(၁) သင်္ကြန်စာ
ယခုခေတ်ကဲ့သို့ မဖွံ့ဖြိုး မတိုးတက်သေးသည့် ကာလများက တောလက်ကျေးရွာများတွင် အဘယ်ကဲ့သို့ မိုးဘယ်နေ့ ရွာမယ်၊ လေဘယ်လိုတိုက်မယ် ဆိုတာ သိနိုင်ပါမည်နည်း။ ထိုကာလများက တောသူတောင်သား လယ်သမားများအဖို့ သင်္ကြန်စာသည်ပင် မိုးလေဝသသတင်း ဖြစ်တော့၏။
ကျွန်ုပ်ငယ်စဉ်က ကျွန်ုပ်၏ ဦးကြီး၊ အရီးများကို သင်္ကြန်စာ ဖတ်ပြရလေ့ရှိ၏။ ထို့ကြောင့် ကျွန်ုပ်ငယ်စဉ်ကပင် အောက် ဖော်ပြပါစာများဖြင့် ရင်းနှီးပြီး ဖြစ်တော့၏။
“တနင်္ဂနွေဂြိုဟ်မင်းသည် ကြာဝတ်ဆံအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျှက်၊ နဂါးကိုစီး၍၊ လက် တစ်ဖက်ကား မြား၊ လက်တစ်ဖက်ကား လွှားကိုကိုင်လျှက်၊ အရှေ့မြောက်ထောင့်ကသည် အနောက်သို့ဝင်၏။ နန္ဒာဒေဝီ နတ်သမီးကား . . . . . ဓံသီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အဝါအားဖြင့် ငါးပါးသောအဆင်းဖြင့် ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦး၊ မိုးလယ်ကောင်းအံ့။ မိုးနှောင်းတံ့အံ့။ စစ်မက်များအံ့။ ပြည်ကြီးကို ပြည်ငယ်နိုင်စပြုအံ့။ မင်းဥပါဒ်ဖြစ် အံ့။ ပြည်ရွာမီးလောင်ဘန်များအံ့။ . . . . . . လူတို့ ငတ်မွတ်ကုန်အံ့။ ထိုနှစ်၌ အမူးအမတ်တို့ မင်းအမျက်သင့်ကုန်အံ့။ ရေပိုး၊ သားငါး များအံ့။ အတောင်ရှိသော ကျေးငှက်တို့သည် ဥပဒ်ဖြစ်ကုန်အံ့။ စိန့်ပြည် ပျက်အံ့။ ကွမ်းသီး၊ ငြုပ် စွံအံ့။
နှစ်အမည်ကား ဇေယျနှစ်တည်း။ . . . . . . ကောင်းကင်ကို ဗိဿနိုးစောင့်၏။ ရေကိုကြွက်စောင့်၏။ မိုးကို ကြက်စောင့်၏။ တောကို စင်ယော်ငှက်စောင့်၏။
လူတို့၏ အဓိပတိကား မင်း၊ အခြေလေးခုတို့၏ အဓိပတိကား နွား၊ ငှက်တို့၏ အဓိပတိကား ကျေး၊ သစ်ပင်တို့၏ အဓိ ပတိကား ထိန်၊ ဝါးတို့၏ အဓိပတိကား မြင်ဝါး၊ နက္ခတ် ၃ လုံး ငုပ်၏။ ၄ လုံး ပေါ်၏။ . . . . . လူတို့အချင်းချင်း ညှဉ်းဆဲကုန်လတ္တံ့။ စစ်မက်များအံ့။ မင်းနှလုံးမသာမယာများအံ့။ ပြည်ရွာမီးလောင်ဘန်များအံ့။ လူတို့ အနာအဖျား များကုန်အံ့။ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ အလုံးကြီးအံ့။ ဥတ္တရ၊ ဧသံ၊ အဂ္ဂိအရပ်မှာရှိသော ပြည်ရွာတို့သည် သုဉ်းကုန်အံ့။ ရှားပါးငတ်မွတ်အံ့။
ထိုနှစ်ဖွားသောသားကား အဆင်းလှအံ့။ ပညာရှိအံ့။ ဟူးရား၊ သမား အတတ်ရှိအံ့။ ချမ်းသာရအံ့။ အသက် (၇၀) နေရအံ့။
. . . . . . . . .
. . . . . . . . .
မိုးလအခါ၊ သီရိန္ဒြအမည်ရှိသော နတ်သားသည်၊ အညို၊ အပြာ၊ အစိမ်း၊ အမောင်း၊ အမည်းအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော၊ အဝတ်တန်းဆာ၊ ရတနာ (၇) ပါးဖြင့်ပြီးသော၊ ဘယက်တန်းဆာ၊ နားဋောင်း၊ မကိုဋ်၊ သရဖူတို့ကို ဝတ်ဆင်ပြီးသော်၊ အလျားနှစ်ဥသဘရှိ၊ . . . . . . လူမျိုးအများ၊ သားငါးတိရစ္ဆာန်တို့ကို၊ သနားမေတ္တာရှိ၍၊ တစ်နှစ်တစ်ခါ၊ ကမ္ဘာ့တန်းဆာဖြစ်သော၊ မိုးတင်းများကို၊ ကယ်တင်ထောက်ပံ့သည်ကား၊ - - - - - - - ။
သင်္ကြန်စာပါ ဝေါဟာရနှင့် အဓိပ္ပာယ်များကို ယခုခေတ်လူများ နားလည်လိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။ သင်္ကြန်စာ တွင် ရှေးယခင်ကသုံးသော မြန်မာနာရီများလည်း ပါ၏။ နက္ခတ္တဗေဒလည်းပါ၏။ ရှေးထုံးတမ်းများလည်းပါ၏။ ဗေဒင်လည်းပါ၏။ သို့အတွက် -
ထိုဗဟုသုတများ မရှိပါဘဲလျက် သင်္ကြန်စာတစ်စောင်ကို နားလည်ဘို့ရာ မလွယ်ကူလှချေ။
သိနားလည်သူများက ရှင်းပြလျင်သော်မှ ပညာအခြေခံနည်းပါးသူတို့ နားမလည်နိုင်။ ပညာအခြေခံရှိသူတို့တောင် ရေးရေးမျှသာ သဘောပေါက်နိုင်ပါလိမ့်မည်။
သို့ဆိုလျှင် သင်္ကြန်စာကို ဘယ်နေရာမှာ အသုံးချမည်နည်း။
တခြားဟာတွေထားတော့။
အသင်တို့သည် သင်္ကြန်ကျပြီဆိုပြီး တစ်ဦးနှင့်တစ်ဦး ရေမပက်ကြကုန်သလော။ ပက်ကြ၏။
သင်္ကြန်စာက အသင်တို့ကို ဘယ်နေ့မှာ ရေပက်လို့ရပြီ၊ ဘယ်နှစ်ရက် ရေပက်လို့ရသည်။ ဘယ်နေ့က နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည် ဆိုခြင်းကို ပြဆိုပါလိမ့်မည်။
ဇာတာလေးဘာလေး ဖတ်တတ်သူတို့က ဒီနှစ်ဘာတွေဖြစ်မည်ကို ခန့်မှန်းလို့တောင် ရပါလိမ့်ဦးမည်။
အရေးကြီးသည့် နောက်တစ်ခုမှာ တောင်သူလယ်သမားတို့အတွက် စိုက်ပျိုးရက်များ ညွှန်းပေးထားတာ ဖြစ်ပါ၏။
သင်္ကြန်စာတွင် ပါသည့်အတိုင်း ဖော်ပြရလျှင် . . .
တောင်သူလယ်သမားတို့ သိမှတ်ဖွယ်ရာ
၁၃၇၄ ခုနှစ်တွင် သင်္ကြန်တက်ပြီး သုဒ္ဓဒိန် ၄၄ ရက်မြောက်သော နယုန်လဆန်း ၁၀ ရက် (၃၀၊ ၅၊ ၂၀၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖျောက်ဆိပ်ကြယ်ပေါ်၏။ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက် (၁၆၊ ၇၊ ၂၀၁၂) တနင်္လာနေ့တွင် ကောက်ကြီးပျိုး ကြဲရာ၏။ ဝါခေါင်လဆန်း ၁၅ ရက် (၁၊ ၉၊ ၂၀၁၂) စနေနေ့တွင် ဖျောက်ဆိပ်မွန်းတည့်၏။ တော်သလင်းလဆန်း ၂ ရက် (၁၇၊ ၉၊ ၂၀၁၂) တနင်္လာနေ့တွင် တနင်္ဂနွေဂြိုဟ် ကန်ရာသီပြောင်းသဖြင့် ကန်ဆင်းမိုးရွာအံ့။ သီတင်းကျွတ်လဆန်း ၂ရက် (၁၇၊ ၁၀၊ ၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သရဝဏ်နက္ခတ် မွန်းတည့်၏။ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် (၁၊ ၁၁၊ ၂၀၁၂) ကြာသပတေးနေ့တွင် ကောက်ကြီးကောက်သားဝင်၏။ တန်ဆောင်မုန်းလဆန်း ၃ ရက် (၁၆၊ ၁၁၊ ၂၀၁၂) သောကြာနေ့ တွင် မုရင်းပျိုးကြဲရာ၏။ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက် (၁ ၊၁၂၊ ၂၀၁၂) စနေနေ့တွင် ဖျောက်ဆိပ်မြေလူး၏။ ပြာသိုလဆန်း ၃ ရက် (၁၄၊ ၁၊ ၂၀၁၃) တနင်္လာနေ့တွင် နဂါးနေရောင်မှ လွတ်၏။ ပြာသိုလပြည့်ကျော် ၃ ရက် (၂၉၊ ၁၊ ၂၀၁၃) အင်္ဂါနေ့တွင် မုရင်း ကောက်သားဝင်၏။ ယင်းနေ့တွင် ပုဗ္ဗကြယ်တိုင်ကို လယ်၌ စိုက်အပ်၏။ သီးပင်၊ ကုက္ကိုပင်၊ သဖန်းပင် မင်းမူ၏။ ရေသဖန်းပင် ၌ ပုဗ္ဗကြယ်ဝပ်၏။ မင်းမူသော သစ်ပင်၊ သစ်ကိုင်းကို တိုင်ပြု၍ ကြယ်ဝပ်သော သစ်ပင်၊ သစ်ညွန့်တို့ကို တိုင်၏အဖျား၌ ချည်ပြီးလျှင် ပုဗ္ဗကြယ်တိုင်ပြုအပ်၏။ ထမင်း၊ မုန့်ဖြူ၊ မုန့်နီ၊ ပန်းဖြူတို့ဖြင့် ပုဗ္ဗကြယ်တိုင်ကို ပူဇော်၍ လယ်၌ စိုက်အပ်၏။ ကန်၊ ချောင်း၊ ဆည်၊ မြောင်း၊ တာတမံနှင့် လယ်ယာတို့၌ စတင်ထွန်ယက် လုပ်ကိုင်သောအခါတွင် ဗုဒ္ဓဟူးနေ့နှင့် နဂါးပေါ်ရက်တို့ကို ချန်လှပ်၍ နဂါးလှည့်ကို သတိပြုပြီးလျှင် “စလုတ်ကိုထောက်၊ လယ်ကိုဖောက်၊ ကျောက်ကိုနင်းကာ၊ ထွန်ချရာ၏” ဟု ဆိုသောကြောင့် မြောက်အရပ်မှ နေ၍ တောင်အရပ်သို့ မျက်နှာမူပြီး လယ်ထွန်မင်္ဂလာ ပြုကုန်ကြရာသည်။ သက္ကရာဇ်ဦးခေါင်း တောင်သို့ပြု၏။ ဓာတ်ဦးခေါင်း မြောက်သို့ပြု၏။ တနင်္ဂနွေနံထွန်း၏။ အင်္ဂါနံပုပ်၏။ အထွန်းကိုဆောင်၊ အပုပ်ကိုရှောင်ကုန်ရာသည်။
