ကျွန်ုပ်က သူများနှင့်မတူ။ တမူထူးခြားသည့်အမြင်ရှိသူ ဖြစ်သဖြင့် မောင်ချောနွယ့်စကား ငှားသုံးရလျှင် “လူကြိုက်နည်းတဲ့ကောင်” လည်း ဖြစ်၏။
ယခုလည်း လူကြိုက်မည်မဟုတ်သည့်၊ လူများသဘောတူမည်မဟုတ်သည့် ကျွန်ုပ်အယူအဆတစ်ခုကို ပြောပြချင်ပါ၏။
အခြားမဟုတ်။ RIT မုခ်ဦးပေါ် အီးတက်ပါသွားသည့် ပလော်ဖက်ဆာ ဒေါက်ချာတင်လိမ်ထွန်းအကြောင်း ဖြစ်၏။
အင်ဂျင်၂၀၀ မှန်က ဒေါက်ချာတင်လိမ်ထွန်းကို သိ၏။
၎င်းသည် ၂၀၁၃ ခုနှစ်များဆီက YTU (RIT) ကျောင်းတော်ကြီး၌ မြို့ပြအင်ဂျင်နီယာ ကျောင်းသားများကို ဧည့်ပါမောက္ခ အနေနှင့် စာသင်ပေးခဲ့၏။ စာသင်တာတောင် ဘွဲ့ကြိုသင်တန်းမဟုတ်။ မဟာတန်းကျောင်းသားတွေ ဖြစ်၏။ အောင်မငီး။ ကျွန်ုပ်မှတ်မိသလောက် Project Management ထင်ပါသည်။
တင်လိမ်ထွန်းသည် မော်လမြိုင်မှာ ၉ တန်းထိနေပြီး ၁၀ တန်းမှာ ရန်ကုန်ပြောင်းလာ၏။ သို့သော် ဆယ်တန်းမအောင် ဟု ဆို၏။ ၁၉၈၁ လောက်တွင် ဆောက်လုပ်ရေးလောကထဲ ရောက်လာပြီး ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလောက၌ နှစ် (၃၀) လောက်ကျင်လည်ခဲ့သည် ဆို၏။
၂၀၁၂ လောက်တွင် RIT မှ ဟောပြောပွဲတစ်ခုကိုရောက်၊ RIT မှာ ဧည့်ပါမောက္ခအနေနှင့် စာသင်ဘို့ ဘွဲ့လက်မှတ် အတုတွေပြပြီး လျှောက်။ ရ။ ခပ်တည်တည်နဲ့ RIT မှာ အီးတက်ပါ (ဟုတ်ပေါင်) စာတွေလာသင်။
အောင်မယ်။ PE တွေ၊ ACPE တွေတောင် ရလိုက်ပါသေး။ မှတ်တောင်ထားလိုက်ရအုံးမယ်။ အဟက်စ်ခ်ပ်ရ်
<< ၁၀ တန်းတောင်မအောင်တဲ့သူက ဘယ်လို ပီအီးစာမေးပွဲတွေဖြေပြီး ဘယ်လို ပီအီး၊ ACPE ဖြစ်လာတယ်ဆိုတာ စိတ်ဝင်စားစရာပဲနော်စ်။ ကျော်ကတော့ ပီအီးရော၊ ACPE ရော မဖြေဘူးလို့ ဘယ်လိုမေးခွန်းတွေ မေးပြီး ဘာတွေ ဖြေရတယ်ဆိုတာ မသိပေါင်တော်စ်။ ဤကား စကားချပ် >>
ဤ၌ ကျွန်ုပ်တွေးမိသည်ကား ဆောက်လုပ်ရေးလုပ်ငန်းမှာ အနှစ် (၃၀) လောက် လုပ်တယ် ဆိုရုံမျှဖြင့် အင်ဂျင် ၂၀၀ များ တတ်အပ်သည့် အတတ်များကို တတ်သွားပါသလော။ တတ်သွားတယ်ဆိုလျှင်ဖြင့် မစ္စတာတင်လိမ်ထွန်းကို အင်မတန် ချီးမွမ်းရပေမည်။ သူ့လိုသာဆို မွေးကတည်းက ဆောက်လုပ်ရေးလုပ်လာသူအကုန်လုံးကို ဖိတ်ခေါ်ကာ အင်ဂျင်၂၀၀ ဘွဲ့လက်မှတ်များ ချီးမြှင့်လိုက်ဘို့သာ ကောင်းတော့၏။
အင်ဂျင်၂၀၀ အတတ်ဆိုတာ ပြဌာန်းထားသည့် ဘာသာရပ်တစ်ခုကို ဆရာက သေသေချာချာ သင်မပေးဘဲ ဟိုလူလုပ်တာ ဟိုလိုကြည့်၊ ဒီလူလုပ်တာ ဒီလိုကြည့်ဖြင့် တတ်လိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။ သူများတွေပြောတာ မှတ်ထားပြီး ရွှီးတတ်ဖြန်းတတ်ရုံမျှဖြင့် အင်ဂျင်၂၀၀ ဖြစ်ပြီ ပြောလို့ရပါမည်လား။
သို့တိုင် သူသင်ပေးလိုက်သည့် တပည့်များက သူရို့ဆရာကို အင်မတန် အသင်အပြကောင်းလို့ ဆိုပြီး ချီးမွမ်းနေကြ ကြောင်း သိရသည့်အခါ ကျွန်ုပ်မှာ အံ့ဩလွန်း၍ သေမတတ်ရှိခဲ့ရ၏။ သို့ဆိုလျှင် ၎င်း ဘာတွေ သင်ပြီး ဘာတွေ ဟောသွားတယ်ဆိုတာ သိဘို့ မကောင်းပါသလော။ အကယ်၍သာ ၎င်းပြောသည့်အထဲတွင် မဟုတ်က မဟတ်ကတွေ ပါသွားမည်ဆိုပါက။ အောင်မငီး x three
မစ္စတာ ပလော်ဖက်ချာ တင်ထွန်းကို ဒေါက်တာလိမ်မှန်း သိစက ၎င်း၏ ဖေ့စ်ဘုတ်တွင် -
“ဘာတွေပြောပြော ဆရာကြီးဟာ သမီးတို့ ဆရာကြီးပါဘဲ။”
“မလိုတဲ့သူတွေ မဟုတ်ကဟုတ်က ပြောနေတာတွေကို ဆရာကြီး စိတ်ဓာတ်မကျပါနဲ့။ ဆရာကြီးဘက်က သမီးတို့ ရှိပါတယ်။”
- အစရှိသည့် ကွန်မင့်များကို ဖတ်ရခြင်းအားဖြင့် ၎င်း၏ ပရိသတ်မှာလည်း မနည်းလှကြောင်း သိရ၏။
ဤတွင် ဆက်စပ်၍ ကျွန်ုပ် တွေးမိသည်မှာ -
- သင်တန်းဆရာများ၊ ကျောင်းဆရာများ ခန့်ထားသည် ဆိုရာ၌ ထိုဆရာသည် ၎င်းသင်ကြားရမည့် ဘာသာရပ်ကို သေသေချာချာ နားလည် တတ်ကျွမ်းပါသလားဟု ဆန်းစစ်ပါသလား။ မည်သူ ဆန်းစစ်သည်ဟု ကြားဖူးပါသနည်း။
- ထို သင်တန်းဆရာ/ဆရာမများ။ ကျောင်းဆရာ/ဆရာမများ သင်တာတွေသည် တကယ်ရော ဟုတ်ရဲ့လား။ သင်တန်းသား/ ကျောင်းသားများကို တကယ်တတ်၍ သင်နေတာလား။ ညာဝါး ဖြီးဖြန်းနေတာလား။ ဘုန်းကြီးတွေ တရားဟောသလို ဘုရားဟောသည့်တရားက တော်တော် ၎င်းတို့၏ ဂျင်းတွေကို အတုံးလိုက်က တစ်နည်း၊ အတစ်လိုက်ကတစ်ဖုံ၊ အပြားလိုက်ကတသွယ်၊ စိန်ခလုတ်နှင့် ခြစ်လို့ကတမျိုး စွပ်ထည့်နေတာလား - ဆိုတာ မည်သူကများ လေ့လာဆန်းစစ်ပါသနည်း။ (Ever Safe တွင်မတော့ ထလိန်နာတွေ ဘယ်လို သင်နေ တယ်ဆိုတာ တခါတခါ လာပြီး review/assessment လုပ်၏။ လိုအပ်တာရှိလျှင် ဘယ်ဟာက ဘယ်လိုရှိတယ် ဆိုတာ တစ်ခါတည်း ပြောသွား၏။)
- သင်တန်းဆရာ/ကျောင်းဆရာများသင်လိုက်သည်ကို သင်တန်းသားများ/ကျောင်းသားများ မည်မျှ တတ်သိ၊ နားလည် သဘောပေါက်သွားသည်ကို မည်သူတို့ ဆန်းစစ်ကြည့်ပါသနည်း။ တစ်နှစ်လုံးသင်ခဲ့သည်ကို မဖြစ်ညစ်ကျယ် စာမေးပွဲလေးစစ်ပြီး အမှတ် (၄၀) ရရုံမျှဖြင့် ၎င်းတို့ တတ်သိနားလည်ပြီဟု ဆိုနိုင်ပါပြီလား။
သို့သော် ကျွန်ုပ်ပြောသည့် အစီအမံများမှာ ဤဘဒ္ဒကမ္ဘာပေါ်တွင် ရှိရန်မလွယ်။ အင်္ဂါဂြိုဟ် (သို့) ကြာသပတေးဂြိုဟ်၌ သာ ရှိနိုင်မည့် အစီအစဉ်များ ဖြစ်၏။
ကျွန်ုပ်က အပိုစကား ဆိုခြင်းမဟုတ်ပါ။
Employment Act နှင့် Workpass Regulations အကြောင်းသင်နေသူသည် Employment Act ကို တစ်ခါမှ ဖွင့်မကြည့် စဖူး။ Employment Act ထဲ၌ ဘာတွေပါသည်ကိုမသိ။ ထို့ပြင်တဝ Employment Act မှန်းမသိ၊ Employment of Foreign Manpower Act မှန်းမသိ။ ပိုဆိုးသည်မှာ Employment of Foreign Manpower Act ကို ဖွင့်ကြည့်ဘို့ နေနေသာ၊ Employment of Foreign Manpower Act ရှိမှန်းတောင်မသိ။ ကြားတောင်မကြားစဖူး။ ထူးပေစွ။
Work Injury Compensation Act (WICA) အကြောင်း သင်သာသင်နေရသည်။ WICA ဆိုတာ ဘာမှန်းမသိ။
Safety အကြောင်းသာ သင်နေသည်။ Hazard နှင့် Accident ကို ကွဲကွဲပြားပြား နားမလည်။ Risk ဆိုတာ ဘာလဲ မေးလာပါက ရှင်းမပြတတ်။
ဒါဆို သူတို့ဘယ်လို သင်နေကြသတုံး။
လွယ်ပါသဗျာ။ ဆလိုက်ဖတ်တတ်ရင် သင်လို့ရပါ့။ အဟက်စ်ခ်
စစ်စစ်ပေါက်ပေါက်သာ လိုက် မေးမြန်းကြည့်ပါက တချို့မြန်မာစာဆရာ/ဆရာမများဆို နတ်သျှင်နောင်ကို ၃၇ မင်း နတ်တို့၏အသျှင် နောင်တော်ကြီးနတ်ဖြစ်သည်ဟုပင် ဖြေချင်ဖြေနေပါလိမ့်ဦးမည်။ စဒါဘာ စဒါဘာ။ စိတ်မရှိကြပါလင့်။
များမကြာမီသော နှစ်များဆီက ကျွန်ုပ် ရန်ကုန်၌ မိတ်ဆွေကျောင်းတစ်ကျောင်းတွင် သင်တန်းတစ်ခု သွားပေး၏။ ထို သင်တန်းကျောင်းက ကျွန်ုပ်၏ ဆလိုက်များကိုယူ၍ သူ့သင်တန်းဆရာများကို သင်စေချင်ပါသည်ဟု ဆိုလှာ၏။ ကျွန်ုပ် မ Yes လိုက်ပါ။ သူတို့မသိသော အကြောင်းအရာများကို သင်ပါက နတ်ကို တစ်ခါမှမမြင်ဖူးဘဲ နတ်ပုံတွေ ဆွဲနေသည့် ပန်းချီဆရာကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ပန်းချီဆရာက စိတ်ကူးနှင့် နတ်ပုံဆွဲတာ ဘာအကြောင်းမှ မဟုတ်။ ဘယ်သူ့မှ ထိခိုက်စရာ အကြောင်းမရှိ။ အခုဟာက လူ့ အသက်များနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ဤသည်ကို လွယ်လွယ် ကလေးလုပ်လို့ ရလိမ့်မည်ဟု ကျွန်ုပ်ကတော့ မယူဆပါ။
လက်မှတ်အတုလုပ်တာ မြန်မာပြည်တွင်မှာမှ မဟုတ်ပါ။
စင်ကာပူမှာလည်း လက်မှတ်အတုလုပ်ကာ ရာထူးကြီးများ၌ လခကောင်းကောင်းများ လိမ်ယူသွားသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးပါ၏။
ပထမတစ်ဦးမှာ Yeoh Keng Swee ဖြစ်ပြီး NTU ကဲ့သို့ တကယ့် နာမည်ကြီးတက္ကသိုလ်ကြီးများမှ လက်မှတ်ကြီးများကို အတုလုပ်ကာ ရာထူးကြီးများယူလျက် ပိုက်ဆံများကို ဆယ်စုနှစ်တစ်ခုကျော် သဲ့ယူသွားခဲ့ဖူးလေ၏။
၎င်းမှာ လက်မှတ်အတု (၃) ခု လုပ်မှုဖြင့် ၂၀၂၂ နှစ်က ထောင် (၁၅) လ ချခံရလေ၏။ သို့သော် ဤသည်မှာ အားလုံး မဟုတ်သေး။ နောက်ထပ် (၁၀) မှု ကျန်ပါသေး၏။
နောက်တစ်ဦးမှာ Muhammad Rasul Kadir Ali ဖြစ်ပြီး သူကတော့ ဒီပလိုမာ လက်မှတ်တစ်ခု အတုလုပ်ကာ ထောင် (၃) ပတ် ကျလေ၏။
စင်ကာပူတက္ကသိုလ်၏ ဘွဲ့လက်မှတ်တစ်ခုရဘို့ US ဒေါ်လာ ၇၀၀ - ၇၅၀ လောက် ပေးရပြီး ၂ ရက်မှ ၃ ရက်ခန့် ကြာသည် ဆို၏။
ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်မူ ပလော်ဖက်ချာ ဒေါက်တာတင်လိမ်ထွန်းကို တရားစွဲသည်ဟု လည်းကောင်း။ အရေးယူ သည်ဟု လည်းကောင်း မကြားမိပါ။ ဘာကြောင့်လဲဆိုတာ သက်ဆိုင်သူများသာ သိပါလိမ့်မည်။ ကျွန်ုပ်မူ ကျွန်ုပ် အကျိုးစီးပွားနှင့် တစ်ပြားသားမှ မပတ်သက်သောကြောင့် မသိချင်ပါ။ မသိလိုပါ။ မသိပါရစေနှင့်။
ဟိုတလောက ဖွဘုတ်တွင်မူ ထိုဒေါက်လိမ်ကြီးသည် ကိုဗစ်လှိုင်း၌ မျောပါသွားပြီလိုလို သတင်း ဖတ်လိုက်ရ၏။ ဟုတ်မဟုတ် မသိပါ။
ကျွန်ုပ်အတွက် အရေးကြီးဆုံးကိစ္စမှာ ဟို ခွေးမသားများ အမြန် မသာပေါ်ရေးပင် ဖြစ်ပါတော့သတည်း။
မြန်မာပြည်တလွှား လူအများ၊ ဒေါက်တုများနှင့် ညားပါစေ။
(ဟုတ်ပေါင် ပြောရင်း မွှားကုန်ပြီ။ ယခွမ်းဒဲ့မှ)
မြန်မာပြည်အတွင်း လူခပင်း၊ ဒေါက်တုရန်မှ ကင်းပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၇ အောက်တိုဘာ၊ ၂၀၂၃
No comments:
Post a Comment