ခေတ်တစ်ခေတ်ကို ကြည့်လိုလျှင် ထိုခေတ်က ရေးစပ်သီကုံးခဲ့သော သီချင်းများကို နားထောင်ခြင်း၊ ဖွဲ့ဆိုခဲ့သော ဝတ္ထုများကို ဖတ်ခြင်း၊ ရုပ်ရှင်များကို ကြည့်ခြင်းမှာ အကောင်းဆုံးဖြစ်၏။
ထို သီချင်း၊ ဝတ္ထု၊ ရုပ်ရှင်များသည် ခေတ်ကို ထင်ဟပ်နေ၏။
သို့သော် ခေတ်လူငယ်များအနေနှင့်မူ အချို့သီချင်းစာသားများကို နားလည်နိုင်မည် မထင်ပါ။
အဘယ်ကြောင့်ဆိုသော် ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့မှာ ယခုအခါ မှေးမှိန် ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်တည်း။
ယခုအခါ မရှိတော့သော၊ ခေတ်နောက်ကျသွားပြီဖြစ်သော သီချင်းကလေးများကို နည်းနည်းလောက် စနည်းနာ ကြည့်ကြ ပါစို့။
ကျွန်ုပ်တို့ ငယ်ငယ်တုံးက အင်မတန် ကျော်ကြားခဲ့သော၊ ကြိုက်လည်း ကြိုက်သဖြင့် အကြိမ်ကြိမ်နားထောင်ခဲ့ရသော ကိုင်ဇာ၊ မေဆွိတို့၏ တူနှစ်ကိုယ်တိုင်းပြည် စီးရီးထဲမှ သီချင်းများတွင် ထိုခေတ်က အကြောင်းများ ပါဝင်နေ၏။ ၎င်းတို့ကို ယခုခေတ် လူငယ်များ မသိနိုင်။
ဥပမာ -
သူတို့လေးတွေ သိပါတယ် သီချင်းမှ -
“RC သာ စကားပြောတတ်ခဲ့ရင် သူလေ ပြောပြလိမ့်မယ် . . .”
အမှန်ဆို RC (Recreation Centre) မှာ ယခုတိုင်ရှိနေသေးသည် ထင်ပါသည်။ တက္ကသိုလ်တက်ခဲ့ပါသည် ဆိုသည့် ကောင်ကလေး၊ ကန်မကလေးများကို RC ဆိုတာဘာလဲ ဟု ကျွန်ုပ်မေးကြည့်သည့်အခါ ပြူးကြောင်ကြောင် ပြန်ကြည့်ကြ၏။ RC ကို မသိကြ။ ထူးဆန်းပါပေ့။ အဲလေ၊ ဟိုသောက်ရူး ဗိုလ်ဖင်တွန့်ကောင်းမှုကြောင့် မြန်မာ တစ်နိုင်ငံလုံး တစ်မြို့လျှင် တက္ကသိုလ်တစ်ခုကျစီ ရှိနေပြီဖြစ်ရာ သူတို့က လေးမျက်နှာတက္ကသိုလ်၊ ဝါးတောကွင်း တက္ကသိုလ် စသည့်တက္ကသိုလ်များသို့ တက်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။
