(၁) သူခိုးပေါသော မြန်မာပြည်
လော် အလုံး ၂၀ လောက်ကို ထန်းပင်အမြင့်လောက်တွင်တင်၍ ၇ ရက် ၇ လီ ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်တော် မူထကုန်ကြသော ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့ မှီတင်းနေထိုင်ရာ ကျွန်ုပ်တို့၏ မြန်မာပြည်ကြီးတွင် သူခိုးတို့သည်ကား လွန်စွာ ပေါများလှပေစွတကား။
ခိုးသည်ဆိုခြင်းကား သူများပစ္စည်းကို မတရားသည့်နည်းဖြင့် ရအောင် ယူခြင်းဖြစ်၏။
ခိုးသမှ နည်းပေါင်းစုံနှင့် ခိုး၏။ ဒီဇိုင်းမျိုးစုံနှင့် ခိုး၏။ ကမ္ဘာပေါ်တွင် ခိုးနည်းပေါင်းစုံလှသောတိုင်းပြည်ကို ပြပါဆိုလျှင် ကျွန်ုပ်တို့ ဗမှားပြည်ကြီးကို ပြရလိမ့်မည်။
ခိုးခြင်းတွင် သူများအိပ်နေတုံး သူ့ပစ္စည်းကို တက်ခိုးကာမတ္တမျှသာမဟုတ်။
စပါး၊ ပဲစသည်တို့ ရောင်းရာတွင် တင်းတောင်း အချင်အတွယ်ကို ခိုး၏။
စပါး၊ ပဲချိန်သည့် ကတ္တားကို ခိုး၏။
ကြက်သားကို ရေထိုးပြီး ခိုး၏။
သံအလေးကို မီးဖုတ်၊ ရေလောင်းပြီး အလေးချိန်လျော့အောင်လုပ်ခြင်းဖြင့် ခိုး၏။
နှမ်းဖြူထဲတွင် ကျောက်စရစ်အဖြူခဲများ ရောထည့်ခြင်းဖြင့်ခိုး၏။
အဲ့ငယ် - အဲဒီ အသေးအဖွဲလေးတွေက ဘာဟုတ်သေးဒုံးစ် . . .
ဟွာလေ - ဟို ပလောဂျက်စ်ကြီးတစ်ခု ချပေးလိုက်ပြီဆိုကြပါစို့။
သိန်း ၁၀၀၀ တန် ပလောဂျက်ကြီးမှာ စာရွက်စာတမ်းများကို လက်မှတ်ထိုးပေးရတာ အလွန် ပင်ပန်းကြီးလွန်းမျှမက ပင်ပန်းလှသော အပေါ်တွင် ပင်ပန်းကြေးအဖြစ် သိန်း ၅၀၀ လောက် ပြုတ်ပြုတ်ပြုန်းသွား၏။
အပေါ်မှ အောက်သို့ အဆင့်ဆင့် ငတက်ပြားလာလိုက်ကြရာ အနှီ သိန်း ၁၀၀၀ တန် ပလောဂျက်မှာ တကယ် အကောင် အထည်ဖော်လိုက်တော့ သိန်း ၁၀၀ တောင် အနိုင်နိုင် ကျန်ရတော့၏။
ဆိုတော့ -
သီရိငါ့ဓားမ ဘာပြန်ချီ ညာပြန်ချီဘွဲ့ ရထားသော လူကြီးမကောင်းများသည်လည်း ခိုး၏။
တိုက်ပိုင်ကြီး၊ မောင့်ကြက်သရေခေါင်းပေါင်းကြီးနှင့် လူဂျီးလူဂေါင်းဟု ဆိုထကုန်သော အဆီရွှဲရွှဲ ဗိုက်ပြဲပြဲနှင့် လူကြီးများသည်လည်း ခိုး၏။
ဘုရားဘာလူဂျီးဆိုသူများလည်း ခိုး၏။
အရပ်ထဲက ဘာမှမဟုတ်သူများလည်း ခိုး၏။
အပေါ်တွင်လည်း ခိုး၏။
အလယ်တွင်လည်း ခိုး၏။
အောက်တွင်လည်း ခိုး၏။
ရှေ့တွင်လည်း ခိုး၏။
နောက်တွင်လည်း ခိုး၏။
မသိမသာလည်း ခိုး၏။
သိသိသာသာလည်း ခိုး၏။
၇ ရက်စခန်း၊ ၁၀ ရက်စခန်း၊ ၁ လစခန်းတွေသွားပြီး ဉာဏ်စဉ်ကို သုံးခါပြန်နာကြလေအကုန်သော အသင်တို့သည့် အဘယ်ကြောင့် ခိုးရတာကို အရသာ တွေ့ကြရဘိကုန်သနည်း။
(၂) ကျွန်ုပ်၏ စာများကို ခိုးကြပုံ
များမကြာသေးမီက ကျွန်ုပ်၏ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ဖိုးတင်စိုးက သူ့ကိုမေးလာသည့် ‘ဖျောက်ဆိပ်ကြည်လွဲ၊ နှမ်းကြီးကြဲ’ ကို ယင်းဂလစ်ရှ်လို ဘယ်လိုရေးရမလဲ ဆိုသည့် မေးခွန်းအား ကျွန်ုပ်ထံ ပို့လိုက်လေ၏။ ကျွန်ုပ်လည်း တတ်သည့်ပညာ မနေသာရကား ဤသည့်အဓိပ္ပာယ်ကိုပါ ရှင်းပြလျက် ယင်းဂလစ်ရှ်လို ပြန်ဆိုပေးလိုက်လေ၏။
သူက ၇ ရက်သားသမီးတို့ သိစေရန် ပို့စ်လေး ရေးတင်ပေးပါ ဆိုသည့်အတွက် ကျွန်ုပ်လည်း ပို့စ်ရေးရန် အားထုတ် လေ၏။
ဖျောက်ဆိပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လိုက်လံ ရှာဖွေသည့်အခါတွင် မျက်လုံးပြဲ (ဟုတ်ပေါင်) မျက်လုံးပြူးစရာများ သွားတွေ့လေ၏။
အခြားမဟုတ်။
ကျွန်ုပ်စာများကို ခပ်တည်တည်နှင့် ခိုးချထားသည့် website များ ဖြစ်သတည်း။
ပထမ တစ်ခုမှာ “သုတစာပေ” ဟူသည့် FB ဖြစ်၏။ ဤတွင် “မြန်မာပြက္ခဒိန်တွက်နည်း ၂၈” ဟု သွားတွေ့ပြီး ကျွန်ုပ်လည်း စိတ်ဝင်စား၍ ဖတ်ကြည့်။ အဲ့ငယ်၊ တယ်ဟုတ်ပါကလားဟဲ့ဟု တွေးမိ။ ဆက်ဖတ်ကြည့်မိတော့မှ ယခွမ်း၊ ကျွန်ုပ် blog မှ စာများကို ခပ်တည်တည် ကူးတင်ထားမှန်း သိရပါလေ၏။
https://www.facebook.com/101061581773624/photos/a.101110378435411/111265814086534/?type=3
တစ်ခုတည်းမဟုတ်။ အများကြီးခင်ဗျာ။
နောက်တစ်ခု။
အောင်မငီး။ မြန်မာဝီကီပီဒီးယား ဆိုပါကလား။
ကျုပ်ကျက်လည်း လိကြပါအရပ်ကတို့။
မြန်မာဝီကီဆိုပြီး ကျုပ်စာတွေ ခိုးတင်ထားတာတော့ များများလောက် တရားလွန်သပေါ့ကွယ်။
ကျွန်ုပ်လည်း အင်္ဂလိပ်ဝီကီကို မကြာခဏ ရည်ညွှန်းပါ၏။ အင်္ဂလိပ်ဝီကီမှာက သူတို့ယူထားသည့်စာများကို မည်သည့် နေရာကယူသည်ကို Reference list အပြည့်အစုံ ထည့်ပေးထားပါ၏။
မြန်မာဝီကီကိုလည်း မယူရဟု ကျွန်ုပ်က မဆိုလိုပါ။ သို့သော် ရည်ညွှန်းစာရင်းတွင် - မြန်မာပြက္ခဒိန် - အေးငြိမ်း (လေးမျက်နှာ) ဟု မထည့်သင့်ပါသလော။ မြန်မာဝီကီဆိုပြီး $ရှက်ကလည်း နည်းလှချည့်။
နောက်တစ်ခုတွင်မတော့ ကျွန်ုပ် blog ကို reference စာရင်း၌ ဖော်ပြထား၏။
ဖောင်ဝပ်တွင်မူ ကိုးကား - ဦးအေးငြိမ်း (လေးမျက်နှာ) ဟု ထည့်ထား၏။
ပြက္ခဒိန်ဆောင်းပါးများမှာရော ကျွန်ုပ် blog link ကို အဲသလိုထည့်လိုက်တော့ မည်မျှဂုဏ်ငယ်သွားမှာ မို့လို့ပါနည်း။
အမှန်ဆို ကျွန်ုပ်စာများကို အခိုးခံရတာ နည်းနည်းလေး မဟုတ်ပါ။ ကျွန်ုပ်သိသည်ရော မသိသည်ရော အတော့်ကို များ၏။
၂၀၁၅ ခုနှစ်လောက်က ထင်ပါသည်။ ချစ်စုအကြောင်းကို ကျွန်ုပ်က “သံမဏိလိပ်ပြာ၏ တောင်ပံခတ်သံ” ဆိုပြီး ရေးလိုက်၏။ မိတ်ဆွေတစ်ယောက်က လာပြတော့မှ (အဟိ) ကျွန်ုပ်၏ သံမဏိလိပ်ပြာကို ဤသည်မရွေကော်ပီကူးပြီး သူ့နာမည်တပ်ထားတာ တွေ့ရလေတော့၏။
ဆာမယုကလည်း ကျွန်တော့် Design for Safety ကို ဟိုတစ်ယောက်က ခပ်တည်တည် ကူးချထားတယ် ဆိုတော့ ကျွန်ုပ်က အာ - idea ချင်းတူလို့ပေါ့ဗျာ။ ထားလိုက်ပါဟု သာ ပြောလိုက်ပါ၏။
ပြီးခဲ့သည့် ၄-၅ နှစ်လောက်ကလည်း ရန်ကုန် သင်တန်းကျောင်းတစ်ခုက သင်တန်းဆရာလေးတစ်ယောက်က ကျွန်ုပ် ပိုက်ပြင်ပိုက်ဆက်စာအုပ်ထဲက စာများကို ကူးကာ ခပ်တည်တည် သူပဲ ရေးထားသလို လုပ်နေတာ မိတ်ဆွေ တစ်ယောက်က လာပြ၍ ကျွန်ုပ် ဖွဘုတ်ပေါ်က ကလော်တုတ်လိုက်လို့ မျက်ရည်လည်ရွဲနှင့် လာတောင်းပန်၍ ထိုပို့စ်ကို ပြန်ဖြုတ်ပေးလိုက်ရသေး၏။
အင်း - လူဒွေ လူဒွေ
(အဲလေ - လူမို့လို့လုပ်တာပေါ့၊ ခွေးဆို ဘယ်လုပ်ပါ့မလဲ နော့စ်၊ အဟက်ခ်)
နိဂုံး
ကျွန်ုပ်စာရေးခြင်း၏ ပထမရည်ရွယ်ချက်မှာ ရေးချင်လို့ရေးတာဖြစ်၏။ ဒုတိယရည်ရွယ်ချက်မှာ လူများ အသိပညာ တိုးပွားစေရေးအတွက် ဖြစ်၏။ ကျွန်ုပ်စာတစ်အုပ်ရေးလို့ ရသည့်ပိုက်ဆံမှာ စင်ကာပူ၌ ကျွန်ုပ် သုံးလေးရက် စာသင်တာလောက်သာ ရှိပါသည်။ သည့်အတွက် ကျွန်ုပ် ပိုက်ဆံလိုချင်လို့ စာရေးတာမဟုတ်မှန်း အသင်တို့ ရိပ်စား မိပါသည်။
ကျွန်ုပ် ဖေ့စ်ဘုတ်ပို့စ် များစွာ ရေးခဲ့၏။ ထိုပို့စ်များမှ ဘာပိုက်ဆံ တစ်ပြားရပါသနည်း။ ဤသို့ရေးခြင်းဖြင့် ဘာသောက်ဆံမှ တစ်ပြားမရဘဲ ဘာကိစ္စ အဲသဟာတွေ ရေးနေရသလဲ ဟုလည်း အာမနာပ အပြောခံရပါသေး၏။
သို့ဆိုလျှင် ကျွန်ုပ်ဘာကိစ္စ အဲသဟာတွေ ရေးနေသနည်း။
မရေးရ မနေနိုင်လို့ ရေးပါသည်။
ကျွန်ုပ်၌ ရေးစရာကိစ္စတစ်ခုခု ပေါ်လာလျှင် ကျွန်ုပ် (ကန်တော့ပါရဲ့) ဖင်နှစ်လုံးကြား၌ ခွေးလယားသီး ညပ်နေသကဲ့သို့ ဖြစ်ဘိ၏။
သို့အတွက် -
ကျွန်ုပ် ရေးထားသည်များကို အသင်တို့ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ယူငင် သုံးစွဲနိုင်ပါ၏။
သို့သော် မခိုးပါနှင့်။ ကျွန်ုပ်ဆီကယူထားတာဟု ပွင့်ပွင့်လင်းလင်းပြော သုံးနိုင်ပါသည်။
ကျွန်ုပ်သည် လူအများ၏ အသိပညာ၊ အတတ်ပညာများ ပွင့်လင်းလာစေရန် စာရေးခြင်းဖြစ်သဖြင့် ကျွန်ုပ်စာများကို ယူသုံးတာ ဝမ်းတောင်သာပါသေးသည်။
သို့သော် ကိုယ်ရေးထားတာလေး သူများက ခပ်တည်တည်နှင့် သူတို့နာမည်တပ် သုံးနေတာ မြင်ရရင်တော့ . . .
ကိုယ့်ရည်းစားနုနုထွတ်ထွတ်ကလေး ဟိုခွားမသေးနှင့် တွဲသွားသလို ခံစားရပေါ့ခညာ . . .
လူအချင်းချင်း အညွန့်ခူးခြင်း၊ ကင်းရှင်းကြပါစေ။
ဟိုခွေးမသား လူ့ငနွား၊ ကားယားကြီးလည်း ဂန့်ပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၀ ဖေဖော်ဝါရီလ၊ ၂၀၂၄
No comments:
Post a Comment