ကျွန်ုပ်ကား အတော့်ကို အူကြောင်ကြောင် နိုင်လှသူတစ်ယောက် ဖြစ်ပေသည် တမုံ့။
ကျွန်ုပ်သည် အူကြောင်ကြောင်နိုင်လှသော အလုပ်များကို တစ်ပြားမရ၊ နှစ်ပြားမရ၊ မည်သူ့အတွက်မှလည်း အကျိုးမရှိဘဲ အချိန်ကုန်ခံ၊ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံကာ လုပ်ခဲ့လေ၏။
ကျွန်ုပ်က ‘ကဆုန်လပြည့်နေ့အကြောင်း’ ရေးတော့ တစ်ယောက်က ‘ဟဟ’ လာပေး၏။ ကျွန်ုပ်လည်း စိတ်ဝင်စားသည်နှင့် ‘ကိုယ့်ပို့စ်ထဲမှာ ဘာတွေများ ရီစရာတွေပါနေလို့ ဟဟ ပေးရတာတုံး ကိုယ့်လူရဲ့’ ဟု သူ့ကို မတ်စိ ပေးလိုက်သော် သူက ‘အဲဒီ ကဆုန်လပြည့်အကြောင်း ဘယ်သူတွေများ သိလို့တုံး။ ဘယ်သူတွေကများ သောက်ဂရုစိုက် နေလို့တုံးဗျာ’ ဟု ပြန်ဖြေပါ၏။
ငမ် -
သူပြောတာ ဟုတ်သား။ မှန်လိုက်သမှ သွေးထွက်အောင်ပင် မှန်လေ၏။
ဤကဆုန်လပြည့်နေ့အကြောင်း မည်သူတွေ သိပါသနည်း။ လပြည့်နေ့မှာပဲ လပြည့်ပြည့်၊ နောက်တစ်ပတ်လောက် ကြာမှ လပြည့်ပြည့်။ ဘာဖြစ်သတုံး။ သူတို့က ပြည့်ပါတယ်ပြောရင်၊ ပြည့်လိုက်၊ ပြီးရောမဟုတ်လား။
ဗမာပြည်က ဗုဒ္ဓနေ့နဲ့ တခြားနိုင်ငံတွေက ဗုဒ္ဓနေ့ မတူတော့ရော၊ ဘယ်သူ့အကျိုးစီးပွား ထိခိုက်သွားပါသနည်း။ ဘာမှ မဖြစ်ပါ။ ကျွန်ုပ်သာ ရူးကြောင်မူးကြောင်ဖြင့် ပေါက်တတ်ကရတွေ လျှောက်လုပ်နေတာ ဖြစ်၏။
အခု ကဆုန်လပြည့်နေ့ ကိစ္စက ၅ ရက်လောက်သာ အချိန်ကုန်၏။
၂၀၁၇ ခုနှစ်တုံးကလည်း အဲသဟာမျိုး ဘယ်သူမှ အကျိုးမရှိသည့် အရာတစ်ခုကို လုပ်ခဲ့ပြီးလေပြီ။
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၌ အလွဲလွဲအမှားမှားဖြစ်နေသည်များကို ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ပညာရေးဝန်ကြီး ရာထူး ရထားသည် အောက်မေ့လျက်၊ ဤပညာရေးဌာနကြီး၌ ငါသာလျင် တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပေ၏ဟု မှတ်ယူလျက် ရက်သတ္တ သုံးပတ်မျှကြာအောင် ထိုအမှားအယွင်းများကို သုတေသနပြုကာ ဆောင်းပါးများရေး၊ ဂျာနယ်ထဲထည့်၊ ပညာရေးဝန်ကြီးဌာနကိုလည်းပို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီလည်းပို့ စသည်ဖြင့် လုပ်ခဲ့ပါ၏။
“ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်မှ အမှားများ” ဟု ကျွန်ုပ်ရေးခဲ့တာ Zawgyi font, font size 10, A4 စာရွက်နှင့် စာမျက်နှာ ၄၀ ကျော်ရှိ၏။
သို့သော်လည်း ဘာဖြစ်ပါသနည်း။
ဘာမှ မဖြစ်ပါ။ ဘာဆို ဘာမှ မဖြစ်ပါ။
အရာရာတိုင်းသည် ပိုနေမြဲ၊ ကျားနေမြဲအတိုင်း သွားလျက် ရှိပါ၏။
ဤမျှသာမဟုတ်သေး။
၂၀၁၄ ခုနှစ်ကလည်း CSOC စာမေးပွဲမေးခွန်းများကို ဘာသာပြန်ရာ၌ မှားနေကြောင်း၊ ဟောသဟာတွေ မှားနေသယ်၊ ဟောသဟာတွေ မမှန်ဘူး စသဖြင့် မင်နီများတားလျက် သက်ဆိုင်ရာ လူကြီးမင်းများထံ တင်ပြခဲ့ဖူးပါသေး၏။ သို့သော် ဘာဖြစ်ပါသနည်း။
ဘာမှ မဖြစ်ပါ။ ဘာဆို ဘာမှ မဖြစ်ပါ။
Ohh, like det lah ဟုသာ အသံမြည်ဖော်ရလျက် အရာရာတိုင်းသည် ပိုနေမြဲ၊ ကျားနေမြဲအတိုင်း သွားလျက် ရှိပါ၏။
မည်သူတစ်ဦးတစ်ယောက်သည် ဤကိစ္စများနှင့် ပတ်သက်၍ ဘာပြောသံများ ကြားဖူးကြပါသနည်း။
မြန်မာပြည်၌ ကျောင်းဆရာဆရာမ သောင်းဂဏန်းအတော်များများရှိ၏။
သို့သော် ကျောင်းသုံးစာအုပ်မှစာများ မှားနေပါသည်ဟု မည်သူ ပြောပါသနည်း။
၎င်းတို့ကား လူလိမ္မာများ ဖြစ်ကြကုန်၏။
ကျွန်ုပ်သာ အူကြောင်ကြောင်နှင့် ဘာအဓိပ္ပာယ်မှမရှိသော၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိသော၊ သောက်ဆံလည်း တစ်ပြားမှမရသော အလုပ်ကို အချိန်ကုန်ခံ၊ အပင်ပန်းခံကာ လုပ်ချေသည်။ ကျွန်ုပ်လောက်မိုက်သူ မည်သူရှိပါသနည်း။
သို့တိုင် -
ယခုထိ ဤ မည်သူ့အတွက်မှ အကျိုးမရှိသော အလုပ်များကို လုပ်နေချေသေး၏။
အကျင့်ဆိုတာ ပြင်ဘို့ ခက်ခဲလှ၏။
ဟိုတစ်နေ့ကလည်း သင်တန်းကျောင်းတစ်ခု၌ သင်တန်းဆရာများက သင်တန်းဆလိုက်များကို ဟိုပြောင်း၊ ဒီပြင် လုပ်နေ၍ မလုပ်ကြပါနှင့်ဟု အက်ဒ်မင်တီးန်က စာထုတ်၏။
ကျွန်ုပ်က မနေနိုင်။
မင်းတို့နှယ်ကွယ်။ အဲဒီဆလိုက်တွေကို read only လုပ်ထားလိုက် ပြီးတဲ့ဟာ ဟု သွားပြော၏။ သူတို့က သူတို့ ကွန်ပြူတာများ၌ ဟိုကလစ်နှိပ်၊ သည်ကလစ်နှိပ် လုပ်၏။ အလုပ်မဖြစ်။
ဒီမယ်ကိုယ့်လူရဲ့၊ အဲဒီဆလိုက်တွေ ငါ့ကိုပေး၊ ငါ့ကွန်ပြူထဲမှာ လုပ်ပေးမယ်။ အဲဒီဆလိုက် ၈ ခုကို ၅ မိနစ်အတွင်း ပြီးအောင် လုပ်ပေးမယ် ဟု လျှာရှည်လေ၏။
ဒီဆလိုက်တွေကိုတော့ မင်းကို မပေးနိုင်ဘူး ဆို၏။
OMG, forget it. ဆိုကာ ကျွန်ုပ်လည်း လှည့်ပြန်ခဲ့ရလေ၏။
ကျွန်ုပ်ကား အလွန် အူကြောင်ကြောင်နိုင်သူ ဖြစ်၏။
ကိုယ်နှင့်လည်း မဆိုင်ပါဘဲလျက် ဘာကိစ္စ ဘာတွေလုပ်လို့ လုပ်မှန်း ကိုယ့်ဟာကိုယ်လည်းမသိ။
ကိုယ်နဲ့ဆိုင်သလား မဆိုင်သလားလည်း မစဉ်းစား၊ စိတ်ထဲထင်တာတွေ လျှောက်လုပ်နေတာ ဖြစ်၏။
ဒါကြောင့် ‘တောင်အာဖရိကထောင်တန်’ ကြီးက ကျွန်ုပ်ကို ဆုံးမခဲ့တာ ဖြစ်မည်။
“နင့်အလုပ် နင်လုပ်၊ ငါ့အလုပ် ငါလုပ်”
ကျွန်ုပ်လို အူကြောင်ကြောင်အလုပ်များ မလုပ်မိစေဘို့ မိတ်ဆွေတို့ သားသမီးများကို သွန်သင်ဆုံးမကြလေကုန်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment