို့မှ စစ်ရာတွင် အဆင်ပြေမည်။ Inspection Box တွင်လည်း Jt. No. များ ကြိုဖြည့်ထားရ သည်။ ကန့်ကူဆံပါ ဆောင်ထားရသည်။ အကယ်၍ Heat No. များ မှိန်နေပြီး ဖတ်လို့မရလျှင် ကန့်ကူဆံဖြင့် ခြစ်ပြရသည်။
ကျွမ်းကျင်လိမ္မာသော ကျူစီတစ်ဦးသည် မိမိဘာလုပ်ရမည်ကို သိသည်။ ဘာတွေပြင်ထားရမည်။ ဘာတွေလိုမည်။ ထို့ပြင် စစ်ဆေးရအောင်လာမည့် အရာရှိ (Owner Rep.) ၏ စိတ်နေသဘောထားကိုပါ အကဲခတ်တတ်ရမည်။ သို့မှ အစစ အဆင်ပြေ၊ အလုပ်လုပ်ရတာ စိတ်ချမ်းသာ လက်ချမ်းသာရှိမည်။ နေ့တိုင်းလုပ်နေရသည့် အလုပ်ဖြစ်သည့်အတွက် အဆင်ပြေပြေ စိတ်လက်ချမ်းချမ်း သာသာ လုပ်ရဘို့ အင်မတန်မှ အရေးကြီးပါသည်။ အမြဲ အဆဲခံ၊ အဆိုခံ၊ ကြိမ်းမောင်းခံနေရလျှင် အလုပ်ထဲမှာ မပျော်တော့။ စိတ်မချမ်းသာ စရာအလုပ်ကို ပိုက်ဆံမည်မျှရသည်ဖြစ်စေ မည်သူမျှ လုပ်လိုမည် မဟုတ်ပါ။ သို့အတွက် မိမိလုပ်ငန်းနှင့်ပတ်သက်လာလျှင် အစစ လေ့လာ၊ မှတ်သား၊ စနစ်တကျပြင်ဆင်တတ်ဖို့ အလွန် အရေးကြီးပါသည်။
(၁၂) ဟိုပြေးသည်ပြေး ကျူစီလေး
ကျွန်တော်တို့အဖွဲ့ထဲတွင် pipe fitter များပါလာပါသည်။ သို့သော် ကျွန်တော်နှင့် တွဲမလုပ်ရပါ။ သူတို့က တစ်နေရာ၊ ကျွန်တော်က တစ်နေရာ ဖြစ်ပါသည်။ ကျွန်တော်နှင့်တွဲလုပ်ရသည်မှာ မလေး နှင့် ကုလားများဖြစ်၏။ သို့သော် သူတို့မှာ လုပ်သက်ရင့်နေပြီ ဖြစ်သဖြင့် စိတ်ချရပါသည်။
Keppel တွင်လုပ်ခဲ့သည့် ၂ နှစ်အတွင်း အဟောင်းပြင်တာရော၊ အသစ်ဆောက်တာပါ သင်္ဘောပေါင်းများစွာ လုပ်ခဲ့ရသဖြင့် owner rep. များစွာနှင့် တွေ့ခဲ့ရပါသည်။ ထို owner rep. များထဲမှ ကျွန်တော်မှတ်မိနေသောသူ သုံးဦးရှိပါသည်။ Smedvig ကုမ္ပဏီမှ မိုဟာမက် (Mohammad), ပီတာ (Peter) နှင့် SBM မှ ဘေလ် (Bill Paterson) တို့ ဖြစ်ပါသည်။ သူတို့နှင့် တွဲလုပ်ရသော သင်္ဘောများမှာ Yetagun FSO, West Menan FSO, FPSO VI နှင့် FPSO Falcon တို့ ဖြစ်၏။
သည် project များမှာ အသစ်ဆောက်သော သင်္ဘောများဖြစ်သဖြင့် နှစ်နှင့်ချီပြီး လုပ်ရသည်။ Inspection ပေါင်းများစွာ လုပ်ရသဖြင့် သူတို့နှင့် လူချင်း ခင်မင်နေပြီ ဖြစ်ပါသည်။ မိုဟာမက် မှာ ၀၀ကြီးဖြစ်၏။ ကျွန်တော့်ကို မကြာခဏ ပညာစမ်းသည်။ သူနှင့် inspection လုပ်ရပြီ ဆိုလျှင် သူစစ်တာက နည်းနည်း ကျွန်တော်ဖြေရသည်က များများဖြစ်ပါသည်။ သို့သော် ကျွန်တော်နှင့် သူ အလွန် အစပ်တည့်သည်။ ကျွန်တော်ကလည်း သူ့ကိုခင်သလို သူကလည်း ကျွန်တော့်ကို သဘောကျပါသည်။ ကိုယ်ကိုင်ရမည့် system တစ်ခုလုံးကို လေ့လာထားသဖြင့် သူမေးတာ ကျွန်တော် အကုန်လိုလို ဖြေနိုင်ပါသည်။ တစ်ခါတစ်ရံ logic သုံးဖြေရတာတောင် ရှိပါသည်။
သင်္ဘောမှ ပိုက်လိုင်းများကို လိုက်စစ်ရတာ လွယ်သည့်အလုပ် မဟုတ်ပါ။ အပေါ်တက်လိုတက်ရ၊ အောက်ဆင်းလိုဆင်းရ၊ Tank ကြီးများထဲ ၀င်လိုဝင်ရ၊ အခန်းကျဉ်းကျဉ်းကလေးများထဲ လေးဖက်တွား ၀င်လိုဝင်ရနှင့် အင်မတန် ပင်ပန်းပါသည်။
တစ်နေ့ မိုဟာမက်နှင့် ကျွန်တော် သင်္ဘောပေါ်တက်ကာ ထုံးစံအတိုင်း ပိုက်လိုင်းများ လိုက်စစ်သည်။ ကျွန်တော်က လူကောင် သေးသဖြင့် သိပ်မပင်ပန်းဘဲ သွားလာနိုင်၊ တက်နိုင်ဆင်းနိုင်သည်။ မိုဟာမက်ကတော့ သူ့ခန္ဓာကိုယ်ကြီး သယ်နေရတာနှင့် မြန်မြန် မတက် နိုင်။ အတော်ကြာကြာ စစ်ဆေးပြီးသောအခါ ကျွန်တော်တို့ ခေတ္တနားပါသည်။ ထိုအခါ သူက ကျွန်တော်တို့ စစ်ဆေးနေသော လိုင်းမဟုတ် သည့် အနားမှ တိုင်ကီတစ်ခုကို ညွှန်ပြကာ ဒါဘာလဲ ဟု မေးပါသည်။ ကျွန်တော်က accumulator ပါ ဟု ဖြေ၏။ ဘာလို့တပ်ထားသလဲကွာ ဟု ဆက်မေး၏။ ဒါ compressed air လိုင်းဖြစ်တယ်။ ဒီလေကို service air နဲ့ instrument air တွေအတွက် သုံးတယ်။ ဒီတော့ သုံးမဲ့ tools and equipment တွေနဲ့ instrument တွေဆီ ရေငွေ့တွေမရောက်အောင် လေထဲပါလာတဲ့ ရေငွေ့တွေ ထုတ်ပစ်ဖို့လိုတယ်။ အဲဒီတိုင်ကီဟာ ဒီရေငွေ့တွေကို ထုတ်ပေးတဲ့ တိုင်ကီပဲ။ ဟောဟိုက ပိုက်ကနေ ချွေးတွေကို ဖောက်ချတယ် ဟု ဖြေလိုက်သောအခါ သူ အတော် သဘောကျ သွားပါသည်။ ဤလိုင်းမှာ ကျွန်တော်တို့ စစ်သည့်အထဲ မပါပါ။ သူက သက်သက် ပညာစမ်းတာ ဖြစ်ပါသည်။
နောက်နေ့ကျတော့ ခေါက်ဆွဲခြောက်များ၊ inspection လုပ်ရာတွင်သုံးသည့် လက်နှိပ်ဓါတ်မီး အသေးတစ်လက် ပေးပါသည်။ မိုဟာမက်ပေးသော ထို လက်နှိပ်ဓါတ်မီးမှာ ကြာကြာမခံပါ။ သင်္ဘောပေါ် ပိုက်လိုင်းစစ်ရန်သွားစဉ် ငြမ်းစင်ပေါ်အတက်၌ ဘောင်းဘီအိတ် ထဲမှ အောက်သို့ထွက်ကျ၏။ အသံကြားသဖြင့် ကျွန်တော်ဆင်းရှာပါသေးသည်။ သို့သော် သူခိုးများ မည်မျှလျှင်သနည်း ဆိုလျှင် ကျွန်တော်အောက်သို့ရောက်သောအခါ ဓါတ်မီးကို ရှာမတွေ့တော့ပါ။ လူပေါင်းများစွာ အလုပ်လုပ်နေသဖြင့် မည်သူယူသွားမှန်း သိရန် မလွယ်ပါ။ စိတ်မကောင်းစွာနှင့် လက်လျှော့လိုက်ရပါသည်။
ထို့ပြင် ကျွန်တော်က ပန်းချီဆွဲတာ ၀ါသနာပါမှန်းသိတော့ သင်္ဘောပန်းချီပုံများနှင့်ထုတ်ထားသည့် ပြက္ခဒိန်တစ်ခုလည်း နောင်တွင် မိုဟာမက်က ကျွန်တော့်ကို လက်ဆောင်ပေးသေးပါသည်။ ပန်းချီကားများမှာ စက္ကူအကောင်းစားပေါ်တွင် ရိုက်ထားသည်သာမက ရေဆေး ကားများဖြစ်ပြီး လက်ရာလည်း အလွန်ကောင်းပါသည်။ ထိုပန်းချီကားများအတွက် မိုဟာမက်ကို ကျွန်တော် အလွန်ကျေးဇူးတင်သွားပါသည်။ ထို့ကြောင့်ပင် ခုထိ သူ့ကို မမေ့မလျော့ မှတ်မိနေခြင်း ဖြစ်ပါသည်။
အမှန်ဆိုရလျှင် အထက်ပါ သူမေးသည့်မေးခွန်းအတွက် ကျွန်တော် ဖတ်မှတ်ထားတာ မဟုတ်ပါ။ သို့သော် ဤလိုင်းမှာ compressed air line ဖြစ်သည်၊ ဤ တိုင်ကီမှာ accumulator မှန်း ကျွန်တော်သိပါသည်။ ကျွန်တော်ဖတ်မှတ်လေ့လာထားသော ဗဟုသုတနှင့် engineering sense ပေါင်းကာ ဖြေလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်နှင့်ရင်းနှီးကာ မှတ်မိနေသော owner rep. နောက်တစ်ဦးမှာ ပီတာ ဖြစ်ပါသည်။ သူက ခပ်ပျော်ပျော်သမား။ သူကမေး၍ ကျွန်တော်မသိလျှင် သူက ကာနီနာ ဟု ဆဲကာ သေသေချာချာ ရှင်းပြပါသည်။ ကျွန်တော်ကလည်း သိချင်တာတွေများသဖြင့် သူ့ကို မကြာခဏ မေးပါသည်။ ထိုအခါ သူက ASME စာအုပ်ကြီးကို ညွှန်းပါသည်။ မင်းသိချင်တာတွေ အကုန်အဲဒီစာအုပ်ထဲမှာပါတယ် ဟု ဆိုပါသည်။ ကျွန်တော်လည်း စာအုပ်ကို မရမက တောင်းပါသည်။ သို့သော် Jie Tong မှ မြန်မာတစ်ဦးက ကျွန်တော့်ထက် လက်ဦးပါသည်။ ပီတာက ငါ သူ့ကိုပေးထားတယ်။ သူဆီမှာ တောင်းချေ ဟု ဆိုပါသည်။