ကျွန်ုပ်တို့ ကျောင်းသားဘဝကမူ RC ကို မရောက်ဖူးသည့် ကျောင်းသားမရှိ။ RC တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ပန်းချီပြပွဲ စသဖြင့် ပွဲလမ်းသဘင်များ အခါအားလျော်စွာ ကျင်းပလေ့ရှိ၏။ ကျွန်ုပ်ကျောင်းသားဘဝက မောင်မယ်သစ်လွင် ကြိုဆိုပွဲတစ်ခု၌ RC တွင် ကိုင်ဇာဆိုနေသော ‘ယောနသံဇင်ယော်’ သီချင်းကို နားဆင်ခွင့် ရခဲ့၏။ ထိုစဉ်က ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့မှာ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ထိပ်တန်း အဆိုတော်များ ဖြစ်၏။ ကောင်းလည်း ကောင်း၏။
ဆရာနိုင်မြန်မာ ရေးစပ်သော ဆေးရောင်စုံ မြင်ကွင်းကျယ် ၌ -
“အတောင်ပံမပါတဲ့ ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက် ပျံ သန်းလာ . . .” ဆိုသည်ကိုလည်း သည်ခေတ် အမျိုးကောင်းသား/သမီးကလေးများ နားလည်ချင်မှ နားလည်ပါလိမ့်မည်။
ယခင်က သတင်းစာကို စက်ဘီးများဖြင့် လိုက်ပို့၏။ သတင်းစာပို့သူက စက်ဘီးကို အိမ်ရှေ့တွင်ရပ်ပြီး ဝင်ပေးသွားတာ မဟုတ်။ သတင်းစာကို အလိပ်များလိပ်ကာ ရှေ့ဘက် ခြင်းထဲတွင် ထည့်ထား၏။ စက်ဘီးကို မရပ်ဘဲ စက်ဘီးစီးရင်းနှင့် ပင် ထိုသတင်းစာလိပ်ကို အိမ်ထဲသို့ တံခါးပေါက်၊ ပြတင်းပေါက်များမှ ပစ်သွင်းပေးသွားတာဖြစ်၏။ သတင်းစာကလည်း များများစားစားရှိတာ မဟုတ်။ အစိုးရထုတ် လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံနှင့် မြန်မာ့အလင်းသာ ဖြစ်၏။
ယနေ့ခေတ်တွင် စက်ဘီးဖြင့် သတင်းစာပို့သော ယဉ်ကျေးမှု ရှိသေးသလားဆိုတာ ကျွန်ုပ်မသိပါ။ အဲလေ - နာရေး သတင်းလောက်သာ စိတ်ဝင်စားစရာကောင်းသည့် သတင်းစာကို မည်သူကမှ အမှိုက်ရှုပ်ခံ၊ ပိုက်ဆံအကုန်ခံပြီး မှာလိမ့်မည်လည်း မထင်ပါ။ ဒီနေ့သတင်းမှာလည်း ဘယ်နေရာသွားပြီး မလိုအပ်သည်များကို မှာစားသည် ဆိုသည့် သတင်း၊ မနက်ဖြန်သတင်းမှာလည်း ဘာဖွင့်ပွဲတက်သည့်သတင်း၊ နောက်နေ့ သတင်းမှာလည်း ဘယ်နိုင်ငံက ဘယ်သူ့ကို လက်ခံတွေ့ဆုံသည့်သတင်း စသည့် ဘာတစ်ခုမှ မထူးသည့် သတင်းများကို အထူးအဆန်းလုပ်ရေးပြီး ပိုက်ဆံဖြုန်းနေ သည့် သတင်းစာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း စိတ်ဝင်စားလိမ့်မည် မထင်ပါ။
နောက်ပြီးတော့ -
“ရန်ကုန်ရင်ပြင် ပေတစ်ရာဘေးမှာ သမင်လိုက်ပွဲတွေ တိုးလာ . . .”
