Tuesday, June 29, 2010

ကိုယ်ချင်းစာတရား

ကျွန်တော်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်နှင့် ပတ်သက်၍ ကိုယ်ချင်းစာတရားအကြောင်း တွေးမိပါသည်။
လူတိုင်းသာ ကိုယ်ချင်းစာတရားရှိပါမူ ဤသည့်လောကကြီး၌ အနှီဒုစရိုက်၊ မကောင်းမှုမျိုးများ ပေါ်ပေါက်လာစရာ မရှိနိုင်။ ရှိလျှင်သော်မှ အလွန့်အလွန် နည်းပါးပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ချင်းစာတရားဟူသည် သူ့ကို ဒီလိုလုပ်လိုက်ရင်၊ ငါ့ကို ဒီလိုလုပ်ရင်ကော ခံနိုင်ပါ့မလား။ သူ့ကို ဒီလိုပြောလိုက်ရင် ငါ့ကို ဒီလိုပြောရင်ကော ခံနိုင်ပါ့မလား ဟု ချင့်ချိန်နိုင်စွမ်း။ စာနာနိုင်စွမ်း ဖြစ်သောကြောင့်တည်း။
ဘယ်သူမဆို နိုင်ငံခြားလာပြီး အလုပ်လုပ်ပြီဆိုကတဲက ကိုယ့်အိုးကိုယ့်အိမ်နှင့်၊ သားမယားနှင့်၊ မိဘ ဆွေမျိုးများနှင့် ခွဲခွာပြီး နေကြရသူချည်းဖြစ်သည်။ မည်သူမဆို မည်မျှစုတ်ချာ မွဲတေနေပါစေ။ ကိုယ့်အိမ်ကိုယ်တော့ ခုံမင်၊ စုံမက် ကြသူချည်း ဖြစ်သည်။ မည်မျှ ကောင်းကောင်းမွန်မွန်နေရသည်ဆိုစေ၊ ကိုယ့်မြို့ကိုယ့်ရွာကိုတော့ လွမ်းကြသူချည်းဖြစ်သည်။ သို့သော် ထိုသို့ခုံမင်၊ စုံမက်၊ လွမ်းသည်ဆိုရုံနှင့်မပြီး။ ဤချစ်ခင်စုံမက်လှပါသည်ဆိုသော ကိုယ့်မိသားစုအပေါ် သစ္စာရှိဘို့တော့ လိုသည်ထင်၏။
ကိုယ့်ဇနီးမယားကွယ်ရာမှာ ကိုယ်ကဖောက်ပြားနေလျှင် ကိုယ့်ဇနီးအနေနှင့် ဘယ်သို့ခံစားရမည်နည်း။ သူငယ်ချင်း များက “ဟာ-ဒါက ဒီမှာဖြစ်တဲ့ကိစ္စ။ ဗမာပြည်ပြန်သွားရင် ခေါ်သွားမှာမှ မဟုတ်ဘဲ” ဟု ဆင်ခြေတက်သည်ဆိုအံ့။ ကျွန်တော်ကလည်း ပြန်လည်မေးလိုက်ချင်ပါသည်။ “ဒါဖြင့်ဗျာ။ ခင်ဗျားစင်္ကာပူလာနေတုံး ဟိုကမိန်းမက ကောင်လေး တစ်ယောက်ယောက်နဲ့ ဖြစ်နေမယ်။ ခင်ဗျားပြန်လာတော့ ‘ကောင်လေး၊ နင်အိမ်ခဏပြန်နေဦး။ ဟိုမှာ အိမ်ကလူကြီးပြန်လာပြီ’ ဆိုရင် ခင်ဗျားဘယ့်နဲ့နေမလဲ”။ သည်သို့ဆိုလျှင် သင်ဘာပြောချင်ပါသနည်း။ ကျွန်တော် ဂွစကားပြောခြင်း မဟုတ်ပါ။ တွေးသင့်တွေးထိုက်သည်ကို တွေးနိုင်စေရန် ပြောပြခြင်းသာဖြစ်ပါ၏။ ဟုတ်ပါပြီ။ ကိုယ့်ဇနီး သူတပါးနှင့် ပျော်ပါးနေသည်ကို လက်သင့်ခံ ကြည်ဖြူနိုင်သည်ဆိုပါက သင်လည်း သူ့လိုပဲ တခြားမိန်းကလေးတစ်ဦးနှင့် ပျော်ပါးပါလေ။ သို့သော် ကိုယ့်သမီးလောက်ကလေးနှင့်တော့ မပျော်ပါနှင့်ဟု ထပ်မံသတိပေးလိုပါသေးသည်။ အဘယ့်ကြောင့်ပါနည်း။
ကိုယ့်သမီးနုနုထွတ်ထွတ်ကလေး အိမ်ထောင်သည် ယောက်ျားတစ်ယောက်နှင့် တွဲနေသည်ကို အဘယ်မည်သော ဖခင်သည် သည်းညည်းခံပြီး ကြည့်နေနိုင်ပါမည်နည်း။ ကိုယ့်သမီးကို အိမ်ထောင်သည် ယောက်ျားတစ်ဦးနှင့် တွဲသွားသည်ကို မကြည့်နိုင်သော ဖခင်တစ်ဦးအနေနှင့် ကိုယ့်သမီးလောက်သာရှိသော ကောင်မလေးတစ်ဦးနှင့် မတွဲပါနှင့်ဟုသာ အကြံပေး ချင်ပါသည်။ ဒါ-ကျွန်တော်က ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ စဉ်းစဉ်းစားစားလုပ်စေချင်သော စေတနာနှင့် ပြောခြင်းသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလို၍ ပြောခြင်းမဟုတ်ပါ။
ကျွန်တော်နှင့် အတော်လေးရင်းနှီးသော ကောင်လေးတစ်ယောက် ရှိပါသေးသည်။ သူနှင့်ကျွန်တော်က ဟိုဘက်စားပွဲ သည်ဘက်စားပွဲ အတူတွဲကာ (Keppel Shipyard ထဲတွင်) အလုပ်လုပ်ရ၏။ ငါနဲ့ ဘယ်ကောင်မလေးနဲ့ ဘယ်လိုဖြစ်လိုက်တာ၊ ဘာတွေဖြစ်လို့ ဘယ်ဆေးခန်းမှာ ဘယ်လိုလုပ်လိုက်ရတယ် (သူပြောနေသည်များမှာ အင်မတန် ရုံ့ရင်းကြမ်းတမ်းလှသဖြင့် စာနှင့်ရေးပြ၍မကောင်းပါ။) စသဖြင့် သူ့သူငယ်ချင်းကို မြိန်ရည်ရှက်ရည် ပြောပြနေသည်များကို နားနှင့်ဆတ်ဆတ် ကြားရသောအခါ ကျွန်တော့်မှာ ဤလိုလူမျိုးများကို အလွန်အော့နှလုံးနာ၊ ရွံလည်း အလွန်ရွံရှာမိပါသည်။
သို့သော်မကြာပါ။ သူ့နှမ ယောက်ျားတစ်ယောက်နှင့် လိုက်ပြေးသည်ဟု ကြားရသောအခါ သူ့မှာ ဆတ်ဆတ်ခါ နေပါတော့သည်။ သူ့နှမ လိုက်ပြေးသော ထိုငနဲသည်ကား တခြားသူမဟုတ်။ အစင်းသိ၊ ဓါတ်သိဖြစ်နေသော သူ့သူငယ်ချင်း ဖြစ်နေသောကြောင့်တည်း။ သူနှင့် တစ်ခန်းထဲနေသူ၊ သူ့အကြောင်းကောင်းကောင်းသိသူ သူ့သူငယ်ချင်း၊ ကျွန်တော့်သူငယ် ချင်းက “ဟင်- သူများနှမကျတော့ ဘယ်လိုလုပ်လိုက်တာ။ ညာလိုလုပ်လိုက်တာနဲ့ တပြောထဲ ပြောနေတဲ့ကောင်၊ မှတ် ပလားကွ၊ သူ့နှမကျတော့ ဖြစ်နေလိုက်တာ” (သူပြောသည်များမှာ သည့်ထက်ပြင်းထန်ပါသည်။ စာနှင့်ရေးပြလို့မကောင်းပါ။) စသဖြင့် ပယ်ပယ်နယ်နယ် နှံပါသည်။ ကာလ၀ိပါက် နောက်ပိုးတက်ဆိုသည်မှာ ဤသည်ကို ခေါ်ရောထင့်။