ကျွန်တော်တို့ရုံးခန်းနှင့် Jie Tong ရုံးခန်းမှာ မဝေးလှ။ လှမ်းအော်လျှင်ပင် ကြားရပါသည်။ ကျွန်တော်တို့ ကန်ထရိုက်တာများကို တန်းလျားကဲ့သို့ အဆောက်အဦကြီးတစ်ခုတွင် စုထားသည်ဖြစ်ရာ Keppel Inhouse Contractor အားလုံး တစ်နေရာထဲတွင် စုနေကြသည် ဖြစ်ရာ အထွေအထူးသွားနေစရာမလို။ ထိုသူ့ကိုလည်း ကျွန်တော် ကောင်းကောင်းသိပါသည်။ မသိစရာမရှိ။ သူလည်း ကျူစီ, ကိုယ်လည်း ကျူစီဖြစ်၍ ကျူစီအချင်းချင်း အားလုံးလိုလို သိနေကြပါသည်။ သူလည်း RIT ကျောင်းဆင်းပင် ဖြစ်ပါသည်။ ဧရာဝတီတိုင်းသားပင် ဖြစ်၏။
မြန်မာစိတ်ဓါတ်များ ပြောပါတယ်။ ထို ASME စာအုပ်ကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ၊ အကြောင်းမရှိပဲ တမင်သက်သက် သူ့ဆီသွား၍ တစ်မျိုး၊ လမ်းတွင်တွေ့သည့်အခါ တစ်ဖုံ ထိုသူ့ထံ ကျွန်တော်တောင်းပါသည်။ ဟိုလိုပြောလိုက်၊ သည်လိုပြောလိုက်နှင့် အကြောင်းအမျိုးမျိုးပြကာ မပေးပါ။ ကျွန်တော် Keppel မှ ထွက်လာသည့်တိုင် ဤစာအုပ်မရခဲ့ပါ။ သို့သော် နောက်ပိုင်းတွင် အသိတစ်ယောက်ထံမှ ရပါသည်။ အလွန်ပဲ့လှသော ကျွန်တော်တို့လူမျိုး စိတ်ဓါတ်ဖြစ်ပါ၏။
(၁၃) ပါးနပ်ခြင်း အလွန်အရေးကြီးပုံ
Fit-up inspection ပြီးသောအခါ ဂဟေဆော်ရန် welding ဖိုမင်သို့ အကြောင်းကြားရပါသည်။ သိပ်တော့ အထူးလုပ်စရာလိုသည် မဟုတ်ပါ။ Fit-up inspection လုပ်ပြီးပြီးချင်း ပိုက်ရှော့တွင် အလုပ်လုပ်နေသည့် ဖိုမင်သို့ ဒါတွေ ဒါတွေ ဂဟေဆော်လို့ရပြီဟေ့ ဟု ပြောလိုက်ရုံ ဖြစ်ပါသည်။ သူတို့ ဂဟေဆော်ပြီးမပြီး အမြဲ လေ့လာနေရန် လိုပါသည်။ ဂဟေဆော်ပြီးသည်နှင့် Fit-up inspection တုံးကလို ပိုက်အဆက်များကို မျက်မြင်စစ်ဆေးရန် visual inspection request တင်ရပါသည်။
ကျွန်တော်တို့ ကျူစီများအလုပ်မှာ ပိုက်စနစ်တစ်ခုကို ဤကဲ့သို့ အဆင့်လိုက် ကျကျနန လုပ်သွားရန် ဖြစ်ပါသည်။ အဆင့်ကျော်လို့ မဖြစ်။ ဒါပြီးမှ ဒါလုပ်ရမည် ဆိုလျှင် လုပ်ကိုလုပ်ရမည်။ ဘာညာကွိကွ ဆင်ခြေဆင်လက်ပေးလို့မရ။ ကွိသွားမည်။ ဖြစ်နိုင်လျှင် သူတို့ဆော် ထားသော အဆက်များကို ကိုယ်ကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ပါ။ ဒါကလည်း အပြောသာလွယ်သည်။ တကယ်တမ်းကျတော့ ကျွန်တော်တို့မှာ အလွန်အလုပ်ရှုပ်သဖြင့် သွားမကြည့်နိုင်ပါ။ စာရွက်စာတမ်းတွေ ပြင်ရတာက တစ်မျိုး။ သင်္ဘောပေါ် ပြေးတက်ရတာက တစ်မျိုး၊ သည်ကြားထဲ ကျူစီစည်းဝေးပဲလို၊ ရက်တိုသင်တန်းလိုမျိုးတွေကလည်း သွားရသေးသည်။
သည်တော့ ပိုက်ဆက်များ ဂဟေဆော်ပြီးသည်နှင့် visual inspection request တင်ရသည်။ တင်သည်ဆိုသော်လည်း မတင်မီ လိုအပ်သည့် စာရွက်စာတမ်းများ အကုန်စုံအောင် ပြင်ထားရသည်။ ဂဟေဆော်သူ၏ နံပါတ် (Welder No.), ဂဟေဆော်သည့် နည်းစနစ် (Welding Procedure Specification) စသည့် လက်မှတ်များယူ၊ Traceability record ထဲတွင်ဖြည့်။ ပိုက်ဆက်များကို ဂဟေဆော်ပြီး နောက် ကျောက်စက်တိုက် (grinding) သင့်တာတိုက်၊ wire brush ဖြင့် သန့်ရှင်းရေး လုပ်သင့်တာလုပ် စသည်တို့ လုပ်ထားမထားလည်း ကြည့်ရပါသည်။ သို့မှ စစ်ဆေးသည့်အခါ မျက်နှာကောင်းရမည်။ လုပ်တာက အလုပ်သမားတွေလုပ်တာ ဖြစ်ပေမင့် ဆဲလျှင် သူတို့ကို ဆဲမှာ မဟုတ်။ ကိုယ်ပဲ အဆဲခံရမည်။ အဆက်မကောင်းလျှင် welding foreman ကို ပြင်ဘို့ပြောရမှာ ကျူစီတွေရဲ့တာဝန်။ သည်တော့ အဆက် မကောင်း ဆိုလျှင် ဂဟေဆော်သူ အထောင်းခံရမှာ မဟုတ်။ ကျူစီတွေပဲ ခေါင်းကြိမ်းမည်။
သည်နေရာတွင် ကိုယ်က ပါးဘို့လိုသည်။ ဘယ့်နဲ့၊ paper work တွေလည်း ပြင်ရသေး။ သင်္ဘောပေါ်လည်း ပြေးရသေး။ တော်ကြာ ပစ္စည်းလိုလို့ လုပ်ပေးပါဦး ဆိုလည်း ကျွန်တော်တို့ပဲ စတိုသွားထုတ်။ လိုတဲ့ လက်မှတ်တွေ အပြည့်အစုံရအောင်လည်း အပြေးအလွှားရှာ။ သည်ကြားထဲ သည်အဆက်တွေ အကုန်လိုက်စစ်ကြည့်ရမယ်ဆို သေ သေရချည့်။
သည်တော့ လည်လည်ဝယ်ဝယ် ကုလားလေးတစ်ယောက်လောက် လူယုံမွေးထားဘို့လိုသည်။ Tellus တွင် ကျွန်တော် ဆုံခဲ့ရသည်မှာ ဟာနီစူး ဆိုသည့် ကုလားကလေး ဖြစ်ပါသည်။ သည်ကုလားကလေးက ကျွန်တော်တို့ထက် အတော်ကြီး နောက်ကျပြီးမှ ရောက်လာသည်။ သူက အတော့်ကိုလည်သည့် ကုလားကလေးဖြစ်ပါသည်။ နေရာတကာ စပ်စပ် စပ်စပ် ပါသည်။ သည်တော့ သူမသိတာ မရှိ။ နောက်ပြီး အတတ်မြန်သည်။ ကျွန်တော်ကတော့ သူ့ကို အလွန်သဘောကျပါသည်။ သူ့ကို လဖက်ရည်လေးဘာလေးတိုက်ကာ ပေါင်းထားရသည်။
ပိုက်ရှော့တွင် မည်သည့် spool များ စစ်ဆေးရန်အဆင်သင့်ဖြစ်နေပြီလဲ။ ကိုယ်တိုင်သွားကြည့်စရာမလို။ ဟာနီစူးကို မှာထားလို့ ရသည်။ ဟာနီစူးကလည်း စိတ်ချရပါသည်။ spool များ အားလုံးအဆင်သင့် ဖြစ်ပြီဆိုသည်နှင့် ရေဒီယို (walkie talkie) နှင့် လှမ်း အော်လိုက်သည်။ သည်တော့မှ ကိုယ်က စက်ဘီးကလေးနှင့် အပြေးအလွှားသွားကာ သေချာအောင် တစ်ချက်လောက် ထပ်ကြည့်ပြီး စာရွက်စာတမ်းကိစ္စများ လုပ်ရုံဖြစ်သည်။
သည်ကဲ့သို့ပင်၊ fit-up inspection ပြီးသွားပါကလည်း သည် spool များကို ဟာနီစူးလက် အပ်လိုက်ရုံဖြစ်သည်။ သူက သူ့ဟာသူ ကြည့်လုပ်သွားလိမ့်မည်။ ကျွန်တော်က နဂိုကတည်းက အဆက်များ ဂဟေဆော်ပြီးပါက သန့်ရှင်းရေးပါလုပ်ထားရန် ဟာနီစူးကို မှာထား လိုက်သည်။ ဟာနီစူးက သူ့အပေါင်းအဖော် ကုလားကလေးများကို ခေါ်ကာ ဟေ့ကောင်တွေ ဒါတွေဒါတွေလုပ်ဟု ညွှန်ကြားသည်။
သိပ်မကြာလိုက်ပါ။ ဟာနီစူး ယူနီဖောင်း အဖြူ ဖြစ်သွားသည်။ ပါးနပ်ခြင်း၊ သွက်လက်ချက်ခြာခြင်း၊ အလုပ်အပေါ် စိတ်ဝင်စား ခြင်း တို့၏ ရလဒ်ပါတည်း။ သည်လိုလူမျိုးကို အဖြူဝတ်ပေးခြင်းအတွက် ကျွန်တော် ၀မ်းသာပါသည်။ ကြီးကျယ်သော စူပါဗိုက်ဆာများကို ခိုင်းရတာ အင်မတန် လက်ပေါက်ကပ်သည်။ စိတ်ညစ်ရသည်။ ကျွန်တော်တို့က စစ်ဆေးရေးလုပ်ချင်လို့ ဒါလေး ကျောက်စက်တိုက်ထား စမ်းပါ ဆိုသည့်တိုင် လုပ်ချင်မှ လုပ်သည်။ တစ်ရက်နှင့်မပြီး။ နှစ်ရက်နှင့်မပြီး။ ဟာနီးစူးကျတော့ စိတ်ချရသည်။ ဟာနီစူးရေ့၊ ဒါလေး လုပ်ပေးစမ်းပါကွာ ဆိုသည်နှင့် သူ့လူများကိုခေါ်ကာ ချက်ခြင်းလုပ်ပေးသည်။ ဘာမှ ချေးမများ။
သည်တော့ သူနှင့်အတူလာသူ ကုလားလေးတွေ ကျောက်စက်တိုက်၊ ပိုက်လုံးကြီးများ မ, နေချိန်တွင် ဟာနီစူးမှာ ရေဒီယိုတစ်လုံး နှင့် လိုအပ်သည်များကို ညွှန်ကြားနေလေပြီ။ နောက်ပြီး လခလည်း တိုးသွားပါသည်။ အတုယူစရာပင် မဟုတ်ပါလော။
ယူနီဖောင်းအဖြူ ဆိုလို့ သင်္ဘောကျင်းများတွင် သူ့အဆင့်နှင့်သူ အိုဗာအော ဘွိုင်လာစွပ်ကြီးများ (Overall) အရောင်၊ ခမောက် (Helmet) အရောင် ခွဲထားပါသည်။ ဆူပါဗိုက်ဆာနှင့်အထက် က အဖြူရောင် အိုဗာအောများဝတ်ရသည်။ Keppel မှ ကျူစီများက ခဲရောင် ၊ သာမန် အလုပ်သမားများကတော့ အပြာရောင် ၀တ်ရသည်။ Smedvig က မိုဟာမက်တို့ကျတော့ အနီရဲရဲ ဖြစ်၏။
ခမောက်ကိုလည်း သူ့အဆင့်နှင့်သူ အရောင်ခွဲထားသည်။ ဆူပါဗိုက်ဆာနှင့်အထက်က အဖြူရောင်၊ သာမန်အလုပ်သမားများက အ၀ါရောင်၊ Safety များကျတော့ အပြာရောင်၊ ပစ္စည်းများ ချီမ,ရာတွင် လုပ်ရသည့် ကြိုးချည်သူ (Rigger) နှင့် အချက်ပြသူ (Signaler) များ ကျတော့ အနီရောင် ဆောင်းရသည်။ သို့အတွက် ၀တ်ထားသည့်အ၀တ်နှင့် ခမောက် အရောင်ကို ကြည့်လိုက်သည်နှင့် သူ ဘယ်အဆင့် ဆိုတာ မှန်းနိုင်သည်။
ထို့ပြင် ထိုသူ မည်သည့်ကုမ္ပဏီမှဖြစ်ကြောင်း သိနိုင်စေရန် အိုဗာအောများတွင် တံဆိပ်ရိုက်ထားရသည်။ သင်္ဘောကျင်းထဲတွင် အခြားအ၀တ် ၀တ်လို့မရ။ ကုမ္ပဏီတံဆိပ်နှင့်အင်္ကျီသာ ၀တ်ရသည်။ သည်တွင် ပြဿနာတစ်ခုရှိသည်။ ကျွန်တော်တို့ကို ထုတ်ပေးထားတာ နှစ်စုံလား၊ သုံးစုံလား၊ မမှတ်မိတော့ပါ။ နှစ်စုံ ထင်သည်။ သည်နှစ်စုံကို ချေးသပတ်လိုက်အောင်၊ ဒုံးပေကတ်သတ် ၀တ်ရသည်။ နောက်ပြီး နေ့တိုင်းလျှော်ဘို့ဆိုတာ မလွယ်။ အလုပ်လုပ်လို့ ပင်ပန်းသည်က တစ်ကြောင်း။ သည်အ၀တ်ကြီးက အင်္ကျီရော ဘောင်းဘီပါ တွဲထားသည် ဖြစ်ရာ အလေးကြီးဖြစ်၏။ မိုးများ စွေနေလျှင် တော်တော်နှင့် မခြောက်နိုင်။
(၁၄) ပိုက်ဆက်များကို ဓါတ်မှန်ရိုက်စစ်ခြင်း
ပိုက်အဆက်များကို ဂဟေဆော်ပြီးလျှင် အဆက်များကောင်းမကောင်း မျက်မြင် စစ်ဆေးရသည်။ ဂဟေဆော်သည် ဆိုတိုင်းလည်း ကြုံရာလူ ၀င်ဆော်လို့မရ။ သက်ဆိုင်ရာစာမေးပွဲကို အောင်ပြီးကြောင်းလက်မှတ်၊ ထိုလက်မှတ်အရ သင်္ဘောကျင်းက ဂဟေဆော်သူ ဆိုပြီး welder no. နှင့် တကွ ကဒ်ပြားထုတ်ပေးထားသူ ဖြစ်ရမည်။ Traceability မှတ်တမ်းထဲ စာရင်းသွင်းသည့်အခါ ထို ဂဟေသမား၏ နံပတ်ပါ ထည့်ရသည်။ ဆိုလိုသည်မှာ ထိုပိုက်အဆက် တစ်ခုခုဖြစ်လျှင် ထိုအဆက်ကို မည်သူဆော်ထားသနည်း ဟု နောက်ကြောင်းပြန် ခြေရာခံနိုင်စေရန် ဖြစ်သည်။ ထို့အပြင် သတ်မှတ်ထားသော ဂဟေဆော်နည်းစဉ် (WPS – Welding Procedure Specification) အတိုင်း ဆော်ရသည်။ ထို WPS ထဲတွင် မည်သည့် ဂဟေချောင်းဖြင့် ဆော်ရမည်။ မည်သည့် အနေအထားဖြင့် ဆော်ရမည်။ ဂဟေဆော်သည့် အမ်ပီယာ၊ ဗို့အား စသည် အားလုံး အသေးစိတ် ဖော်ပြထားသည်။
ကျွန်တော်တို့၏ welding foreman မှာ ကိုလိုး (Koloe) (တရုတ်) ဖြစ်သည်။ အလွန်သဘောကောင်းပါသည်။ ဂဟေဆော်လည်း အလွန်တော်သည်။ ထို့ပြင် ကျွန်တော်တို့ ကုမ္ပဏီတွင် အလွန် ဂဟေဆော်ကောင်းသော တရုတ်ကြီးနှစ်ယောက် ရှိသည်။ အရင်တုံးကတော့ မှတ်တမ်းထဲ နေ့တိုင်းလို ဖြည့်နေရသည်ဖြစ်ရာ သူတို့နာမည်နှင့် နံပါတ်ကို အလွတ်ရသည်။ ခုတော့ မေ့ကုန်ပြီ။ ထို့ပြင် ဘန်းဂလားဖိုမင် ကုလားကြီး တစ်ယောက်လည်း ရှိသေးသည်။ S.K. Alam ဟူ၏။ အသက်ကြီးပါပြီ။ အသက်ကြီးသဖြင့် စိတ်လည်းရှည်သည်။ ဂဟေဆော် တာ အလွန်သပ်ရပ်သည်။ ကျွန်တော်တို့ကို low levy ဖြေရန် အတင်း ဂဟေဆော်လေ့ကျင့်ခိုင်းတုံးက သင်ပေးသူမှာ သူပင် ဖြစ်သည်။
Visual inspection မျက်မြင်စစ်ဆေးပြီးသည်နှင့် ပိုက်များကို သတ်မှတ်ထားသော ရာခိုင်နှုံးအလိုက် စမ်းသပ်ရသည်။ ဤနေရာတွင် ပိုက်အဆက်များ စမ်းသပ်ပုံစမ်းသပ်နည်း အချို့ကို ဗဟုသုတအဖြစ် အနည်းငယ် ဖော်ပြပါမည်။
မျက်စိဖြင့် ပိုက်အဆက်များကို ကောင်းမကောင်း စစ်ဆေးခြင်းသည် အပေါ်ယံကိုသာ ကြည့်လို့ရသည်။ အထဲမှာ ဘာဖြစ်နေသည် ကိုမသိရ။ သို့အတွက် ပိုက်အဆက် အသားထဲမှ ပြစ်ချက် အနာအဆာများကို စစ်ဖို့ ပိုက်အဆက်ကိုလည်း မပျက်စီးစေသော စစ်နည်း (NDT – Non Destructive Testing) ဖြင့် စမ်းရသည်။
NDT တွင် စမ်းသပ်နည်း များစွာရှိသည်။ သို့သော် အများသုံးနည်းများမှာ ၁။ သံမှုန်များဖြင့် အက်ရာရှာခြင်း (MPI – Magnetic Particle Inspection)၊ ၂။ ဓါတုဆေးရည်ဖြင့် အက်ရာရှာခြင်း (Liquid Penetrant Testing)၊ ၃။ ဓါတ်မှန်ရိုက်ခြင်း (Radio Graphic Inspection) (X-Ray or Gamma Ray)၊ ၄။ ကြိမ်နှုံးမြင့်အသံလှိုင်းဖြင့် စမ်းခြင်း (Ultrasonic Testing) တို့ဖြစ်သည်။
MPI ဟူသည် ပိုက်အဆက်ပေါ် သံမှုန်ကလေးများ ဖြူးလိုက်ကာ ပိုက်အဆက်ကို သံလိုက်ဓါတ်ပေးလိုက်ခြင်းဖြင့် ပိုက်အဆက်တွင် အက်ရာရှိမရှိ စမ်းသပ်သောနည်းဖြစ်သည်။ အကယ်၍ အဆက်တွင် အက်ရာရှိခဲ့ပါက သံမှုန်ကလေးများသည် အက်ရာတစ်လျှောက် သွားစုနေသဖြင့် အက်ရာကို အလွယ်တကူ ရှာနိုင်သည်။ သို့သော် MPI က မျက်နှာပြင်ပေါ်မှ အက်ရာကိုသာ စမ်းနိုင်သည်။
Liquid Penetrant Test မှာလည်း အလားတူပင် ဖြစ်ပါသည်။ ဓါတုဆေးရည်များကို ပိုက်အဆက်ပေါ်လောင်းချလိုက်ခြင်းဖြင့် ထိုဆေးရည်များက မည်သည့်နေရာတွင် အက်နေသည်ဆိုခြင်းကို ဖော်ပြပေးသည်။ ထိုနည်းမှာလည်း မျက်နှာပြင်ပေါ်မှ အက်ရာကိုသာ စမ်းနိုင်သည်။
ပိုက်ဆက် အသားအတွင်းမှ အနာအဆာများကို စမ်းဘို့ကျတော့ ခုန နှစ်နည်းနှင့် မလုံလောက်။ ဓါတ်မှန်ရိုက်ကြည့်ရသည်။ လူများ၏ အတွင်းကလီစာကို စစ်ဆေးဘို့ ဓါတ်မှန်ရိုက်သည်နှင့် အလားသဏ္ဍာန်တူပါသည်။ များသောအားဖြင့် ဂမ်မာရေး ကို သုံးသည်။
ပိုက်ဆက်အသားအတွင်းကို စစ်ဆေးသည့် နောက်တစ်နည်းမှာ အာထရာဆောင်း ဖြစ်ပါသည်။ ဤနည်းမှာလည်း လူများတွင် ရိုက်သော အာတရာဆောင်းနှင့် အတူတူပင်ဖြစ်ပါသည်။
သင်္ဘောသည် ပင်လယ်အတွင်း ခုတ်မောင်းမည်ဖြစ်ရာ ပိုက်အဆက်များကို ကောင်းမကောင်း သေချာအောင် စမ်းသပ် စစ်ဆေးရ သည်။ ဤကဲ့သို့ စမ်းသပ်ရာတွင် သက်ဆိုင်ရာ စနစ်များအလိုက် ရာခိုင်နှုံးများ သတ်မှတ်ပေးထားသည်။ ဥပမာ - ဆီတိုင်ကီထဲတွင် အပူပေး သော Heating Coil System ဆိုလျှင် ၀ပ်ရှော့တွင် ဂဟေဆော်သော အဆက်များအတွက် X-Ray 5%, သင်္ဘောပေါ်တွင် ဂဟေဆော်သော အဆက်များအတွက် X-Ray 10% စသဖြင့် ဖြစ်သည်။ အရေးကြီးလိုင်းဖြစ်လေ X-Ray ရိုက်ရသောအဆက် ပိုများလေ ဖြစ်သည်။
မည်သည့်အဆက်ကို မည်သည့်နည်းဖြင့် ဘယ်နှရာခိုင်နှုံးစစ်ရမည် ဆိုသည်ကို အင်ဂျင်နီယာဌာနက ဆုံးဖြတ်ပေးသည်။ ကျွန်တော်တို့ အလုပ်မဟုတ်။ သူတို့သတ်မှတ်ပေးထားသည့်အတိုင်း ကျွန်တော်တို့က ဂဟေဆော်ထားသော အဆက်များကို NDT စစ်ရန် request တင်ရသည်။ မိမိကိုင်နေသော စနစ်ကို မည်သည့် NDT, ဘယ်နှရာခိုင်နှုံး စသည်ကို မိမိက သိထားရသည်။