ငင့် - ရန်ကုန်မြို့ထဲကို ဘယ်က သမင်က ဝင်လာလို့ ဝိုင်းလိုက်ကြတာတုံး။ မတော် ‘ဆတ်’ ဆိုတော်သေး။ ခညားတို့ ဈေးထဲမယ် တွေ့တယ်မဟုတ်လား။ ‘ဆတ်သားခြောက် လတ်လတ်ဆတ်ဆတ်’ ဆိုတာလေ။
‘အဲဒီ ဆတ်သားက စစ်ရဲ့လားဆင့်’ ‘စစ်ပါတယ်ခည၊ မနေ့ညကတောင် ဟောင်နေသေးတယ်’ အဟိစ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်က သွားတိုက်ဆေးတို့၊ ဆပ်ပြာမွှေးတို့၊ အင်ဒိုနီးရှားပါတိတ်တို့ဆိုတာ မှောင်ခိုဈေးမှာ ခိုးဝယ်ရတာခည။ အဲဒီလူသုံးကုန်ပစ္စည်းလေးတွေကို လေးထောင့်စပ်စပ် အဝတ်ထဲ ဖြန့်ခင်း၊ ထောင့်လေးထောင့်မှာ ကြိုး လေးချည်ထား၊ ပလက်ဖောင်းပေါ် ချရောင်း၊ ဖမ်းတဲ့လူတွေလာတော့ အဲဒီ ကြိုးလေးတွေကို ဆွဲလိုက်တော့ တစ်ခါတည်း ထုပ်ပြီးသား ဖြစ်သွားရော။ ဟိုနားလိုက်ဖမ်းလိုက် အဲဒီအသည်တွေ ပျောက်သွားလိုက်၊ ပြီးတော့ ပြန်ပေါ်လာလိုက်။
အဲ အဲ . . အဲသဟာကို ပြောတာ။ ဟဲဟဲ မဆန်းဘူးလား။ တခြားဘယ်နိုင်ငံမှာမှ မရှိတာတွေ ဗမှားပြည်မှာ အကုန်စိလယ်။
“နိုင်ငံတကာက မော်တော်ကားတွေ ခြေစုံရပ်ကြည့် မောကာ . . . ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြီးတစ်ပိုင်း ပြတ်ကာ . . .”
အဲလေ၊ ဒါတော့ ပြောလို့မရဘူး။ ခွေးအောင်လှိုင်ကောင်းမှုနဲ့ အခု တာယာဖိနပ်တွေတောင် ပြန်ပေါ်နေပြီလား မဆိုနိုင်။ ကျော်တို့ငယ်ငယ်ကတော့ တာယာဖိနပ်၊ ကားတာယာရေပုံး စတာတွေ သုံးခဲ့ကြသေး၏။ ပြောတော့သာ နာမည် ဆိုးတာခင်ဗျာ။ အလွန်အင်မတန် အကြမ်းခံသည့် ဖိနပ်များ ဖြစ်၏။ ကျုပ်တို့တောသားများ တောတက်သည့်အခါ ထို ဖိနပ်များနှင့်မှ ကိုက်သည်။ ကျောက်ခဲ၊ ခရိုးများနှင့် ပြည့်နှက်နေသည့် အလွန်ကြမ်းတမ်းသည့် မြေပြင်ပေါ် သွားရတာ ဖြစ်၍ ရိုးရိုးဖိနပ်များဆို ခနလေးနှင့် ပျက်စီးသွားတတ်၏။ ကားတာယာဖိနပ်များကတော့ ပွန်းရာတောင်မထင်။
ဤသီချင်းထဲတွင်ပါသည့် “ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြီးတစ်ပိုင်း ပြတ်ကာ” ဆိုသည်ကို ကြည့် ကြည့် ပါ။ မည်မျှ ဆင်းရဲလိုက်ပါသနည်း။ အထက်မှာ ကျွန်ုပ်ပြောခဲ့သလို ကားတာယာဖိနပ်ဆိုတာ အင်မတိ အင်မတန်မှကို အကြမ်းပတမ်းခံ၏။ သည်ကဲ့သို့သော ဖိနပ်မျိုးကိုတောင် ဖင်နောက်မြီးတစ်ပိုင်းပြတ်အောင် စီးရသည် ဆိုတော့ . . အင်း . . . စ်
နောက်ပြီး ၅၀ ထိပ်စီးအောက်တွေ နားမလည်နိုင်မည့် သီချင်စားသားလည်း ရှိသေး၏။
“အကြိမ်ကြိမ် အဖန်ဖန် လေဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ . . .”
ငမ် - ဘာတုံး။ ဘယ်ကလေဘာကို လဲရမတုံး။ ဘာလဲ၊ လေဘာက ပျက်စီးသွားလို့လား။
ကျွန်ုပ်တို့ခေတ်တုံးက သောက်ရေးမပါတာတွေ အတော်များများ လုပ်ခဲ့ရ၏။ ကျောင်းပြီးသွားတော့ အလုပ်ရှာဘို့အတွက် အလုပ်သမားရုံးမှာ အလုပ်သမား မှတ်ပုံတင်ကတ်ပြား လုပ်ရ၏။ ၎င်းကို Labor Registration ဟု ခေါ်သည် ထင်၏။ အတိုကောက် လေဘာ ဟုသမုတ်ကြ၏။ လေဘာသက်တမ်းမှာ ၆ လ လား၊ တစ်နှစ်လား၊ ၃ နှစ်လား မမှတ်မိတော့ပါ။ အလုပ်မရမီစပ်ကြား လေဘာသက်တမ်းကုန်လျှင် အသစ်ထပ်လဲရ၏။ ‘အကြိမ်ကြိမ် အဖန်ဖန် လေဘာလဲကာ’ ဆိုသည် မှာ တော်တော်နှင့် အလုပ်မရနိုင်တာကို ဆိုလို၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ် -
“အိတ်ကပ်ထဲက အကြွေတွေ အပြင်ကို မျက်စပစ်လို့နေ . . .”
ကျော်တို့ငယ်ငယ်က ၅ ပြား၊ ၁၀ ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့ စသည်တို့ သုံးခဲ့ရ၏။ တက္ကသိုလ်တက်တော့တောင် ကားခက ပြား ၆၀ ဖြစ်၏။ အရွက် ၄၀ ဗလာစာအုပ်တစ်အုပ်ကို ပြား ၄၀၊ အရွက် ၆၀ ဗလာစာအုပ်တစ်အုပ်ကို ပြား ၆၀၊ ဖောင်တိန်တစ်ချောင်း ငါးမတ်။
အကြွေစေ့များ လုံးပါးပါးသွားတာ ဘယ်နှစ်လောက်ကလည်း အတိအကျ မမှတ်မိတော့ပါ။ ၁၉၈၈ အရေးအခင်း မတိုင်မီထိ အကြွေစေ့များ ရှိနေသေးသည် ထင်ပါသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်း မွေးလာသည့် လူများမှာ အကြွေစေ့ မြင်ဖူးတော့မည် မထင်ပါ။
“လောလောလတ်လတ် ထောင်ကိုမြင်ရင် ရာကိုစွန့်ခွာ ထီတစ်စောင် ၂ ကျပ်နဲ့ ထိုးကာ . . .”
အရင်တုံးက ထီတစ်စောင်လျှင် ၂ ကျပ် ဖြစ်၏။ အမြင့်ဆုံး ထီဆုမှာ တစ်သိန်း ဖြစ်၏။ (စလုံးထီမှာလည်း ယခင်က ၂ ကျပ် ပင်ဖြစ်၏။ အခုတော့ ၃ ကျပ်ဖြစ်သွားပါပြီ။) ထီတစ်စောင် ၂ ကျပ်ဆိုသည့် စကားလုံးကို ကြားဖူးလျှင် အသင်သည် အနည်းဆုံး ၅ ထိပ်စည်း ကျော်နေရမည်။
နောက်ပြီးတော့ စောဘွဲ့မှူး ရေးစပ်သော “ရည်စားဖြစ်ခါစ”
ရည်းစားဖြစ်ပြီး များမကြာမီ ကျောင်းကားဂိတ်မှာ ၉ ကားကိုစီးစဉ် သံဇကာတွေ ဆီးတားထားတာ . . . .
ကျွန်ုပ်တို့ ကျောင်းသားဘဝက မင်္ဂလာဒုံဘက်ကို ပြေးသည့်ကားမှာ နံပါတ် ၉ ကားဖြစ်၏။ အခြားကားများနှင့် မတူသည်မှာ ၉ ကားတွင် အမျိုးသား၊ အမျိုးသမီး စီးသည့်အခန်းကို သံဇကာဖြင့် ခြားထား၏။ ဘယ်သူက ထွင်လိုက်သလဲ ကျွန်ုပ်မသိပါ။ ထိုသံဇကာ ဘယ်တော့ပျောက်သွားသည်ကိုလည်း အမှတ်မထားမိလိုက်ပါ။ ဤသည်ကို ရည်၍ အထက်ပါ သီချင်းစာသား ဖြစ်လာခြင်း ဖြစ်၏။
နောက်ပြီး ရှိသေးသည်။
ရီဂျင်နယ်မှာ ကောင်လေးတစ်ယောက်ကို ထား . . . အခု ရောမသူလိုဖြစ်သွားပြီ . . . ရာဇူးက မမရေ . . . ရာဇူးက မမ . . .
ငမ် - ဘာဂျီးဒုန်းစ် “ရီဂျင်နယ်” . . . သီချင်းက မှားနေပြီ၊ ‘ရီချင်တယ်’ ဖစ်ရမှာ။ ရာဇူးဆိုတာ ဘာတုံး။ ရောမမှာရှိတဲ့ ကျောင်းလား။
ဤသည်မှာလည်း ပြင်ညာရေးကို အမြဲဆန်းသစ်ချင်နေသည့် ကိုပြင်ညာယှင်ဂျီးများ၏ လက်ရာတစ်ခုဖြစ်၏။ ကျွန်ုပ်တို့ ကျောင်းသားဘဝက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်မီ ဒေသကောလိပ် (Regional College) ဆိုတာကြီးကို တက်ရ၏။ ၂ နှစ်ဖြစ်ပြီး ထို ၂ နှစ်ကအမှတ်၊ ၁၀ တန်းအောင်မှတ်များပေါင်းကာ တက်ရမည့်တက္ကသိုလ်ကို ချပေးတာ ဖြစ်၏။ ထို့ကြောင့် ကိုင်ဇာက ‘ရီဂျင်နယ်မှာ ကောင်လေးတစ်ယောက်ကို ထား’ ဟူ၍လည်းကောင်း၊
ရန်ကုန်တက္ကသိုလ်၏ ယခင်ကအမည်မှာ ‘ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်’ (Rangoon Arts and Science University အတိုကောက် RASU) ဖြစ်၏။ ၎င်းကို ရာဇူးဟု ခေါ်ကြ၏။ ထို့ကြောင့် ကိုင်ဇာက ‘ရာဇူးက မမရေ . . . ရာဇူးက မမ . . .’ ဟူ၍လည်းကောင်း သီဆိုခဲ့ခြင်း ဖြစ်၏။ (ကျွန်ုပ်တို့ရွာမှ ဒေါ်ဒေါ်ခင်ကြိုင်ကမူ ‘ရွာဦးကမမရေ ရွာဦးက မမ’ ဟု သီချင်း ညည်းဖူး၏။)
ဘိုဘိုဟန်က ‘ပေါင်ချိန်စက်’ သီချင်းတွင် -
“သုံးလိပ်ကို တစ်ကျပ်နဲ့ သုံးလိပ်ကို တစ်ကျပ်နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်လေး . . .” ဟု ဆိုခဲ့၏။ ရှိသမျှ အကုန်ပိတ် စနစ်ကျင့်သုံးသည့် မဆလခေတ်တွင် အစ်ကိုကာလသားတို့မှာ ‘ခပေါင်း’ နှင့် ‘ဒူးယား’ တည်းဟူသော ဗမှားပြည်ဖြစ် စီးကရက် နှစ်မျိုးကိုသာ သောက်သုံးကြရကုန်၏။
စီးကရက်ဈေးမှာလည်း အထက်ပါ ဘိုဘိုဟန်၏သီချင်းထဲကလို ၃ လိပ် ၁ ကျပ် ဖြစ်၏။
အဲသလိုမျိုးတွေ အများကြီးရှိသေးတယ်ခင်ဗျာ . . .
အခုတော့ တော်တော်လည်း ရှည်သွားပြီမို့ အားနာလို့ ရပ်လိုက်အုံးမယ်။
ဘာရယ်မဟုတ်ပါဘူး။ တူနှစ်ကိုယ်တိုင်းပြည် နားထောင်ရင်းနဲ့ လက်ကလေးယားလာလို့ ရေးလိုက်တာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂ စက်တင်ဘာ၊ ၂၀၂၄
No comments:
Post a Comment