Monday, January 29, 2024

သင်ဘယ်လိုလူမျိုး ဖြစ်ချင်သနည်း ဆိုခြင်းအကြောင်း

(၁)

 

အသင်သည် အဘယ်ကဲ့သို့သောလူမျိုး ဖြစ်ချင်သနည်း။

 

စစ်စစ်ပေါက်ပေါက်သာ လိုက်တွက်ကြည့်လိုက်ပါက ဤကမ္ဘာပေါ်တွင် လူနှစ်မျိုးကို တွေ့ရမည် ဖြစ်၏။

 

ပထမလူတစ်မျိုးကား သူ့နာမည်ကြားကာမျှဖြင့်ပင် လူအများက နှာခေါင်းရှုံ့၊ ဝေါ့ထွီ နှင့် အဲဒီကောင်အကြောင်း မပြောစမ်းပါနဲ့ကွာ၊ ကြက်သရေတုံးလွန်းလို့ စသဖြင့် လူတကာက မေတ္တာတုံးကာ ဖနောင့်နှင့်ပေါက်ချင်သည့် လူမျိုးဖြစ်၏။

 

နောက်တစ်မျိုးကား သူသေသွားသည့်တိုင် လူအများက သူ့ကို ချစ်ခင်နေဆဲ၊​ လေးစားနေဆဲ၊ မြတ်နိုးနေဆဲ၊ တမ်းတနေဆဲ၊ ရင်ထဲအသည်းထဲ နှလုံးထဲ၊ ကျောက်ကပ်ထဲ၌ အမြတ်တနိုး သိမ်းဆည်းထားသည့်သည့် လူမျိုးဖြစ်၏။

 

သင် ဘယ်လိုလူမျိုးဖြစ်ချင်သနည်း။

 

အသံကြား ဖနောင့်နှင့် ပေါက်ချင်ပါစေ ဟူသည့် ပထမအမျိုးအစား ဖြစ်ချင်ပါသလား။

ဝေးစွခြောက်ပါး။ မည်သူမှ ထိုကဲ့သို့သောလူမျိုး ဖြစ်ချင်မည် မထင်ပါ။ 

 

အသင်သည်လည်း မိမိသေသွားသည့်တိုင် လူအများက တမ်းတနေစေချင်သော လူမျိုး ဖြစ်ချင်ပါလိမ့်မည်။

သို့ဆိုလျှင် ထိုကဲ့သို့သောလူမျိုးဖြစ်အောင် ဘယ်လိုလုပ်ရမည်နည်း။

လူတစ်ဦးလျှင် ၅၀၀၀ စီပေးပြီး ဆန္ဒပြခိုင်း (ဟုတ်ပေါင် မွှားကုန်ပြီ) လူတိုင်းကို သိန်း ၅၀၀ စီပေးပြီး ငါသေသွားတဲ့အခါ ငါ့ကို နင်တို့အသည်းထဲမှာ သိမ်းထားပေးပါနော် ဟု ပြောလို့ရပါမည်လား။

ဤသည်မှာ ချမ်းသာတာ၊ ဆင်းရဲတာ၊ ငွေကြေးနှင့် လားလားမှ မဆိုင်။

ဤသည်မှာ အသည်းနှလုံးကိစ္စဖြစ်၏။

 

အသင်ဘယ်လိုလူမျိုးဖြစ်ကြောင်း သင်၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အလုပ်အကိုင်၊ စိတ်နေသဘောထား၊ ကိုယ်ကျင့်တရားနှင့် အများပြည်သူအပေါ် ထားရှိသည့် စေတနာနှင့် ကိုယ်ချင်းစာတရား၊ ဖေးမကူညီမှုတို့ကို ကြည့်ပြီး အများက ဆုံးဖြတ်ပါလိမ့်မည်။ ငါက ဘယ်လိုလူမျိုးဖြစ်သကွ ဟု ကိုယ့်ဘာသာကိုယ် ကြေငြာလို့ရတာမဟုတ်။ 

 

သို့သော် အသင် မည်ကဲ့သို့သောလူမျိုးဖြစ်မည်ကို အခြားသူများက လုပ်ယူလို့ရတာမဟုတ်။ ဤသည်မှာ သင်ကိုယ်တိုင် ၏ အရေးကိစ္စ ဖြစ်၏။

အသင်သည် မည်ကဲ့သို့သော စိတ်နေသဘောထားမျိုးရှိသူ ဖြစ်သနည်း။

အသင်သည် လူ့လောကကို ဘာများ ကောင်းကျိုးပြုသနည်း။

အသင်သည် လူများအပေါ် မည်မျှစာနာထောက်ထားသနည်း။

အသင်သည် လူများအပေါ်မည်မျှ စေတနာ ထားသနည်း။

အသင်သည် မည်မျှ ကိုယ်ချင်းစာတရား ရှိသူဖြစ်သနည်း။

အသင်သည် မည်မျှ တစ်ကိုယ်ကောင်း မဆန်သူ ဖြစ်သနည်း။

အသင်သည် မည်မျှ ကိုယ်ကျင့်တရားကောင်းသူ ဖြစ်သနည်း။

 

“မင်း ငါ့ ဘာကောင်ထင်သလဲ” ဆိုသူများမှာ အများပြည်သူ ကြည်ညိုလေးစားမှုကို ခံစားရဘို့ဝေးစွ။ မြင်ရုံမျှနှင့် ဝေးဝေးက ရှောင်ကွင်းသွားကြလိမ့်မည်။ မတတ်သာ၍ ဆက်ဆံရသည့်တိုင် ရင်ထဲကမပါ၊ အပေါ်ယံကြောလောက်သာ ဆက်ဆံပါလိမ့်မည်။ ဤသူများမှာ မျက်နှာမြင် ဖနောင့်နှင့်ပေါက်ချင်ပါစေ ဟူသောဆုနှင့် တလုံးတဝတည်း ပြည့်ဝကြသူ များ ဖြစ်၏။

 

(၂)

 

စု နှင့် ဦးအောင်ဆန်းဦး

 

ယခုတလော ကျွန်ုပ် စိတ်မချမ်းမြေ့စရာ သတင်းတစ်ပုဒ်ကို ကြားသိရသည်မှာ ပါဝါ၅၄ ကိစ္စဖြစ်၏။

 

ဦးအောင်ဆန်းဦး သည်ကိစ္စကို အသည်းအသန်လုံးပန်းနေသည်မှာ ၂၀၀၁ ကတည်းကဆိုတော့ ဆယ်စုနှစ်နှစ်ခု မကတော့ပြီ။

၎င်း အဘယ်ကြောင့် ဤကဲ့သို့ လုပ်ရပါနည်း။

၎င်းသည် စားရမဲ့၊ သောက်ရမဲ့ အခြေအနေ ဖြစ်သလော။

၎င်းသည် ဆင်းတောင့်ဆင်းရဲလော။

၎င်း၌ ငွေကြေးချို့တဲ့နေပြီလော။

 

ကျွန်ုပ်သိရသလောက် ဦးအောင်ဆန်းဦးသည် အတော် ငွေကြေးပြည့်စုံချမ်းသာသူတစ်ဦး ဖြစ်ပါ၏။

၎င်းအနေနှင့် ထိုအိမ်ကိုရောင်းပြီး ပိုက်ဆံရှာဘို့ လိုပါသလော။

 

ဤနေရာသည် သမိုင်းဝင်နေရာတစ်ခုဖြစ်၏။

၎င်းအနေနှင့် ပိုက်ဆံ အသည်းအသန်လိုနေသည်ဆိုလျှင်ပင် ထိုအိမ်ကို ထုတ်ရောင်းမည်ဟု စဉ်းစားသင့်ပါသလော။

 

ဦးအောင်ဆန်းဦးသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အကျိုးစီးပွားကို ဘာကလေးတစ်ခုများ ဆောင်ကြဉ်း ပေးခဲ့ဖူးပါ သနည်း။ ဆောင်ကြဉ်းပေးဘို့ အိပ်မက်ကလေးမျှပင် မက်ပုံမပေါ်။ အနည်းအကျဉ်းကလေးတောင် စိတ်ကူးမိပုံမပေါ်ဟု ကျွန်ုပ်ကတော့ ထင်ပါသည်။

 

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကျွန်ဘဝမှ စစ်ကျွန်ဘဝသို့ ပြောင်းရွှေ့ကျရောက်ခဲ့၏။