တကယ်ဖြစ်ရမှာက ဂဟေဆော်ထားသည့်အဆက်မှန်သမျှထဲမှ ကျပန်းကောက်ယူကာ သတ်မှတ်ထားသော ရာနှုံးအတိုင်း စစ်ရန်ဖြစ်သည်။ သို့သော် လက်တွေ့ကျတော့ သည်လိုလုပ်လို့မရ။ ပါးရည်နပ်ရည်ရှိဘို့ လိုသည်။ ကျွန်တော်ရောက်စက အထာမပေါက်။ နီးစပ်ရာ spool များ ကောက်ကက်တင်ပေးလိုက်သည်။ နောက်တော့ ပို့လိုက်သည့် အဆက်များ X-Ray fail (ဓါတ်မှန်စစ်ချက် ကျသည်) ဟု ပြန်လာသည်။ သည်တွင် ကောင်းကောင်း အထောင်းခံရတော့သည်။
NDT ဌာနမှ တာဝန်ခံမှာ အတီး (Ah Tee) ဆိုသူ တရုတ်အဖိုးကြီး ဖြစ်ပါသည်။ မျက်ခမ်းစပ်စပ်နှင့်။ စကားအင်မတန်များသည်။ ပို့လိုက်သောဂျိုင့်များ အိတ်စ်ရေးကျပြီဆိုလျှင် ကျွန်တော်မသက်သာ။ အတီး၏ အော်တာငေါက်တာ ခံရတော့သည်။ ဟင် - ကောင်လေး။ ဘာနားမလည်၊ ညာနားမလည်နဲ့။ မင်းမသိရင် ကိုလိုး (welding foreman) သွားမေးပါလားကွ၊ ဘာညာ နှင့် ဆူညံပွက်လောရိုက်နေပါ တော့သည်။
အဘယ်ကြောင့်ဆိုသော် ပိုက်ဆက်များကို ဂဟေဆော်ရန်မှာ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့်အတိုင်း လက်မှတ်ရ (Certified Welder) မှဖြစ်မည်။ သို့သော် ရာနှင့်ချီနေသော သည်ပိုက်ဂျိုင့်များကို ဂဟေဆော်ဘို့ရာ ကုမ္ပဏီတွင် လက်မှတ်ရ ဂဟေသမား အလုံအလောက်မရှိ။ သည်တော့ အနည်းအပါးဆော်တတ်သည့် ကုလားကလေးများကို ခိုး ဆော်ခိုင်းသည်။ ကျွန်တော်ပို့သည့် ပိုက်ဂျိုင့်များ တွင် ထိုကုလားလေးများ ဆော်ထားသော အဆက်များပါသွား၍ ကျခြင်းဖြစ်သည်။
မြန်မာပြည်က လူတွေကတော့ သည်လောက်အဖြစ်သည်း နေတာ ရီချင်ပါလိမ့်မည်။ သူတို့ကတော့ သံအရည်ပျော်ပြီး ဆက်သွား လျှင် ဂဟေဆော်တတ်သည်ဟု ယူဆထားသည်ကိုး။
ဂဟေဆော်တာ အတွေ့အကြုံ အလွန်အရေးကြီးပါသည်။ ကျကျနန မဆော်တတ်လျှင် ပိုက်ဂျိုင့်မှာ အမြင်အရ မည်မျှပင်ကောင်း နေစေကာမူ အတွင်းသားတွင် ပြဿနာရှိသည်။ ပူလွန်းသွားသဖြင့် ပိုက်သား စားသွားတာမျိုး၊ လုံလောက်သော penetration မရတာမျိုး၊ ပိုက်သားထဲ ချော်ရောသွားတာမျိုး၊ လေခိုတာမျိုး၊ အတွင်းဘက်တွင် ပူလွန်းသဖြင့် အက်သွားတာမျိုး စသဖြင့် အပြစ်အနာအဆာ အလွန် များပါသည်။ တော်ရုံလူ နားမလည်နိုင်ပါ။ (ကျွန်တော်ရေးသော ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်တွင် ဂဟေဆော်ခြင်းအကြောင်းပါ ထည့်ရေးထားရာ ဂဟေဆက်ကြောင်း၏ အပြစ်အနာအဆာများအကြောင်း အတော် ပြည့်ပြည့်စုံစုံလေး ထည့်ထားပါသည်။ ဤကား စကားချပ်။)
သည်လို အဆဲခံလိုက်ရတော့မှ ဘာလုပ်ရမလဲ နားလည်သွားပါသည်။ နောက်များတွင်မတော့ အထက်တွင် ကျွန်တော်ပြော ခဲ့သည့် အင်မတန်တော်လှသော welder ကြီးများကို သူတို့ဆော်ထားသည့် spool များကို သပ်သပ်ထားရန် မှာထားလိုက်သည်။ NDT အတွက် ပို့ရမည်ဆိုတော့ သည်spool များကိုသာ ပို့လိုက်သည်။ သည်တော့ ပို့လိုက်သည့် အဆက်တိုင်း အောင်။ အဆင့်ကိုပြေလို့။ အမှန်ဆိုလျှင် သည်လို လုပ်လို့ မရပါ။ ကျွန်တော်တို့ အကြံအဖန်လုပ်ခြင်းသာ ဖြစ်ပါသည်။ မတတ်နိုင်။ အိတ်စ်ရေးကျတိုင်းသာ ပြန်ဆော်နေရလျှင် တော်တော်နှင့် ခရီးရောက်မည် မဟုတ်။
လိုအပ်သည့် spool များကို NDT စစ်ဘို့ ပို့ထားစဉ် ကျန်သည့် spool အားလုံးကို ချေးချွတ် (blasting) ဖို့၊ ဆေးမှုတ် (painting) ဖို့ ပို့ရသည်။ ပိုက်များကို ချေးချွတ်ရာတွင် ချော်မှုန်ကလေးများအား ဖိအားဖြင့်လေ (compressed air) နှင့် မှုတ်ကာ ချွတ်ခြင်း ဖြစ်သည်။ ချော်မှုန်များ၏ အားသာချက်မှာ လေအားဖြင့်မှုတ်ပြီး ချေးချွတ်ပြီးသည့်တိုင် ဖုံများ ဖြစ်မသွားခြင်းပင် ဖြစ်ပါသည်။ Blasting မည်မျှ အားကောင်းသနည်း ဟူမူ သင်္ဘောကိုယ်ထည်တွင် ကပ်နေသည့် သံချေးအချပ်လိုက်ကြီးများကိုပင် ကွာကျသွားအောင် ပြင်းပါပေသည်။
ဤသို့ လေအားဖြင့် ပန်းကာ ချေးချွတ်လိုက်မှ ပိုက်တွင်ကပ်နေသည့် အညစ်အကြေးမှန်သမျှ ကွာကျသွားကာ သန့်စင်သွားသည်။ သို့မှ ဆေးသုတ်သောအခါ ဆေးမှာ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်နေမည် ဖြစ်သည်။ Blasting လုပ်ပြီးလျှင် ဆေးသုတ်ရသည်။ ဤတွင် ချေးချွတ်သည်၊ ဆေးသုတ်သည်ဆိုရာ၌လည်း သတ်မှတ်ထားသော စံနှုံး (specification) များအလိုက်လုပ်ရခြင်း ဖြစ်သည်။ သုံးရမည့် ချော် မှုန် အရွယ်အစား၊ လေဖိအား ပေါင်မည်မျှရှိရမည်။ ဆေးဆိုလျှင်လည်း primer coat, final coat, enamel paint စသဖြင့် မည်သည့် ဆေးကို ဆေးအလွှာ မည်မျှအထူ၊ ဘယ်နှစ်ထပ် သုတ်ရမည်၊ ဘာရောင် ဆိုသည်ကို သေသေချာချာ ဖော်ပြထားပါသည်။ Blasting & Painting လုပ်သည့် ကန်ထရိုက်တာ သပ်သပ်ရှိသည်။ သူတို့က ချေးချွတ်ခြင်းနှင့် ဆေးသုတ်ခြင်းကို အထူးလုပ်သည်။ တခြားဘာမှ မလုပ်။ ချေးချွတ်လိုသူ၊ ဆေးသုတ်လိုသူမှန်သမျှ သူတို့ဆီသွားရသည်။
သည်တွင် အရေးကြီးတာ တစ်ခုရှိပြန်ပါသည်။ ပိုက်များကိုဆင်ရာတွင် drawing အရဆင်ခြင်းဖြစ်သဖြင့် ဆင်ထားသည့် သည် spool သည် မည်သည့်ပုံ၊ မည်သည့်သင်္ဘောအတွက်၊ မည်သည့်စနစ်အတွက်၊ မည်သည့်နေရာမှ ပိုက်ဆိုသည်ကို သိရန် လိုပါသည်။ သည်သို့သိနိုင်ရန် လုပ်သမျှ spool ပေါ်တွင် spool no. များ ရေးမှတ်ထားရသည်။
အကယ်၍ မိမိရေးထားတာသည် သာမန် paint marker ဖြင့်သာဆိုပါက blasting & painting လုပ်လိုက်သည်နှင့် ထိုနံပါတ်များ အားလုံး ပျောက်သွားပါသည်။ ထိုအခါ အကြီးအကျယ် ပြဿနာတက်ပါတော့သည်။ ကုမ္ပဏီပေါင်းစုံမှ ရာဂဏန်းမျှသော ထို spool များအကြား သည် spool သည် မည်သည့်ပုံအတွက်၊ မည်သည့်သဘောင်္၊ မည်သည့် စနစ်၊ မည်သည့်နေရာအတွက် ဆိုသည်ကို မည်သူ သိနိုင်ပါမည်နည်း။ ရှာရန် မလွယ်တော့ပါ။ သေပြီဆရာဟု အော်ရုံမှတပါး ဘာမှ မတတ်နိုင်တော့ပါလေ။
သည်တော့ blasting & painting ပို့ရမည့် ပိုက်spoolများပေါ်တွင် spool no. များကို ဂဟေဆော်ကာ ရေးခိုင်းရပါသည်။ ဂဟေသားဖြစ်သဖြင့် မည်သို့မှ မပျောက်နိုင်တော့ပါလေ။
ဤသည်တို့မှာ ကျွန်တော်တို့လုပ်ခဲ့ရသော သင်္ဘောကျင်းကျူစီဘ၀ တစ်စိတ် တစ်ဒေသ ဖြစ်ပါသည်။ နောက်လတွင် စင်ကာပူတွင် ထိုစဉ်က ကျွန်တော်တို့မည်ကဲ့သို့ နေခဲ့ထိုင်ခဲ့ရသည်။ မည်သို့သော ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ကြရသည် ဆိုသည်များကို ဆက်လက် ရေးသားပါမည်။
No comments:
Post a Comment