ဤကိစ္စတစ်မျိုးထဲသာမဟုတ်ပါ။ များစွာသော လူမှုရေးနယ်ပယ်မှ ကိစ္စများစွာတို့ပင် ကိုယ်ချင်းစာတရားရှေ့ထား လိုက်ပါက ပြေလည်သွားမည့် ကိစ္စများချည်းဖြစ်ပါသည်။ ဥပမာ- ပိုက်ဆံချေးပြီး ပြန်တောင်းရခက်သော ပြဿနာ၊
သူခိုးလက်မှ သူဝှက်လုခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ သူတစ်ပါးပစ္စည်းကို မတရားယူခြင်း စသည်၊ စသည်။
ပြီးခဲ့သောလက ဧရာဝတီ အင်တာနက်မဂ္ဂဇင်းတွင် နာမည်ကျော်စာရေးဆရာမကြီးတစ်ဦး၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက် ရ၍ အတော်ကသိကအောက်ဖြစ်ရဘူးသည်။ ဆောင်းပါးတွင် သူတို့ငယ်စဉ် ကျောင်းသူဘ၀က သူငယ်ချင်းတစ်စုတို့ စားကြသောက်ကြရန် တစ်နေရာသို့ မြင်းလှည်းတစ်စီးနှင့် သွားကြသည်။ လူကများပြီး မြင်းမကလေးက ငယ်နေသဖြင့် မြင်းမကလေးမရုံးနိုင်တာကို မည်သူကမျှဆင်းပေးမည်ဟု စိတ်မကူးကြပဲ မြင်းမဆွဲနိုင်တာကိုပင် ပျော်ပါးနေ လိုက်ကြသေးသည်။ နောက် ကျောင်းသားတစ်ယောက်က ဆင်းတွန်းပေးလိုက်သဖြင့် မြင်းမကလေးမှာ မနိုင့်ရင်ကာ ဆွဲသွား ရတော့သည်။ ခရီးဆုံးရောက်တော့ မြင်းမကလေးမှာ ဆတ်ဆတ်တုန်ကာ ချွေးများကို သံပြားနှင့်ပင် ခြစ်ချရသည်ဆို၏။
ထိုဆောင်းပါးဖတ်ပြီး ကျွန်တော့်မှာ အတော်မကျေမချမ်းဖြစ်မိပါသည်။ လူများစင်စစ်ဖြစ်လျှက်ကနှင့် မြင်းမရုံးနိုင် ဘူးဆိုတာ သိဘို့မကောင်းဘူးလား။ တက္ကသိုလ်ကျောင်းသူတွေ ဖြစ်နေပြီး ဒီလောက်မှ မသိတတ်ကြတော့ဘူးလား။ ကိုယ်ပျော်ချင်တာတစ်ခုတည်းနှင့် မြင်းမကလေးကို မနိုင့်ဝန်ထမ်းခိုင်းတာ တရားပါရဲ့လား။ ကျွန်တော်သာထိုအဖွဲ့ထဲပါလျှင် ခြေလျင်လျှောက်သွားမှာ သေချာသလို ယောက်ျားလေးအားလုံးကိုလည်း မြင်းလှည်းပေါ်မှ ဆင်းခိုင်းမှာ ဖြစ်ပါသည်။ မနိုင့်ရင်ကာ ဆွဲနေရသောမြင်းမကလေးကို သနားတာနှင့်ပင် ကျွန်တော်စီးဖြစ်မှာမဟုတ်ပါ။ မြင်းမကလေးနေရာကို ခဏကလေးဝင်ပြီးနေကြည့်စမ်းပါ။ သင် ဘယ်လိုခံစားရမည်လဲ သိနိုင်ပါမည်။
နောက်တစ်ခု- ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင်လုပ်နေစဉ် ၁၉၉၄ ခုနှစ်ဝန်းကျင်လောက်က စက်ပစ္စည်း ၀ယ်ရန်တာဝန်ဖြင့် မန္တလေးသို့ သွားရပါသည်။ မန္တလေးသို့သွားလျှင် ဈေးလည်းသက်သာ။ ဘူတာနှင့်လည်း နီးသော သမ၀ါယမ တည်းခိုခန်းတွင် အမြဲတည်းလေ့ရှိပါသည်။ ပြန်မည့်နေ့နံနက်တွင် ဘူတာသို့ လမ်းလျှောက်လာစဉ် (မနက် ၄ နာရီခန့်သာ ရှိပါသေးသည်) သစ်ပင်များပေါ်တွင်အိပ်နေကြသော ငှက်ကလေးများကို လေသေနတ်များနှင့်ပစ်ချနေသော လူတစ်စုကို တွေ့ရသည့်ခဏ ကျွန်တော့်မှာ အလွန့်အလွန် စိတ်မချမ်းမသာဖြစ်မိပါသည်။ သူတို့ဘာသာသူတို့ အေးအေး ချမ်းချမ်းအိပ်နေသော ငှက်ကလေးများကို သွားပြီးသတ်ဖြတ်ရက်သော ထိုလူများကို ကျွန်တော်က “ခင်ဗျားတို့မိသားစု အိပ်နေတုံး လူဆိုးတစ်စုကလာပြီး ခုလိုပဲ သေနတ်တွေနဲ့ပစ်ခတ် သတ်ဖြတ်ရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ” ဟု မေးချင်ပါသည်။
ထို့အတူ စိုက်ပျိုးရေးတက္ကသိုလ်တွင်ပင် ရှိနေစဉ် တစ်နေ့ ဆန်အိတ်များကိုတင်လာသော မြင်းလှည်းတစ်စီး ကျွန်တော်တို့ အိမ်ရှေ့မှတံတားကို ကူးရန်ကြိုးစားနေသည်ကို တွေ့ရပါသည်။ ဆန်အိတ်နှင့်လှည်းမှာ မမျှပါ။ မနိုင့်ရင်ကာ တင်လာခြင်းဖြစ်၏။ မြင်းခမျာ တံတားကိုမတက်နိုင်ဖြစ်နေပါသည်။ ထိုအခါ မြင်းလှည်းသမားမှာ လှည်းကို ဆင်းပြီးတွန်းမည်မကြံဘဲ မြင်းကိုသာ လှိမ့်ရိုက်နေပါသည်။ ကျွန်တော့်မှာ မဆီမဆိုင်စိတ်တိုလာကာ ‘ကိုင်း-ဒါလောက်တောင်ရှိလှတဲ့ ခွေးမသားတော့ တွေ့ကြသေးတာပေါ့ကွာ’ ဟု မြင်းလှည်းသမားအား လက်သီးနှင့်ထိုးရန် အိမ်ပေါ်မှဆင်းပါသည်၊ ကျွန်တော်ပဲ ကံကောင်းသည်လား မသိပါ။ ထိုခဏ မြင်းလေးမှာ အားစိုက်ရုံးလိုက်သည်နှင့် ထိုတံတားကို ကျော်လွန်သွားပါတော့သည်။ ကျွန်တော်လည်း တိုနေသောစိတ်ကိုထိန်းကာ အိမ်ပေါ်ပြန်တက်ခဲ့ပါ တော့သတည်း။ မဟုတ်လျှင် မဆိုင်သူကို ထိုးကြိတ်မှုနှင့် ဘယ်သို့ဖြစ်လေမည်မဆိုနိုင်။ (မှတ်ချက်။ ။ ကျွန်တော်ငယ်စဉ် က အလွန်စိတ်တိုကာ ဒေါသကြီးတတ်သူ ဖြစ်ပါသည်။ ယခု အသက်ကလေးရလာတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းရသည်။)
ထိုသို့သောဖြစ်ရပ်မျိုး ကျွန်တော်မကြာခဏ ကြုံဖူးပါသည်။ စာရှုသူတို့လည်း ကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မည်။ ကိုယ်ချင်းစာစိတ်ကလေးနည်းနည်းလောက်ထားကာ ထိုထိုသော ဘာမှ ဆင်ခြေမကန်နိုင်သည့်၊ ဘာမှပြန်မလုပ်နိုင်သည့် သခင် ခိုင်းရာခံနေရသော တိရိစ္ဆာန်ကလေးများကို သနားသောအားဖြင့် မျှမျှတတ၊ သူနှင့်သူ တန်ရာတန်ရာ ၀န်ကို ဆွဲခိုင်းသင့်ပါသည်။ သူတို့ခမျာ အဘိုးအခ တစ်ပြားတစ်ချပ်မှ မရဘဲ မိမိကို လုပ်ကျွေးသမှုပြုနေသည်ဆိုတာ သတိထားဘို့ ကောင်းပါသည်၊ ချက်စားဘို့မွေးထားသော ကြက်ကို သတ်စားတာကတော့ တခြားဖြစ်၏။ သို့သော် ကြင်နာသနားစိတ် သာရှိမည်ဆိုပါက သတ်စားရက်မည် မဟုတ်ပါလေ။
ကျွန်တော် အလယ်တန်းကျောင်းသားဘ၀က ‘လူလိုသိပါ ကိုယ်ချင်းစာ’ ဟူသော တရားစာအုပ်လေးကို ဖတ်ဖူး ပါသည်။ ထိုစာအုပ်တွင် ဘုရားအလောင်းက ကျေးတောသားကလေးဘ၀။ သူ့တွင် အစ်ကိုတစ်ဦးလည်း ရှိပါသည်။ (နာမည်ကတော့ သုဓနု လိုလို။ သုမန လိုလို ကျွန်တော်မမှတ်မိတော့ပါ။) သူတို့၏ မိခင်ကြီး နာမကျန်းဖြစ်သောအခါ ဆေး ဆရာခေါ်ပါသည်။ ဆရာက ရောဂါကို ယုန်သားနှင့်ကုမှ ပျောက်မည်ဆို၏။ ထိုအခါ အစ်ကိုကြီးဖြစ်သူက ဘုရားလောင်း ညီငယ်ဖြစ်သူအား ယုန်ဖမ်းရအောင် တောထဲသို့ လွှတ်လိုက်သည်။ ညီဖြစ်သူက တောတွင်းဝင်၍ ယုန်ဖမ်းရာ အလွယ် ပင်ရသည်။ ထိုအခါ ယုန်ကလေးမှာ ကြောက်ရှာလွန်း၍ တုန်နေသည်။ အမေယုန်မကြီးမှာလည်း သားအတွက်ရတက်ပွေကာ အနားမှမခွာနိုင်ဘဲ ဟိုပြေးလိုက်၊ သည်ပြေးလိုက် ဖြစ်နေရှာပါသည်။ ထိုဖြစ်ရပ်ကိုမြင်ရသော ဘုရားလောင်း ကျေးတောသားလေးမှာ ယုန်လေးကို မဖမ်းရက်တော့ဘဲ ပြန်လွှတ်လိုက်ပါသည်။
လက်ချည်းဗလာဖြင့် အိမ်ပြန်လာသော ညီဖြစ်သူအားတွေ့ရသောအခါ အစ်ကိုကြီးမှာ ဒေါသူပုန်ထကာ ထိုးမည် ကြိတ်မည် လုပ်၏။ သို့သော် အမေကြီးမှာ ရောဂါပျောက်နှင့်နေပြီဖြစ်၏။ ညီဖြစ်သူ၏ ကိုယ်ချင်းစာနာစိတ်က အမေအို၏ ရောဂါကို ပျောက်ကင်းအောင် ကုသပေးလိုက်ခြင်းပင် ဖြစ်သည်။
ကျွန်တော်ငယ်စဉ် ဒေသကောလိပ်ကျောင်းသားဘ၀က ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်တွင် တည်းကာ ကျောင်းတက်ရပါသည်။ ကျောင်းနှင့်မျက်နှာချင်းဆိုင် ရေကာတာကြီးတစ်ဖက်ခြမ်းတွင် နွားသတ်ရုံရှိ၏။ မနက်စောစော ကျွန်တော်ဆွမ်းအုပ်ယူရာမှပြန်လာတိုင်း နွားများကိုပေါ်ကာ အမဲသားများကို တောင်းကြီးများတွင်ထည့်လျှက် ဆိုက်ကား များဖြင့် ဈေးသို့သယ်သွားသည်ကိုတွေ့ရပါသည်။ တစ်ခါတစ်ခါ ညနေ ကျောင်းမှပြန်လာချိန်တွင် ပေါ်မည့်နွားများကို ကြိုး များဖြင့်သီလျှက် ဆွဲလာသည်ကိုလည်းတွေ့ရတတ်သည်။
ဗမာပြည်တွင်က အသားစားရန် နွားများကို သီးသန့်မွေးတာ အင်မတန်ရှားလှပြီး များသောအားဖြင့် ခိုင်းနွားများကို အိုမင်းမစွမ်းဖြစ်လာသောအခါ ပေါ်စားကြတာများပါသည်။ ထို့ကြောင့် ထိုပေါ်မည့်နွားများမှာ ငယ်ငယ်ရွယ်ရွယ် နွားများထက် နွားအို၊ နွားမင်းများသာများ၏။ သို့မို့ကြောင့် ပိန်ချုံးကာ၊ အားအင်ကုန်ခမ်းနေသော နွားကြီးများသာဖြစ်သည်။
ရှေးလူကြီးများကတော့ နွားများသည် လူနှင့်အနေနီးသောကြောင့် လူများအကြောင်းနားလည်သင့်သလောက် နားလည်နေကြသည် ဆို၏။ ဆိုလိုသည်မှာ လူများလှုပ်ရှားတာကိုကြည့်ပြီး ဒီလူတွေဘာလုပ်မယ်ဆိုတာ သဘောပေါက် နေတတ်သည်။ ကျွန်တော်ကတော့ ဤသည်ကိုယုံပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အဖေမှာ လယ်သမားဖြစ်ရာ ကျွန်တော်ငယ်စဉ်က လယ်ယာလုပ်ငန်းကို နွားများနှင့် တရင်းတနှီးအတူတကွ လုပ်ကိုင်ခဲ့ဖူးသောကြောင့်ဖြစ်၏။ ထို့ကြောင့် အမဲပေါ်တော့မည်ဆိုသည်နှင့် ထိုနွားမှာ သိနေပါသည်။ မျက်ရည်များကျတတ်သည်။ ကတုန်ကယင် ဖြစ်နေတတ်သည်။ သေရမည်ကို မကြောက်သော အဘယ်သတ္တ၀ါများရှိပါသနည်း။ သက်ရှိသတ္တ၀ါမှန်က ကိုယ့်အသက်ကိုယ်တော့ နှမြောတတ်ကြသည်ချည်း။
ထိုကဲ့သို့ပင် သားသတ်ရုံသို့ အတွဲလိုက်ဆွဲလာသောထိုနွားအုပ်များထဲတွင် မျက်ရည်စီးကြောင်းများနှင့် နွားအို ကြီးများကို တွေ့ရသောအခါ ကျွန်တော့်ရင်မှာ အင်မတန်ထိခိုက်လှပါသည်။ အချို့နွားကြီးများမှာ ရိုက်ထားသဖြင့် အရှိုး ရာများပင်မပျောက်သေးပါ။ လူများလုပ်သမျှခံနေရသော ထိုသနားစရာ သတ္တ၀ါကြီးများ၏ အသားကို အဘယ်မှာလျှင် ကျွန်တော်မျိုကျနိုင်ပါအံ့နည်း။ ထို့ပြင်တ၀ လယ်တီဆရာတော်ဘုရားကြီးရေးသော နွားမေတ္တာစာကို ဖတ်လိုက်ရသောအခါ ကျွန်တော့်မှာ တစ်သက်တာပတ်လုံး အမဲသားပြတ်သွားပါတော့သတည်း။ ခိုင်းလည်းခိုင်းသေးရဲ့၊ အသားကုန်ခိုင်းပြီး ခိုင်းလို့မကောင်းတဲ့အခါကျတော့ သတ်အစားခံရမည် ဆိုသည်ကို ထိုနွားကြီးများနေရာတွင် ခဏကလေးဝင်ကာ ကိုယ်ချင်းစာ ကြည့်ကြပါကုန်။
ကျွန်တော်ကတော့ လယ်ယာလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများကို စက်နှင့်သာဖြစ်စေချင်ပါသည်။ Fully Mechanized Farming အဆင့်သို့ ရောက်ပြီဆိုပါက ကျွဲနွားများကို သုံးစရာမလိုတော့။ လယ်ယာလုပ်ငန်း အစအဆုံးကို စက်များနှင့်သာ လုပ်ရတော့မည်။ လူလည်းသက်သာ။ မြန်လည်းမြန်။ ကျွဲနွားများလည်း ချမ်းသာရာရ။ အဟောဝတ ကောင်းလေစွ။
ကျွန်တော်ယခုလုပ်နေသော ကုမ္ပဏီတွင် ကျွန်တော်တို့နှင့် လုပ်ဖော်ကိုင်ဘက် မလေးတစ်ယောက်ရှိပါသည်။ သူက ငါးမျှားရတာ အင်မတန် ၀ါသနာပါသည်။ အားလပ်ရက်တိုင်း ငါးမျှားသွားသည်ဆို၏။ ချက်စားဘို့မျှားခြင်းထက် အပျော်မျှားခြင်းသာ ဖြစ်၏။ ကျွန်တော်က ငါးမျှားချိတ်နှင့် သူ့အသားကို မနာမကျင်ထိုးရင်း သူ့ကိုရှင်းပြသည်။
“မင်းကိုခုလိုငါးမျှားချိတ်နဲ့ထိုးတာ နာသလား (ဟာ-နာတာပေါ့)။ ဟုတ်လား၊ မင်းအသားကျတော့ နာတတ်လိုက်တာ၊ ငါး ပါးဟက်ကို ဒီငါးမျှားချိတ်ကြီးနဲ့ ဟောသလို ဟောသလို ချိတ်ပြီးဆွဲတာကျတော့ မင်းက မနာဘူးလို့ထင်သလား။ မင်းပျော်ဘို့ပါးဘို့အတွက်နဲ့ ငါးကလေးခမျာ အင်မတန် မချိမဆန့်နာပြီး အသက်သေရတယ်။ ဖြစ်နိုင်ရင်တော့ မင်း ငါးမျှားပြီးအပန်းဖြေတာကို လျှော့လိုက်ပါကွာ။ တခြား အပန်းဖြေစရာတွေ တပုံကြီးပါ” ဟု ပြောပြပါသည်။ သူတော့ မည်မျှ နားဝင်သည်မသိ။ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်တွင် အလုပ်လုပ်ရသည့်အခါတိုင်း ငါးများမြင်လျှင် မနေနိုင်။ ဟာ-ငါးကြီး၊ ငါးကြီး နှင့် မျှားချင်စိတ် အလွန်ပြင်းထန်နေတတ်ပါသည်။ လူတစ်ဦး၏ ၀ါသနာ၊ ဗီဇဆိုတာ ဖျောက်ရခက်သားကလား။
ထို့အတူပင်၊ အလုပ်ထဲတွင်လည်း လုပ်နေရင်း တခြားသူများပစ္စည်းထားသွားသည်ကိုမြင်လျှင် အလစ်သုတ်ချင် သည်။ ကျွန်တော်က “ဟေ့ကောင်၊ မင်းပစ္စည်းကို သူများယူသွားရင် မင်းဘယ်လိုခံစားရမလဲ” ဟုမေး၏။ ကိုယ်က ဘာမ ဟုတ်သည့် သူ့ပစ္စည်းကလေးကို ယူထားလိုက်သည်။ ကိုယ့်အနေနှင့် လောလောဆယ် ဘာမှအသုံးမတည့်။ နောင်ကျမှ အသုံး တည့်ချင်တည့်မည်။ သို့သော် လောလောဆယ်လုပ်နေသူအဖို့တော့ ပစ္စည်း၏ ငွေတန်ဘိုးထက် အသုံးရည်တန်ဘိုးသည် အင်မတန် တန်ဘိုးကြီးလှပေရာ ထိုပစ္စည်းကလေးမရှိသည်နှင့် လုပ်ငန်းရှေ့ဆက်လို့ မရဟုဆိုလျှင် ထိုသူ့အနေနှင့် မည်မျှ စိတ်ဆင်းရဲလိုက်ပါမည်နည်း။ ကျွန်တော် ကိုယ်တိုင်လည်း လုပ်နေသည်ဖြစ်ရာ ဘာမှတန်ဘိုးမရှိသောပစ္စည်းကလေးပင် ဖြစ်လင့်ကစား တစ်ခါတစ်ရံ ထိုပစ္စည်းကလေးမရှိသည်နှင့် ဘာမှဆက်လုပ်လို့မရသော အခြေအနေမျိုး မကြာခဏ ကြုံရတတ် ပါသည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် ငါသာဆိုရင် ဆိုသောအတွေးမျိုး အမြဲတွေးသင့်ပါသည်။ ကိုယ်ချင်းစာစိတ် အမြဲ ထားသင့်ပါသည်။
သို့မို့ကြောင့် ကျော်ဟိန်းက “ညအိပ်ယာဝင်တိုင်း၊ အသေအချာတွေး၊ မင်းလုပ်ခဲ့တာ တစ်နေ့လုံး၊ ပြန်စစ်ဆေး၊ ဘာတွေ ဘယ်လိုမှားယွင်းနေခဲ့လဲ၊ စဉ်းစားကြည့်သူငယ်ချင်း” ဟု သူ၏ အဓိပ္ပါယ်ရှိသောလူ တွင် သတိပေးထားခြင်း ဖြစ်ပါ၏။ မိတ်ဆွေတို့ရော အိပ်ယာဝင်သည့်အခါများတွင် ဤကဲ့သို့ စစ်ဆေးဘူးပါသလား။ စဉ်းစားသင့်ပါ၏။ ငါပြောသလို လုပ်။ ငါလုပ်သလိုမလုပ်နဲ့ ဟု နောက်သလိုလိုနှင့် တကယ်မပြောပါနှင့်။ ဟေ့၊ ငါ့လိုလုပ်ပြ၊ နေပြလိုက်စမ်းပါကွ ဟု ရဲရဲဝံ့ဝံ့ လူငယ်များအတွက် စံနမူနာယူလောက်သူအဖြစ် နေပြလိုက်စမ်းပါဟု တိုက်တွန်းလိုက်ရပါသည်။

မြတ်စွာဘုရားရှင် ဟောထားသည်ကတော့ အင်မတန် ရှင်းလှပါ၏။ သားတော်ရာဟုလာကို သွန်သင်ရာတွင် - -

၁။ ပြောမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။
၂။ ပြုမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။
၃။ တွေးမည်ကြံလည်း၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား။ ဘယ်သူ့များ ထိမလဲ။

ဤသည်မှာ ကိုယ်ချင်းစာတရား၏ အချုပ်ပင် ဖြစ်ပါသည်။ ဤကဲ့သို့သာ လုပ်မည်၊ တွေးမည်၊ ပြောမည် ကြံတိုင်း ဆင်ခြင်ပြီး လုပ်၊ တွေး၊ ပြောမည် ဆိုပါက ဤကမ္ဘာလောကကြီး အဘယ်မျှ သာယာလိုက်ပါမည်နည်း။ သို့မို့ကြောင့် မိမိပြောမည်၊ လုပ်မည်၊ တွေးမည် ကြံတိုင်း ငါ ဒီလို ပြော၊ လုပ်၊ တွေးလိုက်ရင် သူဘယ်လိုများ ခံစားရပါလိမ့်မလဲ ဟု ဆင်ခြင်တိုင်းထွာကာ ပြောနိုင်၊ လုပ်နိုင်၊ တွေးနိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါသတည်း။ ။


အေးငြိမ်း
၂၆-၁၂-၂၀၀၃

No comments: