Monday, September 30, 2024

သူတို့ရထားလမ်းပျက်ခြင်းကြောင့် ကျွန်ုပ်ဘတ်ဂျက်ကို တိုက်ရိုက်ထိခိုက်ရခြင်း အကြောင်း

၃၅ နှစ်ကျော် မနားတမ်း ပြေးဆွဲလာရတာဆိုတော့ ရထားတွဲများမှာ အိုမင်း ရင့်ယော်နေပြီ။ 

ဆိုတော့ စင်ကာပူ MRT ရထားလိုင်း၌ မဖြစ်စဖူးသော ချို့ယွင်းမှုသည် ဖြစ်ခဲ့ပြီ။

 

ယခု စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က ကလီမင်တီဘူတာအနီး၌ ရထားဘီးပေါက်ကာ (ဟုတ်ပေါင်) ရထားဘီးမှ အထိန်းပြုတ်ထွက်သွားကာ ရထားပြေးဆွဲမှုများ ရပ်တန့်သွားခဲ့၏။ ရထားပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် ၈၅၀ လောက်မှာ ဇလီဖားတုံး (ကြုံတုန်းပြောလိုက်ရအုံးမယ်။ ခညားတို့ ကျုပ်တို့ ခေါ်နေတဲ့ ဇလီဖားတုံး ဆိုတာ အင်္ဂလိပ်စကား sleeper ကို ဗမှားမှု ပြုထားတာကလားဗျာ။) အဲ အဲ အဲသည် ဇလီဖားတုံးများကို တစ်နှစ်သုံးလေး ရေတွက်လျက် ကလီမင်တီဘူတာသို့ သွားခဲ့ကြရလေ၏။ (ကျုပ်က အဲသလို ထူးထူးဆန်းဆန်းလေးတွေ ကြုံချင်တာ။ မပါလိုက်တာ နာသကွာ၊ ကတောက်စ်)

 

ထိုအထိ သိပ် ပြဿနာမဟုတ်သေး။ တကယ့်ပြဿနာကြီးက ထို ပျက်သွားသည့်ရထားတွဲကို အုလုပန်ဒန်း ရထား ရပ်နားစခန်းသို့ ဆွဲသွားသည့်အခါကျမှ ဖြစ်တာဖြစ်၏။ တွဲကြီးကို ဆွဲသွားတော့ အဖုံးပြုတ်နေသည့်ဘီးမှာ ပြုတ်ထွက် သွားကာ ရထာလမ်းတလျှောက် ဒိန်းဒလိန်းနတ်ဖမ်းလျှက် ကလီမင်တီနှင့် ဒိုဘာအကြား ၁.၆ ကီလိုမီတာအရှည်ရှိ ရထားလမ်းကို အကုန်လျှောက်ခွဲ ဖျက်ဆီးသွားလေရာ ရထားလမ်း၊ ရထားလမ်း၌ တွဲလျက်ဆင်ထားသည့် ကိရိယာများ၊ ရထားမောင်းရန် သွယ်တန်းထားသည့် ဓာတ်ကြိုး စသည်တို့ကို အကုန်ဖျက်ဆီးပစ်လိုက်လေ၏။ 

 

ကနဦးတွေ့ရှိချက်၌ ရထားလမ်းကွဲအက်မှု ၃၄ ခု၊ ရထားရှန်တိန်ခွဲပေးသည့် စက် ၃ လုံး၊ ရထားကို ပါဝါပေးသည့် တတိယ သံလမ်း (third rail), ဓာတ်ကြိုး၊ ကလစ်များအားလုံး ပျက်စီးသွား၏။ သို့သော် နောက်ထပ် ရထားလမ်းကွဲအက်ရာ ၁၂ ခု ထပ်မံတွေ့ရှိခဲ့သေး၏။

 

ထိုပြဿနာကြောင့် ဘုရင်မများ၏မြို့တော် (Queenstown) မှ ဘွန်လေးအကြား ဘူတာ ၉ ခု ရထားပြေးဆွဲမှု ရပ်တန့် သွားခဲ့၏။ ဗုဒ္ဓဟူးနေ့က ခရီးသည် 358,000, ကြာသပတေးနေ့က ခရီးသည် 516,000 တို့အပေါ် သက်ရောက်မှု ဖြစ်ခဲ့၏။ ထိုသူများထဲ၌ ကျွန်ုပ်တို့သားအဖလည်း ပါ၏။

 

ရထားစီးခရီးသည်များ အဆင်ပြေအောင် Shuttle ရထားများနှင့် Bridging Bus များလည်း ပြေးဆွဲပေးပါ၏။ ထို Shuttle train နှင့် Bridging Bus ကား/ရထားစီးခများကို ပိုက်ဆံမယူ။ အခမဲ့ဖြစ်၏။ 

 

မြို့ထဲမှလာလျှင် Queenstown မှ Buona Vista ထိ Shuttle train ပြေးပေး၏။ Buona Vista မှ Jurong East ထိကို Bridging Bus ပြောင်းစီး။ Jurong East ကနေ Boon Lay ထိကို Shuttle train စီး။ နည်းနည်းတော့ အလုပ်ရှုပ်သပေါ့။

 

ထို အကူးအပြောင်းနေရာများတွင်လည်း ဝန်ထမ်းများ အပြည့်ချထားကာ လူများကို လမ်းညွှန်ပေးနေပါ၏။ လမ်းညွှန် ပေးနေသူများကလည်း သွားမေးလျှင် စိတ်ရှည်လက်ရှည်နှင့် ယဉ်ယဉ်ကျေးကျေး ရှင်းပြကြ၏။ ကျွန်ုပ်စိတ်ထင် Boon Lay MRT တစ်ခုတည်းပင် ဝန်ထမ်းပေါင်း ၅၀ ကျော် ရှိပါလိမ့်မည်။ ဘူတာအဝင်ကတည်းက မည်သည့်ဘက်က ဝင်ရမည်ကို တကြော်ကြော် ဟစ်အော် လမ်းပြနေကြ၏။ ပလက်ဖောင်း၌လည်း မည်သည့်ဘက်ကို သွားလိုလျှင် မည်သည့်အပေါက်၌ စောင့်ရန် တချိန်လုံး ပြောပြပေးနေကြ၏။ 

 

ဝိုင်းဝန်းကူညီပေးနေသည့် ရဲများလည်း မနည်းလှပါ။ မြန်မာပြည်က ရဲများနီးနီးပင် တော်ကြပါပေ၏။ (ဟုတ်သလေဗျာ၊ သူတို့က ကုန်းပေါ်မှာ ပါးစပ်ကလေးနဲ့တင် ကူရတာ။ ကျုပ်တို့ဆီက ရဲတွေဆို ကြည့်ပါလား။ ရေထဲမှာ နွားမကြီးကို ဆွဲလာပေးတာ၊ တော်ချက်ကတော့ ၉+ ကျော်တယ် . . . အဟိစ်) 

 

ကျွန်ုပ်က ညနေပိုင်းတွင် ပွန်ဂိုး၌ မြန်မာစာသင်နေသေးသည်ဖြစ်ရာ ထို shuttle train နှင့် bridging bus များ ပြောင်းစီး နေရသဖြင့် ပွန်ဂိုးကို နာရီဝက်ကျော် နောက်ကျပြီးမှ ရောက်လေ၏။ တစ်ခါ ပွန်ဂိုးမှ​ပြန်လာတော့ ထို အပြောင်းအလဲများ မလုပ်ချင်သည်နှင့် အနီရောင်လိုင်းဘက်မှ လှည့်ပြန်လာရာ အိမ်ကို ည ၁၁ နာရီခွဲကျော်မှ ပြန်ရောက်တော့၏။ လူလည်း အတော့်ကို ဖွတ်စာပတ်စာတက်လျက် ဘာမှ မလုပ်နိုင်တော့ပဲ ရောက်ရောက်ချင်း ထိုးအိပ်လိုက်ရလေသော ဟူ၏။ (စင်ကာပူမှ ဘတ်စ်ကား၊ ရထားများမှာ အဲယားကွန်းပါသဖြင့် ချွေးတလုံးလုံးနှင့် မနေပါ။ စီးရတာ သက်တောင့်သက်သာ ရှိပါ၏။) 

 

ရထားလမ်းပျက်သော ကာလမှာ စင်ကာပူ၌ တကယ့်အရေးကြီးသော PSLE စာမေးပွဲကာလကြီးနှင့် တိုက်ဆိုင်နေ လေ၏။ (PSLE – Primary School Leaving Examination = မူလတန်းကျောင်းထွက် စာမေးပွဲ) ရထားလမ်းပျက်တာ ၂၅၊ PSLE က ၂၆ တွင် စမည်။ GCE(O) စာမေးပွဲလည်း ဖြေနေ၏။ ပျဉ်းမနားက လူတွေခေါ်သလို သားတို့လည်း အစိမ့်ကြီး (ဘယ်နေရာက စိမ့်သလဲဆိုတာတော့ သူတို့ပဲ သွားမေးပေါ့လဗျာ။) ဖြေနေတာ ဖြစ်၏။ သားတို့ စာမေးပွဲ ကလည်း ၂၅ ရက်နေ့ စဖြေရတာ ဖြစ်၏။ 

 

ဆိုတော့ သူ ကျောင်းက ပြန်လာတော့ မတ်စိလှမ်းပို့၏။ ဖေရီး သား - အခု ကွင်းစတောင်းရောက်နေပြီ ဘယ်လို လုပ်ရမလဲ ဆို၏။ သား ခဏစောင့်၊ ဖေရီး Grab ခေါ်ပေးမယ် ဟု ပြန်ပြောလိုက်၏။ ထိုအချိန်၌ ကျွန်ုပ်က ပလက်တီကယ် လုပ်နေရတာဆိုတော့ PPE အပြည့်အစုံဝတ်ထားရသဖြင့် ဖုန်းသုံးလို့ သိပ်အဆင်မပြေ။ Grab ကလည်း တော်တော်နှင့် ခေါ်လို့မရ။ ရထားပေါ်ပါသမျှ လူအားလုံး ကွင်းစတောင်းမှာဆင်းရတာ ဆိုတော့ ဟိုလူ ဂရက်၊ ဒီလူ ဂရက် စုပြုံခေါ်ကြတာ ဖြစ်ပါမည်။

 

နောက်ဆုံးမတော့ သားရေ၊ ကိုယ့်ဘာသာပဲ ခေါ်လိုက်တော့ကွာ ဟု ပြောလိုက်ရတော့၏။

စင်ကာပူ တိုင်စီဈေးက သာမန်အချိန်မှာဆို တစ်မျိုး၊ peak hour ဆို တစ်မျိုးဖြစ်၏။ ယခုက peak of the peak ဖြစ်နေလေရကား သိပ်မဝေးသည့် ခရီးပေမင့် $46.30 တောင် ကျ၏။ ပထမ $33.70 ဖြတ်ပြီး နောက်တစ်ခါ $12.60 ထပ် ဖြတ်ထားတာ တွေ့၏။ ဘာတွေဖြတ်မှန်းမသိ။

 

နောက်နေ့မနက် (26/09/24) စာမေးပွဲ ဖြေရအောင်သွားတော့ Grab နှင့် သွားခိုင်းလိုက်၏။ $37.10 ပေးရ၏။ ညနေ ကျောင်းက သူပြန်လာတော့ ဒုက္ခခံလျက် shuttle train နှင့် bridging bus ပြောင်းစီးကာ ပြန်ခဲ့၏။ 

 

နောက်နေ့မနက် (27/09/24) လည်း Grab, $36.80 ပေးရ၏။ ကျောင်းပြန်လာတော့လည်း shuttle train နှင့် bridging bus ပြောင်းစီး၏။ လိမ္မာလိုက်တဲ့ သားလေး အဟိစ်

 

ထိုရက်များအတွင်း ခရီးသည်ပေါင်း ၂.၁ သန်းကျော် ထိခိုက်၏။ တာဝန်ရှိသော LTA (Land Transport Authority) ကလည်း အင်ဂျင်နီယာနှင့် တက်ခ်နီရှမ်ပေါင်း ၃၀၀ ကျော်ဖြင့် (မိုးများ အသည်းအသန် ရွာနေသည့်ကြားမှ) အပူတပြင်း ပြင်ဆင်လေ၏။ ပျက်စီးသွားသည့် ရထားလမ်းပိုင်းပေါင်း ၃၀ ကျော်ကို အစားထိုးလဲလှယ်ခဲ့၏။ 

 

ပထမတွင် တနင်္လာနေ့၌ အားလုံး ပြန်ဖွင့်နိုင်လိမ့်မည် မျှော်မှန်းထားသော်လည်း Stress test လုပ်စဉ် နောက်ထပ် အက်ကွဲရာ ၁၂ နေရာတွေ့၍ ပြန်ပြင်နေရသည်နှင့် အင်္ဂါနေ့ (01/10/2024) ကျမှ ဖွင့်နိုင်တော့မည်။ နောက်ထပ် ရထားလမ်းပိုင်း ၁၀ ခု အစားထိုး လဲလှယ်လိုက်ရပြန်၏။ ဆိုတော့ ရထားလမ်း အက်ကွဲပျက်စီးမှု စုစုပေါင်းမှာ ၂.၅၅ ကီလိုမီတာအတွင်း ၄၆ ခုဖြစ်၏။

 

တနင်္လာနေ့ (သည်ကနေ့) မနက် ၉း၃၂ နာရီတွင် အစားထိုးလဲလှယ်ခြင်းအားလုံး ပြီးစီးသွား၏။ များပြားလှစွာသော စမ်းသပ်စစ်ဆေးမှုများလည်း ပြီးစီးသွားခဲ့၏။ 

 

အောက်တိုဘာလ ၁ ရက်နေ့တွင် ရထားလမ်းအားလုံး ပြန်ဖွင့်မည်။ သို့သော် ပြင်ထားသည့်အပိုင်းတွင်မူ မြန်နှုန်းအပြည့် နှင့် မပြေးသေးဘဲ တစ်နာရီလျှင် ကီလိုမီတာ ၄၀ နှုန်းဖြင့်သာ ပြေးဦးမည်ဖြစ်၍ ခရီးသည်များအနေနှင့် သာမန် ကြာချိန်ထက် ၅ မိနစ်ခန့်အချိန်ပိုယူရမည်ဟု မျှော်မှန်းထားရမည်။

 

သင်တန်းက Tuas South တွင်ရှိသည့်အတွက် Tuas ဘက်ကိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူးလေဟု တွေးကာ သည်ကနေ့မနက် ရထားစီးရန် ထွက်ခဲ့၏။ ကျွန်ုပ် ဘွန်လေးဘူတာရောက်တော့ အဘားလေး . . . လူတန်းကြီးမှာ ဘူတာမှသည် အပြင်ထွက်လာ၊ ဂျူရောင်းပွိုင့်ထဲဝင်၊ အင်တာချိန်းကနေပြန်လှည့်လာ၊ ဘူတာနားရောက်တော့ နောက်ကြောင်းပြန်လှည့်သွား။ ကျွန်ုပ်ရောက်သည့်နေရာမှာ ထိုနောက်ကြောင်းပြန်လှည့်သည့်နေရာ၌ ရှိနေသဖြင့် အင်း၊ ဒီပုံနဲ့ဆို နောက် နာရီဝက်နေလို့တောင် ဘူတာထဲ ရောက်ပါ့မလားဆိုကာ အိမ်ပြန်၊ စက်ဘီးယူလျက် ပိုင်အိုးနီးယား ဘူတာသို့ လာခဲ့ရလေ၏။ အနို့ shuttle train က ဆက်တိုက် ထွက်နေတာမဟုတ်။ ၁၀ မိနစ်မှ တစ်စီးထွက်တာ ဖြစ်၏။

 

ဆိုတော့ သင်တန်းကို ၁၀ မိနစ် နောက်ကျပြီးမှ ရောက်၏။ 

ကျွန်ုပ်သည်လည်း အခုမှ ‘ဝှူး’ ကနဲ သက်မကြီး ချနိုင်ပါတော့၏။ မဟုတ်လျှင် ဂရက်ဘိုးနှင့် မွဲရချည့်။

 

အများပြည်သူ သွားလာရေး အဆင်ပြေစေရန် မနားမနေ ကြိုးစားပေးခဲ့ကြသော LTA, SMRT နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ရဲများ အားလုံးကို ကျေးဇူးတင်ပါသည်။ ပါးစပ်ကချည်း အရေမရ အဖတ်မရတွေ ပြောနေမည့်အစား ပြဿနာတစ်ခု တက်လာလျှင် ဘယ်လို စနစ်တကျ ဖြေရှင်းရကြောင်း ဟို မေဘေးတွေကိုလည်း လာရောက် လေ့လာစေချင်ပါ၏။ (Who is ‘ဟို မေဘေး’ ? You know huh.)

 

(အချက်အလက်အားလုံးမှာ The Straits Times နှင့် CNA မှဖြစ်ပြီး ပုံအားလုံးမှာ CNA မှ ဖြစ်ပါသည်။) 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ စက်တင်ဘာလ၊ ၂၀၂၄











Saturday, September 28, 2024

ကမ္မဖလ

အလွန်အင်မတန်မှကို မချိမဆန့် ချမ်းသာသော သူဌေးကြီးတစ်ဦးသည် ရှိ၏။ သူဌေးကြီးတွင် အသည်းပေါက်မတတ် ချစ်ရသော သမီးကလေးတစ်ဦးသည်လည်း ရှိ၏။ ထိုသမီးကလေးသည် ဇာတ်မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ပြီး လိုက်ပြေး သောအခါ သူဌေးကြီးသည် အလွန်အင်မတန်မှကို စိတ်လည်းဆိုး၊ ဒေါသလည်းဖြစ်၊ ယူကြုံးမရဖြစ်ကာ ထိုသမီးကို လုံးဝ သေခန်းဖြတ်လိုက်လေတော့၏။

 

ဇာတ်မင်းသားမယား သူဌေးသမီးသည် မင်းသားနှင့် ညားပြီးနောက် ဒုက္ခပေါင်း တစ်သိန်းခုနစ်သောင်းနှင့် ရင်ဆိုင် တိုးရလေ၏။ သို့သော် သူ့အဖေအကြောင်းသိသဖြင့် အကူအညီမတောင်းရဲဘဲ ကြုံရသမျှ ဒုက္ခများကို ခါးစည်းခံခဲ့၏။ 

 

ဇာတ်မင်းသားသည် နောက်အငြိမ့်သမလေးတစ်ဦးနှင့် နသားပါးယားလုပ်သွားသည့်အခါ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ရွှေပေါ်မြတင်နေခဲ့ရသော သူဌေးသမီးသည် မုန့်ပြားသလက်လုပ်ရောင်းကာ စားဝတ်နေရေးကို ဖြေရှင်းရလေ၏။ မနက်စာညစာတောင် နပ်မမှန်။ 

 

မနေနိုင်သူတစ်ဦးက ကြားထဲကဝင်ကာ သူဌေးကြီးနှင့် သမီးကို တွေ့ရအောင်လုပ်ပေး၏။ သို့သော် သူဌေးကြီးမှာ ခါးခါးသီးသီးငြင်းခဲ့၏။ 

 

သို့နှင့် သူဌေးသမီးသည် သေလေ၏။ လူမမယ်သားကလေး ဖိုးကံကောင်းသည် ကျန်ခဲ့၏။ 

မနေနိုင်သူများက အနှီဒုက္ခသည် သားကလေးနှင့် သူဌေးကြီးကို ပြန်လည်ဆုံတွေ့ပေးခဲ့၏။ ကလေးက သူဌေးကြီး၏ ခြေသလုံးကို ဖက်တာတောင်မှ သူဌေးကြီးက အကပ်မခံဘဲ ကန်ကျောက်ပစ်လိုက်လေ၏။

 

ဤတွင် ယခင်ကတည်းက သူ့အဘိုးအပေါ် မကျေမနပ်ဖြစ်နေသော လူကလေး၏ အသည်းမှဆူးကလေးမှာ မည်ကဲ့သို့မှ နုတ်၍ ဖြစ်နိုင်စရာမရှိတော့သော ဆူးကြီးဖြစ်လာလျက် သူ့အဘိုးအေကို လက်စားချေပြီး ရှိသမျှ စည်းစိမ်ကိုရအောင် လုပ်မည်ဟု သန္နိဌာန်ချကာ မဖြစ်မနေ ဆောင်ရွက်လေ၏။ 

 

ကိုဖိုးကံကောင်းသည် သူ့အပေါ် ပက်ပက်စက်စက် ရက်စက်ခဲ့သူ အဖိုးနှင့်အဆက်အနွယ်အားလုံးကို စိမ်ပြေနပြေ သတ်ခဲ့၏။

 

၁၉၅၁ ခုနှစ်တွင် ရေးခဲ့သော ‘တင့်တယ်’ ၏ ‘ကမ္မဖလ’ ကို စာအုပ်ထုတ်ပြီး အနှစ် ၇၀ ကျော် ၂၀၂၄ ခုနှစ်ကျမှ ကျွန်ုပ် ဖတ်ရလေ၏။ ကောင်းလိုက်တဲ့ ဝတ္ထုခင်ဗျာ။ အဲသလို လက်စားချေတဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်ုပ် အလွန်နှစ်သက်စွာ ဖတ်ခဲ့ ဖူး၏။ ငယ်စဉ်ကဆိုတော့ မမှတ်မိတော့။ မွန်တီခရစ္စတိုမြို့စားကြီး ထင်ပါသည်။ သူ့ကို ဒုက္ခပေးခဲ့သူများကို အေးအေး ဆေးဆေး၊ စိမ်ပြေနပြေ အမှည့်ခြွေ ခြွေခြင်း ဖြစ်၏။ သူ လူသတ်သည့် ပုံစံက သေနတ်နှင့်ပစ်၊ ဒါးနှင့်ထိုး၊ ဒုတ်နှင့်ရိုက် သတ်ခြင်းမဟုတ်ဘဲ သူသတ်မှန်းမသိအောင်၊ သူတို့ဘာသာ accident ဖြစ်ရင်း သေသလိုဖြစ်အောင် လုပ်တာဖြစ်၍ မည်သူမှ မရိပ်မိ။ သူ့ကိုလည်း မည်သူမှ တရားခံလို့ စွပ်စွဲ၍ မရ။ အမှန်က သူ သတ်သည်ဟုပင် ပြောလို့မရ။ သူက သေအောင်လုပ်တာဖြစ်၏။ ယခုလည်း ကမ္မဖလတွင် သူဌေးကြီး ဦးကံကောင်းကလည်း သူ့အပေါ် ပက်ပက်စက်စက် ရက်စက်ခဲ့သူများကို သူ့လက်ဖျားနှင့်ပင် မထိလိုက်ရပါဘဲလျက် သတ်ခဲ့၏။ သူတို့ဘာသာ သူတို့ သေသည့်အတွက်လည်း သူသတ်မှန်း မည်သူကမှ မရိပ်မိခဲ့။

 

လူသတ်မှုဖြင့် သူဌေးကြီး ဦးကံကောင်းကို သေဒဏ်ပေးခြင်းခံရ၏။ သို့သော် သူ ကြိုးပေးခံရသော လူသတ်မှုမှာ သူများသတ်သည့်အမှုကို သူသတ်သည်ဟု သက်သေအထောက်အထား အခိုင်အလုံပြကာ ကြိုးပေးခံရခြင်း ဖြစ်၏။ သို့သော် ထိုအမှုမှ သူ ကွင်းလုံးကျွတ်လွတ်ခဲ့၏။ သို့သော် သူ သေဒဏ် ကျခံရပါသည်။ ငင့် - ရှုပ်ကုန်ပြီ။ ကွကိုယ်သာ ဆက်ဖတ်ကြည့်ပေတော့။ တော်ကြာ အရသာပျက်သွားမှာစိုးလို့ . . . အဟိစ်။

 

ဤဝတ္ထုကို ဆရာတင့်တယ်က မြန်မာပြည်တွင် ရေးခဲ့တာမဟုတ်။ လန်ဒန်မြို့၌ရှိစဉ် ရေးခဲ့တာ ဖြစ်၏။ ရေးပြီး ရန်ကုန် ပို့လိုက်တော့ အခွန်တောင် ဆောင်လိုက်ရသေး၏။ 

 

စာရေးသူကိုယ်နှိုက်ကလည်း “....​ ရေးသားလာခဲ့ရ​သော စာအမျိုးအမည်​​ပေါင်း များစွာတို့အနက်​တွင်​ ကိုယ့်စာကို ပြန်​၍ တင်းပြည့်ကျပ်ပြည့် ​ကျေနပ်​အားရသော(ယခုအထိ) တစ်​ခုတည်း​သော စာမူမှာကား ‘ကမ္မဖလ’ ၀တ္တုပင်​ ဖြစ်​ပါ၏။.....' ဟု ဝန်ခံထားရာ ဝတ္ထု၏ အရည်အသွေးကို ခန့်မှန်းနိုင်ပါသည်။ 

 

ဆရာတင့်တယ်ကား စာပေါင်းများစွာကို ရေးခဲ့သူဖြစ်၏။ ဆရာတင့်တယ်၏ ဝတ္ထုကို ကျွန်ုပ်စဖတ်ဖူးသည်မှာ အသက် ၁၄-၅-၆ နှစ်လောက်က မြဝတီ၊ ငွေတာရည်၊ ရှုမဝစသည် မဂ္ဂဇင်းတစ်စောင်၌ ပါသော ‘ကြယ်ကြွေသည့်ည’ ဖြစ်၏။ ထိုဝတ္ထုနှင့်အတူ ‘ထန်းတက်သမား ငထေကြီး’ ‘မဂျိုးကို ဘယ်လိုပြောရပါ့’ စသည့် ဝတ္တုတိုကလေးများကိုလည်း ယခုတိုင် မှတ်မိနေပါသေးသည်။ ကြိုက်လည်း ကြိုက်သကိုး။

 

ဖတ်ရန်တိုက်တွန်းပါ၏။

 

တင့်တယ် - “ကမ္မဖလ”

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ စက်တင်ဘာလ၊ ၂၀၂၄

Monday, September 23, 2024

ခေတ်ကို ဖော်ပြနေသော သီချင်းများ

ခေတ်တစ်ခေတ်ကို ကြည့်လိုလျှင် ထိုခေတ်က ရေးစပ်သီကုံးခဲ့သော သီချင်းများကို နားထောင်ခြင်း၊ ဖွဲ့ဆိုခဲ့သော ဝတ္ထုများကို ဖတ်ခြင်း၊ ရုပ်ရှင်များကို ကြည့်ခြင်းမှာ အကောင်းဆုံးဖြစ်၏။ 

ထို သီချင်း၊ ဝတ္ထု၊ ရုပ်ရှင်များသည် ခေတ်ကို ထင်ဟပ်နေ၏။

 

သို့သော် ခေတ်လူငယ်များအနေနှင့်မူ အချို့သီချင်းစာသားများကို နားလည်နိုင်မည် မထင်ပါ။

အဘယ်ကြောင့်ဆိုသော် ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့မှာ ယခုအခါ မှေးမှိန် ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်တည်း။

 

ယခုအခါ မရှိတော့သော၊ ခေတ်နောက်ကျသွားပြီဖြစ်သော သီချင်းကလေးများကို နည်းနည်းလောက် စနည်းနာ ကြည့်ကြ ပါစို့။

 

ကျွန်ုပ်တို့ ငယ်ငယ်တုံးက အင်မတန် ကျော်ကြားခဲ့သော၊ ကြိုက်လည်း ကြိုက်သဖြင့် အကြိမ်ကြိမ်နားထောင်ခဲ့ရသော ကိုင်ဇာ၊ မေဆွိတို့၏ တူနှစ်ကိုယ်တိုင်းပြည် စီးရီးထဲမှ သီချင်းများတွင် ထိုခေတ်က အကြောင်းများ ပါဝင်နေ၏။ ၎င်းတို့ကို ယခုခေတ် လူငယ်များ မသိနိုင်။

 

ဥပမာ -

 

သူတို့လေးတွေ သိပါတယ် သီချင်းမှ -

 

“RC သာ စကားပြောတတ်ခဲ့ရင် သူလေ ပြောပြလိမ့်မယ် . . .”

 

အမှန်ဆို RC (Recreation Centre) မှာ ယခုတိုင်ရှိနေသေးသည် ထင်ပါသည်။ တက္ကသိုလ်တက်ခဲ့ပါသည် ဆိုသည့် ကောင်ကလေး၊ ကန်မကလေးများကို RC ဆိုတာဘာလဲ ဟု ကျွန်ုပ်မေးကြည့်သည့်အခါ ပြူးကြောင်ကြောင် ပြန်ကြည့်ကြ၏။ RC ကို မသိကြ။ ထူးဆန်းပါပေ့။ အဲလေ၊ ဟိုသောက်ရူး ဗိုလ်ဖင်တွန့်ကောင်းမှုကြောင့် မြန်မာ တစ်နိုင်ငံလုံး တစ်မြို့လျှင် တက္ကသိုလ်တစ်ခုကျစီ ရှိနေပြီဖြစ်ရာ သူတို့က လေးမျက်နှာတက္ကသိုလ်၊​ ဝါးတောကွင်း တက္ကသိုလ် စသည့်တက္ကသိုလ်များသို့ တက်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။ 

 

ကျွန်ုပ်တို့ ကျောင်းသားဘဝကမူ RC ကို မရောက်ဖူးသည့် ကျောင်းသားမရှိ။ RC တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ပန်းချီပြပွဲ စသဖြင့် ပွဲလမ်းသဘင်များ အခါအားလျော်စွာ ကျင်းပလေ့ရှိ၏။ ကျွန်ုပ်ကျောင်းသားဘဝက မောင်မယ်သစ်လွင် ကြိုဆိုပွဲတစ်ခု၌ RC တွင် ကိုင်ဇာဆိုနေသော ‘ယောနသံဇင်ယော်’ သီချင်းကို နားဆင်ခွင့် ရခဲ့၏။ ထိုစဉ်က ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့မှာ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ထိပ်တန်း အဆိုတော်များ ဖြစ်၏။ ကောင်းလည်း ကောင်း၏။ 

 

ဆရာနိုင်မြန်မာ ရေးစပ်သော ဆေးရောင်စုံ မြင်ကွင်းကျယ် ၌ -

 

“အတောင်ပံမပါတဲ့ ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက် ပျံ သန်းလာ . . .” ဆိုသည်ကိုလည်း သည်ခေတ် အမျိုးကောင်းသား/သမီးကလေးများ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ 

 

ယခင်က သတင်းစာကို စက်ဘီးများဖြင့် လိုက်ပို့၏။ သတင်းစာပို့သူက စက်ဘီးကို အိမ်ရှေ့တွင်ရပ်ပြီး ဝင်ပေးသွားတာ မဟုတ်။ သတင်းစာကို အလိပ်များလိပ်ကာ ရှေ့ဘက် ခြင်းထဲတွင် ထည့်ထား၏။ စက်ဘီးကို မရပ်ဘဲ စက်ဘီးစီးရင်းနှင့် ပင် ထိုသတင်းစာလိပ်ကို အိမ်ထဲသို့ တံခါးပေါက်၊ ပြတင်းပေါက်များမှ ပစ်သွင်းပေးသွားတာဖြစ်၏။ သတင်းစာကလည်း များများစားစားရှိတာ မဟုတ်။ အစိုးရထုတ် လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံနှင့် မြန်မာ့အလင်းသာ ဖြစ်၏။

 

ယနေ့ခေတ်တွင် စက်ဘီးဖြင့် သတင်းစာပို့သော ယဉ်ကျေးမှု ရှိသေးသလားဆိုတာ ကျွန်ုပ်မသိပါ။ အဲလေ - နာရေး သတင်းလောက်သာ စိတ်ဝင်စားစရာကောင်းသည့် သတင်းစာကို မည်သူကမှ အမှိုက်ရှုပ်ခံ၊ ပိုက်ဆံအကုန်ခံပြီး မှာလိမ့်မည်လည်း မထင်ပါ။ ဒီနေ့သတင်းမှာလည်း ဘယ်နေရာသွားပြီး မလိုအပ်သည်များကို မှာစားသည် ဆိုသည့် သတင်း၊ မနက်ဖြန်သတင်းမှာလည်း ဘာဖွင့်ပွဲတက်သည့်သတင်း၊ နောက်နေ့ သတင်းမှာလည်း ဘယ်နိုင်ငံက ဘယ်သူ့ကို လက်ခံတွေ့ဆုံသည့်သတင်း စသည့် ဘာတစ်ခုမှ မထူးသည့် သတင်းများကို အထူးအဆန်းလုပ်ရေးပြီး ပိုက်ဆံဖြုန်းနေ သည့် သတင်းစာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း စိတ်ဝင်စားလိမ့်မည် မထင်ပါ။ 

 

နောက်ပြီးတော့ -

 

“ရန်ကုန်ရင်ပြင် ပေတစ်ရာဘေးမှာ သမင်လိုက်ပွဲတွေ တိုးလာ . . .”

 

ငင့် - ရန်ကုန်မြို့ထဲကို ဘယ်က သမင်က ဝင်လာလို့ ဝိုင်းလိုက်ကြတာတုံး။ မတော် ‘ဆတ်’ ဆိုတော်သေး။ ခညားတို့ ဈေးထဲမယ် တွေ့တယ်မဟုတ်လား။ ‘ဆတ်သားခြောက် လတ်လတ်ဆတ်ဆတ်’ ဆိုတာလေ။ 

‘အဲဒီ ဆတ်သားက စစ်ရဲ့လားဆင့်’ ‘စစ်ပါတယ်ခည၊ မနေ့ညကတောင် ဟောင်နေသေးတယ်’ အဟိစ်။

 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်က သွားတိုက်ဆေးတို့၊ ဆပ်ပြာမွှေးတို့၊ အင်ဒိုနီးရှားပါတိတ်တို့ဆိုတာ မှောင်ခိုဈေးမှာ ခိုးဝယ်ရတာခည။ အဲဒီလူသုံးကုန်ပစ္စည်းလေးတွေကို လေးထောင့်စပ်စပ် အဝတ်ထဲ ဖြန့်ခင်း၊ ထောင့်လေးထောင့်မှာ ကြိုး လေးချည်ထား၊ ပလက်ဖောင်းပေါ် ချရောင်း၊ ဖမ်းတဲ့လူတွေလာတော့ အဲဒီ ကြိုးလေးတွေကို ဆွဲလိုက်တော့ တစ်ခါတည်း ထုပ်ပြီးသား ဖြစ်သွားရော။ ဟိုနားလိုက်ဖမ်းလိုက် အဲဒီအသည်တွေ ပျောက်သွားလိုက်၊ ပြီးတော့ ပြန်ပေါ်လာလိုက်။

 

အဲ အဲ . . အဲသဟာကို ပြောတာ။ ဟဲဟဲ မဆန်းဘူးလား။ တခြားဘယ်နိုင်ငံမှာမှ မရှိတာတွေ ဗမှားပြည်မှာ အကုန်စိလယ်။ 

 

“နိုင်ငံတကာက မော်တော်ကားတွေ ခြေစုံရပ်ကြည့် မောကာ . . . ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြီးတစ်ပိုင်း ပြတ်ကာ . . .” 

 

အဲလေ၊ ဒါတော့ ပြောလို့မရဘူး။ ခွေးအောင်လှိုင်ကောင်းမှုနဲ့ အခု တာယာဖိနပ်တွေတောင် ပြန်ပေါ်နေပြီလား မဆိုနိုင်။ ကျော်တို့ငယ်ငယ်ကတော့ တာယာဖိနပ်၊ ကားတာယာရေပုံး စတာတွေ သုံးခဲ့ကြသေး၏။ ပြောတော့သာ နာမည် ဆိုးတာခင်ဗျာ။ အလွန်အင်မတန် အကြမ်းခံသည့် ဖိနပ်များ ဖြစ်၏။ ကျုပ်တို့တောသားများ တောတက်သည့်အခါ ထို ဖိနပ်များနှင့်မှ ကိုက်သည်။ ကျောက်ခဲ၊ ခရိုးများနှင့် ပြည့်နှက်နေသည့် အလွန်ကြမ်းတမ်းသည့် မြေပြင်ပေါ် သွားရတာ ဖြစ်၍ ရိုးရိုးဖိနပ်များဆို ခနလေးနှင့် ပျက်စီးသွားတတ်၏။ ကားတာယာဖိနပ်များကတော့ ပွန်းရာတောင်မထင်။

 

ဤသီချင်းထဲတွင်ပါသည့် “ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြီးတစ်ပိုင်း ပြတ်ကာ” ဆိုသည်ကို ကြည့် ကြည့် ပါ။ မည်မျှ ဆင်းရဲလိုက်ပါသနည်း။ အထက်မှာ ကျွန်ုပ်ပြောခဲ့သလို ကားတာယာဖိနပ်ဆိုတာ အင်မတိ အင်မတန်မှကို အကြမ်းပတမ်းခံ၏။ သည်ကဲ့သို့သော ဖိနပ်မျိုးကိုတောင် ဖင်နောက်မြီးတစ်ပိုင်းပြတ်အောင် စီးရသည် ဆိုတော့ . . အင်း . . . စ် 

 

နောက်ပြီး ၅၀ ထိပ်စီးအောက်တွေ နားမလည်နိုင်မည့် သီချင်စားသားလည်း ရှိသေး၏။

 

“အကြိမ်ကြိမ် အဖန်ဖန် လေဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ . . .”

 

ငမ် - ဘာတုံး။ ဘယ်ကလေဘာကို လဲရမတုံး။ ဘာလဲ၊ လေဘာက ပျက်စီးသွားလို့လား။ 

 

ကျွန်ုပ်တို့ခေတ်တုံးက သောက်ရေးမပါတာတွေ အတော်များများ လုပ်ခဲ့ရ၏။ ကျောင်းပြီးသွားတော့ အလုပ်ရှာဘို့အတွက် အလုပ်သမားရုံးမှာ အလုပ်သမား မှတ်ပုံတင်ကတ်ပြား လုပ်ရ၏။ ၎င်းကို Labor Registration ဟု ခေါ်သည် ထင်၏။ အတိုကောက် လေဘာ ဟုသမုတ်ကြ၏။ လေဘာသက်တမ်းမှာ ၆ လ လား၊ တစ်နှစ်လား၊ ၃ နှစ်လား မမှတ်မိတော့ပါ။ အလုပ်မရမီစပ်ကြား လေဘာသက်တမ်းကုန်လျှင် အသစ်ထပ်လဲရ၏။ ‘အကြိမ်ကြိမ် အဖန်ဖန် လေဘာလဲကာ’ ဆိုသည် မှာ တော်တော်နှင့် အလုပ်မရနိုင်တာကို ဆိုလို၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ် -

 

“အိတ်ကပ်ထဲက အကြွေတွေ အပြင်ကို မျက်စပစ်လို့နေ . . .”

 

ကျော်တို့ငယ်ငယ်က ၅ ပြား၊ ၁၀ ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့ စသည်တို့ သုံးခဲ့ရ၏။ တက္ကသိုလ်တက်တော့တောင် ကားခက ပြား ၆၀ ဖြစ်၏။ အရွက် ၄၀ ဗလာစာအုပ်တစ်အုပ်ကို ပြား ၄၀၊ အရွက် ၆၀ ဗလာစာအုပ်တစ်အုပ်ကို ပြား ၆၀၊ ဖောင်တိန်တစ်ချောင်း ငါးမတ်။

 

အကြွေစေ့များ လုံးပါးပါးသွားတာ ဘယ်နှစ်လောက်ကလည်း အတိအကျ မမှတ်မိတော့ပါ။ ၁၉၈၈ အရေးအခင်း မတိုင်မီထိ အကြွေစေ့များ ရှိနေသေးသည် ထင်ပါသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်း မွေးလာသည့် လူများမှာ အကြွေစေ့ မြင်ဖူးတော့မည် မထင်ပါ။

 

“လောလောလတ်လတ် ထောင်ကိုမြင်ရင် ရာကိုစွန့်ခွာ ထီတစ်စောင် ၂ ကျပ်နဲ့ ထိုးကာ . . .”

 

အရင်တုံးက ထီတစ်စောင်လျှင် ၂ ကျပ် ဖြစ်၏။ အမြင့်ဆုံး ထီဆုမှာ တစ်သိန်း ဖြစ်၏။ (စလုံးထီမှာလည်း ယခင်က ၂ ကျပ် ပင်ဖြစ်၏။ အခုတော့ ၃ ကျပ်ဖြစ်သွားပါပြီ။) ထီတစ်စောင် ၂ ကျပ်ဆိုသည့် စကားလုံးကို ကြားဖူးလျှင် အသင်သည် အနည်းဆုံး ၅ ထိပ်စည်း ကျော်နေရမည်။

 

နောက်ပြီးတော့ စောဘွဲ့မှူး ရေးစပ်သော “ရည်စားဖြစ်ခါစ” 

 

ရည်းစားဖြစ်ပြီး များမကြာမီ ကျောင်းကားဂိတ်မှာ ၉ ကားကိုစီးစဉ် သံဇကာတွေ ဆီးတားထားတာ . . . . 

 

ကျွန်ုပ်တို့ ကျောင်းသားဘဝက မင်္ဂလာဒုံဘက်ကို ပြေးသည့်ကားမှာ နံပါတ် ၉ ကားဖြစ်၏။ အခြားကားများနှင့် မတူသည်မှာ ၉ ကားတွင် အမျိုးသား၊ အမျိုးသမီး စီးသည့်အခန်းကို သံဇကာဖြင့် ခြားထား၏။ ဘယ်သူက ထွင်လိုက်သလဲ ကျွန်ုပ်မသိပါ။ ထိုသံဇကာ ဘယ်တော့ပျောက်သွားသည်ကိုလည်း အမှတ်မထားမိလိုက်ပါ။ ဤသည်ကို ရည်၍ အထက်ပါ သီချင်းစာသား ဖြစ်လာခြင်း ဖြစ်၏။

 

နောက်ပြီး ရှိသေးသည်။

 

ရီဂျင်နယ်မှာ ကောင်လေးတစ်ယောက်ကို ထား . . . အခု ရောမသူလိုဖြစ်သွားပြီ . . . ရာဇူးက မမရေ . . . ရာဇူးက မမ . . .

 

ငမ် - ဘာဂျီးဒုန်းစ် “ရီဂျင်နယ်” . . . သီချင်းက မှားနေပြီ၊ ‘ရီချင်တယ်’ ဖစ်ရမှာ။ ရာဇူးဆိုတာ ဘာတုံး။ ရောမမှာရှိတဲ့ ကျောင်းလား။

 

ဤသည်မှာလည်း ပြင်ညာရေးကို အမြဲဆန်းသစ်ချင်နေသည့် ကိုပြင်ညာယှင်ဂျီးများ၏ လက်ရာတစ်ခုဖြစ်၏။ ကျွန်ုပ်တို့ ကျောင်းသားဘဝက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်မီ ဒေသကောလိပ် (Regional College) ဆိုတာကြီးကို တက်ရ၏။ ၂ နှစ်ဖြစ်ပြီး ထို ၂ နှစ်ကအမှတ်၊ ၁၀ တန်းအောင်မှတ်များပေါင်းကာ တက်ရမည့်တက္ကသိုလ်ကို ချပေးတာ ဖြစ်၏။ ထို့ကြောင့် ကိုင်ဇာက ‘ရီဂျင်နယ်မှာ ကောင်လေးတစ်ယောက်ကို ထား’ ဟူ၍လည်းကောင်း၊

 

ရန်ကုန်တက္ကသိုလ်၏ ယခင်ကအမည်မှာ ‘ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်’ (Rangoon Arts and Science University အတိုကောက် RASU) ဖြစ်၏။ ၎င်းကို ရာဇူးဟု ခေါ်ကြ၏။ ထို့ကြောင့် ကိုင်ဇာက ‘ရာဇူးက မမရေ . . . ရာဇူးက မမ . . .’ ဟူ၍လည်းကောင်း သီဆိုခဲ့ခြင်း ဖြစ်၏။ (ကျွန်ုပ်တို့ရွာမှ ဒေါ်ဒေါ်ခင်ကြိုင်ကမူ ‘ရွာဦးကမမရေ ရွာဦးက မမ’ ဟု သီချင်း ညည်းဖူး၏။)

 

ဘိုဘိုဟန်က ‘ပေါင်ချိန်စက်’ သီချင်းတွင် -

 

“သုံးလိပ်ကို တစ်ကျပ်နဲ့ သုံးလိပ်ကို တစ်ကျပ်နဲ့ ခေါင်းမူးသွားပြီ ဒူးယားသည်လေး . . .” ဟု ဆိုခဲ့၏။ ရှိသမျှ အကုန်ပိတ် စနစ်ကျင့်သုံးသည့် မဆလခေတ်တွင် အစ်ကိုကာလသားတို့မှာ ‘ခပေါင်း’ နှင့် ‘ဒူးယား’ တည်းဟူသော ဗမှားပြည်ဖြစ် စီးကရက် နှစ်မျိုးကိုသာ သောက်သုံးကြရကုန်၏။ 

 

စီးကရက်ဈေးမှာလည်း အထက်ပါ ဘိုဘိုဟန်၏သီချင်းထဲကလို ၃ လိပ် ၁ ကျပ် ဖြစ်၏။

 

အဲသလိုမျိုးတွေ အများကြီးရှိသေးတယ်ခင်ဗျာ . . .

အခုတော့ တော်တော်လည်း ရှည်သွားပြီမို့ အားနာလို့ ရပ်လိုက်အုံးမယ်။

ဘာရယ်မဟုတ်ပါဘူး။ တူနှစ်ကိုယ်တိုင်းပြည် နားထောင်ရင်းနဲ့ လက်ကလေးယားလာလို့ ရေးလိုက်တာ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၂ စက်တင်ဘာ၊ ၂၀၂၄

Friday, September 20, 2024

သဘာဝ ဘေးအန္တရာယ်နှင့် မြန်မာ့စိတ်ရင်း

ကျွန်ုပ်သည် မြန်မာပြည်မှ ရေလွှမ်းမိုးမှု ဓာတ်ပုံ၊ ဗီဒီယိုများကို ကြည့်ကာ အတော်ပင် ဝမ်းနည်းမိလေ၏။ ဝမ်းနည်းရင်းမှ ဟိုခွေးမသားကိုလည်း အသားကုန် ကျိန်ဆဲမိလေ၏။ မသာ၊​ ကာလနာ၊ မြွေပွေးကိုက်။ ရေထဲမှာ ပါလာတဲ့ မြွေပွေးရယ်။ အဲဒီနှမလွှားကို တက်ကိုက်သွားစမ်းပါဟယ်။

 

အရပ်သားအစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များ လုပ်ခဲ့ကြ ၏။ ရာဇပလ္လင် ခွေးတက်ပြီးနောက် ထို အစီအစဉ်များအားလုံး ရပ်ဆိုင်းခဲ့ရ၏။

 

ငါတို့မှာ ငါတို့ပဲရှိတယ် ဆိုသည့်အတိုင်း ကျွန်ုပ်တို့ပြည်သူများကို ကျွန်ုပ်တို့ ပြည်သူများကသာ ကူညီကြရကုန်၏။ 

 

လူပီသသော ကျွန်ုပ်တို့ တိုင်းသူပြည်သားများသည် ဒုက္ခရောက်နေကုန်သော ကျွန်ုပ်တို့တိုင်းသူပြည်သားများကို မည်သူကမှ မတိုက်တွန်း မနှိုးဆော်ရ၊ အမိန့်ထုတ်ပြီး အတင်းအဓမ္မ မခိုင်းစေရပါဘဲလျက် ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ကယ်ဆယ်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ လုပ်ဆောင်ကြကုန်၏။ တတ်နိုင်သလောက် အလှူငွေများထည့်ဝင် ကြကုန်၏။ အဝတ်အထည် နှင့် အစားအသောက်များ ပံ့ပိုးပေးကြကုန်၏။ ဤသည်မှာ မြန်မာ့စိတ်ရင်း ဖြစ်၏။

 

အကြောင်းကိစ္စပေါ်လာပါက ဘုရားတရားရိပ်ကို ခိုလှုံရပေရာ ဘုန်းကြီးကျောင်းများသည်လည်း ဒုက္ခသည်တို့ အားထား ရာ စခန်းတစ်ခု ဖြစ်လာလေ့ ရှိ၏။ ဘုန်းကြီးကျောင်းဟူသည် ကျယ်ဝန်း၏၊ ခိုင်ခံ့၏။ သာမန်အိမ်များထက်စာလျှင်  အစားအသောက်ပေါ၏။ ပိုက်ပိုက်လည်းရှိ၏။ ထို့ကြောင့် ဘုန်းဘုန်းတို့ကျေးဇူးသည်လည်း ကြီးမားလှပါပေ၏။ (ဆေကိန္ဒ၊ ဘုန်းမဲလုံး (ဟုတ်ပေါင်) သီတဂူနဲ့ ဝဇီပိတ်တို့မပါ)

 

အရေးဟေ့ဆို မည်သည့်အခါမှ လက်နှေးလေ့မရှိသော စင်ကာပူရောက် မိတ်ဆွေများသည်လည်း ငွေကြေး၊ အဝတ် အထည်များစုဆောင်းကာ ကူညီပံ့ပိုးမှုများ ပြုကြကုန်၏။ စင်ကာပူပိုက်ဆံသည် တန်ဘိုးရှိလေရာ ပိုက်ဆံ ၁၀ လောက် လှူလိုက်လျှင်ပင် အတော်ခရီးရောက်ပေမည်။ 

 

သို့သော်လည်းပေါ့လေ၊ အခွင့်အရေးသမားဆိုတာ နေရာတကာရှိတတ်လေရာ မိမိတို့ ချွေးနည်းစာကလေးများ လူလိမ်တို့ထံ ရောက်မသွားဘို့ကိုလည်း အထူးသတိထားရပေမည်။

 

ရေလွှမ်းသဖြင့် ဒုက္ခသည်များကို ကူညီကြသည်ဆိုခြင်းမှာ ရေတိုလုပ်ငန်းဖြစ်၏။ နောင် အနာဂတ်ကာလများတွင် ဤကဲ့သို့သော ရေလွှမ်းမိုးခြင်းများ မဖြစ်စေရန် သစ်တောဝါးတောကြီးများ ပြန်လည်စိမ်းလန်းလာစေရန် ထူထောင်ခြင်း၊ မြစ်ချောင်းများ ရေစီးရေလာကောင်းစေရန် ပြန်ဖော်ခြင်း အစရှိသည်တို့ကို စီမံကိန်းချ လုပ်ကိုင်ကြရပေမည်။ 

 

ဤသို့လုပ်နိုင်ရန်မှာလည်း မည်သည့်အရာကိုမှ မတွေးခေါ် မမြော်မြင်တတ်သော၊ ဘာလုပ်လုပ် အိတ်ထဲထည့်ဘို့ကိုသာ ပထမဦးစားပေး စဉ်းစားတတ်သော၊ ဘယ်သူဘာပြောပြော လက်မခံဘဲ ငါထင်တာကိုသာ ငါတကောကောတတ်သည့် ဒေါင်းဇားများကို အကုန် ကပ္ပိပစ်မှ ဖြစ်မည်။ ၎င်းတို့ ရှေ့ကကာဆီးကာဆီးလုပ်နေသ၍ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း၊ အကျိုးရှိရာရှိကြောင်းများကို ဘာတစ်ခုမှ လုပ်လို့မရနိုင်။

 

ကိုင်း၊ ကိုယ့်လူတို့၊ ဝိုင်းကြဝန်းကြလိုက်ကြအုံးစို့ရဲ့ . . . 

 

အားလုံးကို ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၃ စက်တင်ဘာ၊ ၂၀၂၄






Thursday, September 19, 2024

ဒုက္ခနှင့် လှလှနှင့် တိုးကြရသူ သကောင့်သားကလေးများ အကြောင်း

ရေကြီးသည့်ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေကြရသူများကို ကြည့်၍ ကျွန်ုပ်အနေနှင့် အခြားအကြောင်းအရာများကို ရေးရန် စိတ်မပါပါ။ သို့တိုင် ထိုသကောင့်သားကလေးများ၏ ဒုက္ခမှာလည်း မသေးလှသည်ဖြစ်၍ ရေးလိုက်ရပြန်ပါချေသည် တမုံ့။

 

သည်ကနေ့ မြန်မာ Safety သင်တန်း နှစ်တန်းရှိ၏။ ယခင်အခေါ် CSOC, ယခုအခေါ် AWSHCS (Applied WSH in Construction Sites) သင်တန်းဖြစ်၏။ ၂ ရက်သင်တန်းဖြစ်ပြီး ပထမနေ့တွင် စာသင်၊ ဒုတိယနေ့တွင် လက်တွေ့လုပ်၊ စာမေးပွဲဖြေ။

 

ကျွန်ုပ်သင်ရသော အတန်းမှာ ၁၃ ယောက်ရှိပြီး နောက်တစ်တန်း၌ ၁၂ ယောက်ရှိ၏။

၁၃ ယောက်ခန်းက ၆ ယောက်အောင်ပြီး ၇ ယောက် ကျ၏။ ၁၂ ယောက်တန်းမှာ ၃ ယောက်ပဲအောင်ပြီး ၉ ယောက် ကျ၏။ ကျွန်ုပ် စိတ်မကောင်းပါ။ သို့သော် ကျွန်ုပ် ဘာတတ်နိုင်ပါမည်နည်း။ ဘာမှ မတတ်နိုင်ပါ။

 

ပြောပြပါမည်။

 

ကျွန်ုပ်က စာမသင်မီ အတန်းစကတည်းက သူတို့ပညာအရည်အချင်းကို အမြဲမေးကြည့်လေ့ရှိ၏။ အချို့မှာ ၂ တန်း၊ အချို့မှာ ၃ တန်း - ၄ တန်း၊ တချို့ကျတော့ ၇ တန်း၊ ဆယ်တန်းတချို့၊ ပထမနှစ်၊ ဒုတိယနှစ်၊​ ဘွဲ့ရ မျိုးစုံပါ၏။ ၂ တန်း၊ ၃ တန်း၊ ဘွဲ့ရများမှာ နည်း၍ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း အောင်/ကျ များ များ၏။

 

သည်ကနေ့အတန်းမှာတော့ ၂ တန်း၊ ၃ တန်းသမားများ၊ ဘုန်းကြီးကျောင်းသားတောင် ပါလိုက်သေး။ ဆယ်တန်း နှစ်ယောက်နှင့် ဘွဲ့ရတစ်ယောက်တို့ ပါ၏။ နောက်ပြီး ပိုဆိုးသည်မှာ တစ်ဝက်ကျော်က မွန်များဖြစ်၏။ 

 

မွန် အများစုမှာ မွန် လိုပဲတတ်ပြီး ဗမာလို ကောင်းကောင်းမတတ်။ ဗမာလိုပြောလျှင် အနည်းအပါးနားလည်သည်။ သို့သော် သေသေချာချာ မပြောတတ်၊ မဖတ်တတ်၊ မရေးတတ်။ နဂိုကမှ ဗမာလိုတောင် ကောင်းကောင်း နားမလည်တဲ့ ကိစ္စ။ အတန်း ပညာကလည်း ၂ တန်း ၃ တန်း။ နောက်ပြီးတော့ မေးခွန်းများကလည်း ၉ တန်း၊ ၁၀ တန်း သမားများ တောင် ဆိုလိုရင်းကို သိအောင် မနည်းဖတ်နေရသည့် ကိစ္စ။ 

 

ဆိုတော့ -

 

အင်း၊ ဒီတစ်ချီတော့ ဒုက္ခနဲ့ လှလှနဲ့တော့ တိုးပြီဟု စကတည်းက သိလိုက်ပါ၏။ 

၎င်းတို့စာမေးပွဲအောင်ရေးဆိုတာ လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာ့ပြည်က အပ်တစ်စင်း (ဟုတ်ပေါင် မွှားကုန်ပြီ) မလွယ်သမှ တကယ့်ကို မလွယ်သည့်ကိစ္စ ဖြစ်၏။

 

ပြောပါရောလား။ ဗမာလိုကလည်း မတတ်၊ အတန်းပညာကလည်း မရှိ၊ မေးခွန်းတွေကလည်း $$တလွဲဆိုတော့ အနှီ သကောင့်သားများကို ၎င်းတို့ဖြေရမည့်မေးခွန်းပေးလျက် ဟောဒီအဖြေက ဒါလကွဟု ချ သင်ပေးလျင်တောင် အောင်ဘို့ မလွယ်။ 

 

ဟိုတစ်နေ့ကတောင် ဘော့စ်က ACS အတန်းတွေ အောင်ချက်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဟု ဇွန်းကိုက် (ဟုတ်ပေါင်) ဇွန်းမိတင် လုပ်သေး၏။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား။ ပြောတော့လွယ်တယ်ခညာ။ 

 

ဒီကနေ့ ကျွန်ုပ်အတန်းက မွန်တွေကို သူတို့ဖြေရမယ့်မေးခွန်းတွေပေးပြီး ၂ ရက်တာကာလပတ်လုံး တခြားဘာမှ မလုပ်ပဲ အဲဒါတွေချည်းပဲ သင်ပေးပြီး ဖြေခိုင်းကြည့်စမ်းပါ့။ အဲသလိုသင်ပေးလို့ အကုန်အောင်မယ်ဆို ကျွန်ုပ်ပါးကို ကောင်မလေး လှလှလေးကလာပြီး ၃ ကြိမ်တိတိ မွှေးမွှေးပေးတာကို ခံပြပါမယ်ခင်ဗျာ။ (ကျုပ်က ကျုပ်ပါးကို သားအတွက် စပယ်ရှယ် ထားတာဗျ။ ညှင်းညှင်း) 

 

နောက်ပြီးတော့ လာကြသူအများစုမှာ မနေ့ကမှ ယာထဲကနေ ထွန်တုံးဖြုတ်ပြီး တက်လာကြတာဖြစ်၏။ ဘာဗဟုသုတမှ ရှိတာမဟုတ်။ အဲလေ ၁၀ တန်းဆိုတဲ့သူတွေတောင် ဘုရားစူးရပါစေ့ ဆယ်တန်းဖြစ်၏။ လေထဲမယ် အောက်ဆီဂျင် ဘယ်လောက်ပါသလဲ ဆိုတာမသိ။ ကျွန်ုပ်က ကာဘွန်မိုနောက်ဆိုဒ် လို့ ပြောတာကိုတောင် မှားတယ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ကမှ အမှန် ဟု ထင်သူများလည်း ရှိ၏။ ဒွတ်ခ 

 

မေးခွန်းတွေလည်း ကြည့်လိုက်အုံး။

တချို့မေးခွန်းတွေဆို ကိုယ်တောင် ဘာဆိုလိုတာပါလိမ့် လို့ ၅ ခေါက်လောက် ဖတ်ယူရ။ ဘုရားစူးရပါစေ့။

မေးခွန်းက သောက်တလွဲဆိုကာမှ ဘာသာပြန်ပေးထားတဲ့ အဖြေတွေလည်း ကြည့်လိုက်အုံး။ တကယ့်ကို အူလည်လည်။ ဘာကို ရွေးလို့ ရွေးလိုက်ရမှန်းကို မသိ။

 

PPE ဆိုသည်ကို ‘ဏဏန’ ဟု ရေး၏။ Log out Tag out ဆိုသည်ကို ‘ူသါသကအ အေါသကအ’ ဟု ရေး၏။ 

ဤမဟုတ်က မဟတ်ကများကို ဖတ်လျက် ကျွန်ုပ်မှာ -

‘မဟုတ်တာ သွားစ,မိ၍ ဒေါကန်ပြီး ကိုယ့်ချစ်သူ နုနုထွတ်ထွတ်ကလေးက ပါးကို ၃ ချက်လောက် အချခံရသော အသက် ၄၀ ကျော် လူပျိုသိုးကြီး၏ မချိသွားဖြဲ ပြုံးလိုက်ရသော’ –

အပြုံးမျိုးဖြင့်သာ ပြုံးလိုက်ရချေသော ဟူ၏။ 

 

နမူနာအချို့ကို ပြရလျှင် -

 

ကိရိယာဆိုင်ရာအစည်းအဝေး (Toolbox meeting)

လှေကားတက်နေသောအချိန်တွင် နေရာနှစ်ခု ဆက်သွယ်ထားလျှင် လုံခြုံမှုရှိသည်။ (2 points contact)

ကျပ်ကျေးဝန်တင်စက် (scissor lift)

ဝင်ခွင့်ပိတ်ပြ စခြင်း (?)

 

လူတစ်ဦးတစ်ယောက်ကသာ ဘာသာပြန်ထားတာဆိုပါက ထိုသူသည် သောက်ရူးထပြီး PPE ကို (ဏဏန) ဟု ဘာသာမပြန်ရာ။ Log out Tag out ကိုလည်း မည်သည့်အကြောင်းနှင့်မျှ ‘ူသါသကအ အေါသကအ’ ဟု ရေးမည်မဟုတ်။ ဤသည်မှာ Google translate ဖြစ်ကြောင်း ထင်ရှားလှသော အချက်များဖြစ်၏။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် တတ်ကျွမ်း နားလည်သည့် ဘာသာပြန်သူ တစ်ဦးဦးကို အပ်နှံပြီး ဘာသာမပြန်ခိုင်းရပါသနည်း။ သင်တန်းသားသည် ဤမဟုတ်က မဟတ်ကများကို ဖတ်ပြီး နားမလည်၍ စာမေးပွဲကျပါက မနစ်နာပါသလော။ 

 

အချို့ကုမ္ပဏီများက ၃ ခါကျသည့် အလုပ်သမားများကို ပြန်လွှတ်၏။ ထိုအခါ ဒုက္ခသုက္ခပေါင်းများစွာကို ရင်းနှီးလျှက် ပိုက်ဆံ ဒေါ်လှ ၄ - ၅ ထောင်လောက် ရင်းလာရသည့် အလုပ်သမားလေးများမှာ မနစ်နာပါသလော။ အလွန် နစ်နာလှပေ၏။ အမှန်တကယ့်ကို နစ်နာ၏။ သောက်ကျိုးနဲ နစ်နာ၏။ မဟားတရား နစ်နာ၏။

 

ကျွန်ုပ်တို့အနေနှင့်ကလည်း ဟောဒါတွေ မေးတတ်တယ်ဟု အရိပ်အမြွက်မျှသာ ပြောပြလို့ရ၏။ မေးခွန်းကြီးကို ဒီအတိုင်း ချသင်လို့ ရတာမဟုတ်။ အဲလေ ချသင်ရအောင်လည်း မေးခွန်းက ရှိတာမဟုတ်။ စာမေးပွဲဖြေချိန်၌ သင်တန်းသားများက သူတို့ FIN No. နှင့် ဝင်လိုက်မှ ကျချင်ရာမေးခွန်း ကျလာတာဖြစ်၏။ သူတို့ ဘယ်မေးခွန်း (Question set No.) ဖြေရမည် ဆိုတာကို မိုးပေါ်က ဘိုးသိကြားတောင် မပြောနိုင်။ ကျချင်တာ ကျမည်။ ဘယ်သူမှ မသိနိုင်။

 

ယခင်က စာရွက်ပေါ်တွင် Optical Answer Sheet ပေါ်၌ ခဲတံလေးခြစ်ကာ ဖြေရ၏။ ထိုစဉ်က မေးခွန်း အစုံ ၂၀ ဆိုလျှင် ထို အစုံ (၂၀) လုံးကို မေးခွန်းများ ရှေ့နောက်ပြောင်းထားတာသာ ဖြစ်ပြီး မေးခွန်း အပုဒ် (၄၀) အားလုံး အတူတူချည်း ဖြစ်၏။ နံပါတ်သာ ကွဲသွား၏။ ထို့ပြင် မေးခွန်းများက စာရွက်ပေါ်တွင် ပုံနှိပ်ထားတာဖြစ်၍ မေးခွန်းအားလုံးကို ကျွန်ုပ်တို့ ဖတ်နိုင်၏။ သိနိုင်၏။ ထို့ကြောင့် ကျွန်ုပ်တို့က မေးခွန်း အပုဒ် (၄၀) စလုံးကို ပိုင်သေ ပြောနိုင်၏။ သင်တန်းသားများက ထိုအပုဒ် (၄၀) ကို အပိုင်ကျက်ထားလျှင် ပြီးပြီ။

 

ခု ဓာတ်သင်ပုန်းနှင့် ဖြေရတာကျတော့ မေးခွန်းအစုံ (၂၀) စလုံး တစ်စုံနှင့်တစ်စုံ မတူ။ 

မေးခွန်းတစ်စုံ၌ PPE နှင့် Signage များချည်းပါမည်။ သို့သော် အခြားမေးခွန်းများ၌ မည်သည့် PPE နှင့် signage မှ မပါ။

ကော်မတီမေးခွန်းဆိုလျှင် ကော်မတီမေးခွန်းတွေချည်းလာ၏။

လျှပ်စစ်အန္တရာယ်ဆိုလျှင် လျှပ်စစ်အန္တရာယ်တွေချည်းမေး၏။

ဆိုတော့ မေးခွန်းအစုံ (၂၀) အတွက် မေးခွန်းပေါင်း ရာနှင့်ချီရှိ၏။ ကျွန်ုပ်တို့ မည်ကဲ့သို့ သင်ပေးရပါမည်နည်း။

ဆိုးသည်မှာ ကျွန်ုပ်တို့က သူတို့ဖြေသည့် ဓာတ်သင်ပုန်းကို ကြည့်လို့ရတာမဟုတ်။ အဲသည် မေးခွန်း အစုံ (၂၀) ကို အားလုံး ဖတ်ဖူးတာမဟုတ်။ သည်တော့ မခက်ပါလား။ 

 

အဆိုးဆုံးကား အရင်တုံးက အောင်မှတ် ၆၀% ကို ဘယ်လိုပဲမှန်မှန်။ ၂၄ ပုဒ်မှန်လျှင် အောင်ပြီ။ 

 

အခုက အဲသလိုမဟုတ်။

မေးခွန်း အပုဒ် (၄၀) ကို Generic Questions – 20 နှင့် Applied Questions – 20 ဆိုပြီး ခွဲထား၏။

အောင်မှတ် ၆၀% ကို ထို နှစ်ပိုင်းမှ တစ်ပိုင်းလျှင် ၆၀% စီရမှ အောင်မည်။ ဆိုလိုသည်မှာ -

Generic Questions ၌ ၁၂ ပုဒ် -

Applied Questions ၌ ၁၂ ပုဒ် မှန်မှ အောင်မည်။

 

အကယ်၍ ကံဆိုးသူ သကောင့်သားကလေးသည် Generic Questions ၌ အပုဒ် ၂၀ စလုံးမှန်ပြီး -

Applied Questions ၌ ၁၁ ပုဒ်သာ မှန်သည် ဆိုကြပါစို့။ အနှီငနဲလေးသည် ၃၁ ပုဒ်မှန်သည့်တိုင် ကျမည်။ ဂိန်စ်

 

အဲသည်တော့ ဒန်တန့်တန် - 

 

လူကြီးမင်းများခင်ည -

 

ပေးနေကျဈေး၏ တစ်ဝက်ပဲပေးပါ။ ထိုမေးခွန်း အစုံ (၂၀) စလုံးကို ကျွန်ုပ် ဘာသာပြန်ပေးပါမည်။

မကြာသေးမီက ထလိန်နင်စင်တာတစ်ခုတွင် အသိတစ်ယောက်နှင့်တွေ့ရာ သူက “ကျွန်တော် ဖတ်ဖူးသမျှတော့ ဒီမှာ ဘာသာပြန်ထားတာတွေ အကောင်းဆုံးပဲဗျ” ဟု ဆို၏။ “ကောင်းဆို ဒီမှာရှိသမျှ မြန်မာလို ထလိန်နင် မတီရီယယ်တွေ အားလုံး ကျွန်တော် ဘာသာပြန်ပေးထားတာကိုး ခင်ဗျ” ဟု ပြောရ၏။ 

 

ရေကြီးတာလည်း တစ်ဒုက္ခ

ဒီက ငနဲသားလေးတွေ စာမေးပွဲ မအောင်တာလည်း တစ်ဒုက္ခ

သူ့ဒုက္ခနဲ့ သူချည်းကို ခင်ဗျာ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၈ စက်တင်ဘာ၊ ၂၀၂၄

Monday, September 9, 2024

ကျွန်ုပ်တို့သားအဖ RC များသို့ အလည်သွားကြခြင်း အကြောင်း (၂)

(၃) Terusan RC and Kranji RC

 

ဒုတိယ ကျွန်ုပ်တို့သွားသည့် RC မှာ Kranji RC ဖြစ်ပြီး 08/06/2024 က သွားခဲ့ကြတာ ဖြစ်၏။ သားက ၃ - ၄ - ၅ ကီလိုလောက်သာ ဝေးသည့်နေရာများကို သိပ်မသွားချင်။ သူက အနည်းဆုံး ၁၀ ကီလိုထက်ပိုဝေးသည့် နေရာများကိုသာ သွားလို၏။ ဖြစ်နိုင်လျှင် မြို့ပြရှုခင်းများ ထက် သဘာဝ တောတောင်ရေမြေများကိုသာ ကြည့်လို၏။ သို့အတွက် ကျွန်ုပ်က ဝေးလည်းဝေး၊ တောထဲမှလည်း ဖြတ်သွားရသည့် Kranji RC ကို ရွေးခြင်း ဖြစ်၏။

 

Kranji RC မှာ ကျွန်ုပ်တို့အိမ်မှ ၁၉ ကီလိုမီတာ ဝေး၏။ နောက်ပြီး သွားရသည့်လမ်းမှာလည်း စင်ကာပူနိုင်ငံ မြောက်ဘက် အစွန်ဆုံး တောလမ်း ဖြစ်၏။ ပထမဦးစွာ လင်ချူးကန်လမ်းမကြီးအတိုင်း သင်္ချိုင်းကုန်းများကိုကျော်လျက် အတော် ဝေးဝေးထိ သွားရ၏။ ထို့နောက် Neo Tiew လမ်းသို့ချိုးဝင်ကာ အရှေ့ဘက်စူးစူးသို့ သွားရ၏။ ထို Neo Tiew လမ်း တလျှောက်မှာ တောလမ်းဖြစ်၏။ ပြုပြင်ခြင်း အလျဉ်းမရှိသေးသော သဘာဝတောများကို တွေ့နိုင်၏။ အချို့နေရာများ တွင်မူ ဆောက်လုပ်ရေးလုပ်ငန်း အချို့ကို တွေ့ရ၏။ အခုမှ အသစ်ဆောက်နေတာ ဖြစ်၏။

 

လမ်းထဲ အတော်ဝေးဝေး ဝင်မိလျင်ပင် ကရန်ဂျီးရေကန်ကြီးဆီ ရောက်တော့၏။ သို့သော် ကရန်ဂျီးရေကန်နှင့် ပန်းခြံမှာ အတော်လှမ်းသဖြင့် လာရောက်အပန်းဖြေသူ နည်းလှ၏။ လာသူများရှိသည့်တိုင် သိပ်ပေါ်ပြူလာ မဖြစ်လှ။ ရေကန်ကြီးဘေး လမ်းမမှ တစ်ဘက်ခြမ်းကို မျှော်ကြည့်လိုက်လျှင် မလေးရှားဘက်ခြမ်းကို လှမ်းမြင်ရ၏။ 

 

ထိုနေရာမှဆက်သွားပြီး များမကြာမီပင် Kranji RC သို့ ရောက်တော့၏။ သို့သော် Kranji RC ၌ စားသောက်ဆိုင်များ မရှိ။ မောင်မင်းကြီးသားက အာ - စားစရာသောက်စရာမရှိရင်တော့ မသွားတော့ဘူးဆိုသဖြင့် အနည်းငယ် လှည့်ပတ် ကြည့်ရှုခဲ့ကြပီး ပြန်ထွက်ခဲ့ကြ၏။ ကျွန်ုပ်တို့သွားတာ အနည်းငယ် စောနေသေးလို့လားမသိ။ လူခပ်ကျဲကျဲပဲ ရှိ၏။

ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ အကာမရှိသော ခန်းမကြီး စသဖြင့် facility တော့ တော်တော် ပြည့်ပြည့်စုံစုံ ရှိပါ၏။

 

နေရာကလည်း ဘယ်လိုနေရာကြီးမှန်းမသိ။ Industrial park ထင်ပါသည်။ စားသောက်ဆိုင်များရှိရာနေရာကို မနည်း မေးစမ်းပြီး ဝင်ခဲ့ရ၏။ ထုံးစံအတိုင်း ကျွန်ုပ်က ဘီယာတစ်ဘူးစုပ်၍ သားက နာစီဘရီယာနီ စား၏။ အောင်မငီး၊ ဈေးကလည်း ကြီးလိုက်တာခညာ။ 

 

စားသောက်သူဟူ၍လည်း ကျွန်ုပ်တို့သားအဖနှင့် ဟို့ ခပ်လှမ်းလှမ်းမှာ တရုတ်ကလေးတစ်ယောက် စားသောက်နေတာက လွဲ၍ တခြား ဘယ်သူမှ မရှိ။ အရောင်းပါးနေလို့များ ကျွန်ုပ်တို့ကို ဈေးတင်ရောင်းလိုက်လေသလား မသိ။ သားကတော့ သူ့ နာစီဘရီယာနီက အတော်ကောင်းသည် ဆို၏။ 

 

သွားခဲ့သမျှ RC များထဲတွင် ထို RC သည် မတန်ဆုံးဖြစ်သတည်း။

 

တတိယတစ်ခေါက် ကျွန်ုပ်တို့သွားသည့် RC မှာ အိမ်နှင့် ဒုတိယအနီးဆုံးဖြစ်သော Terusan RC ဖြစ်၏။ Terusan RC သည် Jln Papan ၌ ရှိပြီး 15/07/2024 က သွားခဲ့ကြတာဖြစ်၏။ ၃.၅ ကီလိုမီတာလောက်ဝေးပြီး ၁၅ မိနစ်လောက် နင်းလျှင်ပင် ရောက်တော့၏။ ထိုအနီး၌ အလုပ်သမားဆောင် တွေ အများကြီးရှိ၏။ ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်း စသည့် အားကစားကွင်းများ ရှိ၏။ စားသောက်ဆိုင်များမှာ အိန္ဒိယနှင့် ဘန်းဂလား စားသောက်ဆိုင် များ ၏။ တရုတ်နှင့် မြန်မာစားသောက်ဆိုင် မတွေ့။ 

 

အဝင်ဝတွင် ဆင်ရုပ်ကြီးနှစ်ရုပ် ရှိပြီး RC အတွင်းသို့ ကိုယ့် IC/Work pass card ကို scan လုပ်ကာ ဝင်ရ၏။ 

အထဲဝင်လိုက်လျင်ပင် အလုပ်သမားများ ဘောကန်နေတာ တွေ့ရ၏။ အချို့မှာ ဘော်လီဘော ပုတ်လျက်၊ အချို့မှာ ခြင်းခတ်လျက် တွေ့ရ၏။ ကစားကွင်းကြီးတဝိုက် မီးမောင်းကြီးများထိုးထားရာ နေ့ခင်းအလား ထိန်လင်း နေလေတော့၏။ 

 

အခန်းအနားပြုလုပ်ရန် ဆောက်ထားသည့် ခန်းမကျယ်ကြီး (အကာမရှိ) အတွင်း သမံတလင်း ကြမ်းခင်းပေါ်၌ အလုပ်သမားများ ၂ ယောက်တတွဲ၊ ၃ ယောက်၊ ၄ - ၅ ယောက်တတွဲ စုထိုင်လျက် စားရင်းသောက်ရင်း စကားပြောနေ ကြ၏။ အချို့မှာ ဘီယာနှင့် အမြည်း၊ အချို့မှာ အချိုရည်ဘူးနှင့် စားစရာများ စားကြသောက်ကြရင်း အေးအေးလူလူ ထိုင်လျက် စကားစနေပြောနေကြသည်ကို တွေ့ရသည်မှာလည်း စိတ်ချမ်းသာစရာ ကောင်းလှ၏။ အချို့မှာမူ တိုင်ခြေ၌ တစ်ဦးတည်း အိန္ဒိယဘီယာတစ်ဘူး ထောင်ထားလျက် အကြော်လေးကို တမြုံ့မြုံ့ဝါးရင်း ဖုန်းပွတ် (သို့) ဖုန်းပြောလျက် ရှိ၏။

 

စင်ကာပူအစိုးရက very smart ကွ သားရဲ့။ အလုပ်သမားတွေဆိုတာ များသောအားဖြင့် ကာယလုပ်သားတွေများတယ်။ တစ်နေကုန် တစ်နေခမ်း ပင်ပင်ပန်းပန်း လုပ်ကြရတယ်။ နောက်ပြီး အလုပ်ထဲမှာ အဆင်မပြေတာတွေ၊ အော်ငေါက်ခံရ တာတွေ၊ အဆဲအဆိုခံရတာတွေ ရှိမယ်။ အဲဒီတော့ အဆောင်လည်း ပြန်ရောက်ရော အလုပ်ထဲမှာ အဆင်မပြေလို့ စိတ်တိုနေရတဲ့ကြားထဲ တစ်ယောက်ယောက်နဲ့ စကားများရင် ထ,ရန်ဖြစ်မယ်။ သတ်ကြမယ်။ ဆွဲရလွဲရ ဖြန်ဖြေရ စသဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ရှင်းရမယ်။

 

နောက်ပြီး အဆောင်ဆိုတာက တစ်ခန်းတည်းမှာ ၈ ယောက်၊ ၁၀ ယောက်၊ တချို့အခန်းတွေဆို အယောက် ၂၀ လောက် စုနေကြရတာ။ နားနားနေနေ နေဘို့ နေရာမရှိဘူး။

 

ဟော၊ အခုလို သူတို့အတွက် စိတ်ထွက်ပေါက်တစ်နေရာ၊ အပန်းဖြေဘို့နေရာလုပ်ပေးထားလိုက်တော့ ခုနက အလုပ်ထဲမှာ အဆင်မပြေလာခဲ့ရင်တောင် သူငယ်ချင်းတွေနဲ့ ဘီယာသောက်၊ စကားပြောရင်း ရင်ဖွင့်လိုက်ရတော့ ပေါ့သွားတယ်။ ဘာပြဿနာမှ မဖြစ်တော့ဘူး။

 

အဲဒါတွေသိလို့ စင်ကာပူအစိုးရက အလုပ်သမားဆောင်တွေနားမှာ အခုလို စိတ်အပန်းဖြေစရာ အပန်းဖြေစခန်းတွေ လုပ်ပေးထားတာ။ အခုလို အပန်းဖြေစခန်းတွေ လုပ်ပေးထားလိုက်တော့ အလုပ်သမားတွေ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာ နေနိုင်မယ်။ သူတို့ ကျန်းမာပျော်ရွှင်နေရင် အလုပ်လည်း ကောင်းကောင်း လုပ်နိုင်မယ်။ အလုပ်တွေ မြန်မြန်ပြီးမယ်။ အလုပ်ထဲမှာလည်း ပြဿနာ နည်းသွားမယ်။ 

 

အဲဒီအတွက် ဒီလို RC တွေ ဆောက်ပေးထားတာ ပိုက်ဆံကုန်ချင်ကုန်မယ်။ ဒါပေမယ့် အများကြီး အကျိုးရှိသကွ။

 

ကျွန်ုပ်တို့လည်း သူတို့ကို လှည့်ပတ်ကြည့်ရင်း၊ ဈေးဆိုင်များဆီ ပတ်ရင်း၊ ထို့နောက် အရသာရှိလှသည့် ကုလားစာများ ဝယ်စားရင်း ကြည်နူးစရာ ည မြင်ကွင်းများကို တဝကြီး ခံစားကြလေ၏။ 

 

(၄) Penjuru RC

 

ယခု ကျွန်ုပ်တို့ ရောက်ခဲ့ပြီးသော RC များမှာ MWCRC, Tuas South RC, Kranji RC, Terusan RC စုစုပေါင်း (၄) ခု ဖြစ်၏။ စင်ကာပူတွင် RC ပေါင်း (၈) ခု ရှိရာ နောက်ထပ် (၄) နေရာသွားဘို့ ကျန်သေးသည်။ 

 

ထိုအထဲတွင်မှ Penjuru RC မှာ အနီးဆုံးဖြစ်၍ ၈ ကီလိုမီတာလောက်သာ ဝေးပြီး ၄၅ မိနစ်လောက်သာ စီးရမည်။ WoodLands RC မှာ ၂၁ ကီလိုမီတာဖြစ်၍ ၁ နာရီခွဲလောက် စီးရမည်။ Kranji RC, Woodlands RC နှင့် Cochrane RC (Sembawang) တို့မှာ တစ်ခုနှင့်တစ်ခု သိပ်မဝေးလှ။ Kranji RC မှ Woodlands RC သို့ ၆.၈ ကီလိုမီတာ ဝေးပြီး Woodlands RC နှင့် Cochrane RC တို့မှာမူ ၃.၆ ကီလိုမီတာမျှသာ ဝေး၏။

 

31/08/2024 ညနေ အိမ်ပြန်ရောက်တော့ သားရေ - စက်ဘီးစီးရအောင် မသွားချင်ဘူးလား ဆိုတော့ သူကလည်း နှစ်ခါ မခေါ်ရ။ ချက်ချင်းထလိုက်လာ၏။ သို့သော် ၆ နာရီတီးနေပြီမို့ အချိန်နည်းနေပြီဖြစ်သဖြင့် Penjuru RC ကိုသွားဘို့ ဆုံးဖြတ်ကြ၏။ Penjuru RC မှာ အရင်တစ်ခါသွားခဲ့ဖူးသည့် ပန်ဒန်းရေကန်ကြီး နံဘေး၌ ရှိ၏။ ဟိုတစ်ခါသွားတုံးက ပန်ဒန်းရေကန်ကြီးကို တစ်ပတ်ပတ်ကြရာ ရေကန်ကြီးမှာ မျှော်လင့်ထားတာထက် ပိုကြီးနေ၏။ ရေကန်တစ်ပတ် ၆ ကီလိုမီတာကျော်ကို စီးလိုက်ရတာဖြစ်၍ အပြန် Penjuru RC ဝင်ဘို့မှန်းထားသော်လည်း အချိန်က ည ၉ နာရီရှိနေပြီမို့ မဝင်တော့ဘဲ ပြန်ခဲ့တာ ဖြစ်၏။

 

Penjuru RC မှာ ၈ ကီလိုမီတာဝေးပြီး ၄၆ မိနစ် စီးရ၏။ အလုပ်သမား အတော်များများ အနားယူ အပန်းဖြေနေကြတာ တွေ့ရ၏။ တချို့ ဘောလုံးကန်နေကြသဖြင့် ကျွန်ုပ်တို့လည်း အတန်ကြာရပ်ကာ ငေးမော အားပေးခဲ့ကြ၏။ သူတို့က သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြတာ မဟုတ်ဘဲ အပျော်ကန်နေကြတာဖြစ်၏။ ဘောလုံးကွင်းကြီး၏ သည်မှာဘက်က တစ်ဝိုင်း၊ ဟိုမှာဘက်တွင် တစ်ဝိုင်း။ နှစ်ဝိုင်းကစားနေကြ၏။ ဘောလီဘောကွင်းတွင်လည်း ဘောလုံးပုတ်နေသူများကို တွေ့ရ၏။ 

 

အကာမရှိသော အဆောက်အအုံကြီးအတွင်း သမံတလင်းများပေါ်၌ နှစ်ယောက်တတွဲ၊ ၃ - ၄ ယောက်တတွဲ အုပ်စုဖွဲ့ကာ ဝိုင်းထိုင်လျက် စားကြ၊ သောက်ကြ၊ စကားစနေပြောကြ။ အချို့မှာ မြေပဲလေးဝါးလျက် ဘီယာစုပ်ရင်း ဖုန်းပွတ်နေ၏။ အပြင်ဘက် ထိုင်ခုံများ၌လည်း စားသောက်လျက် ရှိကြ၏။ 



















 








ဤသည့်နေရာကမှ တကယ့် အပန်းဖြေစခန်း ဖြစ်၏။ စိတ်အေးလက်အေး သူတို့ စားသောက် အပန်းဖြေနေကြသည်မှာ သဘောကျစရာ ကောင်းလှ၏။ 

 

လှည့်ပတ်ကြည့်ကြပြီးနောက် စားစရာနှင့် သောက်စရာ ဝယ်ကြ၏။ ဆမူဆာ၊ ကြက်ကြော်နှင့် ကုလားမုန့် သုံးလေးမျိုး လောက်ဝယ်။ ကျွန်ုပ်က ဟင်နီကယ်ဘူးရှည်တစ်ဘူးဝယ်၊ $4.60 ပေးရ၏။ မဆိုးပါ။ သားဘို့ အအေးဝယ်တာ ဆိုင်ရှင်က ဘယ်ရောက်နေမှန်းမသိ၍ အတော်ကြာအောင် စောင့်နေရ၏။ အိမ်သာသွားနေသည် ထင်ပါသည်။ ဆိုင်ရှေ့တွင် ဝယ်မည့်သူများ တန်းစီ စောင့်နေကြ၏။ အတော်ကြီးကြာမှ​ ငနဲက ပြူးပြူးပြာပြာနှင့် ရောက်လာ၏။

 

ရေခဲတောင်းတော့ Sorry ဟု ပြော၏။ ဘီယာဆိုတာ အေးမှ သောက်လို့ကောင်း၏။ အအေးပုံးထဲက ထုတ်လာသည့် ဘီယာမှာ ကြာကြာမခံ၍ ခပ်သွက်သွက် သောက်ရ၏။ 

 

ထို့နောက် ‘သားရေ၊ ရောက်တုံးရောက်ခိုက် ရေကန်ပေါင်ပေါ် တက်ကြည့်ကြရအောင်ကွာ’ ဆိုပြီး ကန်ပေါင်ပေါ်တက် ခဏထိုင်။ နောက်တော့ ပြန်ခဲ့ကြ၏။

 

အစိုးရကလည်း ဂရုစိုက်သယ်ခညာ။ မင်း ကိုဗစ်ဆေးထိုးထားတာ တစ်နှစ်ကျော်နေပြီ။ နောက်ထပ် လာထိုးလှည့်ပါ ဟု မကြာခဏ မတ်စိပို့နေသဖြင့် 05/09/2024 က ကိုဗစ်ကာကွယ်ဆေး သွားထိုးလိုက်၏။ ဆေးထိုးတော့ တစ်ပတ်အတွင်း လေ့ကျင့်ခန်းမလုပ်ပါနဲ့ ဆိုသဖြင့် စက်ဘီးမစီးရ။ (အဲလေ - အလုပ်ကိုတော့လည်း စီးသွားသပေါ့၊ အဟက်စ်)

 

သားကလည်း ခုလ ၂၅ ရက်နေ့မှစကာ အောက်တိုဘာ ၃ ရက်နေ့ထိ စာမေးပွဲကြီးရှိသဖြင့် စက်ဘီးစီးတာ ခဏ နားထားရပါဦးမည်။ စာမေးပွဲပြီးလျှင်တော့ ကျန်သည့် Woodlands RC, Cochrane RC နှင့် Kaki Bukit RC များသို့ သွားဦးမည်။ စိတ်ဝင်စားသူများ ဂျိုင်းနိုင်ပါသည်။ 

 

Hard Target, Lucy နဲ့ Hard to Kill ကြည့်နေလို့ ဒုတိယပိုင်းက ကြာနေတာဗျို့။ 

အမှန်က Hard Target နဲ့ Lucy က ဒုတိယအကြိမ်ဖစ်နေ။ ယခွမ်း

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ စက်တင်ဘာလ၊ ၂၀၂၄