မြန်မာပြည်သား လူအများသည် လူ့ဗလချီးနမ်းစစ်ဗိုလ်တစ်စု၏ စိတ်ရူးပေါက်ရာ လျှောက်လုပ်သည်များကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရ၏။ 

စစ်ခွေးများသည် မြန်မာပြည်ကို သူရို့အဖေပေးထားခဲ့သည့် အမွေအလား စိတ်ထင်ရာတွေ လျှောက်လုပ်ခဲ့၏။ မြန်မာပြည်ပိုင် သယံဇာတများကို ၎င်းတို့ပထွေးပိုင် ပစ္စည်းများအလား ရောင်းချကာ ကိုယ်ကျိုးရှာခဲ့ကြ၏။ 

ဤသည်ကို ဦးအောင်ဆန်းဦး မသိပါသလော။ ထားတော့ သူတစ်ဦးတည်းအားဖြင့် ဘာမှမလုပ်နိုင်တာ ထားတော့။

 

သို့သော် လုပ်လို့ရသော အခွင့်အလမ်းများသည် ပေါ်ခဲ့၏။

၈လေးလုံး အရေးတော်ပုံကြီးကို ၎င်းသည် မသိယောင်ဆောင်ကာ မျက်ကွယ်ပြုလျက် နေခဲ့၏။ 

အကယ်၍သာ ၎င်းအနေနှင့် ပြည်သူများရှေ့မှ မားမားမတ်မတ်ရပ်ခဲ့လျှင် - 

၎င်း စောက်သုံးမကျလျင်သော်မှ​ ကျွန်ုပ်တို့သည် သူ့အဖေမျက်နှာနှင့် ၎င်းကို ဝိုင်းကြဝန်းကြ၊ ပုံအော ထောက်ခံကြမည်မှာ ၁၀၀ ရာခိုင်နှုန်း၏ဟိုဘက်ကို ၅ ဘူတာလောက် လွန်နေပေသေး၏။

သို့သော် ၎င်းသည် ဘာလုပ်ခဲ့ပါသနည်း။

ဤသည်မှာ သူ့သမိုင်းကို သူရေးခြင်းဖြစ်၏။

၎င်းသည် မိမိဖခင်၏ မျက်နှာကိုမှမထောက်။ ယခုကဲ့သို့ လုပ်ရက်သည်။ ရာဇဝင်ရိုင်းလိုက်လေ။ 

 

တဖအေထဲ တမအေထဲကမွေးလာသည့် သူ့နှမဖြစ်သူ ကျွန်ုပ်တို့၏ အချစ်တော် ‘စု’ ဘာတွေ လုပ်ခဲ့သနည်း။

ကျွန်ုပ် ပြောစရာမလိုပါ။

 

သူတို့မောင်နှမနှစ်ယောက်သည် စစ်ခွေးများလက်ချက်ဖြင့် နိုင်ငံခြားတွင် ကြီးပြင်းခဲ့ရ၏။

သို့သော် အရေးကြုံ၊​ အခွင့်သာလာသည့်အခါ ‘စု’ သည် ပြည်သူများနှင့် လက်တွဲခဲ့၏။ ပြည်သူများရှေ့မှ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့၏။ 

 

ကျွန်ုပ်တို့ပြည်သူများသည် ‘စု’ အပေါ် မည်မျှချစ်ခင်၊ ကြည်ညို၊ ယုံကြည်၊ ကိုးစားသည်ကို ကျွန်ုပ်တို့သာ သိ၏။

ကျွန်ုပ်တို့ပြည်သူများသည် ‘ဦးအောင်ဆန်းဦး’ အပေါ် မည်မျှရွံရှာစက်ဆုပ်သည်ကို ကျွန်ုပ်တို့သာ သိ၏။

 

အဲသဟာ ဘယ်သူလုပ်တာပါနည်း။

သူတို့ကိုယ်တိုင်လုပ်တာသာ ဖြစ်၏။ မည်သူ့ ပယောဂမှ မပါ။

 

(၃)

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနေဝင်း

 

ဤနှစ်ဦးတွင် တစ်ဦးက တိုင်းပြည်ပြုသူဖြစ်ပြီး တစ်ဦးမှာမူ တိုင်းပြည်ဖျက်သူ ဖြစ်၏။

 

၎င်းတို့နှစ်ဦးလုံးသည် မြန်မာပြည်လွတ်လပ်ရေးအတွက် ဂျပန်ပြည်သွားကာ စစ်ပညာသင်ခဲ့ကြသူများ ဖြစ်၏။ 

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းစဉ်က သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်း မည်မျှပါဝင်လှုပ်ရှားခဲ့သည်ကို ကျွန်ုပ် တိတိပပ မသိပါ။

 

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ရောင်စုံသူပုန်များ သောင်းကျန်းစဉ်ကာလတွင်မူ ဗိုလ်နေဝင်းဦးဆောင်သည့် စစ်တပ်က အစိုးရကို ပါဝင်ကူညီခဲ့ပုံအား ဦးနု၏ တာတေစနေသားတွင် ဖတ်ရ၏။ ကျွန်ုပ်၏ အတ္တနောမတိ သဘောကို ပြောရပါမူ ဤသည့်အတွက်လည်း စစ်တပ်ကို အထွေအထူး ကျေးဇူးတင်နေစရာမရှိဟု ထင်ပါသည်။ နိုင်ငံ့အရေးတွင် ဤကဲ့သို့သော လက်နက်ကိုင် ဖြေရှင်းရမည့်ကိစ္စများအတွက် စစ်တပ်ကို ဖွဲ့စည်းထားတာမဟုတ်ပါလော။ သည်လို ကိစ္စများအတွက် စစ်တပ်ကိုမသုံးလျှင် ဘယ်နေရာသွား သုံးဘို့ပါနည်း။ ဤသည်ပင်လျှင် ၎င်းတို့၏အလုပ် မဟုတ်ပါလော။

 

ထိုသည့်နောက်တွင်မူ မစ္စတာဗိုလ်နေဝင်းသည် ၁၉၆၂ ခုနှစ်၌ တိုင်းပြည့်အာဏာကို အပြီးတိုင် သိမ်းလိုက်ပြီးသကာလ မြန်မာပြည်ကြီးကို ငါးပါးသာမက သံဃာစင်ပါမှောက်အောင် အစွမ်းကုန် ကြိုးပမ်းလေတော့၏။

 

ကျွန်ုပ်တို့ အသက် ၆၀ တန်းများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ငှက်ကထကြီး ဦးနေဝင်းကောင်းမှုကြောင့် အဘယ်မျှ ဒုက္ခသုက္ခတွေနှင့် ကြုံတွေ့ခဲ့ရသည်များကို ကောင်းကောင်း သဘောပေါက်ပါသည်။

သို့အတွက်ကြောင့်ပင်လျှင် -

 

ထိုသည့် နေဝင်းတည်းဟူသည့် ABay ကို ကျွန်ုပ်သည် ယခုအသံကြားလျင် ယခု ဖနောင့်နှင့် ထ,ပေါက်ချင်မိလေ၏။

 

နောက်တစ်ဖက် လှည့်ကြည့်ကြဦးစို့။

 

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင်မြင်ဖူးသည်မဟုတ်။ သူလုပ်ခဲ့တာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ ကြဖူးသူများမဟုတ်။ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို နာမည်ကြားဖူးရုံမျှဖြစ်၏။ သူ့အကြောင်းကို စာပေများမှ တဆင့်သာ သိခွင့်ရ၏။ သို့သော် ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို မချစ်ပါသလော။ ချစ်၏။ ချစ်လိုက်သမှ အူထဲ၊  နှလုံးထဲ၊ အသည်းထဲ၊ ကျောက်ကပ်ထဲကကို ချစ်ကြ၏။ လေးစားကြ၏။ မြတ်နိုးကြ၏။ တန်ဘိုးထားကြ၏။ ကျွန်ုပ်ဆို မဟဝှာထက် ပိုချစ်သေး၏။ အဟုတ် (မဟဝှာ = ကျွန်ုပ်မိန်းမမဟုတ်။ အဟိ)

 

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းဟေ့ ဆိုလျှင် နာမည်ကြားရုံနှင့် ဖက်နမ်းချင်စိတ်ပေါက်၏။ 

ကျွန်ုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားသည့် ဆောင်းပါးများကို ဖတ်ရသည့်အခါ ကြက်သီးမွေးညင်းများ ထမိ၏။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်အကြောင်း ရေးသားထားသည်များကို ဖတ်ရသည့်အခါ မနေ့တနေ့ကမှ​ ဖြစ်ပျက်ခဲ့သည့် အလား ရင်ထဲဆို့တက်လာလျက် မျက်ရည်များ လည်မိ၏။

