Tuesday, June 29, 2010

ဆယ်ကုဋေသော ပူမှု

(၁)

လူတစ်ခု ပူမှုရယ်ကဆယ်ကုဋေ ဟု မြန်မာစကားပုံရှိပါသည်။ ထို ဆယ်ကုဋေထဲမှ သုံးခုလောက် ဝေမျှပါအံ့။
ပြီးခဲ့သည့် တနင်္ဂနွေ (၁၃-၆-၂၀၁၀) က မိတ်ဆွေတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ECC project တွင် လုပ်ခဲ့ဖူး သည်ဆိုသော မောင်ရင်ကလေး နှစ်ဦးနှင့် အချိန်းအချက်ပြုကာ မြန်မာတို့၏စုရပ် ပင်နင်စူလာ ပလာဇာတွင် တွေ့ဆုံ စကားစမြည် ပြောကြဆိုကြပါသည်။ သူတို့၏အပူမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စင်ကာပူမှ မြန်မာအများ ကြုံတွေ့ရတတ်သည့် အပူများစွာထဲမှ တစ်ခုဖြစ်၏။
အစ်ကိုရယ်၊ ကျွန်တော်တို့ကို ဒီ contract စာချုပ်ကြီးပေးပြီး အတင်းလက်မှတ်ထိုးခိုင်းနေတယ်။ မထိုးရင် ပြန်ပို့မယ်တဲ့။ ဒီအထဲရေးထားတာတွေက မတရားဘူးဆိုတာတော့ သိတယ်။ ဘာတွေ မတရား သလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ မသိဘူး။ အဲဒါ Shimizu က ဦး x x x က အစ်ကို့နံပါတ်ပေးလို့ လှမ်းဆက်လိုက်တာ - ဟုဆိုကာ သူတို့ကုမ္ပဏီမှ လက်မှတ်ထိုးရန် ပေးထားသော စာချုပ်ကို ပြပါသည်။
သူတို့က S Pass holder များ ဖြစ်၏။ စုစုပေါင်း ၇ ဦးဖြစ်သည်။ ကျွန်တော်လည်း ECC တွင် လုပ်ခဲ့သည့်အတွက် သူတို့ကုမ္ပဏီကို ကျွန်တော်သိခဲ့ဖူးပါသည်။ သို့သော် အကြောင်းစုံကိုတော့ ယခုမှသိရ ခြင်းဖြစ်၏။
Contract letter ကို ကျွန်တော်ဖတ်ကြည့်သောအခါ အချက်တော်တော်များများမှာ ဖောင်း ဖြစ်နေ၍ ကျွန်တော်က အကုန်လုံးကို မပြောပြနေပဲ သဘောလောက်သာပြပြီး ယူလာခဲ့သည့် ကျွန်တော့် စာအုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ကို ပေးလိုက်ကာ ဒုတိယပိုင်းက ဟောသည်စာမျက်နှာ တွေမှာ Foreign Workers Employment Act အကြောင်း ရေးထားတယ်။ သေသေချာချာဖတ်ပါ။ သည်တော့မှ ဘာတွေ မတရားလုပ်ထားသလဲ ကျကျနနသိမယ် ဟု ညွှန်းလိုက်ပါသည်။
Contract letter စာမျက်နှာ (၁) တွင် ရာထူးကို ဖော်ပြထားပြီး ထိုရာထူးနှင့်လျော်ညီစွာ အရည်အချင်းမပြည့်မီ၊ မလုပ်နိုင်သည့်အတွက် လက်ရှိလစာကို ပြန်လည်ညှိနှိုင်းမည်ဟု ဖော်ပြထားပါသည်။
စာမျက်နှာ (၂) တွင် လက်ရှိလစာကို ဖော်ပြထားပြီး လစာအသစ်ကိုလည်း ဖော်ပြထားပါသည်။ အမှန်ဆို လစာဟုပင် မခေါ်နိုင်ပါ။ လုပ်ခကို နာရီနှင့်ဖော်ပြထား၍ လုပ်ခ ဟုပင် ခေါ်ရမည် ဖြစ်ပါသည်။ S Pass ဆိုသဖြင့် သူ့လုပ်ခကို ကျွန်တော်တွက်ကြည့်သောအခါ Basic Pay S$650 ဖြစ်ကြောင်း တွေ့ရပါသည်။ (Basic Pay တွက်ပုံမှာ အကြမ်းဖျဉ်းအားဖြင့် တစ်ပတ်တွင် ပုံမှန်အလုပ်လုပ်ရသည့် နာရီပေါင်း ၄၄ နာရီ x တစ်လလျှင် ၄ ပတ် + ၂ ရက် (၁၆ နာရီ) = တစ်လလျှင် ၁၉၂ နာရီ x တစ်နာရီ လုပ်အားခ ဖြစ်ပါသည်။)
ပုံမှန်အလုပ်ချိန်ကို ၄၄ နာရီ ဟု ဖော်ပြထားသော်လည်း အလုပ်ရှင်က လိုအပ်၍ လုပ်ခိုင်းလျှင် ပုံမှန် အလုပ်ချိန် ၄၈ နာရီဖြင့် လုပ်ပေးနိုင်ရမည်ဟု ထပ်ဆောင်းဖော်ပြထားပါသည်။
အထက်ဖော်ပြပါ သာမန်အလုပ်ချိန် ၄၈ နာရီထက်ကျော်မှ အိုဗာတိုင်ဟု သတ်မှတ်မည် ဖြစ်ပြီး အိုဗာတိုင်ကို သာမန်လုပ်ခ၏ တစ်ဆခွဲ ဟု ဖော်ပြထားပါသည်။ ထို့ပြင် Sunday နှင့် public holiday နေ့များ တွင် ကုမ္ပဏီမှ လုပ်ခိုင်းပါက လုပ်ခ၏ တစ်ဆခွဲပေးမည်။ အလုပ်လုပ်လိုပါသည်ဟု အလုပ်သမားက တောင်း ဆိုလျှင် သာမန်လုပ်ခသာပေးမည် ဟုလည်း ဖော်ပြထားပါသည်။
ခွင့်ခံစားခွင့်ကို တစ်နှစ်ပြည့်သောအခါမှ ၇ ရက်ပေးမည်။ ခွင့်လိုချင်လျှင် ၁၄ ရက်တင်ကြို လျှောက်ထားရမည် ဟု ရေးထားပါသည်။
ကုမ္ပဏီမှကျခံမည့် ဆေးကုသစရိတ် (ဆေးခန်းသာ၊ ဆေးရုံတက်ခြင်းမပါ) ကို တစ်နှစ်လျှင် အများဆုံး ၂၀၀ ဟု သတ်မှတ်ထားပါသည်။
Probation period (အစမ်းခန့်ကာလ) ကို ၃ လ ဟုဖော်ပြထားပါသည်။
အကယ်၍ အကြောင်းတစ်ခုခုဖြင့် ပြန်အလွှတ်ခံရပါက ထိုအကြောင်းသည်လည်း အလုပ်ရှင် ကြောင့်မဟုတ်၊ အလုပ်သမားကြောင့်ဖြစ်ခဲ့ပါမူ ထိုအလုပ်သမား စင်ကာပူသို့လာလုပ်ရန် အလုပ်ရှင်က စီစဉ်ပေးရသည့်အတွက် နစ်နာစရိတ်ကို ကာမိရန် ဒါဏ်ငွေ S$ ၁၀၀၀ ကို အလုပ်သမားက ပေးဆောင်ရမည် ဆို၏။
အလုပ်သမား၏ ၀င်ငွေခွန်ပေးဆောင်ရန် တစ်လလျှင် S$၅၀ စီ ကုမ္ပဏီမှ ထိန်းသိမ်းထားမည်၊ income tax ပေး၍ ပိုသောငွေကိုမူ ကန်ထရိုက်စာချုပ်ပြည့်၍ မိမိတိုင်းပြည်သို့ ပြန်သောအခါတွင် ပြန်ပေးမည်ဆို၏။
Work Permit ဖြစ်စေ၊ S Pass ဖြစ်စေ၊ ပတ်စ်ပို့ကို အလုပ်ရှင်မှ သိမ်းထားမည်ဖြစ်ပြီး သက်တမ်း စေ့၍ မိမိတိုင်းပြည် ပြန်သောအခါမှ ပြန်ပေးမည်ဆို၏။