(၂) ဖျောက်ဆိပ်ကြယ်
‘ကတိသစ္စာ တည်သောခါ၌၊ ဩဇာလေးနက် ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏။’ ‘ရာသီမသိ ပန်းနှင့်ညှိ’ ဟူသည့် စကားများမှာ လူတို့သစ္စာသမာဓိ တည်ကြသောကာလ၌ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုတို့သည် ဆေးဘက်ဝင်ကြောင်း၊ သစ်သီးဝလံ ပန်းမန်တို့သည် သူ့ရာသီအချိန်အခါအလိုက် ပွင့်ကြောင်း ပြဆိုချက်တစ်ခု ဖြစ်၏။
သို့သော် ရမည်ဆိုလျှင် ဘနဖူးကို သိုက်တူးကြသော ယခုကာလိုကာလမျိုး၌ လူတို့၏ ဖောက်ပြန်မှုကြောင့် မိုးသည်လည်း အချိန်မှန်မရွာ၊ ပန်းများလည်း ရာသီအလိုက်မပွင့်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုတို့သည်လည်း ဆေးဘက်မဝင်ကြတော့။ ဝမ်းနည်းစရာပင် ဖြစ်၏။
စိုက်ပျိုးရေး သိပ္ပံပညာများ မပေါ်ထွန်းသေးသည့်ကာလများက တောင်သူများသည် မိမိတို့ စိုက်ပျိုးရေးကိစ္စများအတွက် ကောင်းကင်ကြယ်နက္ခတ်များကို အားထားကြရကုန်၏။ အဘယ်ကြောင့် ပြက္ခဒိန်ကို အားမကိုးဘဲ ကြယ်နက္ခတ်များကို ကြည့်ကြရဘိသနည်း။
မြန်မာပြက္ခဒိန်သည် လသွားနှုန်းကို အခြေခံထားသည့် ပြက္ခဒိန်ဖြစ်၍ နေမင်းကြီး ကမ္ဘာကိုပတ် (ဟုတ်ပေါင်) ကမ္ဘာကြီး နေလုံးကို တစ်ပတ်ပတ်ရန်ကြာချိန် ၃၆၅ ရက်နှင့် မကိုက်ညီ။ ရက်များကို ဟိုပြောင်း ဒီရွှေ့ လုပ်ကြရ၏။ ထို့ကြောင့် မနှစ်က ဝါဆိုလဆန်း ၁၃ ရက်၊ ဒီနှစ် ဝါဆိုလဆန်း ၁၃ ရက်နှင့် နောက်နှစ် ဝါဆိုလဆန်း ၁၃ ရက်တို့သည် ထပ်တူမကျ။ ရွေ့လျားလျက် ရှိကုန်၏။
သို့သော် ကောင်းကင်က နေ၊ နက္ခတ်တို့သည် မပြောင်း။ မနှစ်က၊ ဒီနှစ်၊ နောက်နှစ်။ နှစ်တွေ ဘယ်လိုပြောင်းပြောင်း သည်တစ်နေရာထဲမှာပဲ ရှိနေသဖြင့် ကောက်စိုက်ပျိုးနှုတ် လုပ်ကြရာတွင် ကောင်းကင်က နက္ခတ်များကို ကြည့်၍ လုပ်ကြရခြင်း ဖြစ်၏။
<<ဖူး၊ နင်ရို့ပြောရတာ မောထှာ။ ယခွမ်း>>
အထက်ဖော်ပြပါ သင်္ကြန်စာသားများကို လူကြီးမင်းတို့ နားလည်နိုင်စရာမရှိပါ။ သို့သော် မနေနိုင်မထိုင်နိုင် ရှင်းပြရမည်ဆိုလျှင် - - -
တနင်္ဂနွေဂြိုဟ်စင်၏ ရာသီ၊ အံသာတို့အလိုက် ဖျောက်ဆိပ်ကြယ်ပေါ် စသည်တို့ကို အောက်ပါအတိုင်း ကောက်ယူနိုင်၏။ (ပုံတွင်ကြည့်ပါ။)
| တနင်္ဂနွေဂြိုဟ်စင်၏ |
|
| |
စဉ် | ရာသီ | အံသာ |
| ခန့်မှန်းအင်္ဂလိပ်ရက် |
၁ | ၁ | ၁၅ | ဖျောက်ဆိပ်ကြယ်ပေါ်၏။ | ၃၀၊ မေလ |
၂ | ၃ | ၀ | ကောက်ကြီးပျိုးကြဲရာ၏။ | ၁၅၊ ဇူလိုင်လ |
၃ | ၄ | ၁၅ | ဖျောက်ဆိပ်မွန်းတည့်၏။ | ၁၊ စက်တင်ဘာလ |
၄ | ၅ | ၀ | တနင်္ဂနွေကန်ဆင်း၏။ | ၁၆၊ စက်တင်ဘာ |
၅ | ၆ | ၀ | သရဝဏ်နက္ခတ်မွန်းတည့်၏။ | ၁၆၊ အောက်တိုဘာ |
၆ | ၆ | ၁၅ | ကောက်ကြီးကောက်သားဝင်၏။ | ၁၊ နိုဝင်ဘာလ |
၇ | ၇ | ၀ | မုရင်းပျိုးကြဲရာ၏။ | ၁၅၊ နိုဝင်ဘာလ |
၈ | ၇ | ၁၅ | ဖျောက်ဆိပ်မြေလူး၏။ | ၁၊ ဒီဇင်ဘာလ |
၉ | ၉ | ၀ | နဂါးနေရောင်မှ လွတ်၏။ | ၁၅၊ ဇန္နဝါရီလ |
၁၀ | ၉ | ၁၅ | မုရင်းကောက်သားဝင်၏။ | ၂၉၊ ဇန္နဝါရီလ |
၁၁ | ၁၀ | ၁၅ | မုရင်းကောက်သားဝင်၏။ (နောက်ဆရာတို့ပြင်ဆင်ချက်။) ထိုနေ့တွင် ပုဗ္ဗကြယ်တိုင်ကို လယ်၌စိုက်ရာ၏။ ကောက်ကြီး ကောက်သားဝင်သောနေ့၌လည်း စိုက်ကြသေးသည်။ | ၂၈၊ ဖေဖော်ဝါရီ |
ဖျောက်ဆိပ်ကြယ်ဟူသည် ကြတ္တိကာနက္ခတ်ကို ခေါ်ခြင်းဖြစ်၏။ ဖျောက်ဆိပ်ကြယ် ပေါ်သည်၊ ဖျောက်ဆိပ်မွန်းတည့် သည်၊ ဖျောက်ဆိပ်မြေလူးသည် စသည်တို့မှာ နံနက်အရုဏ်တက်ချိန်တွင် အနောက်ဘက်ကောင်းကင်၌ မြင်တွေ့ကြ ရမည့် ကြတ္တိကာနက္ခတ်၏ အနေအထားများဖြစ်၏။
ကြတ္တိကာနက္ခတ်ခေါ် ဖျောက်ဆိပ်ကြယ်သည် အမြင်ရှင်း၍ မှတ်သားရလည်း လွယ်ကူ၏။ နံနက်အရုဏ်တက်ချိန် လယ်ဆင်းကြသောအခါ ဖျောက်ဆိပ်ကြယ်ကို အလွယ်တကူ တွေ့မြင်နိုင်ကြသည်ဖြစ်၍ ၎င်းကိုကြည့်ပြီး အမှတ်အသား ပြုကာ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း စသည်တို့ ပြုလုပ်ကြခြင်း ဖြစ်၏။
နှစ်ဆန်း ၁ ရက်နေ့မှစတင်ရေတွက်ပြီး ရက်ပေါင်း ၁၄၀ တွင် အရုဏ်ဦး၌ ကောင်းကင် သို့ ကြည့်သောအခါ ဖျောက်ဆိပ်ကြယ်သည် ခေါင်းပေါ်တည့်တည့်ရောက်၍ မွန်းတည့်နေသည်ကို တွေ့ကြရမည်။ ၁၅၄ ရက်မြောက်နေ့၊ အရုဏ်တက်တွင် ဖျောက်ဆိပ်ကြယ်သည် ဦးခေါင်းတည့်တည့်မှ အနောက်ဘက် ယွန်းယွန်းသို့ ရောက်နေပြီး ဖျောက်ဆိပ်မွန်းလွဲသည်ဟု ခေါ်ပြီး ထိုကာလ၌ နှမ်းကြဲကြသည် ဆို၏။ ၂၂၅ ရက်မြောက်၊ နှင်းများ ကျသော ဆောင်းတွင်းကာလအခါ၊ အရုဏ်ဦးတွင် ဖျောက်ဆိပ်ကြယ်သည် အနောက်ဘက်ကောင်းကင်၊ မိုးကုတ်စက်ဝိုင်းအနီး၌ ဝင်လုဆဲဆဲဖြစ်နေသည်ကို မြင်ရမည်။ ၎င်းကို ဖျောက်ဆိပ်မြေလူးသည်ဟု ခေါ်၏။ ထိုအခါ ကာလတွင် မုရင်းပျိုး ကြဲကြသည် ဟု ဆိုလို၏။
တနင်္ဂနွေ ကန်ဆင်း၏ ဆိုသည်မှာ ကန်ရာသီသို့ တနင်္ဂနွေဝင်ရောက်ခြင်းကို ခေါ်၏။ ထိုအချိန်တွင် မိုးအကြီးအကျယ် ရွာတတ်ပြီး ထိုမိုးကို ကန်ဆင်းမိုးဟု ခေါ်၏။ ကန်အတွင်းသို့ မိုးရေများစီးဆင်းခြင်းကို ခေါ်တာမဟုတ်။ တနင်္ဂနွေဂြိုဟ်၊ ကန်ရာသီသို့ ပြောင်းရွှေ့ဝင်ရောက်စဉ် ရွာသောမိုးဖြစ်သဖြင့် ကန်ဆင်းမိုးဟု ခေါ်ခြင်း ဖြစ်၏။
နဂါးနေရောင်မှလွတ်၏ ဆိုသည်မှာ မြန်မာတို့က ကြယ်နဂါးဟုခေါ်သည့် ဗြိစ္ဆာရာသီ ကင်းမြီးကောက် ကြယ်စုကြီးသည် ညဘက်သို့ လွတ်လွတ်ကျွတ်ကျွတ်ဝင်ရောက်လာခြင်းကို ခေါ်၏။
(၃) နိဂုံး
သေသေချာချာ သင်ကြားပြသမပေးဘဲ ဤအရာများကို အသင်တို့နားလည်လိမ့်မည်ဟု ကျွန်ုပ်မထင်ပါ။
ဤအရာများကို လေ့လာသင်ကြားကြဘို့ကိုလည်း အသင်တို့ စိတ်ဝင်စားလိမ့်မည်ဟု ကျွန်ုပ်မထင်ပါ။
ဖိုးတင်စိုးရေ့ -
မင်းပြောတဲ့ အမြီးကလျှောက်၊ ဝမ်းကိုဖောက်၊ အမောက်လည်ပင်း၊ ကျောကိုနင်း ဆိုတာတွေပါ လုပ်လိုက်ရင် အများကြီး ဖြစ်သွားလိမ့်မယ်။
အခုတော့ ဒီမှာပဲ ရပ်လိုက်ကြပါစို့။
ဒါမှ ထပ်သိချင်သေးသပဆို ကျွန်ုပ်ရေးသားထုတ်ဝေထားတဲ့ မြန်မာပြက္ခဒိန်စာအုပ်ကို ဝယ်ဖတ်ပါလို့ပဲ . . .
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂ ဖေဖော်ဝါရီလ၊ ၂၀၂၄
No comments:
Post a Comment