 

အဘယ်ကြောင့်နည်း။

ဗိုလ်ချုပ်သည် ရိုးသား၏။ တိုင်းပြည့်အပေါ် စေတနာမှန်၏။ ကိုယ်ကျင့်တရား ကောင်း၏။ မှန်ရာကိုသာ ပြောတတ်၏။ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို ချမနင်း။ (စကားစပ်၍ ပြောရလျှင် ယခုခေတ် ဗိုလ်ချုပ်ကြီးများမှာမူ ဗိုလ်ချုပ် အောင်ဆန်း ယိုထားသည့် ချေးကို ကျွေးဘို့ပင်မတန်။ ဗိုလ်ချုပ်၏ချေးကို ခွေးကိုကျွေးလျက် ၎င်းခွေး၏ ချေးကို ကျွေးထားဘို့သာ သင့်လျော်လှပေ၏။)

 

ဗိုလ်ချုပ်နှင့် ဦးနေဝင်းအကြောင်းသာ ကျွန်ုပ်စိတ်ထဲရှိသမျှ ချရေးလိုက်ရလျှင် တစ်ထောင့်တစ်ည ပုံပြင်များထက် ပိုများစရာရှိ၏။ မိတ်ဆွေတို့ကို အားနာသဖြင့် ဤမျှနှင့် ရပ်ပါမည်။

 

(၄) ဆရာမြ

 

ဟိုတစ်နေ့က ဖေ့စ်ဘုတ်တွင် ဆရာမြ (မြသန်းတင့်) ၏ ဈာပနအကြောင်း ဗီဒီယိုလေး ကြည့်လိုက်ရ၏။

ဆရာမြကွယ်လွန်ပြီဆိုတော့ သူ့ကို နှမြောတ,သကြသူတွေ၊ ဝမ်းနည်းပူဆွေးကြသူတွေ မနည်းလှပါ။

ဆရာမြသည် ကျွန်ုပ်တို့ မြန်မာစာဖတ်ပရိသတ်အတွက် အမွေအနှစ်များစွာ ထားရစ်ခဲ့၏။ 

ဆရာမြကွယ်လွန်ခြင်းသည် ကျွန်ုပ်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်၏။  

 

ကျွန်ုပ်အဖို့ ဆရာမြသည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ရွှေပြည်တော် မျှော်တိုင်းဝေး စာအုပ် သုံးအုပ်မျှနှင့်ပင် ချစ်ခင်မြတ်နိုးစရာ၊ ကြည်ညိုလေးစားစရာ ကောင်းနေပါပြီ။ ဆရာမြ၏ကျေးဇူးဖြင့် ကျွန်ုပ်တို့သည် အနှီဂန္ထဝင် ဝတ္ထုကြီးများကို ဖတ်ခွင့်ရ၏။ (အမှန်အတိုင်း ဝန်ခံရပါမူ ကျွန်ုပ်သည် အတတ်ပညာဆိုင်ရာ အင်္ဂလိပ်စာအုပ်များကို ဖတ်မှတ်လေ့လာလေ့ ရှိသည့်တိုင် စာပေအနုပညာ ယဉ်ကျေးမှုဆိုင်ရာစာအုပ်ကြီးများကိုမူ ဖတ်၍ သိပ်နားမလည်လှပါ။ တနည်းအားဖြင့် ခံစားနိုင်လောက်သည်ထိ မစွမ်းပါ။ မြန်မာဘာသာဖြင့် ဖတ်လိုက်ရမှာသာ ကောင်းစွာ ခံစား နားလည် နိုင်ပါသည်။ မသိသောစကားလုံးများကို အဘိဓာန်လှန်နေရခြင်းဖြင့် အရသာပျက်ပါသည်။ ဤကား စကားချပ်)

 

ဆရာမြကဲ့သို့သော စာရေးဆရာကား ရှား၏။ ဆရာမြသည် တကယ့်စာရေးဆရာစစ်စစ် ဖြစ်၏။ သူသည် စာဖတ်၏။ နောက်ပြီး ကိုယ်ခံစားရချက်များကို ပြန်လည်ပြောပြချင်သည့်အတွက် စာရေး၏။ အချိန်ရတိုင်းစာရေး၏။ 

 

ဤသို့ဆိုလိုက်ခြင်းအားဖြင့် အခြားစာရေးဆရာများသည် စာမဖတ်၊ စာမရေးဟု ဆိုလိုရာမရောက်ပါ။ ဆရာမြ ဘယ်လို လူစားဖြစ်သည်ကိုသာ ပြဆိုခြင်းဖြစ်၏။

 

ဆရာမှိုင်းကြီးမှစ၍ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ မောင်ထင်၊ ရွှေဥဒေါင်း၊​ ငွေဥဒေါင်း၊ ဗန်းမော်တင်အောင် အို - အများကြီးခင်ဗျာ။

 

ကျွန်ုပ်တို့သည် ထိုစာရေးဆရာကြီးများကို ချစ်ခင်၏။ လေးစား၏။ မြတ်နိုး၏။ တန်ဘိုးထား၏။ 

၎င်းတို့သည် လူ့ဘောင်လောကကို စာပေအားဖြင့် အကျိုးပြုခဲ့ကြ၏။

 

သို့ဆိုလျှင် အသင်သည် ကိုယ့်ကိုယ်ကိုယ် ပြန်မမေးသင့်ပါသလော။

အမှန်တကယ့်ကို မေးသင့်လှ၏။

 

ငါ ဘယ်လိုလူစားမျိုး ဖြစ်ချင်သလဲ။

 

သို့သော် ဖြစ်ချင်ရုံမျှဖြင့်မပြီး။

တကယ်လည်းဖြစ်အောင် ကြိုးစားကြရမည်။

ကြိုးလည်း ကြိုးစားသင့်လှ၏။

 

ယခု မြန်မာနိုင်ငံကြီးသည် အဖက်ဖက်မှ ယိုယွင်းပျက်စီးကာ ကမ္ဘာ့အလယ်တွင် အောက်တန်းနောက်တန်း ကျနေရ ရှာလေ၏။ 

ဤသည်ကို ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းကာ ပြန်လည်အဖတ်ဆယ်ကြရမည်။

ကျွန်ုပ်တို့ သေလွန်သွားသည့်အခါ -

ဤကမ္ဘာလောကကြီးအတွက် - 

ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံအတွက် - 

နောင်လာနောက်သားများအတွက် -

တစ်ခုခုချန်ရစ်နိုင်အောင် ကြိုးစားကြရမည်။

 

ဆရာဇော်ဂျီ၏ “သင်သေသွားသော်” ကဗျာလေးဖြင့် နိဂုံးချုပ်ပါမည်။ 

 

ဩော် . . .

လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

 

ကျေးဇူးတင်ပါသည်။

 

 

အေးငြိမ်း

၂၈ ဇန္နဝါရီ၊ ၂၀၂၄

Thursday, January 25, 2024

အချစ်၏ ပဉ္စငါးပါး

 မိတ်ဆွေတို့ ကျေးဇူးနဲ့ အိန္ဒြာရဲ့ “အချစ်၏ ပဉ္စငါးပါး” ကို ဖတ်ရ . . .

ကောင်းလိုက်တာ ဝတ္ထုတိုလေးတွေက . . .

အဲလေ - စာရေးသူက ကဗျာဆရာမဆိုတော့လည်း စာလေးတွေက နုလို့ရွ . . . 

 

သူ့ဝတ္ထုတွေက သာမန် သမားရိုးကျဝတ္ထုပုံစံတွေကနေ ခွဲထွက်လာ . . .

အဲဒီမှာ သာမန် သမားရိုးကျဝတ္ထုနဲ့တူတာဆိုလို့ တစ်ပုဒ်ပဲပါ . . . 

အဲဒါက “အချစ်၏ ပဉ္စငါးပါး” . . .

ဇာတ်လမ်းကတော့ သိပ်မဆန်းလှတဲ့ လူ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ . . .

သိက္ခာသမာဓိရှိလှပါတယ်ဆိုတဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ ဖောက်ပြန်မှု . . . 

ဒါပေမယ့် တင်ပြပုံလေးကောင်းတော့ ဝတ္ထုလေးကကောင်း . . . 

 

စုစုပေါင်း ဝတ္ထုတို ငါးပုဒ် . . .

ကျန်တဲ့လေးပုဒ်က မြန်မာဝတ္ထုနဲ့ သိပ်မတူ . . .

အနောက်တိုင်းဝတ္ထုကို မြန်မာပြန်ထားသလိုလို . . . 

 

နောက်ပြီး သူ့ဝတ္ထုလေးတွေက ဝတ္ထုနဲ့မတူ . . .

ရသစာတမ်းလေးတွေလို . . .

ဒါပေမယ့် ရသစာတမ်းတော့လည်း မဟုတ်ပြန် . . .

 

အဲဒီ ၅ ပုဒ်ထဲမှာ . . .

ဘယ်ဟာကို အကြိုက်ဆုံးလဲလို့ မေးလာခဲ့ရင်တော့ . . . 

“ကိုယ့်ကိုယ်ကို တစ်ထစ်ချင်းနင်းပြီး ဆင်း” ကို ပြရပါလိမ့်မယ် . . .

ဘာကြောင့်ကြိုက်တာလဲ . . .

ဟင့်အင်း . . . 

ပန်းချီကားတစ်ချပ်ကိုကြိုက်တယ် . . .

စာတစ်ပုဒ်ကိုကြိုက်တယ်ဆိုတာကို . . .

ဘာကြောင့်ကြိုက်တာလဲ လာမမေးပါနဲ့ . . . 

ကြိုက်လို့ကြိုက်တာပါ . . .

 

ဒုတိယတစ်ပုဒ်က . . .

“ငါ့ကို တင်ဆောင်မောင်းနှင်လာတဲ့ အသက်ဓာတ်”

အဲဒါလေးကို ကြိုက်တယ် . . .

 

နောက်ထပ် အစဉ်လိုက်ပြရရင် . . .

“ဘုရားသခင်ရဲ့ အကျအပေါက် အမှားအယွင်း”

“အဲဒီနေ့ မတိုင်ခင် တစ်ရက်”

ငှယ် . . .

စာအုပ်နာမည်ပေးထားတဲ့ “အချစ်၏ပဉ္စငါးပါး” က နောက်ဆုံးဖြစ်နေပါ့လား . . .

ဟိ . . .

အဲဒါတော့ တတ်နိုင်ပု . . .

အနို့ ကိုယ်ကြိုက်တာ ကိုယ်ပြောတာကိုး . . .

 

နောက်ပြီး သူ့ဝတ္ထုလေးတွေရဲ့ အပိုင်းအစလေးတွေက ကဗျာဖတ်နေရသလိုမျိုး . . .

စကားလုံးလေးတွေ ရွေးသီထားပုံကလည်း ချစ်စရာ . . .

 

ပမာ . . .

ဆောင်းဦးပေါက်လာတိုင်း ထူးဆန်းသော အရောင်အသွေးတို့ ခြယ်သပြီး တစိမ့်စိမ့်ကြွေနေတတ်သည့် ဒီသစ်ပင်၊ ဒီသစ်ရွက်တွေ . . . 

ဤတွင် သစ်ရွက်ကလေးတွေ ကြွေနေသည်မှာ ဗြုန်းကနဲ ဒိုင်းကနဲ ရုတ်တရက် ကြွေကျလာတာမဟုတ် . . .

တစိမ့်စိမ့်ကြွေ . . .

လှလိုက်တာ . . .

 

နောက်ပြီးတော့ . . .

တစ်နေ့ချင်း အိုမင်းခြင်းကို နည်းနည်းချင်းစီ လက်ခံထား . . . ဆိုသည့် အသုံးလေးကလည်း သဘောကျစရာကောင်း . . .

နောက်ပြီး . . . 

နုပျိုလတ်ဆတ်သလောက် ပူနွေးရိုင်းရင့်သည့်သွေးတို့က သွေးကြောအနှံ့ တဒီးဒီးလှည့်လည်နေ . . . 

သူမနှင့်ကောင်လေး အတူတူရှိနေချိန်ကို ရတတ်သရွေ့ သဲ့ယူခြင်းသက်သက်၊ 

သူမချည်းထီးထီး အချိန်တွေကို ရတတ်သရွေ့ ဖဲ့ထုတ်ပစ်ချင်ခြင်း သက်သက် . . . 

 

နောက်တစ်ခု . . .  

ဝိဘစ္ဆရသကို ဖော်ကျူးထားပုံလေး ကြည့်လိုက်ပါအုံး . . . 

သူမဆီက တလှိုင်လှိုင်ရနေသည့် ညစ်ထေးချွဲပျစ်လွန်းပြီး စေးထန်းထန်းနိုင်လှသည့် ကိုယ်သင်းနံ့ . . . 

ဝေါ့ . . . 

ဖတ်ရတာနဲ့ပင် အံချင်စရာကောင်း . . . 

ကိုယ်သင်းနံ့လို့တော့ မလုပ်လိုက်ပါနဲ့ကွယ် ဟိ . . .

 

နောက်ပြီး . . .

“ချက်ချင်းကြီး ဘဝက လှုပ်လှုပ်ခတ်ခတ်ဖြစ်လာတယ်။ စီစီညံညံဖြစ်သွားတယ်။ သွက်သွက်လက်လက် ဖြစ်နေတယ်။ လင်းလင်းချင်းချင်း ရှိလာတယ်။ ထားစရာနေရာတစ်ခု ရှိသလို ခံစားလာရတယ်။ ဘဝကို ထားစရာမရှိ ဖြစ်ခဲ့ဖူးသူကပဲ ဒီစကားကို နားလည်လိမ့်မယ်။”

 

အဲဒီမှာ - ခပ်သွက်သွက်ရေးခြယ်ပြသွားတာက -

လှုပ်လှုပ်ခတ်ခတ်၊ စီစီညံညံ၊ သွက်သွက်လက်လက်၊ လင်းလင်းချင်းချင်း . . .

မဆီနဲ့မဆိုင် ဆရာတော်ဦးဩဘာသာရဲ့ စေတမုဆိုး လမ်းညွှန်ခမ်းတောင် သွားသတိရ . . .

 

ဒီမှာ “ဘဝကို ထားစရာမရှိ ဖြစ်ခဲ့ဖူးသူ” ဆိုတာလေး . . .

မိတ်ဆွေတို့ရော ‘ဘဝကို ထားစရာမရှိ’ ဖြစ်ခဲ့ဖူးပါသလား . . . 

ကိုယ့်အတွက်ကတော့ တကယ့်ကို စကားလုံး အသစ်စက်စက် . . .

ဖတ်ပြီးတော့ ‘ဘဝကို ထားစရာမရှိ’ ဆိုတာ ဘာပါလိမ့် . . .

တွေးနေမိ . . .

 

နောက်ပြီးတော့ . . . 

“သေနေတဲ့နာရီတွေထဲကနေ ပြန်လည်နိုးထလာပြီ . . .”

လှတယ်နော် . . .

 

စာအုပ်လေးက ပါးပါးလေး . . .

ဝတ္ထုလေးတွေကလည်း တိုတိုလေး . . .

 

ဒါပေမယ့် . . . 

ရသအပြည့်ပေးနိုင်တဲ့ စာအုပ်ကောင်းတစ်ခု ဖြစ်ပါကြောင်း . . .

 

ကျေးဇူးတင်ပါတယ်

 

အေးငြိမ်း

၂၅ ဇန္နဝါရီလ၊ ၂၀၂၄




Wednesday, January 17, 2024

၂၀၂၃ ခုနှစ် ပထမဆုံး လုပ်ငန်းခွင်လူသေမှု အကြောင်း

Ref:

https://www.channelnewsasia.com/singapore/bedok-condo-worker-death-removed-safety-equipment-coroners-court-4050826

 

16/01/2024 CNA သတင်းတွင် ပါလာသည့် သတင်းအပြည့်အစုံကို လိုသလောက် အကျဉ်းချုပ်ကာ ပြန်ရေးပြလိုက်ပါ၏။ 

 

၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့က ထိုနှစ်၏ ပထမဆုံး လုပ်ငန်းခွင် လူသေမှု ဖြစ်ခဲ့၏။

သေဆုံးသူမှာ လှသိန်းအောင် ဟူသည့် အသက် ၃၇ နှစ်ရှိ မြန်မာလုပ်သားဖြစ်၏။ သူ့ကုမ္ပဏီမှာ ISOTeam C&P ဖြစ်၏။

ပြုတ်ကျသေဆုံးခဲ့သည့် လုပ်ငန်းခွင်မှာ 738 Bedok Reservoir Road ရှိ Waterfront Isle Codo ဖြစ်၏။

 

၎င်းသည် ကွန်ဒိုအပြင်ဘက်နံရံ (လေအေးပေးစက်တင်သည့် ကွန်ကရိကြမ်းခင်း) ကို ဆေးသုတ်စဉ်ပြုတ်ကျခြင်းဖြစ်၏။

အလုပ်သမားသည် လေးထပ်မှ ပြုတ်မကျမီ အန္တရာယ်ကင်းရေးဦးထုပ်အမာနှင့် ဖိနပ်များအပါအဝင် ၎င်း၏ အန္တရာယ်ကင်းရေးကိရိယာများကို ဖြုတ်ထားခဲ့၏။ 

 

ရဲစစ်ဆေးချက်များအရ သေဆုံးသူသည် အလုပ်လုပ်နေစဉ် အတောအတွင်း အရက်သေစာ (သို့) မူးယစ်ဆေးဝါးလည်း သုံးစွဲထားဟန်ရှိ၏။ ထိုဆေးဝါးများသည် ၎င်း ကွန်ကရိကြမ်းခင်းအစွန်းမှ ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျစေသည့် အကြောင်းတစ်ခုလည်း ဖြစ်နိုင်၏။

 

လှသိန်းအောင်နှင့် လုပ်ဖော်ကိုင်ဘက် နောက်တစ်ယောက်မှာ ၎င်းတို့ဆေးသုတ်ရမည့်နေရာကို လက်လှမ်းမမီသည့် အတွက် ၎င်းတို့လိုက်ပါလာသည့် ဂွန်ဒိုလာမှ အပြင်ကို ထွက်ခဲ့၏။

 

ဥပဒေအရ ဂွန်ဒိုလာကို အသုံးပြုသူများသည် မြေကြီးပေါ်ရောက်ချိန်မှလွဲ၍ ဂွန်ဒိုလာ၏ အပြင်သို့ လုံးဝ ထွက်ခွင့်မရှိ။ ဂွန်ဒိုလာသည် အထက်အောက် ရွေ့လျားရန်အတွက်သာဖြစ်ပြီး ဘေးဘယ်ညာသို့ ရွေ့လျားရန်အတွက် အသုံးမပြုနိုင်။

 

အလုပ်လုပ်မည့်နေ့ မနက်ပိုင်းကမူ ထိုအလုပ်သမားနှစ်ဦးစလုံးသည် အန္တရာယ်ကင်းကိရိယာ အပြည့်အစုံ (ဦးထုပ်၊ ဖိနပ်၊ ကိုယ်သိုင်းကြိုး စသည်တို့) ကို ဝတ်ဆင်ထားခဲ့၏။

 

ထမင်းစားပြီး အလုပ်ပြန်ဆင်းချိန်တွင် ၎င်းတို့နှစ်ဦးသည် ကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုး၌ မချိတ်တော့ဘဲ လေအေးစက်ကြမ်းခင်း လက်တန်း (handrail of air-con ledge) ၌သာ ချိတ်ခဲ့ကြ၏။ ထိုတန်း၌မချိတ်သင့်ကြောင်းကို လှသိန်းအောင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူသည် သူ့ထက်ကြီးနေသူဖြစ်သဖြင့် လှသိန်းအောင်ကို ပြောဘို့ မဝံ့ရဲခဲ့။

 

နေ့လယ် ၃ နာရီ နားချိန်တွင် လှသိန်းအောင်က ၎င်း၏ အဖော်ဖြစ်သူကို ၁၀ မိနစ်ခန့် စကားပြောနေသေး၏။ ထိုအချိန် တွင်မူ လှသိန်းအောင်သည် ဦးထုပ်မဆောင်းတော့ချေ။

 

လှသိန်းအောင်သည် ၃ ထပ်တွင် ဂွန်ဒိုလာမှထွက်ပြီး အကာနံရံ (parapet wall) ပေါ်သို့တက်။ ထိုမှတဆင့် လှေကားသုံးပြီး ၄ ထပ်သို့ တက်ခဲ့။

 


၄း၁၀ နာရီလောက်တွင် အခြားသူတစ်ဦးသည် အလွန်ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရပြီး အောက်ထပ် ကြမ်းခင်းပေါ်၌ လှသိန်းအောင် လဲကျနေသည်ကို တွေ့ရလေ၏။

 

အခြားတစ်ဘက်တိုက်မှ အိမ်အကူကလည်း လှသိန်းအောင်သည် ဦးထုပ်လည်းမဆောင်း၊ ကိုယ်သိုင်းကြိုးကိုလည်း ချိတ်မထားသည်ကို သူမြင်ခဲ့ရကြောင်း ပြော၏။ ထို့နောက် ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရကြောင်း၊ သူ့လုပ်ဖော်ကိုင်ဘက်က လှသိန်းအောင်ဆီ ရောက်အောင်သွားပြီး သူ့ကြီးကြပ်ရေးမှူးကို ဖုန်းခေါ်၍ မြန်မာဘာသာဖြင့် ပြောခဲ့ကြောင်း၊ လှသိန်းအောင်၏ ဦးခေါင်းမှာ ကွဲကြေနေပြီဖြစ်ကြောင်း ဆက်လက်ပြောပြ၏။ 

 

လှသိန်းအောင်၏ လက်အိတ်နှင့် ဦးထုပ် (helmet) တို့ကို ၄ ထပ် အကာနံရံပေါ်တွင် တွေ့ရသည်ဟု ရဲကပြော၏။ ၎င်း၏ ဖိနပ် (safety shoe) နှင့် Safety line (အသက်ကယ်ကြိုးထင်ပါသည်) တို့ကိုမူ ပထမထပ်တွင် တွေ့ရသည် ဆို၏။ လှသိန်းအောင်သည် ကိုယ်သိုင်းကြိုး (safety harness) ဝတ်ထားသော်လည်း လျော့တိလျော့ရဲ ဖြစ်နေသည်ဆို၏။

 

ဆေးစစ်ချက်များအရ လှသိန်းအောင်၏ ဆီးနှင့်သွေးထဲတွင် အိပ်ဆေးနှင့်တူသည့် nitrazepam ကိုတွေ့သည်ဆို၏။ လွန်ခဲ့သော ၆ ရက်က လှသိန်းအောင်သည် ဆေးခန်းသွားခဲ့ရာ ပါရာစီတမော့ ပေးလိုက်၏။

 

Supervisor က ပြောသည်မှာ လှသိန်းအောင်သည် တနင်္လာနှင့် အင်္ဂါနေ့များ (၉ ရက်၊ ၁၀ ရက်) တွင် ဆေးခွင့်ယူရန် ဖြစ်၏။ သို့သော် လှသိန်းအောင်က ၎င်းသည် ဘာမှနေမကောင်းမဖြစ်။ ဘာပြဿနာမှမရှိဟု ငြင်းခဲ့သည် ဆို၏။ လှသိန်းအောင်သည် တစ်ခါတရံ အရက်သောက်တတ်သည့်တိုင် အလုပ်ထဲတွင်တော့ တစ်ခါမှ သောက်တာ မရှိပါဟု ဆို၏။

 

အခင်းဖြစ်ပွားပြီးနောက် MOM က လှသိန်းအောင်ကို အလုပ်ခန့်ထားသော ကုမ္ပဏီဖြစ်သည့် ISOTeam C&P ကို အလုပ်ရပ်အမိန့် (Stop-Work Order) ထုတ်ခဲ့သလို နိုင်ငံခြားသား အလုပ်သမားခေါ်ခွင့်ကို ၃ လ ပိတ်ခဲ့၏။

 

လှသိန်းအောင် သေဆုံးမှုသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် လုပ်ငန်းခွင်လူသေဆုံးမှု ၁၄ မှုအနက် ပထမဆုံးသောအမှု ဖြစ်ခဲ့၏။ 

 

အေးငြိမ်း

၁၇ ဇန္နဝါရီလ၊ ၂၀၂၃

Monday, January 8, 2024

ကျွန်ုပ်တို့မိသားစု ဘာတန်သို့ အလည်သွားကြခြင်း အကြောင်း_၂

ယခုအနှိပ်ခံတာကတော့ တကယ့်ကို အပီအပြင် အနှိပ်ခံတာဖြစ်ပါ၏။ 

 

ပထမဆုံး ကိုယ်အထက် ဘယ်ဘက်ခြမ်းမှ စနှိပ်၏။ နောက်ပြီး ကိုယ် ညာဘက်တစ်ခြမ်း။ ထို့နောက် ဘယ်ဘက် ခြေထောက်၊ နောက် ညာဘက်ခြေထောက်။

ထို့နောက် ပက်လက်လှန်ခိုင်းကာ ယခင်ကအတိုင်း ကိုယ်အထက်ပိုင်း ဘယ်/ညာ၊ အောက်ပိုင်း ဘယ်/ညာ နှိပ်နယ်၏။ နှိပ်နယ်၏ ဆိုသည်မှာ ဆီများနှင့်လည်းနယ်၏။ နှိပ်လည်းနှိပ်၏။

 

အမျိုးသမီးကြီးများက ဆီများလိမ်းလိုက် လက်မောင်းကြွက်သားများနှင့်ဖိလျက် နှိပ်လိုက်ဖြင့် လုပ်၏။ 

မဆိုးပါ။ အတော်လေးခံလို့ ကောင်းပါသည်။

သို့သော် ကျွန်ုပ်စိတ်ထဲ ဆွဲဆန့်တာ၊ ခြေချိုးတာ၊ ကွေးတာကောက်တာတွေ မလုပ်လေတော့ အကြောအချင်များ သိသိသာသာ ပြေလျော့မသွားဟု ခံစားရ၏။ 

 

သူ့မိနစ် ၉၀ ကလည်း ဘယ်လိုကုန်လို့ ကုန်လိုက်မှန်းတောင် မပြောတတ်။

အောက်ဆင်းလာတော့ ဂျင်းလက်ဖက်ရည်တစ်ခွက် (ကလေးကစားသည့် အိုးပုတ်လောက်ရှိသော ခွက်ကလေး) တိုက်၏။

၃ ယောက်အနှိပ်ခံတာ 1.2 million, အဘားလေး

 

ထို့နောက်တော့ မိုးလည်းရွာနေသည်နှင့် ဘ​ယ်မှမသွားတော့ဘဲ ဟော်တယ်သို့လာခဲ့ကြ၏။

ကားဆရာက 89 Hotel သို့ ပို့ပေး၏။ ဟော်တယ်ကလည်း သိပ် မဆိုးလှပါ။ အဲလေ မုတ်ဆိတ်ရိတ်ဓား မရှိတာပဲ ဆိုး၏။



ညဘက် ဟော်တယ်တွင် အင်တာနက်ရလို့ email ဖွင့်ကြည့်လိုက်တော့ တက်ထားသည့်သင်တန်းမှ assignment ကို မနက်ဖြန် နောက်ဆုံးထားတင်ရမည် ဆိုတာတွေ့။ အောင်မငီး။ တော်ပါသေးရဲ့။ ပန်းသီးလေး သယ်လာမိပေလို့။ ပထမတော့ သယ်မနေတော့ပါဘူးကွာဆိုပြီး ထားခဲ့မလို့ လုပ်သေးသည်။ နောက်မှ လိုရမယ်ရ သယ်လာတာဖြစ်၏။ 

 

နောက် ညစာအတွက် အနားမှဆိုင်များတွင် သွားစားရန် လုပ်သေးသည်။ မိုးကတစိမ့်စိမ့်၊​ စိုစိစိုစိနှင့် စိတ်ပျက်စရာ။ ကျွန်ုပ်တို့လည်း အနားမှ 7-11 ကဲ့သို့ဆိုင်လေးတစ်ဆိုင်တွေ့သည်နှင့် ခေါက်ဆွဲဘူးများဝယ်ကာ ဟော်တယ်တွင် ရေနွေးနှင့် ပြုတ်သောက်ကြမည်ဆိုပြီး ပြန်ခဲ့ကြတော့၏။ မူလ အစီအစဉ်မှာ ဘာတန်၏ ညရှုခင်းကို လျှောက်ကြည့် ကြရန်ဖြစ်၏။ ယခု မိုးရွာနေတော့ ဘယ်မှ လျှောက်လို့မဖြစ်တော့။ ဂန်းမသားခွေးအောင်လှိုင် (ဟုတ်ပေါင် မွှားကုန်ပြီ)

ဂန်းမမိုး

 

နောက်နေ့မနက် ၈ နာရီလောက်တွင် ဟော်တယ်၌ မနက်စာ စားကြ၏။

 

Wow Wow Wow စ်

 

ဟော်တယ် ဘူဖေးမနက်စာမှာ စုံလိုက်သမှ ဘာစားလိုက်ရမှန်းတောင်မသိ။

ထမင်းကြော် ဖြူ၊ ညို၊ အသားဟင်း နှစ်မျိုး၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါးလိုဟာမျိုး၊ ဆန်ပြုတ် အဖြူ၊ ကြက်သား ဆန်ပြုတ်၊ ဖြူနီစိမ်းညို မုန့်မျိုးစုံ၊ လဖက်ရည်၊ ကော်ဖီ၊ နို့ဆီ၊ သကြား၊ သံပုရာရည်၊ လိမ္မော်ရည်၊ ဖရဲသီး ဖျော်ရည်၊ နို့၊ ဖရဲသီး၊ သင်္ဘောသီး၊ စပျစ်သီး၊ လိုင်ချီးသီး စသည့် အသီးများ (ဒူးရင်းသီးတော့မပါ၊ ယခွမ်းဒဲ့မှ)

 

စားသောက်စရာများကို တစ်ပတ်ပတ်ကြည့်ပြီး သားကိုမှာရ၏။ 

သားရေ - စားစရာတွေ အများကြီးပဲကွ။ တစ်မျိုးတည်းကို အများကြီး မထည့်နဲ့။ ထမင်းကြော်တစ်ဇွန်း ခေါက်ဆွဲကြော် တစ်ဇွန်းစသဖြင့် တို့စိတို့စိပဲထည့်။ မဟုတ်ရင် တခြားဟာတွေ မစားနိုင် ဖြစ်သွားလိမ့်မယ်။

 

ကျွန်ုပ်လည်း ထမင်းကြော်တစ်ဇွန်းစီ၊ ဟင်းအနည်းငယ်စထည့်လျက် စားစရာများကို နည်းနည်းစီကောက်ထည့် သွား၏။ ပန်းကန်တစ်ချပ်လုံးပြည့်တော့ ထိုင်စားကြ၏။ သောက်စရာအဖြစ် ပထမ လိမ္မော်ရည်သောက်၏။

 

မဆိုးပါ။ စားလို့အတော်ကောင်း၏။ 

 

မနက်စာကို ဇိမ်နှင့်စားသောက်ကြပြီးသကာလ အသင့်ရောက်နေသောတိုင်စီနှင့် ထွက်ခဲ့ကြ၏။

မဆိုးပါ။ သည်ကနေ့တော့ နေကလေးသာနေ၏။

 

ဘယ်သွားရမည်ကို ကျွန်ုပ်က ညကတည်းက စာရင်းလုပ်ထား၏။ ထို့နောက် ကားဆရာကိုပြကာ နီးတဲ့နေရာတွေကို အစဉ်လိုက်သွားကွာ ဟု ပြောလိုက်၏။ သူက ဘုန်းကြီးကျောင်းကို အရင်သွားမယ်ဆို၏။

ဘုန်းကြီးကျောင်းနာမည်မှာ Maha Wihara Duta MaitreyaTemple ဟူ၏။



ဘုန်းကြီးကျောင်းကြီးမှာ ကြီးလည်းကြီး၏။ ကျယ်လည်းကျယ်၏။ မြေညီထပ်တွင် ခန်းမကြီးများဖြင့် ဖွဲ့စည်းထားရာ အခန်းကြီးများမှာ အတော်ကျယ်လေသည်။ သူတို့ဘုန်းကြီးကျောင်းကတော့ ဖိနပ်ချွတ်စရာမလို။ သည်အတိုင်း ဝင်ထွက် သွားလာနေကြ၏။ သို့သော် ကျွန်ုပ်တို့ကတော့ ကျောင်းဝင်းထဲ၌သာ ဖိနပ်စီးကြပြီး အဆောက်အဦထဲဝင်သည့်အခါ ဖိနပ်ချွတ်ကြ၏။ နံရံများတွင် ပန်းချီကားချပ်ကြီးများ ချိတ်ဆွဲထား၏။ များသောအားဖြင့် ဗမာတို့၏ ယွန်းပန်းချီကဲ့သို့ အဖြူအနက် ကောက်ကြောင်းပန်းချီများ ဖြစ်၏။ အတွေ့ရအများဆုံးမှာ Laughing Buddha ခေါ် ဦးတည်ဘွားရုပ်များ ဖြစ်၏။ ဦးတည်ဘွားရုပ်များကိုမူ ပုံစံမျိုးစုံဖြင့် ထုလုပ်ထား၏။ ဦးတည်ဘွားရုပ်တု အနည်းဆုံး (၃၀) ခန့်ရှိ၏။ ကွမ်ရင် မယ်တော်ရုပ်တုနှင့် အခြား ကျွန်ုပ်မသိသော စစ်သူကြီးရုပ်တုများလည်း ရှိသေး၏။ 

 

ကျွန်ုပ်သဘောကျသည်မှာ ကျောင်းကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ဆောက်ထားခြင်းဖြစ်၏။ မြန်မာပြည်မှ ဘုန်းတော်ကြီးကျောင်းများမှာမူ ပြည့်သိပ်ကျပ်ညပ်နေပြီး မည်သည့်အဆောက်အဦတစ်ခုကမှ ကျယ်ကျယ်ဝန်းဝန်းမရှိ။ 










ရုပ်တုတော်များရှေ့တွင် ဘုရားရှိခိုးရန် ခုံလေးများချထားပေး၍ ထိုခုံလေးများဖြင့် မည်ကဲ့သို့ ရှိခိုးရသည်ကို သားအား သင်ပေးရ၏။ သားက သူငယ်ငယ်တုံးက သူ့အမေသင်ပေးထားသည့် ဩကာသ ဘုရားရှိခိုးကို တိုင်ပေးခိုင်း၏။ သူမပြောနှင့် ကျွန်ုပ်တောင် ခပ်မေ့မေ့။ ကျွန်ုပ်က တစ်လနေလို့ တစ်ခါ ဘုရားရှိခိုးသူမဟုတ်။ အဟက်စ်







ဘုန်းကြီးကျောင်းကို လှည့်ပတ်ကြည့်ပြီးသည့်နောက် တံတားကြီးဘက် ခရီးဆက်ခဲ့ကြ၏။

 

တော်တော်ဝေးဝေးသွားပြီးနောက် တံတားကြီးဆီရောက်၏။ 

တံတားကြီးမှာ ကြိုးတံတားကြီးဖြစ်၏။ Barelang Bridge ဟု အမည်ရ၏။ အလွန်လှ၏။ 

တံတားကြီးကို အကျည်းတန်စေသူများမှာ ကင်မရာသမားများ ဖြစ်၏။ 







သားက အမြဲတမ်း support the locals ပြောလေ့ရှိသဖြင့် ကျွန်ုပ်ကလည်း တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သူတို့ဆီမှ အစားအသောက်များလည်း ဝယ်စား၊ အမှတ်တရပစ္စည်းလေးများလည်း ဝယ်ပါ၏။ သို့သော် ၎င်းတို့သည် ခရီးသည်များကို ပါးပါးလှီးလွန်းလှ၏။

 

ထိုင်းခရီးစဉ်တုံးကလည်း ဆင်စခန်းတွင် စားသောက်ဆိုင်တစ်ခုက သုံးဆခန့်ပိုရိတ်လိုက်တာ သားက မျက်စိတစ်ဖက် မှိတ်ပြသည်နှင့် အသာလေးမသိချင်ယောင်ဆောင် ပေးခဲ့ပါ၏။ 

 

ယခုလည်း ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်မလား တစ်ပုံ 2 Sing Dollar ဆိုသဖြင့် ကျွန်ုပ်တို့လည်း support the local ဟု ဆိုကာ ဓာတ်ပုံရိုက်ခံကြ၏။ 

 

အားလုံးဓာတ်ပုံရိုက်ပြီးတော့ သူက ဓာတ်ပုံများ ရွေးခိုင်း၏။ ပုံများမှာ ကျွန်ုပ်ဖုန်းနှင့်ရိုက်ထားလောက်တောင် မကောင်း။ အလင်းရောင်များမှာ လျှံထွက်နေ၏။ သို့သော် ကျွန်ုပ် ၁၀ ပုံရွေးပြီး ပရင့်ထုတ်ခိုင်းလိုက်၏။ နှစ်ပုံလောက်ထုတ်ပြီးတော့ သူက ထိုပုံအားလုံးကို ကျွန်ုပ်ဖုန်းထဲကို transfer လုပ်ပေးမည်။ 5 Sing Dollar ပေး ဟု ထပ်တောင်းပြန်၏။

 

ဒါဆို အခုထုတ်ပြီးသား ၃ ပုံပဲ ထုတ်လိုက်တော့။ ကျန်တာတွေ မထုတ်နဲ့တော့။ ၃ ပုံကို $6.00 + Transfer $5.00 ထား ဆိုတော့ သူက မရပါဘူး။ ၁၀ ပုံလုံး ထုတ်ရမတဲ့။ အိုးခေ၊ ၁၀ ပုံလုံးထုတ်မယ်။ ဒါပေမယ့် ဒါ့ပုံတွေကို အလကား transfer လုပ်ပေးရမယ် ဆိုတော့မရဟု ဆို၏။ ကျွန်ုပ်လည်း စိတ်တိုလာကာ ကိုင်း ကိုယ့်လူ ၁၀ ပုံပဲ ထုတ်တော့။ Transfer လုပ် မနေနဲ့တော့ ဆိုလိုက်၏။ ကျွန်ုပ်စိတ်ဆိုးနေတာတွေ့တော့မှ သူက ကိုင်း ကိုင်း လဂါးပဲ transfer လုပ်ပေးတော့မယ်။ ဖုန်း ပေးဟု ဆို၏။ 

 

သားကတော့ ကျွန်ုပ် ဤကဲ့သို့ စိတ်ဆိုးတာကို မကြိုက်။ ထစ်ကနဲဆို ဒေါသက ရှေ့ရောက်ပြီးသားဖြစ်နေတော့ အနား ကပ်လာ၏။ သူ့အမေက သား၊ အသာနေ ဆိုပြီး လက်ဆွဲထား၏။

 

နေရာတကာစိတ်တိုတာ မကောင်းမှန်းသိသော်လည်း ကျွန်ုပ် အကျင့်ကို ပြင်လို့မရ။ 
















နောက် ကားဆရာက တံတားအောက်ဆင်းမလား၊ မင်းတို့ စပိဘုတ်ပါ စီးလို့ရတယ်ဆိုသဖြင့် တံတားအောက်ကို ဆင်းခဲ့ ၏။ သည်တစ်ခါတော့ ကားဆရာက “မင်းတို့ ဘုတ်မစီးခင် ဈေးအရင်မေးနော်” ဟု သတိပေး၏။ ထို့နောက် သူ့အသိ တစ်ယောက် ဆင်းလာတာတွေ့၍ လှမ်းခေါ်၊ ဈေးမေးတော့ တစ်နာရီကို ၂ သိန်း ဆို၏။ ကျွန်ုပ်တို့လည်း သဘောတူ၍ ဘုတ်ပေါ်ဆင်းခဲ့၏။ ပေါင်ပုန်းအမေကတော့ ဘာတဲ့၊ ဗေဒင်က ရေကြောင်းခရီးရှောင်ပါ ဆိုထား၍ မလိုက်ရဲ ဆို၏။ ရေလမ်းနဲ့လာလို့ဘဲ အခု ဘာတန်ရောက်နေမင့်ဟာ။ ယခွမ်းဒဲ့မှ

 

မိုးမရွာလို့ တော်ပါသေး။ ပင်လယ်ပြင်မှာ ဘုတ်စီးရတာ လေကလေးတဖြူးဖြူးနှင့် အတော် ဇိမ်ကျလှ၏။ သားကလည်း ပထမဆုံးအတွေ့အကြုံဖြစ်တော့ မနောခွေ့လျက် ရှိ၏။ ဘုတ်ဆရာက တော်တော်ဝေးဝေးရောက်အောင် လှည့်ပတ် ပြ၏။ ကျွန်းပေါက်စနေလေးများကိုလည်း ပတ်မောင်းပြ၏။ အပြန်လမ်းတွင် ကျွန်းတစ်ကျွန်းသို့ဝင်ကာ ခဏရပ်၏။ နောက် လှမ်းအော်ခေါ်လိုက်တော့ အမျိုးသမီး တစ်ယောက်ထွက်လာကာ ဓာတ်ဆီပုံးကမ်းလင့်၏။ ထိုအခါကျမှ​ အိမ်ဝင်ပြီး မော်တော်ကို ဆီထည့်မှန်းသိရ၏။ 

 

ကျွန်းများပေါ်တွင် ပလီများနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို ပြိုးပြိုးပြောင်ပြောင် တွေ့ရ၏။ အိမ်များကို ကျွန်းပေါ်တွင် မဆောက်ဘဲ မြေသားအဆုံး ရေထဲတွင် မြေကြီးကို နုတ်ခမ်းတင်လျက် ဆောက်ထားကြ၏။ အိမ်သာကိစ္စ ဖြေရှင်းရန်နှင့် ငါးမွေးရန် ထင်၏။ အိမ်များကို မဒမတိုင်များနှင့် ဆောက်ထားလျက် စာသင်ကျောင်းကဲ့သို့သော အဆောက်အဦများကိုမူ ကွန်ကရိတိုင်များနှင့် ဆောက်ထား၏။ အိမ်အနီးပတ်ဝန်းကျင်တွင် တိုင်ကလေးများ ထိုးထိုး ထောင်ထောင်ထွက်နေပြီး ပိုက်ကွန်ကဲ့သို့ အရာများတွေ့ရသဖြင့် ငါးမွေးခြံများဖြစ်မည်ဟု ခန့်မှန်းရ၏။ သားကိုလည်း ရေထဲတွင် မဆွေးသည့် သစ်များအကြောင်း၊ ငါးပုစွန်များကို ခြံခတ်မွေးကြသည့်အကြောင်းများ ရှင်းပြ၏။

 

ကလေးများမှာ ကြမ်းပြင်အစွန်းကို ကာထားသည့် လက်ရမ်းတန်းများပေါ် တက်ကာ ဆော့ကစားနေကြ၏။ တချို့ဆို လက်ရမ်းတန်း အပြင်ဘက်တောင် ထွက်နေလိုက်သေး၏။ အောက်မှာက ပင်လယ်။ ကျွန်ုပ်တို့ဆီက လူကြီးများသာဆို ဟဲ့ မသာလေးတွေ၊ ရေထဲပြုတ်ကျလို့ အကုန်မျိုးကန်းကုန်လိမ့်မယ်၊ ကမြင်းကို ကမြင်းနိုင်လွန်းတယ် ဟု မေတ္တာပို့သံကို နားဆင်ရပါလိမ့်မည်။ သူတို့ကျတော့ ရိုးလို့ကိုး။

 

ဘေးနားမှဖြတ်၍ အခြားမော်တော်ဘုတ်များ ဖြတ်မောင်းသွားသည့်အခါတွင် လှိုင်းစီးရ၏။ 

တစ်နေရာတွင် Coast Guard ကို တွေ့။ ရေပိုင်နက်စောင့် စစ်သင်္ဘောကလေးများ လေးငါးဆယ်စီး ဆိုက်ကပ်ထားတာ လည်း တွေ့ရ။ ကမ်းစပ်တွင် မသုံး၍ ပစ်ထားသော မော်တော်အပျက်အစီးများကိုလည်း တွေ့ရ၏။ ငါးများကိုမူ မတွေ့ရလေ။

 

မော်တော်ဘုတ်စီးတာ တစ်နာရီကျော်ကျော်လောက် ကြာပါလိမ့်မည်။ ကမ်းပြန်ကပ်လာပြီးနောက် မီးဖုတ်လက်စ ပြောင်းဖူးနှစ်ဖူးဝယ်ပြီး ပြန်ခဲ့ကြ၏။ မေရီးက ဘာတန်ပြန်လက်ဆောင်ပေးဘို့ ကိတ်မုန့်အကြောင်း တတွတ်တွတ် ပြောနေ၍ ကားဆရာက ငါ နင်တို့ကို home made ကိတ်မုန့်ဆိုင် လိုက်ပို့ပေးမယ်ဆိုပြီး အပြန်လမ်းတွင် ကိတ်မုန့်ဆိုင် ဝင်၏။ ဆိုင်မှာ ခပ်သေးသေးပင် ဖြစ်၏။ ကားဆရာက ဒီမှာလာကြည့်ဆိုပြီး နောက်ဖေး၌ ကိတ်မုန့်ဖုတ်နေကြသည်များ ကို ခေါ်ပြ၏။ သူတို့မုန့်ဖုတ်နေကြပုံမှာ ဗမာပြည်က မုန့်ဖုတ်တာနှင့် အတူတူပင် ဖြစ်၏။

 

ဆိုင်က ကောင်မလေးက ကက်တလောက်ကိုပြကာ ဒီမုန့်က ဘယ်လောက်၊ ဒီမုန့်က ဘယ်လောက်နှင့် ဈေးများပါ ပြ၏။ ကိတ်မုန့်အသေး ၆ တုံးဝယ်ရာ စုစုပေါင်း ၁၁ သိန်း ကျ၏။ စင်းဒေါ်လာနှင့်ဆို တစ်လုံးကို ၁၆ ကျပ် ကျ၏။ အောင်မငီး။ ကားငှားခက တစ်နေ့လုံးမှ ၆ သိန်း၊ ကိတ်မုန့် အသေး ၆ တုံးက ၁၁ သိန်း ဆိုတော့ကာ ကားမောင်းမဲ့အစား ကိတ်မုန့် ဖုတ်စားတာကမှ ပို တွက်ခြေကိုက်သေးသည်။

 

ကိတ်မုန့်များဝယ်ပြီးနောက်တော့ နှစ်နာရီလည်း ခွဲနေပြီမို့ ဘယ်မှမဆက်တော့ဘဲ မော်တော်ဆိပ်နှင့်နီးရာ စူပါမားကက် သို့ပို့ခိုင်း၏။ ထို့နောက်တော့ ကောင်းလောက်မည်ထင်သည့် ဆိုင်တစ်ဆိုင်ရွေးကာ အစားအသောက်များ မှာစားကြ၏။ မဆိုးလှပါ။ ဈေးလည်းသင့်ပါသည်။ သုံးယောက်စားတာသောက်တာ ၂ သိန်းခွဲကျော်။

 

သားက ခဲတံအိတ်ဝယ်၏။ မဟေသီက ကျွန်ုပ်ဘို့ အင်ဒိုနီးရှားပါတိတ်အင်္ကျီ လက်ရှည်တစ်ထည် ဝယ်ပေး၏။ ထို့နောက် ခြေညောင်းအောင် လျှောက်ကြည့်ကြပြီး ၄ နာရီကျော်လောက်တွင် မော်တော်ဆိပ်သို့ ဆင်းခဲ့ကြ၏။ ထို့နောက်တော့ ကျေးဇူးတင်ပါတယ်ပြောကာ ကားသမားကို ပိုက်ဆံရှင်းလျက် ပြန်လွှတ်လိုက်တော့၏။ သူက နောက် ဘာတန်လာမယ့် ဧည့်သည်တွေရှိလည်း ပြောပါကွာ ဆိုပြီး သူ့ name card လေး ပေးလိုက်၏။ မိတ်ဆွေတို့ ဘာတန်သွားလျှင် သူ့ကို ယုံကြည်စိတ်ချစွာ ခေါ်နိုင်ပါ၏။



 အပြန်မော်တော်ဆိပ်ကိုမူ စောစောဆင်းလို့ရသည်နှင့် တစ်နာရီခန့်ကြိုဆင်းလာကာ လူများတကာတွေ သွားကြ လာကြ တာငေးမောရင်း စောင့်၏။ စင်ကာပူ-ဘာတန် ဖယ်ရီကလည်း ၁၀ မိနစ်ကို တစ်စီးကျ ရှိ၏။ ကျွန်ုပ်တို့က ညနေ ၅း၄၀ ဖယ်ရီနှင့် ပြန်ခဲ့ကြ၏။ အပြန်ဖယ်ရီတွင် လူအတော် ချောင်ပါသည်။ ကျွန်ုပ်က မော်တော်အပေါ်ထပ်တက်ကာ ဂျက်အင်ဂျင်မှ မှုတ်ထုတ်လိုက်သော တဖွားဖွားထကာ ဖွေးဖွေးလှုပ်နေသည့် ရေဂယက်များကို တက်ကြည့်လိုက်သေး၏။ 

 

အဲဒီနောက်တော့ . . . .

စိတ်ဝင်စားစရာ မရှိတော့ပါဘူးဗျာ။ ကွကိုယ်သာ ဖြည့်တွေးကြည့်ကြပါဘိ။ အဟိ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၈ ဇန္နဝါရီ၊ ၂၀၂၄