သို့ဆိုလျှင် အထက် စာချုပ်ပါ အချက်များကို ပြန်သုံးသပ်ကြည့်ကြပါစို့။

ပထမဦးစွာတွေ့ရသည်မှာ လခ ဖြစ်ပါသည်။
ကျွန်တော်က သူတို့ကို S Pass တစ်ဦးသည် လခ ၁၈၀၀ ရနိုင်ကြောင်း သိမသိမေးရာ သိသည် ဟု ဆိုပါသည်။ သို့နှင့်တောင်မှ ယခု အဘယ်ကြောင့် ၆၅၀ ဖြစ်နေရပါသနည်း ဟု မေးရာတွင် သူတို့က အောက်ပါအတိုင်း ရှင်းပြပါ၏။
သူတို့ (သူတို့ဆိုသည်မှာ S Pass ၇ ဦးဖြစ်ပါသည်။) အင်တာဗျူးစဉ်က work permit နှင့် ဗျူးခြင်း ဖြစ်သည်။ နောက်မှ သူတို့စာရွက်စာတမ်းများကို စစ်ဆေးပြီး ဘွဲ့ရသူများဖြစ်သဖြင့် လခမပြောင်းဘဲ S Pass တင်ပေးခြင်း ဖြစ်သည် ဆို၏။ စတင်ခန့်ထားစဉ်ကမူ သုံးလပြည့်လျှင် လခ ၁၀၀၀ ထိ တိုးပေးမည် ဟု ကတိ က၀တ်ထားရှိခဲ့သည် ဆိုပါသည်။ သို့သော် သုံးလပြည့်၊ ခြောက်လပြည့် နောက်ဆုံး တစ်နှစ်ပြည့်သည့်တိုင် လခ မတိုးပေး။ သူတို့ကတောင်းဆိုသောအခါ နှစ်ကုန်လျှင် လခတိုးပေးမည် ပြောပြီး တကယ်နှစ်ကုန်သော အခါ လခတော့ မတိုးပေး။ ဘောနပ်စ်သဘောမျိုး တစ်ဦးလျှင် ၃၀၀ စီ နှင့် နှစ်ဦး။ အခြား ၅ ဦးကိုမူ ၅၀ စီ ပေးသည်၊ သူတို့ လခတိုးတောင်းသည့်ကာလနှင့် မရှေးမနှောင်း ယခုစာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်း သည်၊ မထိုးလျှင် မြန်မာပြည်သို့ ဆိုင်းမဆင့်၊ ဗုံမဆင့် ပြန်ပို့မည် ဆို၏။
ဒုတိယအချက်မှာ သာမန်အလုပ်ချိန်ကို ၄၈ နာရီဟု သတ်မှတ်ခြင်း ဖြစ်သည်။
အလုပ်သမားတစ်ဦး၏ သာမန်အလုပ်ချိန်သည် တစ်ပတ်လျှင် ၄၄ နာရီ ဖြစ်သည် ဟု Employment Act အခန်း ၄၊ အပိုဒ် ၃၈(ခ) တွင် ဖော်ပြထား၏။ (စာမျက်နှာ ၁၂၃ - အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။
တတိယအချက် - Sunday နှင့် Public Holiday များတွင် အလုပ်လုပ်ခြင်းအတွက် အချိန်ပိုလုပ်ခ တစ်ဆခွဲသာပေးမည် ဟု စာချုပ်ထဲတွင် ဖော်ပြထား၏။
Sunday နှင့် Public Holiday များတွင် အလုပ်လုပ်ခြင်းအတွက် အချိန်ပိုလုပ်ခ နှစ်ဆပေးရမည် ဟု Employment Act အခန်း ၄၊ အပိုဒ် ၃၇၊ ၃ (ခ) တွင် ဖော်ပြထား၏။ (စာမျက်နှာ ၁၂၅ - အနာဂတ်တစ်ခု ဖန်တီး တည်ဆောက်ခြင်း)။
စတုတ္ထအချက်။ ခွင့်ခံစားခွင့်ကို တစ်နှစ်ပြည့်သောအခါမှ ၇ ရက် ပေးမည် ဆို၏။ Employment Act အခန်း ၄၊ အပိုဒ် ၄၃ တွင် အလုပ်ဝင်ပြီး သုံးလပြည့်ချိန်မှစ၍ တစ်နှစ်လျှင် ၇ ရက် ခွင့်ခံစားနိုင်သည်ဟု ဖော်ပြထား၏။ (စာမျက်နှာ ၁၂၅ - အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။
နောက်တစ်ချက်။ ကုမ္ပဏီမှကျခံမည့် ဆေးကုသစရိတ် (ဆေးခန်းသာ၊ ဆေးရုံတက်ခြင်းမပါ) ကို တစ်နှစ်လျှင် အများဆုံး ၂၀၀ ဟု သတ်မှတ်ထားခြင်း။ MOM website, Medical Insurance for S pass holder ကို ၂၀၁၀၊ ဇန္န၀ါရီလ ၁ ရက်နေ့မှ စကာ S$ 15,000 ဟု သတ်မှတ်လိုက်ပါသည်။ Employment of Foreign Manpower Act, Second Schedule, အပိုဒ် ၁၂ တွင် အလုပ်သမား၏ ဆေးကုသစရိတ်ကို အလုပ်ရှင်မှ ထောက်ပံ့ပေးရမည် ဟု ပြဌာန်းထားပါသည်။ သို့သော် ဘယ်ရွေ့ဘယ်မျှ ဆိုတာမပါ။ ထို့ပြင် ထိုဥပဒေ Fifth Schedule အပိုဒ် ၃ တွင်လည်း အလုပ်ရှင်သည် S Pass အလုပ်သမားတစ်ဦးအတွက် ဆေးကုသစရိတ်များကို ကျခံရမည်ဟုလည်း ပြဌာန်းထားပါသည်။ (အချို့ ကုမ္ပဏီများဆို ၂၀၀ တောင် မပေးပါ။ သူတို့ကမှ နည်းနည်းတော်သေးသည် ခေါ်ရမည်။)
အလုပ်သမား၏ ၀င်ငွေခွန်ပေးဆောင်ရန် တစ်လလျှင် S$၅၀ စီ ကုမ္ပဏီမှ ထိန်းသိမ်းထားမည်၊ income tax ပေး၍ ပိုသောငွေကိုမူ ကန်ထရိုက်စာချုပ်ပြည့်၍ မိမိတိုင်းပြည်သို့ ပြန်သောအခါတွင် ပြန်ပေးမည်ဆို၏။ - - - အလုပ်သမား၏ ၀င်ငွေခွန်ကို အလုပ်သမားကသာ ပေးဆောင်ရပါမည်။ ကုမ္ပဏီနှင့် မဆိုင်။ ဆိုင်သည်ဆိုလျှင်သော်မှ တစ်လမှ ၆၅၀ ရသောသူတစ်ဦးအဖို့ တစ်နှစ်ကို ဘယ်နည်းနှင့်မျှ နှစ်သောင်းမကျော်နိုင်။ တစ်နှစ်ဝင်ငွေ နှစ်သောင်းကျော်ရှိသူများမှသာ ၀င်ငွေခွန်ဆောင်ရန် လိုပါသည်။ (ရည်ညွှန်း - စာမျက်နှာ ၁၂၆ - ၁၃၁၊ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း)။ သို့အတွက် တစ်လ ၅၀ စုပေးထားသည်ဆိုခြင်းမှာ သည်အလုပ်သမား ထွက်ပြေး(သို့မဟုတ်) တစ်ခုခုလုပ်မှာစိုး၍ ချည်ထားသည့် သဘောဖြစ်နိုင်ပါသည်။ တမင်သက်သက် တောင်းရန်မကောင်းတတ်၍ အကြောင်းတစ်ခု ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
Workpermit သမားများကိုမူ မဆိုလိုပါ။ သို့သော် S Pass သမားများ၏ ပတ်စ်ပို့ကို လုံခြုံရေး အတွက် သူတို့သိမ်းထားရပါသည် ဆိုခြင်းမှာ မြန်မာပြည်ကြီး ချောက်ထဲကျတော့မှာမို့ ကျုပ်တို့က ကယ်တင်လိုက်ရပါသည် ဆိုသော ကယ်တင်ရှင်ကြီးများ၏ လေသံနှင့် တူနေပါသည်။
သူတို့က စာချုပ်ပါ အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးချင်သည်ဟု ဆိုသောအခါ အလုပ်ရှင်က မဆွေးနွေးနိုင်။ လက်မှတ်ထိုးမလား၊ လေယာဉ်လက်မှတ် ယူမလား။ သည်နှစ်လမ်းကိုသာ ရွေးပါဟု ပြောသည် ဆို၏။
သို့အတွက် ကျွန်တော်က သူတို့ကို အလုပ်ရှင်နှင့် ထိပ်တိုက်မတိုးရန်၊ MOM သွားပြီး အကျိုးအကြောင်းရှင်းပြရန် အကြံပေးလိုက်ပါသည်။ သူတို့အုပ်စု MOM သွားသောအခါ officer နှင့် တွေ့ရန် ရက်ချိန်းပေးလိုက်ပါသည်။ နာရီဝက်ဆွေးနွေးခွင့်ရမည်။ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ မိတ္တူဆွဲပြီး ယူခဲ့ပါဆို၏။
ကံဆိုးပုံတော့ မပြောချင်ပါ။ သူတို့ဆွေးနွေးခွင့်ရသည့် MOM officer မှာ အတွေ့အကြုံ နုနယ်သေးပုံရသည့် လူငယ်လေးတစ်ဦး ဖြစ်ရကား မင်းတို့ကိစ္စငါတို့ မတတ်နိုင်ပါ။ Foreign Manpower Management Division သို့သွားပါဟု တွန်းလွှတ်လိုက်ပါသည်။ သူတို့ ဒုက္ခသည်တစ်စုလည်း ခေါင်းငိုက်စိုက်နှင့် ပြန်ခဲ့ရသည်။
ဤသည်မှာ ထိုအုပ်စု ကြုံတွေ့ရသော အပူတစ်ခု ဖြစ်ပါ၏။ ဤကိစ္စမျိုး စင်ကာပူတွင် အလုပ်လုပ်နေသူတိုင်း ကြုံရတတ်သည်။ သို့အတွက် စာချုပ်ပေးတိုင်း ဘာမှန်းညာမှန်းမသိဘဲ ရမ်းသမ်း လက်မှတ်မထိုးမိလိုက်ကြစေရန် သတိပေးသောအားဖြင့် ဤစာကို ရေးပါသည်။ စွတ်ရွတ် လက်မှတ်ထိုးပြီးမှ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်နေလျှင် စာချုပ်မပြည့်မချင်း ခံပေရော့။

(၂)

စင်ကာပူ ဆိုသောကြောင့် သည်မျှ ပူနေသလား မသိ။ သို့ဆိုလျှင် “စင်ကာအေး” ဟုသာ နာမည်ပြောင်းဘို့ ကောင်းတော့သည်။ (ကျွန်တော်တို့အောက်ထပ်မျှ လေခပ်ထွားထွား အမျိုးသမီးကမူ “စင်ကာပူ ဆိုတာ မှားတယ်ကွဲ့။ အမှန်က “စင်ကာပေါ” ဖြစ်ရမယ်” - ဟု ကျွန်တော့်အမျိုးသမီးကို လက်ချာပေးနေတာ တစ်ခါက ကြားဖူးပါသည်။ မိတ်ဆွေတို့လည်း အပူများလျော့လိုလျှင် ထိုအမျိုးသမီးကဲ့သို့ “ပေါ” လိုက်ကြပါကုန်။)

ယခု တနင်္ဂနွေ (၂၀-၆-၂၀၁၀) နေ့တွင်မူ အခြားနှစ်ဦးနှင့် ဆုံတွေ့ပါသည်။ ထိုအနက် တစ်ဦးမှာ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးသည့် ရေဆင်းမှ ဖြစ်ပါသည်။ သူ့မိဘများက ကျွန်တော့်ကို ကောင်းကောင်းသိပါသည်။ ကျွန်တော့်အရွယ်နှင့်နှိုင်းယှဉ်ပါက တူသားအရွယ်လောက်သာ ရှိပါသေးသည်။ သူလည်း သူ့အပူနှင့်သူ ဖြစ်၏။ သူ့အပူကို အောက်ပါအတိုင်း ရင်ဖွင့်ပါသည်။

ကျွန်တော်က networking လုပ်ပါတယ်ဦး။ မြန်မာပြည်မှာကတည်းက ၃ နှစ်လုပ်ခဲ့ဖူးတာဆိုတော့ အလုပ် အတွက် ဘာမှ သိပ်အခက်အခဲ မရှိပါဘူး။ နောက်ပြီး ကျွန်တော်ဝါသနာပါတဲ့အလုပ် ဖြစ်လို့ လုပ်ရတာလည်း ပျော်ပါတယ်။ ကုမ္ပဏီက သိပ်မကြီးဘူး။ အားလုံးပေါင်းမှ လူလေးငါးယောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ မြန်မာအစ်မကြီး တစ်ယောက်လည်း ရှိသေးတယ်။ သူက NUS က M.Sc ပြီးတာ။ ဒါပေမဲ့ စာတွေ့ ပဲ ရှိတာ။ လက်တွေ့သိပ်မရှိဘူး။

ခက်တာက ဦးရဲ့။ သူဌေးမက လုပ်ငန်းအကြောင်း နားမလည်ဘူး။ ဒီတော့ ကျွန်တော်တို့လုပ်နေတာ သူမသိ ဘဲ ရမ်းရမ်းဟောက်နေတာ။ အရမ်း ဖိအားပေးတာ ကျွန်တော် မခံနိုင်ဘူး။ အရမ်းစိတ်ညစ်တယ်။ တစ်ခါ တစ်ခါ အလုပ်ကလုပ်ရင်း ပြဿနာတွေတက်တာက တစ်မျိုး၊ သူက တလစပ်နားပူနေတာကတစ်မျိုးနဲ့ ရူး တောင် ရူးချင်တယ်။

ဦးလဲ ကွန်ပြူတာသုံးနေတာ သိမှာပါ။ ကျွန်တော်တို့ အိုင်တီသမားဆိုတာ Hardware လုပ်ရတဲ့သူတွေလို မြင်ရတာ မဟုတ်ဘူး။ ကျွန်တော်တော့ အင်ဂျင်နီယာအလုပ်တွေ သေသေချာချာ နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်တော်စဉ်းစားမိသလောက် ပြောရရင် ဥပမာ စက်တစ်ခု ပြင်မယ် ဆိုပါတော့။ စက်ကြီးကို မြင်နေရတယ်။ ဘယ်အပိုင်းက ကောင်းမကောင်း လက်တွေ့မျက်စိနဲ့ စစ်ကြည့်လို့ရတယ်။ မကောင်းတဲ့အပိုင်းကို ကောက် ကက် လဲလိုက်လို့ရတယ်။

ဒါပေမဲ့ ကွန်ပြူတာကျတော့ မျက်စိနဲ့မြင်ရတာ မဟုတ်ဘူး။ တစ်ခါတစ်ခါ ပြဿနာတက်ရင် ခေါင်းအရမ်းစား တယ်။ ပြဿနာက လွယ်လွယ်နဲ့ ပြီးသွားရင်တော်ရဲ့။ တော်တော်နဲ့ မပြီးနိုင်ရင် ခုနက သူဌေးမက ဖုံးမကြာ ခဏခေါ်တော့တာပဲ။

ကျွန်တော်တို့က ရုံးတွေမှာ စက်တွေသွားဆင်ပေးရတယ်။ တစ်ခါတစ်လေ နှစ်နာရီ၊ သုံးနာရီနဲ့ ပြီးတယ်။ တစ်ခါတစ်လေ တစ်နေ့လုံးကြာချင် ကြာသွားတတ်တယ်။ တစ်ခါက ကျွန်တော် ရုံးတစ်ခုမှာ ကွန်ပြူတာ ၄ လုံး network သွားဆင်ပေးတော့ ဘုံသုံးတဲ့ printer တစ်လုံးကို လေးလုံးစလုံးနဲ့ ချိတ်သုံးတယ်။ သုံးလုံးကတော့ လွယ်လွယ်နဲ့ ဖတ်ပါရဲ့။ နောက်တစ်လုံးက printer ကို detect မလုပ်ဘူး ဖြစ်နေတယ်။ တော်တော်နဲ့မရဘူး။ ဒီမှာ လုပ်လို့မရလို့ ချွေးပြန်နေတုံး သူဌေးမက တစ်နာရီကို တစ်ခါ ဖုံးဆက်နေတယ်။ မပြီးသေးဘူးလား။ နင်တို့အဲဒီလိုလုပ်နေပုံနဲ့ ဘယ့်နဲ့လုပ် အလုပ်ဖြစ်မလဲ။ ဘာညာနဲ့ ဟိန်းလိုက်၊ ဟောက်လိုက်။ ဒါနဲ့ ကျွန်တော်တို့ဆီမှာ ဆယ်နှစ်လောက်လုပ်သက် ရှိနေပြီဖြစ်တဲ့ တရုတ်တစ်ယောက်ကို လွှတ်လိုက်တယ်။ အဲဒီကောင်လုပ်တာလည်း ညနေ ငါးနာရီသာထိုးသွားတယ် မပြီးဘူး။ နောက် သူ့သား လိုက်လာတယ်။ လုပ်တယ်။ မရဘူး။ ဒါပေမဲ့ သူ့သားနဲ့ အဲဒီ တရုတ်ကိုကျတော့ ဘယ်လိုမှမပြောဘဲ ကျွန်တော့်ကိုပဲ ဖိဟောက်နေတယ်။ ဦးပဲ စဉ်းစားကြည့်ပါဗျာ။ တရားသလားလို့။

နောက်ပြီး အလုပ်ချိန်ကလည်း သတ်သတ်မှတ်မှတ် ရှိတာမဟုတ်ဘူး။ မနက် ၈ နာရီ စတာဆိုပေမဲ့ ညနေ ၅ နာရီ ပြန်လို့ရတာ မဟုတ်ဘူး။ တစ်ခါတစ်လေ ည ၉ နာရီလောက်မှ ပြီးတယ်။ နောက်ပြီး ပြောလိုက်သေးတယ်။ လိုအပ်လို့ရှိရင် တနင်္ဂနွေပါ လာဆင်းပေးရမှာနော်တဲ့။ ဒါပေမဲ့ အလုပ်လုပ်ဖို့သာ ပြောတာ။ အဲဒီလို လုပ်တဲ့အတွက် လုပ်အားခတော့ allowance လေးဘာလေးပေးမယ်လို့ တစ်ခါမှ စိတ်မကူးမိဖူးဘူး။

ဒီကုမ္ပဏီနဲ့ ဘယ်လိုဆက်မိသလဲ လား။ ကျွန်တော် မြန်မာပြည်ကလာတုံးက visit နဲ့ လာတာ။ ဒီရောက်တော့ စလုံးအေးဂျင့်တစ်ခုနဲ့ ချိတ်မိပြီး သူရှာပေးတာ။ အလုပ်အပ်တော့ ၁၀၀၀ ပေးရတယ်။ အင်တာဗျူးတော့ ၁၀၀၀။ နောက် အလုပ်ရတော့ ၁၀၀၀။ စုစုပေါင်း ၃၀၀၀ ပေးရတယ်။ အေးဂျင့်ခ များမှန်းတော့ သိတယ်။ ဒါပေမဲ့ ကျွန်တော်က stay လည်း သိပ်မကျန်တော့လို့ လုပ်လိုက်ရတာ။ အဲဒီ အေးဂျင့်နဲ့ ကျွန်တော်ခုလုပ်နေတဲ့ ကုမ္ပဏီနဲ့က Building တစ်ခုထဲမှာ။ အပေါ်ထပ်၊ အောက်ထပ်။
ဆိုတော့ ကျွန်တော် အေးဂျင့်ကို သွားပြောတယ်။ မင်း ကြည့်လုပ်အုံး။ ငါ အလုပ်ချိန်အများကြီးဆင်းပေးရ တာတောင် ဘာ allowance မှ မရဘူး။ ဆိုတော့ ဘာမှမပြောဘူး။ အင်းမလုပ်၊ အဲမလုပ်။ ကျွန်တော့်ဆီက ၃၀၀၀ တောင်ယူထားတာ၊ သူပြောပေးဘို့ မသင့်ဘူးလား။ ဝေးတာလည်း မဟုတ်ဘူး။

ကျွန်တော် အလုပ်ကို မကြောက်ပါဘူး ဦးရယ်။ ဒါပေမဲ့ အမြဲတမ်း pressure ကြီးနဲ့။ stress ကြီးနဲ့တော့ ကျွန်တော် မလုပ်နိုင်ဘူး။ ကြာကြာလုပ်ရင် အသက်တိုလိမ့်မယ်။ ကျွန်တော့်အလျင်က လူတွေလည်း အဲဒီလိုပဲ။ သူဌေးမဒဏ် မခံနိုင်လို့ ခဏနဲ့ထွက်ကုန်ကြတာ။ ဟို မြန်မာ အစ်မကြီးကိုလည်း အလျင်ကပေး ထားတဲ့လခကို ပြန်ပြီးလျှော့မယ်လို့ သတင်းကြားနေရတယ်။ သူတော့ ဘယ်လိုနေမလဲမသိဘူး။

ခုတော့ ကျွန်တော် အလုပ်သစ်ထပ်ရှာနေတယ်။ အေးဂျင့်ကိုလည်း ငါ မင်းရှာပေးတဲ့ ကုမ္ပဏီမှာ မလုပ်နိုင်လို့ အလုပ်သစ်ထပ်ရှာနေတယ်။ မင်းကိုပေးထားတဲ့ ၃၀၀၀ထဲက တစ်ချို့တစ်ဝက်တော့ ပြန်ပေးကွာ လို့ပြောမလို့။
ခုတော့ သင်ခန်းစာရသွားပြီ။ နောက်ကုမ္ပဏီကျရင်တော့ အလုပ်ချိန်ကို အလုပ်မ၀င်ခင်ကတည်းက သေသေ ချာချာပြောထားမှ။ နောက်ပြီး အလုပ်ချိန်ကျော်သွားရင် allowance ဘယ်လောက်ပေးမလဲ ဆိုတာ ကျကျနန မေးထားမှ တော်မယ်။

အမှန်တော့ သည်ကိစ္စသည်လည်း ဆန်းလှသည်ဟု မဆိုနိုင်။ စင်ကာပူတွင် အလုပ်လုပ်နေသူမှန်က ကြုံဖူး ကြမည့်သူချည်း။ သို့သော် မတွေ့ကြုံဖူးသေးသောသူများ သင်ခန်းစာ ယူနိုင်စေရန် ရေးလိုက်ခြင်း ဖြစ်ပါသည်။

(၃)

၂၀-၆-၂၀၁၀ နေ့ကတွေ့သော နှစ်ဦးအနက် အခြားတစ်ဦးမှာ ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိန်းကလေး တစ်ဦးဖြစ်ပါသည်။ သူ့အကြောင်းကိုမူ ရှေးမဆွကတည်းက သိခဲ့ပြီးဖြစ်၏။ သို့သော် ယခုအချိန်ကား critical condition ဖြစ်လာ၍ တွေ့ဆုံကြခြင်း ဖြစ်ပါသည်။

ကံဆိုးသူမောင်ရှင်များထဲတွင် ထိုမိန်းကလေးလည်း ပါပါသည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်ကဆို ချပေးလိုက်သည့် S Pass, ချပေးလိုက်သည့် PR ၊ တကယ့်ကို ဘုံးဘောလအော။ ကိုရေချမ်းကတော့ ကိုအေးငြိမ်းရယ်၊ တခြားသူတွေတော့ မပြောတတ်ဖူး။ ကျွန်တော်တို့ကုမ္ပဏီက S Pass ဆိုတဲ့ ကုလားလေးကတော့ ကားရေဆေးနေတာပဲ ဟု ပြောဖူးပါသည်။ ဘယ်မျှအထိလဲဆိုလျှင် Keppel Shipyard တွင် ကျွန်တော်နှင့် တစ်ကုမ္ပဏီထဲ အတူလုပ်ခဲ့ဖူးသူ THS (နတ်မောက် စက်မှုအထက်တန်းကျောင်း)၊ ITC (ဆင်တဲ) မှ ပြီးလာသူများပင် NTC 3 တက်ကာ S Pass ကျ၊ PR တွေ ဖြစ်သွားကြပါပြီ။

ယခုတော့ NTU, NUS တက္ကသိုလ်များမှ M.Sc ပြီးလာသူများပင် PR ချမပေးတော့။ အထက်ဖော်ပြပါ မိန်းကလေးမှာ သူကျောင်းတက်နေစဉ်ကာလက ICA မှ PR Offer letter ပေးပြီးသား ဖြစ်ပါသည်။ ထိုစာနှင့် PR လျှောက်တာတောင် မကျ။ သေမဲ့နှစ်မှ စစ်ထဲလိုက်မိလျက်သား။ ဖြစ်ပုံများတော့ မပြောချင်ပါ။ နတ်မောက်ကျောင်းဆင်းများက PR ဖြစ်သွားပြီး NTU တွင် သေလုခမန်းကြိုးစားပြီးမှ PR မကျ ဆိုတော့ ကိုယ့်နဖူးကို လက်ဖ၀ါးနှင့် အချက်နှစ်ဆယ်လောက်ရိုက်ကာ သေဟဲ့ နန္ဒိယ ဟု အခါ နှစ်ဆယ်လောက် ကုန်းအော်လိုက်ဖို့သာ ကောင်းတော့သည်။

အဆိုပါ မိန်းကလေးမှာ ကျောင်းပြီးတော့ PR လျှောက်ထားစဉ်ကာလက student pass နှင့်နေကာ ကုမ္ပဏီ တစ်ခုတွင် လခနည်းနည်းနှင့် အလုပ်လုပ်နေပါသည်။ (M.Sc ဆိုသော လက်မှတ်ကြီးကို အားနာစရာ ကောင်းသော လခ ဖြစ်ပါ၏။) လခနည်းသည် ဆိုရခြင်းမှာ ကိုယ့်ဖာသာကိုယ် အိမ်ငှားနေရသည်။ အလုပ်သို့ ကိုယ့်စရိတ်နှင့်ကိုယ် သွားရသည်။ သည်တော့ လခ တစ်ထောင်ကျော်မှ ထို အိမ်လခနှင့် ကားခ နှုတ်လိုက်ပါ က ၆၀၀ ကျော်မျှသာ ကျန်တော့၏။ ပညာမတောက်တခေါက်တတ်သော ရိုးရိုး work permit တစ်ဦးပင်လျှင် လခ ၇၅၀၊ ၈၀၀ ရနိုင်ပါ၏။ သို့သော် သူတို့ကျ အလုပ်ရှင်က အိမ်နှင့် သွားလာရေးစီစဉ်ပေးသည်။ ထို့အပြင် အိုဗာတိုင်ရသည် ဆိုတော့ လခ ၁၀၀၀ လောက် ထုတ်ရသည်။
သာမန် work permit တစ်ဦးကမှ လခ ၉၀၀၊ ၁၀၀၀ ရသေးသည်။ M.Sc ဘွဲ့ကြီးကိုင်ကာ လခ ၁၀၀၀ ကျော် (အိမ်လခနှင့်ကားခနှုတ်က ၆၀၀ ကျော်) မျှသာ ရသည်ဆိုတော့ တစ်ခုခုတော့ လွဲနေသည် ဟု ကျွန်တော် ခံစားမိပါသည်။
သို့သော် သူက သိပ်ချေးမများ။ အလုပ်ကလည်း ရှာရတာခက်တော့ သည်မှာပဲ လုပ်နေပါသည်။ အလုပ်က ပြဿနာ မရှိပါ။ သို့သော် သူကလည်း မနက် ၈ နာရီမှ ညနေ ၇ နာရီ ထိ (စနေနေ့အပါအ၀င်) နေ့စဉ် လုပ်ပေးရပါသည်။ သူကဒါကိုလည်း ခေါင်းထဲမထည့်ပါ။ ကျွန်မအဖို့တော့ ဆရာရယ်၊ တစ်ကိုယ်ထဲသမားဆိုတော့ အိမ်မှာလည်း ဘာမှလုပ်စရာမရှိတာ။ လုပ်ပေးရတာ မထောင်းတာပါဘူး ဟု ဆိုပါသည်။

သို့သော် ခက်သည်က သူဌေးဆိုသူက အင်မတန် နှပ်ချေးကျခြင်း ဖြစ်သည်။ သူတို့လေသံနှင့် ပြောရလျှင် very calculative ဖြစ်၏။ သူ PR လျှောက်တော့ ရုံးကစာပါယူရသည်။ ဤသည်ကို သူတို့က ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေ၏။ ပုံမှန်အားဖြင့် PR လျှောက်ရာတွင် ရုံးမှ ဘာစာမှ မပါလည်း ဖြစ်ပါသည်။
(PR လျှောက်ခြင်းအကြောင်းကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း၊ တတိယပိုင်း၊ အခန်း ၇ ၊ စာမျက်နှာ ၃၃၇ မှ ၃၆၉ ထိ အကျယ်တ၀င့် အသေးစိတ် ရှင်းပြထားပါသည်။)
PR လျှောက်ရာတွင် ရုံးမှစာ တောင်းလာပါက မိမိကတောင်းသော်လည်း မရနိုင်ကြောင်း စာရွက်အလွတ်ပေါ်တွင် စာတစ်ကြောင်းနှစ်ကြောင်းမျှ ရေးတင်လိုက်လျှင် ပြီးပါ၏။ ကျွန်တော့်တုံးကလည်း သည်လိုပဲ ရေးတင်ခဲ့သည်။ သို့မဟုတ်ပါက ကုမ္ပဏီက ဤသည်ကို အကြောင်းပြကာ မိမိကို ဘယ်နှနှစ်လုပ်ပေးရမည်။ နှစ်မစေ့ခင်ထွက်လျှင် ဘယ်မျှလျော်ရမည် စသဖြင့် ချုပ်ပါလိမ့်မည်။ အချုပ်မခံကြပါနှင့်ဟု မှာပြစေ။

ထိုမိန်းကလေးက ယခု PR မကျ။ Reject ဖြစ်သည်။ ထိုအခါ သူ စင်ကာပူတွင် ဆက်အလုပ်လုပ်ဖို့ work pass တစ်ခုခု လျှောက်မှ ဖြစ်တော့မည်။ ထိုအခါ သူလက်ရှိလုပ်နေသည့် ကုမ္ပဏီက ဘာဖြစ်တယ်၊ ညာဖြစ် တယ် အကြောင်းအမျိုးမျိုးပြပြီး သူ့ကို လက်ရှိအလုပ်ထက် နောက်ထပ်အလုပ်များပါ တိုးလုပ်ဖို့ (သူဌေးနှင့် သူဌေးမ၏ အလုပ်များကိုပါ ကူလုပ်ဖို့) စသဖြင့် ပြောလာပါသည်။ work pass လျှောက်ပေးမပေးကိုလည်း ပြတ်ပြတ်သားသား မပြော။ သို့နှင့် ကျွန်တော်နှင့်တွေ့သောအခါ ကျွန်တော်က အကယ်၍ သူတို့ pass တစ်ခုခု လျှောက်ပေးလျှင်သော်မှ လခတိုးတောင်းဘို့၊ အလုပ်ချိန်ကို တစ်ပတ်လျှင် ၄၄ နာရီ ပြန်သတ်မှတ် ပေးဘို့ စသည်များပြောလိုက်ပါသည်။ သို့သော် အဆင်မပြေပါ။ သို့နှင့် သူလည်း အေးဂျင့်နှင့် အလုပ်ထပ်ရှာ ရပါတော့သည်။

စင်ကာပူမှ ပူမှု ဆယ်ကုဋေများအကြောင်း အများသိစေရန် ဝေငှလိုက်ခြင်း ဖြစ်ပါသည်။

အေးငြိမ်း
၂၃-၀၆-၂၀၁၀
ည ၁၁း၅၅ နာရီ

No comments: