Thursday, February 15, 2024

ခေတ်ပျက်၌ စီးပွားရှာကြသူတို့ အကြောင်း

သင်တန်းနားချိန်များတွင် ကျွန်ုပ်က ဘယ်မှမသွားဘဲ ကော်ဖီလေးဖျော်ကာ ကိုယ့်စားပွဲမှာပင် ကိုယ် စာရေး/စာဖတ် နေလေ့ရှိ၏။ သို့သော် မယ်မင်းကြီးမတို့က ယခု သင်တန်းခန်းမအတွင်း ရေကလွဲလို့ ဘာမှ မစားမသောက်ရဆိုလေတော့ ကျွန်ုပ်လည်း လူအများထိုင်ကာ စားကြသောက်ကြ၊ စကားဖောင်ဖွဲ့ကြသည့် နေရာသို့လာကာ ကော်ဖီသောက်ရင်း စာရေး/စာဖတ် လုပ်ရလေသော ဟူသတတ်။

ဟိုတစ်နေ့က ကော်ဖီသောက်ရင်း “မင်းကအောင်ချိမ့်လား” ကို ဖတ်နေစဉ် ကောင်လေးနှစ်ယောက် မဝံ့မရဲနှင့် အနားကပ်လာကာ ဘကြီးက ဗမာလား ဟု မေးလေ၏။ အခုမှ အသက် (၆၀) ကို ၃ နှစ်ကလေးပဲ စွန်းသေးသည့် ကျွန်ုပ်ကို ဘကြီးခေါ်လာသည့်အတွက် ကျွန်ုပ်လည်း အလွန် စိတ်ဆိုးလေ၏။ မတော် ‘အစ်ကိုလေး’ ဒါမှမဟုတ် ‘အစ်ကို’ ဆို တော်သေး။ သူတို့က ၂၂၊ ၂၃ အရွယ်တွေ။ ယခွမ်း။

သို့အတွက်ကျွန်ုပ်လည်း . . .

ဗမှားမို့လို့ ဗမှားစာဖတ်တာပေါ့လကွ။ ကလှားဆိုမှ ကလှားစာဖတ်မှာပေါ့ ဟု ဘုတောလိုက်လေ၏။
သူတို့လည်း စပ်ဖြဲဖြဲလုပ်နေသဖြင့် ရော့ - အဲဒီမှာထိုင် ဆိုကာ ကျွန်ုပ်ရှေ့မှ ထိုင်ခုံ၌ နေရာပေးလိုက်လေသော် သူတို့ လာထိုင်။

နေပါအုံးကွ။ မင်းတို့က ဘယ်ကလဲ။
သားက မုံရွာက၊ သူက ရွှေဘိုက။
ငမ်၊ မုံရွာကဆိုတော့ မင်းတို့က ဘာဖြစ်လို့ ဟို ခွေးတွေကို ခံမတိုက်ဘဲ စလုံးကို အလွတ်ရုန်းလာရသတုံး။
အဟီးဟီး . . .

ဒါထက်နေပါအုံးကွာ၊ မင်းတို့စင်ကာပူလာတာ ဘယ်လောက်ကုန်သလဲ။
သိန်း ၁၅၀၊ ၂၀၀ လောက်ကုန်တယ်။ ဟိုကောင်ဆို ၃၀၀ လောက်တောင် ကုန်တာ။
အဲ့လယ်။ ဒါဆို မင်းတို့က သထိန်းပေါ့လကွ။ ဒါနဲ့ အဲဒီပိုက်ဆံတွေကို ဘယ်ကရသတုံး။
ကျွန်တော်က ရန်ကုန်မှာ အလုပ်လုပ်တော့ စုဆောင်းထားတာလေးရှိတယ်။ ကျန်တာတော့ အိမ်ကပေးတာပေး။ လိုတာ ချေးတန်တာချေးပေါ့။
ဘယ်လောက်ချေးခဲ့ရတုံး။
သိန်း ၁၀၀ လောက်တော့ရှိတယ်။
မနည်းပါလားကွ။ အတိုးရော ပေးရသေးလား။
ဟုတ်။
ဘယ်လောက်တိုးလဲ။
၃ ကျပ် ကနေ ၅ ကျပ်ထိ အစားစားပဲ။
ဒါဆို တစ်နေရာထဲက ချေးတာမဟုတ်ဘူးပေါ့။
ဟင့်အင်း၊ ဟိုကနည်းနည်း၊ ဒီကနည်းနည်း ချေးရတာ။
အတိုးက ၃ ကျပ်ဆိုတော့ ဘယ်ဆိုးမတုံးကွ။ ဒီခေတ်ကြီးမှာ ငါကြားဖူးတာတော့ ၇ ကျပ်ကနေ ၁၀ တိုးလောက်ရှိတယ် ပြောတယ်။
အခုချေးတာက အမျိုးတွေဆီက များတယ်။ ၁၀ တိုးလည်းပါတာပေါ့။ ဒါပေမယ့် သူက နည်းပါတယ်။

နေပါအုံးကွာ။ အေးဂျင့်ခက ဘယ်လောက်ပေးရသလဲ။
၄၈၀၀။
မြတ်ချွာဖျား။ နေပါအုံးကွ။ ဘာကိစ္စ ၄၈၀၀ ဖြစ်သွားရသတုံး။ ပုံမှန်ဆို ၂၈၀၀ ပဲရှိပါတယ်။
ဟိုကောင်ဆို ၅၂၀၀ တောင် ပေးရတယ်။
ဘုရားရေ။ အေးဂျင့်နာမည်က ဘာတဲ့လဲ။ (သူက နာမည်တစ်ခုရွတ်ပြပါ၏။ ကျွန်ုပ်မသိ။)

အေးဂျင့်က ကျွန်တော်တို့ဆီကပါဘဲ။ သူက ခုမှ စပြီး အေးဂျင့်လုပ်တာ။ သူက ရန်ကုန်က အေးဂျင့်နဲ့ ချိတ်ပြီး အလုပ်ရှာပေးတာ။ စင်ကာပူက အေးဂျင့်ကိုလည်း ပေးရသေးတယ်။

သေဗျဇီ။
ကျွန်ုပ် သဘောပေါက်ပါပြီ။

နယ်ခံအေးဂျင့်က ရန်ကုန်အေးဂျင့်နှင့်ချိတ်ကာ အလုပ်ရှာ၏။ ရန်ကုန်အေးဂျင့်က စလုံးအေးဂျင့်နှင့် ထပ်ချိတ်၏။
ဆိုတော့ သရီးမအေးဂျင့်ပါလား။ သဟာကြောင့် ဒါလောက် ဈေးကြီးတာ။
ဒေသခံအေးဂျင့်က တစ်ခါရိတ်၏။ ရန်ကုန်အေးဂျင့်က တစ်ခါရိတ်၏။ စလုံးအေးဂျင့်က တစ်ခါရိတ်၏။
သုံးခါရိတ်လိုက်တော့ ရိုးပြတ်တောင်မကျန်တော့။ (အဲလေ မွှားကုန်ပြီ။)

အေးဂျင့်တဆင့်ထဲ (တိုက်ရိုက်အေးဂျင့်) ဆိုလျှင် ကျွန်ုပ်ပြောသည့် ၂၈၀၀ လောက်နှင့် ရနိုင်ပါသည်။

သို့သော် အနှီ ကိုရွှေတောသားငချွတ်ကလေးများမှာ အဘယ်ကသာလျှင် ရန်ကုန်အေးဂျင့်ကို တိုက်ရိုက်သိနိုင်ပါ မည်နည်း။ သို့မို့ကြောင့် ရန်ကုန်အေးဂျင့်နှင့်ချိတ်ပေးသည့် ဒေသန္တရအေးဂျင့်ကိုပဲ ကျေးဇူးတင်နေရ ပေလေသေး၏။

ငါ့လူတို့ အခုသင်နေတဲ့အထဲမှာ စလုံးအေးဂျင့်ကို တစ်ပြားမှ ထပ်ပေးစရာမလိုဘူးဆိုတာ ပါတယ်လေကွာ။ မသိဘူးလား။
ဟီးဟီး၊ ပြောတော့ပြောတာဘဲ။ ဘာတွေ ပြောမှန်းမသိဘူး။
အဲ့ငယ်။ အနို့ မင်းတို့ဟာ ဗမာလိုသင်တာမဟုတ်ဘူးလား။
ဟင့်အင်း။ ယင်းဂလစ်ရှ်စ်လို သင်တာ။
ဟိုက်ရော . . .

သူတို့သာမဟုတ်။ ထိုအတန်းထဲတွင် ဗမာ စုစုပေါင်း (၇) ယောက်ရှိ၏။ သို့ဆို ဘယ့်နှာကြောင့် ဗမာသင်တန်း စီစဉ်မပေးရပါသနည်း။ အဲသဟာ ကျွန်ုပ်အလုပ်မဟုတ်ပါ။ ကျွန်ုပ်တို့က ‘ရော့ - အဲဒီမှာနင်တို့ဒါသင်’ ဆိုတာ သင်ရတာဖြစ်၏။

ကျွန်ုပ်လည်း အူထဲယားတားတားရှိလာသည်နှင့် -
နေပါအုံးကွယ်၊ မင်းတို့ စလုံးအေးဂျင့်ကို သိသလား ဆိုတော့ သိတယ် ဟု ဆို၏။ ဘယ်သူတုံးဆိုတော့ ဘာလက်စတီးယား ဆို၏။

ယထစ်၊ ဟကောင် ဘာလက်စတီးယားဆိုတာ လမ်းနာမည်လကွ။ မင်းတို့မှာ သူ့လိပ်စာကတ် မရှိဘူးလား ဆိုတော့ ရှိတယ်ဆိုကာ ဖုန်းကို ဖွင့်ပြ၏။
သူ့ဟာ လိပ်စာကတ်မဟုတ်ပါ။ ကွန်ပြူတာနှင့်ပရင့်ထုတ်ထားသည့် လိပ်စာတစ်ခုဖြစ်၏။ ဆင်းမလင်းစကွဲတွင် ရှိ၏။
ကုမ္ပဏီနာမည်၊ လူနာမည်၊ ဖုန်းနံပါတ် ဘာတစ်ခုမှ မပါ။ လိပ်စာတစ်ခုသာပါ၏။

အနှီ စလုံးအေးဂျင့်ဆိုသူမှာ လိုင်စင်ရှိသည့် တရားဝင် အေးဂျင့်မဟုတ်။
ဒါကြောင့် သူတို့ အေးဂျင့်ဖီးပေးရတာ ဖြစ်၏။ တရားဝင်အေးဂျင့်ဆို အေးဂျင့်ဖီး တောင်းလို့မရ။ ဂန့်သွားမည်။
စလုံးအေးဂျင့်ခနှင့် မြန်မာပြည်အေးဂျင့်ခ နှစ်ခုစလုံးပေါင်းမှာ မြန်မာပြည်က အေးဂျင့်ကိုပေးသည့် ပိုက်ဆံထဲတွင် အားလုံးပါပြီးဖြစ်၏။ စလုံးအေးဂျင့်ခကို မြန်မာပြည်အေးဂျင့်က ပေးရ၏။

ဟိုမြေနိုးက အမိန့်တွေ တစ်ခုပြီးတစ်ခုထုတ်ကာ နေမြင့်လေ အရူးရင့်လေ ဖြစ်နေလေတော့ ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများမှာလည်း ထွက်ပေါက်ရှာကြရကုန်၏။

ဘုန်းကြီးဝတ်ရကောင်းနိုး။ လင်ယူရကောင်းနိုး။ နံနံခြားထွက်ရကောင်းနိုး။

ကျွန်ုပ်ထံသို့လည်း ဟိုလူသည်လူများက သူတို့အသိမိတ်ဆွေများအတွက် စိတ်ချရသည့်အေးဂျင့်လေးများ ပြောပြပါ မေးတတ်ကြသဖြင့် ကျွန်ုပ်က အထက်က ကောင်လေးများကို မေးသလို သူတို့အေးဂျင့်များကို မေးထားလေ့ ရှိ၏။ သို့သော် အေးဂျင့်ခ မတန်တဆတောင်းသည့်သူများကိုတော့ မညွှန်းလိုပါ။

ဒါ့ထက်ဆိုးတာ ရှိပါသေး၏။

အချို့ မြန်မာအေးဂျင့်များနှင့် စလုံးသူဌေးတို့ ပေါင်းပြီး အေးဂျင့်လုပ်စားကြတာ ဖြစ်၏။
မြန်မာအလုပ်သမားများကို ခေါ်၏။ အေးဂျင့်ခရ၏။ လုပ်ခ မဖြစ်ညစ်ကျယ်ပေးပြီး မနိုင့်ရင်ကာ ခိုင်း၏။ မလုပ်နိုင်တော့ ပြန်လွှတ်၏။ နောက်ထပ် လူထပ်ခေါ်၏။ အေးဂျင့်ခ ထပ်ရ၏။ မလုပ်နိုင်လို့ ကွန်ပလိန်းလုပ်တော့ ပြန်လွှတ်၏။

ဤကဲ့သို့ လုပ်စားနေသူများ မည်မျှရှိသနည်း။
ကြားထဲက အချောင်ခံနေရသူများမှာ ကံဆိုးသူမောင်ရှင်ကလေးများ ဖြစ်တော့၏။

သည်ကိစ္စကြီးသည် ဘယ်တော့များမှ ပြီးပါမည်နည်း။
ကျွန်ုပ် ရင်မောလှပါ၏။

လာသူများထဲတွင် ၃ တန်း၊ ၄ တန်းများလည်းပါ၏။ ၇ တန်းဆိုပြီး ကိုယ့်နာမည်ကိုယ် မရေးတတ်သူများလည်း ပါ၏။
နဂိုကမှ အမြီးအမောက်တည့်အောင် စာမဖတ်တတ်သူများမှာ safety သင်တန်းက $တလွဲဘာသာပြန်များနှင့်တွေ့တော့ five ပါး upside down လေတော့၏။

တစ်ခါကျသာမက နှစ်ခါကျများလည်း ပါ၏။
နှစ်ခါမျှသာမက သုံးခါပြန်ဖြေလည်း အောင်စရာ အကြောင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် သူတို့မှ စာမဖတ်တတ်ဘဲကိုး။

အေရိုးရယ် - မြန်မြန်သေပါတော့။
ငါတို့လူတွေ ဒွတ်ခများလှပြီ။

အေးငြိမ်း
၁၅ ဖေဖော်ဝါရီ၊ ၂၀၂၄

No comments: