ကျွန်ုပ်သည် အလုပ်သမားများအတွက် အန္တရာယ်ကင်းရေးသင်တန်းများ သင်ရာ၌ သက်ဆိုင်ရာအခန်းများတွင် ၎င်းတို့၏ ပညာဗဟုသုတများကို တီးခေါက်ကြည့်လေ့ရှိ၏။ ဤကဲ့သို့ တီးခေါက်ကြည့်ရာ ကြီးကြပ်ရေးမှူးသင်တန်း၌ ကြီးကြပ်ရေးမှူးတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် ဗဟုသုတ၊ အလုပ်သမားများအတွက် အလုပ်သမားအဆင့် ဗဟုသုတ စသည်တို့ ဖြစ်၏။
ဤသို့ မေးစမ်းရာတွင် အတော်များများမှာ ယေဘူယျ သိသင့်သိထိုက်သည့် ဗဟုသုတကလေးများကိုပင် မှန်အောင် မဖြေနိုင်ကြတာကို အံ့ဩဘွယ်ရာ မကောင်းလှစွာ တွေ့ရ၏။
AWSHCS (Apply WSH in Construction Site) သင်တန်း ဒုတိယနေ့၌ လက်တွေ့လုပ်ခြင်း၊ စာမေးပွဲဖြေခြင်းတို့ လုပ်ရ ၏။ ပုံမှန်သာ လုပ်သွားပါက သတ်မှတ်ထားသည့်အချိန်ထက် အနည်းဆုံး တစ်နာရီမျှ ပိုနေလေ့ရှိ၏။ ထိုပိုနေသည့် အချိန် များ၌ ကျွန်ုပ်က သင်တန်းသားများနှင့် စကားစနေ ပြောလေ့ရှိ၏။ (စကားစနေဆိုရာ၌ စနေနေ့၌သာ စကားပြောခြင်း မဟုတ် ဆိုသည်ကို မိတ်ဆွေတို့ သဘောပေါက်လိမ့်မည် ထင်ပါ၏။ ဤကား စကားချပ်) များသောအားဖြင့် ပြောသည့် အကြောင်းအရာများမှာ မြန်မာပြည်ကြီး ယခုကဲ့သို့ ဒုက္ခပေါင်းစုံ တွေ့ကြုံနေရသည်မှာ ဟို ခွားသဒေါင်းဇေးအုပ်စုကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့မသာပေါ်ရေးမှာ တိုင်းသူပြည်သားအားလုံး၏အရေး ဖြစ်ကြောင်းများ ဖြစ်၏။ သည်သို့ပြောရာတွင် မပါမဖြစ်ပါရသူ တစ်ဦးကား ဒေါင်းဇားဂိုဏ်းချုပ် ဆန်းဝင်း ဖြစ်၏။ (Sun = နေ)
ကျွန်ုပ်က စင်ကာပူနိုင်ငံအကြောင်း အပြည့်အစုံသိလိုလျှင် ကျွန်ုပ်၏ဘလော့တွင် ရေးထားကြောင်း၊ စာဖတ်ဝါသနာ ပါသူတို့ ဖတ်ကြည့်နိုင်ကြောင်း အစချီလျက် -
ကိုင်း - စာဖတ်ဝါသနာပါသူ ဘယ်နှစ်ယောက်ရှိသလဲ၊ လက်ထောင်ကြည့်စမ်းပါအုံး ဆိုတော့ သူ့ငါကြည့်၊ ငါ့သူကြည့်။ တစ်ယောက်မှ လက်ထောင်တာမရှိ။ ဘာစာအုပ်တွေများ ဖတ်ဖူးသလဲဟု တစ်ယောက်ပြီးတစ်ယောက် လိုက်မေးကြည့် တော့ အချစ်ဝတ္ထုအနည်းအပါး ဖတ်ဖူးပါတယ်ဟု ဖြေ၏။ ဝိုး - တယ်ဟုတ်ပါလား။ အဲဒါဆို စာရေးဆရာနာမည်နဲ့ စာအုပ် နာမည်လေး တစ်ခုလောက် ပြောပြပါလားဆိုတော့ အင်း . . . အဲစ် . . မေ့နေပြီ ဆို၏။ တစ်ယောက်ကတော့ စာရေးဆရာ နာမည်နှင့် စာအုပ်နာမည် ပြောပါ၏။ ကျွန်ုပ် တစ်ခါမှ မကြားစဖူး။ သူပြောတာကလည်း ဗလုံးဗထွေး၊ နှစ်ခါသုံးခါ ပြန်မေးတာတောင် နားမလည်။ တစ်ယောက်က အဲဒါ တစ္ဆေသရဲတွေအကြောင်း ရေးထားတာ ဆို၏။
Singapore Standard အရ လက်ရမ်းတန်းအမြင့်မှာ အနည်းဆုံး ၁ မီတာရှိရမည်။ ၁ မီတာ ဘယ်လောက်မြင့်သလဲ ဆိုတော့လည်း သိသူရှာမှရှား။ တချို့ကတော့ ၃ ပေဟု ပြော၏။
ပြီးခဲ့သည့် အပတ်ကတော့ ကျွန်ုပ်က သူတို့ကို လောကပါလတရား (၂) ပါးအကြောင်း ပြောပြ၏။
ဟောဒီလောကကြီးကို မပျက်စီးစေရအောင် ထိန်းကျောင်းထားတဲ့ တရား (၂) ပါးရှိတယ်။ အဲသဟာကို လောကပါလ တရား (၂) ပါးလို့ ခေါ်သကွဲ့။ အဲသဟာတွေကတော့ -
၁။ ဟိရီ နှင့်
၂။ ဩတ္တပ္ပ တို့ ဖြစ်သကွဲ့။
ကိုင်း - ကိုယ့်လူတို့ ဟိရီနဲ့ ဩတ္တပ္ပဆိုတာ ဘာတုံး။ ဆိုတော့ -
မကောင်းမှုလုပ်ရမှာကို ရှက်တာနဲ့ မကောင်းမှုလုပ်ရမှာကို ကြောက်တာ ဟု တစ်ယောက်က ဖြေ၏။
အဲ့လယ် -ဘယ်ဆိုးလို့ဒုံးစ်။
ဟုတ်တယ်။
ဟိရီ - ဆိုတာ မကောင်းမှုလုပ်ရမှာကို ရှက်တာ
ဩတ္တပ္ပ - ဆိုတာ မကောင်းမှုလုပ်ရမှာကို ကြောက်တာ
အဲဒီတရားနှစ်ပါးမရှိရင် လောကဟာ အလုံးစုံ ပျက်သုဉ်းခြင်းကို ဆိုက်တယ်။
အခု မြန်မာပြည်ကြီး ဘာကြောင့် ဒီလောက် ဒုက္ခသုက္ခတွေ ရောက်နေရသလဲဆိုတော့ -
လူတွေဟာ မကောင်းမှုလုပ်ရမှာကို မရှက်ကြတော့ဘူး။ မကောင်းမှုလုပ်ရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို မကြောက်ကြ တော့ဘူး။
လူတွေဟာ မကောင်းမှုလုပ်တာကို အမွန်အမြတ် တန်ဘိုးထားနေကြတယ်။ မကောင်းမှုလုပ်တာကို မှန်တယ်လို့ ထင်နေ ကြတယ်။ မကောင်းမှုလုပ်မှ ဂုဏ်ရှိတယ်။ မကောင်းမှုလုပ်လို့ ပိုက်ဆံများများရတဲ့သူတွေကို အားကျနေကြတယ်။ မကောင်းမှုလုပ်ဖို့အတွက် ဝိုင်းပြီး တွန်းအားပေးကြတယ်။
မကောင်းမှုလုပ်တာကို ဘယ်သူကမှ ဝိုင်းပြီး ရှုတ်ချတာ၊ တားမြစ်တာ၊ အရေးယူတာ စတာတွေ မလုပ်ကြဘူး။
မကောင်းမှုလုပ်တာကိုပဲ ဝိုင်းပြီး ချီးကျူးနေကြတယ်။
ဒီကနေ့ခေတ် မြန်မာအသိုင်းအဝိုင်းမှာ ရိုးသားတဲ့သူတွေဟာ ငတုံးတွေ ဖြစ်နေတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားတာကို ဂုဏ်ငယ်တယ် ထင်ကြတယ်။ မကောင်းမှုနဲ့ ပိုက်ဆံများများ ရှာနိုင်တာကို အားကျနေကြတယ်။
ကလေးတွေဟာလည်း ကိုယ့်ပတ်ဝန်းကျင်မှာ လူကြီးတွေ မကောင်းမှုလုပ်တာကို အမြဲမြင်တွေ့နေရတော့ အတုမြင်၊ အတတ်သင်လာကြတယ်။ အဲဒါဟာ နိုင်ငံ့အနာဂတ်အတွက် အတော်ဆိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သိပ် မဝေးတော့တဲ့တချိန်မှာ လူကြီးတွေဖြစ်လာတော့မှာ မို့လို့ပဲ။
ဆိုတော့ ဘာတွေကို မရှက်ကြ/မကြောက်ကြဘူးလဲ တဲ့။
§ ပြန်ဆပ်ပါ့မယ်လို့ ကတိတွေ အထပ်ထပ်ပေး၊ ငွေချေးယူပြီးတော့ ပြန်မဆပ်ပဲနေတာကို မရှက်တာ၊ ရှက်ရ ကောင်းမှန်းလည်း မသိတာ။
§ တန်ရာတန်ကြေးပေးဝယ်ပါလျက် ဝယ်တဲ့သူကို ပစ္စည်းအမှန်အကန်မပေးဘဲ ညာရောင်းတာကို မရှက်တာ။
§ အလေး/တင်းတောင်း အပြည့် ချိန်/ချင်တွယ် မပေးတာ။ ရေထိုးတာ/အလေးခိုးတာ/အတိုင်းအတာတွေ လျှော့ပေးတာကို မရှက်တတ်ကြတာ။
§ အလုပ်အပ်ထားတဲ့သူက သဘောတူထားတဲ့အတိုင်း ပိုက်ဆံအပြည့်ပေးထားပါလျက်ကနဲ့ ကောင်းကောင်း မွန်မွန် လုပ်မပေးဘဲ ဖြစ်ကတတ်ဆန်းလုပ်ပေးလိုက်တာကို မရှက်တာ။
§ သင်တန်းကြေးကို အပြည့်ယူထားပါလျက် ကျကျနန ကောင်းကောင်းမွန်မွန် သင်မပေးတာကို မရှက်တာ။
§ လခအပြည့်ယူထားပါလျက် ကျရာတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တာကို မရှက်တာ။
§ ဘာအကြောင်းပြ/ညာအကြောင်းပြ အကြောင်းအမျိုးမျိုးပြပြီး အလှူခံနေတာ၊ တနည်းအားဖြင့် ညာတာပါတေး နဲ့ ပိုက်ဆံတောင်းနေတာကို မရှက်တာ။ ပေါ်တင်ကြီး သူတောင်းစားအလုပ် လုပ်နေတာကို ရှက်ရကောင်းမှန်း မသိတာ။
§ ဘုရားတည်တာကို အယောင်ပြပြီးတော့ အများသူငါလှူဒါန်းထားတဲ့ အလှူငွေတွေ ဘုံးရမှာကို မရှက်တာ။
§ မောင့်ကျက်သရေခေါင်းပေါင်းကြီးတွေဆောင်း၊ ရွှေရောင်တဝင်းဝင်း တိုက်ပုံကြီးတွေဝတ်၊ ဘာကောင်ကြီး ညာကောင်ကြီးရာထူးတွေယူထားပြီး ကြောင်သူတော် ကြွက်သူခိုးလုပ်။ နိုင်ငံဘဏ္ဍာတွေကို ခိုးဝှက်နေတာကို မရှက်တာ။
§ မဟုတ်မှန်းသိလျက်နဲ့ ဗြောင်ညာ/ဗြောင်လုပ်ရမှာကို မရှက်တာ။
- ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ နောက်ပြီးတော့ ဩတ္တပ္ပတရား။
§ သူ့ကို ဒီလိုလုပ်လိုက်ရင် နောင်တချိန်ကျ ငါလဲ အဲသလိုပြန်ခံရမယ်ဆိုတဲ့ ဝဋ်ကြွေးကို မကြောက်တာ
§ ဒီလို မဟုတ်တာလုပ်တဲ့အတွက် ငါဟာ မကောင်းတဲ့ ဘုံဘဝမှာ ခံစားရလိမ့်မယ် ဆိုတာကို မကြောက်တာ
အဲသလောက်သာ မကသေးဘူး။
ဆယ်တန်းအောင်လက်မှတ်ကြီးကိုင်ထားပြီး ဆယ်တန်းနဲ့ညီမျှတဲ့ အသိပညာ၊ ဗဟုသုတမရှိရင် ‘ငါဟာ ဆယ်တန်းသာ အောင်လာတယ်၊ ဒါလေးတောင်မှ မသိပါလား’ လို့ ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ရမယ်။
အင်ဂျင်နီယာဘွဲ့ကြီးရပြီး အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေမရှိရင် ‘ငါဟာ အင်ဂျင်နီယာ ဘွဲ့လက်မှတ်ကြီးသာ ကိုင်ထားတယ်၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ငါ့မှာ မရှိပါကလား’ လို့ ကိုယ့်ကိုယ်ကိုယ် ရှက်တတ်ရမယ်။
ပညာရေးစနစ် မကောင်းတာ ခင်ဗျားတို့အသိ။ ပညာရေးစနစ်ကြီးကို ကျုပ်တို့ ဘာလုပ်လို့ ရသတုံး။ ဘာမှ လုပ်လို့ မရဘူး။ အဲဒါကြောင့် -
ပညာရေးစနစ်မကောင်းတာကို အပြစ်ပုံချမနေဘဲ ငါတို့ ကိုယ့်ဘာသာကိုယ် ကြိုးစားကြမှပဲ လို့ သဘောပိုက်ကြရမယ်။ ကြိုးစားကြရမယ်။ ကျောင်းမှာ သင်ပေးသမျှနဲ့ မလုံလောက်ဘူးဆို ကိုယ့်ဘာသာ လေ့လာကြရမယ်။ သင်ယူကြရမယ်။ အဲသလို လေ့လာသင်ယူချင်စိတ် ရှိလာအောင်လည်း လူကြီးမိဘ ဆိုသူတွေက ညွှန်ကြားပြသ ပေးကြရမယ်။
အခု ခင်ဗျားတို့ စင်ကာပူရောက်လာကြပြီ။ စင်ကာပူဆိုတာ လေ့လာရင် လေ့လာသလောက်၊ ကြိုးစားရင် ကြိုးစား သလောက် တက်လမ်းရှိတဲ့နိုင်ငံ ဖြစ်တယ်။ အဲဒါကြောင့် အလကားမနေပါနဲ့။ လေ့လာပါ။ မှတ်သားပါ။ သင်တန်းတွေ တက်ပါ။ စင်ကာပူလာတာ ပိုက်ဆံတင်မဟုတ်ဘဲ အသိပညာပါ တိုးပွားဘို့ဆိုတာ မမေ့ပါနဲ့။ လေ့လာမှတ်သားခြင်း အားဖြင့် ကိုယ့်အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ကြရမယ်။
ကျွဲကူးရေပါ ရလာမဲ့ အကျိုးအမြတ်ကတော့ မြန်မာပြည်ကို အပြီးပြန်သွားတဲ့အခါမယ် စင်ကာပူမှာ လေ့လာလို့ ရလာတဲ့ အတတ်ပညာတွေကို မြန်မာပြည် တည်ဆောက်ရေးမှာ ပြန်ပြီး အသုံးချနိုင်မယ်။
နောက်ဆုံးပြောချင်တာကတော့ -
မကောင်းမှု လုပ်ကြတဲ့နေရာမှာ များသောအားဖြင့် ပိုက်ဆံနဲ့ ပတ်သက်နေတယ်။ အဲသဟာကြောင့် -
ငါဟာ ပိုက်ဆံကို ဘယ်တော့မှ မတရားသဖြင့် မရှာဘူး။
ငါဟာ သမ္မာအာဇီဝအလုပ်နဲ့ပဲ ပိုက်ဆံရှာမယ်။
ငါ့ ကိုယ်စွမ်းကိုယ်စနဲ့၊ ငါ့ရဲ့ ကာယအား၊ ဉာဏအားနဲ့ပဲ ပိုက်ဆံရှာမယ်လို့ ဒီကနေ့ကစ သန္နိဋ္ဌာန် ချလိုက်ပါ။
ဒီကနေ့သင်လိုက်တဲ့ သင်တန်းမှာ တခြား ဘာမှ မရချင်နေ။
အခုပြောလိုက်တဲ့ တစ်လုံး ရသွားရင် ကျေနပ်ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးငြိမ်း
၁၈ ဇူလိုင်လ၊ ၂၀၂၃
No comments:
Post a Comment