အလွန်အင်မတန်မှကို မချိမဆန့် ချမ်းသာသော သူဌေးကြီးတစ်ဦးသည် ရှိ၏။ သူဌေးကြီးတွင် အသည်းပေါက်မတတ် ချစ်ရသော သမီးကလေးတစ်ဦးသည်လည်း ရှိ၏။ ထိုသမီးကလေးသည် ဇာတ်မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ပြီး လိုက်ပြေး သောအခါ သူဌေးကြီးသည် အလွန်အင်မတန်မှကို စိတ်လည်းဆိုး၊ ဒေါသလည်းဖြစ်၊ ယူကြုံးမရဖြစ်ကာ ထိုသမီးကို လုံးဝ သေခန်းဖြတ်လိုက်လေတော့၏။
ဇာတ်မင်းသားမယား သူဌေးသမီးသည် မင်းသားနှင့် ညားပြီးနောက် ဒုက္ခပေါင်း တစ်သိန်းခုနစ်သောင်းနှင့် ရင်ဆိုင် တိုးရလေ၏။ သို့သော် သူ့အဖေအကြောင်းသိသဖြင့် အကူအညီမတောင်းရဲဘဲ ကြုံရသမျှ ဒုက္ခများကို ခါးစည်းခံခဲ့၏။
ဇာတ်မင်းသားသည် နောက်အငြိမ့်သမလေးတစ်ဦးနှင့် နသားပါးယားလုပ်သွားသည့်အခါ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ရွှေပေါ်မြတင်နေခဲ့ရသော သူဌေးသမီးသည် မုန့်ပြားသလက်လုပ်ရောင်းကာ စားဝတ်နေရေးကို ဖြေရှင်းရလေ၏။ မနက်စာညစာတောင် နပ်မမှန်။
မနေနိုင်သူတစ်ဦးက ကြားထဲကဝင်ကာ သူဌေးကြီးနှင့် သမီးကို တွေ့ရအောင်လုပ်ပေး၏။ သို့သော် သူဌေးကြီးမှာ ခါးခါးသီးသီးငြင်းခဲ့၏။
သို့နှင့် သူဌေးသမီးသည် သေလေ၏။ လူမမယ်သားကလေး ဖိုးကံကောင်းသည် ကျန်ခဲ့၏။
မနေနိုင်သူများက အနှီဒုက္ခသည် သားကလေးနှင့် သူဌေးကြီးကို ပြန်လည်ဆုံတွေ့ပေးခဲ့၏။ ကလေးက သူဌေးကြီး၏ ခြေသလုံးကို ဖက်တာတောင်မှ သူဌေးကြီးက အကပ်မခံဘဲ ကန်ကျောက်ပစ်လိုက်လေ၏။
ဤတွင် ယခင်ကတည်းက သူ့အဘိုးအပေါ် မကျေမနပ်ဖြစ်နေသော လူကလေး၏ အသည်းမှဆူးကလေးမှာ မည်ကဲ့သို့မှ နုတ်၍ ဖြစ်နိုင်စရာမရှိတော့သော ဆူးကြီးဖြစ်လာလျက် သူ့အဘိုးအေကို လက်စားချေပြီး ရှိသမျှ စည်းစိမ်ကိုရအောင် လုပ်မည်ဟု သန္နိဌာန်ချကာ မဖြစ်မနေ ဆောင်ရွက်လေ၏။
ကိုဖိုးကံကောင်းသည် သူ့အပေါ် ပက်ပက်စက်စက် ရက်စက်ခဲ့သူ အဖိုးနှင့်အဆက်အနွယ်အားလုံးကို စိမ်ပြေနပြေ သတ်ခဲ့၏။
၁၉၅၁ ခုနှစ်တွင် ရေးခဲ့သော ‘တင့်တယ်’ ၏ ‘ကမ္မဖလ’ ကို စာအုပ်ထုတ်ပြီး အနှစ် ၇၀ ကျော် ၂၀၂၄ ခုနှစ်ကျမှ ကျွန်ုပ် ဖတ်ရလေ၏။ ကောင်းလိုက်တဲ့ ဝတ္ထုခင်ဗျာ။ အဲသလို လက်စားချေတဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်ုပ် အလွန်နှစ်သက်စွာ ဖတ်ခဲ့ ဖူး၏။ ငယ်စဉ်ကဆိုတော့ မမှတ်မိတော့။ မွန်တီခရစ္စတိုမြို့စားကြီး ထင်ပါသည်။ သူ့ကို ဒုက္ခပေးခဲ့သူများကို အေးအေး ဆေးဆေး၊ စိမ်ပြေနပြေ အမှည့်ခြွေ ခြွေခြင်း ဖြစ်၏။ သူ လူသတ်သည့် ပုံစံက သေနတ်နှင့်ပစ်၊ ဒါးနှင့်ထိုး၊ ဒုတ်နှင့်ရိုက် သတ်ခြင်းမဟုတ်ဘဲ သူသတ်မှန်းမသိအောင်၊ သူတို့ဘာသာ accident ဖြစ်ရင်း သေသလိုဖြစ်အောင် လုပ်တာဖြစ်၍ မည်သူမှ မရိပ်မိ။ သူ့ကိုလည်း မည်သူမှ တရားခံလို့ စွပ်စွဲ၍ မရ။ အမှန်က သူ သတ်သည်ဟုပင် ပြောလို့မရ။ သူက သေအောင်လုပ်တာဖြစ်၏။ ယခုလည်း ကမ္မဖလတွင် သူဌေးကြီး ဦးကံကောင်းကလည်း သူ့အပေါ် ပက်ပက်စက်စက် ရက်စက်ခဲ့သူများကို သူ့လက်ဖျားနှင့်ပင် မထိလိုက်ရပါဘဲလျက် သတ်ခဲ့၏။ သူတို့ဘာသာ သူတို့ သေသည့်အတွက်လည်း သူသတ်မှန်း မည်သူကမှ မရိပ်မိခဲ့။
လူသတ်မှုဖြင့် သူဌေးကြီး ဦးကံကောင်းကို သေဒဏ်ပေးခြင်းခံရ၏။ သို့သော် သူ ကြိုးပေးခံရသော လူသတ်မှုမှာ သူများသတ်သည့်အမှုကို သူသတ်သည်ဟု သက်သေအထောက်အထား အခိုင်အလုံပြကာ ကြိုးပေးခံရခြင်း ဖြစ်၏။ သို့သော် ထိုအမှုမှ သူ ကွင်းလုံးကျွတ်လွတ်ခဲ့၏။ သို့သော် သူ သေဒဏ် ကျခံရပါသည်။ ငင့် - ရှုပ်ကုန်ပြီ။ ကွကိုယ်သာ ဆက်ဖတ်ကြည့်ပေတော့။ တော်ကြာ အရသာပျက်သွားမှာစိုးလို့ . . . အဟိစ်။
ဤဝတ္ထုကို ဆရာတင့်တယ်က မြန်မာပြည်တွင် ရေးခဲ့တာမဟုတ်။ လန်ဒန်မြို့၌ရှိစဉ် ရေးခဲ့တာ ဖြစ်၏။ ရေးပြီး ရန်ကုန် ပို့လိုက်တော့ အခွန်တောင် ဆောင်လိုက်ရသေး၏။
စာရေးသူကိုယ်နှိုက်ကလည်း “.... ရေးသားလာခဲ့ရသော စာအမျိုးအမည်ပေါင်း များစွာတို့အနက်တွင် ကိုယ့်စာကို ပြန်၍ တင်းပြည့်ကျပ်ပြည့် ကျေနပ်အားရသော(ယခုအထိ) တစ်ခုတည်းသော စာမူမှာကား ‘ကမ္မဖလ’ ၀တ္တုပင် ဖြစ်ပါ၏။.....' ဟု ဝန်ခံထားရာ ဝတ္ထု၏ အရည်အသွေးကို ခန့်မှန်းနိုင်ပါသည်။
ဆရာတင့်တယ်ကား စာပေါင်းများစွာကို ရေးခဲ့သူဖြစ်၏။ ဆရာတင့်တယ်၏ ဝတ္ထုကို ကျွန်ုပ်စဖတ်ဖူးသည်မှာ အသက် ၁၄-၅-၆ နှစ်လောက်က မြဝတီ၊ ငွေတာရည်၊ ရှုမဝစသည် မဂ္ဂဇင်းတစ်စောင်၌ ပါသော ‘ကြယ်ကြွေသည့်ည’ ဖြစ်၏။ ထိုဝတ္ထုနှင့်အတူ ‘ထန်းတက်သမား ငထေကြီး’ ‘မဂျိုးကို ဘယ်လိုပြောရပါ့’ စသည့် ဝတ္တုတိုကလေးများကိုလည်း ယခုတိုင် မှတ်မိနေပါသေးသည်။ ကြိုက်လည်း ကြိုက်သကိုး။
ဖတ်ရန်တိုက်တွန်းပါ၏။
တင့်တယ် - “ကမ္မဖလ”
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈ စက်တင်ဘာလ၊ ၂၀၂၄
No comments:
Post a Comment