(၇) ယိုးဒယား ဖက်စိမ်းကွမ်းတောင်
ပြတိုက်တစ်ခုအတွင်း၌ ရှေးခေတ် ဘုရားဦးခေါင်းတော်များကို ပြသထား၏။ ဤတွင်တွေ့ရသည့် ဘုရားမျက်နှာတော် များမှာ ရှည်လျားလှ၏။ ဆံပင်ပုံစံမှာလည်း အနည်းငယ် ထူးဆန်းသည်ဟု ဆိုရပါမည်။ အချို့ဘုရားများမှာ မြန်မာနိုင်ငံမှ ဆင်းတုတော်များကဲ့သို့ ဦးခေါင်းအလယ်၌ ထုံးထားသည့် ဆံထုံး ပါ၏။ အချို့ဘုရားများမှာ ဆံထုံးမပါ။ နားရွက်တော်များ မှာ ပုခုံးကို ထောက်မနေသည်ကပင် တစ်မျိုး သဘောကျစရာ ကောင်းပါ၏။ ဆရာတော်ကြီးများကလည်း မြတ်စွာဘုရား နားရွက်တော် ပုခုံးထောက်နေသည်ကို သဘောမကျပါ။ မြတ်စွာဘုရားသည် မဟာပုရိသဖြစ်၍ သာမန်လူများထက် ပိုထူး သည်ဆိုသည့်တိုင် ယုတ္တိမတန်သည်ထိ ထူးစရာအကြောင်းမရှိ။
ဆင်းတုတော်ကို မြန်မာပန်းပုဆရာထုလျှင် မြန်မာမျက်နှာ ထွက်မည်။ အိန္ဒိယ ပန်းပုဆရာထုလျှင် အိန္ဒိယအမျိုးသား ပုံစံပေါက်မည်။ ထိုင်းကဘုရားဆိုလျှင် ထိုင်းမျက်နှာပုံ ပေါက်မည်။ သူ့ဘုရားမျက်နှာကတော့ ဘယ်လိုဖြစ်သည်။ ငါ့ဘုရားမျက်နှာကမှ ပိုသဘာဝကျမည်။ ဘာမှ လာမပြောပါနှင့်။ လွန်ခဲ့သည့် အနှစ် (၂၅၀၀) ကျော်က ဘုရားမျက်နှာကို အဲသည် ပန်းပုထုသူတွေ၊ ပန်းချီဆွဲသူတွေ ဘယ်သူမြင်ဖူးပါသနည်း။ ပြောဇမ်းဘာာာာ။ အကုန်လုံး ပန်းချီ၊ ပန်းပုဆရာ တွေ စိတ်ကူးဖြင့် ရမ်းတုတ်ထားတာချည်း မဟုတ်ပါလော။ ကျွန်ုပ်တို့ အောက်မြန်မာပြည်ဘက် ခရီးသွားစဉ် ဘုရားများ လျှောက်ဖူးစဉ်အခါကလည်း (အသက် ၁၂ သားသာရှိသေးသည့်) သားက လက်ကလေးခါလျက် ဖေရီးရာ၊ ဘုရားဆိုတာ ပန်းပုဆရာတွေက ဟောသလို၊ ဟောသလိုလုပ်ထားတာတွေ မဟုတ်ဘူးလား ဟု ပြော၍ ကျွန်ုပ်မှာ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရဖူးသေး၏။ သူပြောတာ အဟုတ်။
ထားပါတော့ ကျွန်ုပ်ဆက်လျှာရှည်လျှင် ရိုက်ပေါက်တိုးလိမ့်မည်။
ထို့နောက် Wat Lokaya Sutha အမည်ရသည့် လျောင်းတော်မူ ဘုရားကြီးတစ်ဆူကိုလည်း ဖူးခဲ့ရပါသေး၏။ ထိုဘုရားကြီး၏ ခြေဖဝါးတွင်လည်း မည်သည့် (၁၀၈) ကွက်စက်လက္ခဏာမှ မပါကြောင်း သတိထားမိပါ၏။ တစ်ခု ထူးဆန်းသည်မှာ ဆရာမ ခင်ခင်ထူး၏ မအိမ်ကံဝတ္ထုထဲမှ ဖက်စိမ်းကွမ်းတောင်လို ဟာမျိုးကို ထိုဘုရားကြီးရှေ့၌ ပူဇော် ထားတာ ဖြစ်၏။
အဲသည်နောက်တော့ သားမှာ အတော်ပင်ပန်းနေပြီ ဖြစ်သည့်အတွက် ယိုးဒယားဘုရင် ရာမ (၅) ၏ နန်းတော်ဟောင်းထဲ ဝင်ကြည့်ကာ ပြန်မည် ဆုံးဖြတ်ကြ၏။
Bang Pa-in Palace ခေါ် ရာမ (၅) (ချူလာလောင်ကွန်ဘုရင်) ၏ နန်းတော်မှာ မန္တလေးနန်းတော်နှင့် အကျယ်အဝန်းချင်းရော ခမ်းနားတာချင်းပါ ကွာချင်တိုင်း ကွာလှ၏။ မန္တလေးနန်းတော်ရာ၌ ခေတ်ဟောင်း၏ အငွေ့အသက်တို့ ရနေသေးသည့်တိုင် ရာမ (၅) ၏ နန်းတော်မှာမူ ခေတ်ဟောင်း အဆောက်အဦနှင့်ပင် မတူပါ။ မန္တလေးနန်းတော်နှင့် ရာမ (၅) နန်းတော်တို့သည် ခေတ်ပြိုင် ဖြစ်၏။ သို့သော်လည်း နန်းတော်အစစ်မဟုတ်။ သူတို့က နွေရာသီစံနန်းတော်လောက် အဖြစ်သာ သုံးကြသည်ဆို၏။
အထဲမှာလည်း သိပ်ကြည့်စရာမရှိပါ။ မြက်ခင်းပြင်များကို အလှဆင်ထားတာသာ ဖြစ်ပါသည်။ တစ်ခုထူးဆန်းသည်မှာ အလွန်လက်ရာမြောက်လှသော ဂရိနတ်ဘုရားမများ (ထင်ပါသည်) ပုံများကို တွေ့ရခြင်း ဖြစ်၏။
သားက ခြေညောင်းနေပြီဖြစ်၍ ဘာဂီငှားစီးချင်၏။ သို့သော် နာရီဝက်ကို ၄၀၀ ထင်ပါသည်။ အလွန်ဈေးကြီးလှ၏။ သို့နှင့် ခြေလျင်လျှောက်ကြရာ နန်းတော်နားရောက်တော့ သူ အတော်စိတ်ဆိုးနေပြီ။ သို့နှင့် အတော်ချော့မော့ပြီး ပြန်ခေါ်ခဲ့ရ၏။ နန်းတော်တွင်းသို့လည်း ဝင်လို့မရပါ။
ထို့နောက်တော့ ဘာမှ အထွေအထူးစဉ်းစားမနေတော့ဘဲ ဘန်ကောက်သို့ ပြန်ခဲ့ပါတော့၏။
(၈) ဘန်ကောက်က ‘မင့်’ စားသောက်ဆိုင်
ညဘက်ကျတော့ ရောက်တုံးရောက်ခိုက် ညစာကောင်းကောင်းလေး စားကြမည်ဟု သားနှင့်တိုင်ပင်လျက် ‘ကိုင်း၊ ကိုယ့်လူ၊ ကိုယ်တို့ကို ဒီအနီးအနားမယ် ထိုင်းစာကောင်းကောင်း စားလို့ရမယ့်နေရာ ညွှန်းစမ်းပါဦးကွာ’ ဟု Boy ကို မေးတော့ သူက ‘အာ၊ ဒီနားတင်ရှိတယ်။ ဟောဒီဘက်ကို လမ်းလျှောက်သွားလိုက်။ ၃ - ၄ မိနစ်လောက် လျှောက်ရင် “Mint” ဆိုတာ တွေ့လိမ့်မယ်။ အဲဒီမှာ ကောင်းတယ်” ဆို၍ ကျွန်ုပ်တို့လည်း လျှောက်ခဲ့ကြ။
တွေ့သော် မြားပြထားသည့် ဘေးဘက်အပေါက်မှ ဝင်ခဲ့။
ငင့် - တံခါးတွေကလည်း ပိတ်လို့။ စားတဲ့သောက်တဲ့သူလည်း တစ်ယောက်ကမှ မရှိ။
ကျွန်ုပ်တို့လည်း မယုံရဲ ယုံရဲနှင့် တံခါးကို အသာတွန်းဝင်ခဲ့သော် အထဲမှ ကောင်တာတွင် တစ်ယောက်တွေ့။ ငါတို့ ညစာစားမယ်ကွယ် ဆိုတော့ သူက စားပွဲတွင်ထိုင်ရန် ညွှန်ပြပြီး အစားအသောက် စာရင်းပေး။
ကျွန်ုပ်တို့လည်း ကောင်းနိုးရာရာ တစ်ယောက် တစ်ပွဲစီနှင့် ဘုံစားရန် ဟင်းတစ်ပွဲ မှာလိုက်၏။ ဘာဟင်းတွေလဲတောင် ဒါ့ပုံရိုက်ယူမထားလိုက်ရ။ ကတောက်စ်
အစားအသောက်များ ရောက်လာပြီး စားကြည့်လိုက်တော့ . . . ဝိုးစ်
အရသာမှာ အတော့်ကို ထူးထူးခြားခြား ကောင်းမွန်တာ သားအဖနှစ်ယောက်စလုံး သတိထားမိ လေ၏။
သားကလည်း စားကောင်းသည်ဆိုသဖြင့် ကျွန်ုပ်က ထမင်းနှစ်လုံး ထပ်မှာလိုက်ရာ မနည်းကုန်အောင် စားယူရသော ဟူသတတ်။ (ထမင်းမှာမူ ကျွန်ုပ်တို့ အကြမ်းပန်းကန် တစ်လုံးစာသာသာမျှသာ ရှိ၏။ ကျွန်ုပ်တို့ရွာက လူတွေသာ ခေါ် ကျွေးလိုက်ရလျှင် ထိုထမင်းပန်းကန်မျိုး ဆယ်ပန်းကန်တောင် လောက်ချင်မှ လောက်ပါမည်။)
ဈေးကလည်း တော်ပါသည်။ သားအဖနှစ်ယောက် အသားကုန်တုတ်တာမှ ၉၈၀။ ဟို ဆင်စခန်းက ဘတ် ၁၀၂၀ ပေးခဲ့ရသည့်ထမင်းထက် နှစ်ဆပြန် တန်၏။
ဟောသမှာ သား မှတ်ချက်ရေးပေးထားတာလေး ဖတ်ချင်ဖတ်လို့ရအောင် တင်ပေးလိုက်ပါ၏။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ‘စားကောင်းသည်’ ဆိုခြင်းကို စာနှင့်ရေးပြဘို့ရာ မစွမ်းသာသောကြောင့် အသင် မိတ်ဆွေတို့ကို ပြောမပြနိုင်ခြင်း ဖြစ်သတည်း။ သို့တပြီးကား စားကောင်းသည်ဆိုခြင်းမှာ အဘယ်နည်းသိရအောင် ထိုင်းကိုရောက်အောင်သွားပြီးသာ စားကြည့်ကြပါဟု ညွှန်းရပါတော့၏။
(၉) ဘန်ကောက် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်
စားသောက်ပြီး အတော်လည်း ဗိုက်တင်းသွားပြီဖြစ်၍ ရောက်တုံးရောက်ခိုက် ဈေးလေးဘာလေး ဝယ်ရခြမ်းရအောင်ဟု အနီးရှိ စူပါမားကက်သို့ သွားကြ၏။ Boy က ဘာတဲ့၊ Emporium ဆိုတာ ဒီနားမှာရှိတယ်ဆိုပြီး မြေပုံတစ်ခုကို print out ထုတ်ပေးလိုက်၏။ မြေပုံကလည်း သောက်တလွဲခင်ဗျာ။ Double Tree ရှိတာ ၂၆ လမ်း၊ မြေပုံထဲမှာ ၂၆ လမ်းပြီးတော့ ၂၄ လမ်း၊ ၂၄ လမ်းကို ကျော်ပြီး ခပ်လှမ်းလှမ်းတွင် ၂၄/၁ လမ်းဟု ပြထား၏။ Emporium မှာ ၂၄ လမ်းပေါ်တွင် ရှိ၏။
၂၆ လမ်းကနေ ချိုးထွက်လာတော့ ပထမ ၂၄/၁ လမ်းတွေ့၏။ ကျွန်ုပ်လည်း မြေပုံကို ပြန်ဖတ်။ ငမ် - မြေပုံထဲမှာက ၂၆ လမ်းပြီးတော့ ၂၄ လမ်း။ ဘယ့်နှာတုံးဟ ဆိုပြီး ၂၄/၁ လမ်းထဲသို့ သားအဖနှစ်ယောက် စွပ်ကနဲ ဝင်ချသွား။ အောင်မငီး။ ပန်းရောင်မီးတွေထွန်းထားပြီး ဘာတွေတုံး။ ကြက်သီးထစရာ အမျိုးသမီးများတွေ့သည်နှင့် ကပျာကယာ ပြန်လှည့် ထွက်ခဲ့ရ။ Six ကယိုးနဲ။
သားက လာပါဖေရီးရာ၊ သားနောက်သာ လိုက်ခဲ့စမ်းပါဟု သူ့ Google map ကိုဖွင့်ပြီးလျှောက်။ ကျွန်ုပ်မှာ ဂယောင်၆ချား နှင့် သားနောက်ကို ယောင်တောင်ပေါင်တောင် လိုက်ခဲ့ရ။
လဂါးပါ။
ထိုင်းက အင်ပိုရီယမ်မှာလည်း စင်ကာပူကဆိုင်တွေပဲ တွေ့ရ၏။ သားက ဖေရီး၊ သားတို့လာတာ နေရာမှားနေပြီ ဟု ဆို၏။ ဘာတုံးကွ ဆိုတော့ ဟိုမှာကြည့်လေ၊ အကုန် လပ်ဇူရီပစ္စည်းတွေချည်းပဲ။ ဖေရီးလို ပေါချောင်ကောင်းတွေ ဘယ်ရမတုံး။
ဟိုက်ရော။ ဟုတ်ပါ့။
စဝင်လိုက်တော့ စလုံး၊ Raffles Place က ရေမွှေးဆိုင်လိုဟာမျိုးနှင့် တခြား အလှအပပစ္စည်းတွေ ရောင်းသည့်ဆိုင်များ တွေ့၏။ လျှောက်ကြည့်တော့လည်း စလုံး စူပါမားကက်က ဆိုင်မျိုးတွေချည်း။ ထိုင်းဆိုင်ဆိုလို့ မရှိသလောက်။ အဲသဟာ ဈေးကွက်နဲ့ ကိုလိုနီပြုတာပေါ့ခင်ဗျာ။ ခေတ်သစ်ကိုလိုနီက သူများတိုင်းပြည်ကို လက်နက်နဲ့ဝင်သိမ်းပြီး ကျွန်ပြုတာ မဟုတ်ဘူးခင်ဗျ။ ခင်ဗျားတို့ရဲ့နိုင်ငံမှာ ဂျော်ဒါနိုဆိုင်တွေ၊ KFC ဆိုင်တွေ၊ မက်ဒေါ်နယ်ဆိုင်တွေ နေရာအနှံ့လာဖွင့်တာကို ပြောတာ။ အင်တန်ဒူလှတဲ့ ဒေါ်စိန်အေးဆင်းတွေရဲ့ ဦးဏှောက်လောက်နဲ့တော့ ဒါတွေကို နားမလည်နိုင်ဘူး။
7 Eleven ဆိုင်တွေ၊ ဘာဂါဆိုင်တွေလည်း ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင် တွေ့ပါ့။ သားက သွားကြည့်ရအောင် ဆိုလို့ ဝင်ကြည့်ခဲ့ပါသေး။
အောင်မယ်၊ ယူနိကလိုဆိုပါကလား။ ကိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဝင်ကြည့်ကြတာပေါ့။
ကျွန်ုပ်က ဖုန်း ခဲခယူလေတာလေးဖွင့်ကာ ဈေးတွေကို စင်းဒေါ်လှနဲ့ပြန်ပြောင်းကြည့်။
အောင်မငီး . . .
စလုံးဈေးအတိုင်းပါပဲခင်ဗျာ။
တစ်ခုမှ သက်သာတာမရှိ။
အဲဒါနဲ့ ပန်လန်လက်ပြီး ပြန်ထွက်ခဲ့ရ။
“ဖေရီး ရထားစီးကြည့်ရအောင်” ဆိုလို့ သားအဖနှစ်ယောက် ရထားလက်မှတ်ဝယ်။ အနီးဆုံးဘူတာကို လက်မှတ် တစ်စောင် အစိတ်။ နှစ်ယောက်ဆိုတော့ ၅၀။ အဲဗျ၊ ကျော့်မှာ ထိုင်းဘတ်က အရွက်သေးမကျန်တော့။ အကုန် ၁၀၀၀ တန်တွေချည်း။ ကိုင်း ကိုယ့်လူ ဘယ့်နှာလုပ် ပြန်ကြမတုံးဆိုတော့ ရထားပဲလျှောက်စီး၊ ဘူတာထဲပဲ လျှောက်ကြည့်၊ အပြင်မထွက်ဘဲ ပြန်လာကြတာပေါ့ ဟု သားကပြော၍ သူပြောသလိုပင် လုပ်ရတော့၏။ မဆိုးပါ။ ထိုင်းက ရထားသည် လည်း စလုံးက MRT လိုပင် သက်တောင့်သက်သာ ရှိလှ၏။ သို့သော် သူ့ရထားက ၄ တွဲသာပါ၏။ လူနည်းနည်းလေး ဆန့်သည်။ လူများမှာလည်း ခပ်ချောင်ချောင်ပင် ဖြစ်၏။
သည်တွင် ကျွန်တော်တစ်ခု သတိထားမိသော ဘန်ကောက်က အများပြည်သူ သယ်ယူပို့ဆောင်ရေး အကြောင်း ပြောပြပါမည်။
အစပိုင်းတုံးက ဘန်ကောက်မှာလည်း ရန်ကုန်ကဲ့သို့ပင် ကားတွေ အလွန်ကြပ်ကြောင်း ပြောခဲ့၏။
ကျွန်ုပ်က လမ်းသွားရင်း လမ်းဘေးဝဲယာ၊ ကား/လမ်းများအခြေအနေ၊ လူများနေကြထိုင်ကြပုံ စသည်တို့ကို တစ်လမ်းလုံး အကဲခတ်လိုက်လာသည် ဖြစ်ရာ တစ်ခုသတိထားမိသည်မှာ ဘန်ကောက်မှာလည်း ရန်ကုန်မှာကဲ့သို့ပင် ဘတ်စ်ကားများ ရှားပါးလှခြင်း ဖြစ်၏။
ဘန်ကောက်လမ်းမများပေါ်တွင် ဘတ်စ်ကားများ ပြေးဆွဲနေသည်ကို များများစားစား မတွေ့ရ။ တွေ့ရသည့် ဘတ်စ် ကားများမှာလည်း စီးချင်စရာမကောင်းလှ။ စုတ်ချာလှ၏။ မြဘုရားကဲ့သို့ နေရာများတွင်ပင် ဘတ်စ်ကားကို မနည်း လိုက်ရှာယူရ၏။
နောက်ပြီး ရန်ကုန်မှာကဲ့သို့ပင် လမ်းတိုင်းကို ဘတ်စ်ကားမရောက်ဟု ထင်ပါသည်။
အသွားအလာထူထပ်လှသည့် မြို့ကြီးပြကြီးများတွင် ကားကြပ်တာကို လျှော့ချဘို့ တစ်ခုတည်းသော နည်းလမ်းမှာ ကောင်းမွန်မြန်ဆန်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်၏။ ဘတ်စ်ကားမှတ်တိုင်နှင့် အိမ်မှာ မဝေးလှသော အကွာအဝေးတစ်ခုတွင် ရှိရမည်။ ရထားလမ်းများသည် လူတွေနေသည့် ရပ်ကွက်များအတွင်း ဖြတ်သွားရမည်။ အကယ်၍သာ ဘတ်စ်ကားကို၊ ရထားကို သက်တောင့်သက်သာ၊ လွယ်လွယ်ကူကူ စီးနိုင်သည်ဆိုလျှင် မည်သူမှ ဒုက္ခခံပြီး ကိုယ်ပိုင်ကားနှင့် သွားနေမည်မဟုတ်။ လူအယောက် (၅၀) ကိုယ်ပိုင်ကားနှင့် သွားသည်ကို ရထားတစ်တွဲထဲနှင့် ကိစ္စပြီး၏။ ရထားတစ်စီးလျှင် လူ (၁၀၀၀) မက ဆန့်၏။ ထို ကိုယ်ပိုင်ကားစီးနေသူများကိုသာ ရထားစီးဘို့ ဆွဲဆောင်နိုင်ပါလျှင် ရထားတစ်စီးပြေးတိုင်း လမ်းမပေါ်မှ ကားအစီး (၁၀၀) မက လျှော့ချနိုင်ပါလိမ့်မည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ညံ့ဖျင်းခြင်းသည်ပင်လျှင် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများ၏ သွင်ပြင်လက္ခဏာ တစ်ရပ် ဖြစ်ပါလိမ့်မည်။
(၁၀) ဘိုင့်ဘိုင် ဘန်ကောက်
နောက်နေ့ (22/06/2023) တော့ မနက်အစောကြီးထကာ ပြန်ဘို့ လုပ်ရ၏။
အမှန်တွင် ထိုင်း၌ လည်စရာပတ်စရာ၊ လေ့လာစရာတွေ တပုံကြီး ကျန်ပါသေးသည်။
ကျွန်ုပ်မှန်းထားသည့် National Park များသို့လည်း မသွားခဲ့ရ။
ကန်ချနာဘူရီသို့ သွားမည်မှန်းထားသည့်တိုင် အချိန်မရလို့ မသွားရ။
ထုံးစံအတိုင်းပင် Grab ခေါ်ကာ လာခဲ့ကြ၏။
လာတုံးက ၁ နာရီကျော်ကြာခဲ့တာဆိုတော့ ဟော်တယ်ကနေ အစောကြီးထွက်ခဲ့ကြ၏။ အနို့ ဟော်တယ်မှာ နေတော့ကော ဘာတိုးထူးမှာမို့လို့တုံး နော။
သို့သော် မနက်ပိုင်း လမ်းရှင်းနေတော့ လေဆိပ်ကို မိနစ် ၄၀ ပဲ မောင်းရသည်။ အချိန်တွေ အများကြီး ပိုနေသေးတော့ လေဆိပ်မှာ မနက်စာ စားကြ၏။ မဆိုးပါ။ စားလို့ကောင်းပါ၏။ ဈေးလည်း သိပ်မများ။
လေဆိပ်ထဲမှ ဘီလူးကြီးများ၊ လွန်ဆွဲနေသည့် အရုပ်ကြီးများမှာလည်း လက်ရာမြောက်လှ၏။
ဘန်ကောက်လေဆိပ်ကို အားလုံး သံယက်မကြီးများ (steel structures) ဖြင့်သာ ဆောက်လုပ်ထား၏။ တစ်ခု ဆိုးသည်မှာ စောင့်သည့်နေရာတွင် အိမ်သာမရှိ။ အိမ်သာမှာ အောက်ထပ် Boarding room ၌သာ ရှိ၏။ ဆိုတော့ ကျွန်ုပ်မှာ အိမ်သာတက်ချင်လာသဖြင့် အဲသည် ချယ်နယ်ကြီး၏ ဟို့ဘက်အစွန်ဆုံးသို့ ပြန်သွားရလေ၏။ အဲသဟာကြောင့် မိတ်ဆွေတို့ ဘန်ကောက်လေဆိပ် ရောက်လျှင် ပြဿနာကို စောစောစီးစီး ရှင်းထားကြဘို့ အကြံပြုလို ပါ၏။
အပြန်လေယာဉ်မှာ အသွားလေယာဉ်လောက်မကြီး။ ထိုင်ခုံနှစ်တန်းသာ ပါ၏။ သို့သော်လည်း အဆင်ပြေပါသည်။
ဘန်ကောက်မသွားခင်ကတည်းက အဝတ်လျှော်စက်က ရေဝင်သည့်ဗားပျက်နေ၍ သုံးလို့မရသောကြောင့် အဝတ်တွေကို ပုံထားခဲ့ရတာ။ ဆိုတော့ ပြန်လည်းရောက်ရော ဝတ်စရာမရှိတော့။ (မရှိဆို ဘောင်းဘီက အကုန်လုံးပေါင်းမှ ၅ ထည်ပဲ ရှိတဲ့ဟာကို၊ အဟိ)
အဲသဟာနဲ့ နောက်နေ့ အလုပ်သွားဘို့အတွက် ဂျော်ဒါနိုမှာ ဘောင်းဘီ ပြေးဝယ်ရ။ (အမှန်က ဈေးသက်သာရင် ဘန်ကောက်မှာ ဝယ်ခဲ့မယ်လို့ တွက်ထားတာ။) အနက်ရောင်ဘောင်းဘီလေး တိုင်းတက်ပြီး ကောင်တာသွားတော့ “ငှယ် - အဲဒါက တစ်ထည်ဆို ၇၅ ကျပ်၊ နင် နှစ်ထည်ဝယ်ရင် ၁၀၅ ကျပ်နဲ့ရမယ်” ဆိုလို့ နောက်တစ်ထည် ထပ်ရွေး၊ ထပ်ပြီး ဝတ်ကြည့်။ ငွေချေမယ်ကြံမှ အဲ့ငယ် - မေ့တွားလို့၊ အဲဒါက ၃ ထည်ဝယ်ရင် ၁၃၅ ကျပ်ပဲဟဲ့။ နင် နောက်တစ်ထည် ထပ်ယူပါလား၊ ငါလိုက်ရွေးပေးမယ် ဖြစ်ပြန်။
ဆိုင်တွေထုံးစံအတိုင်း နဂိုကမှ ၄၅ ကျပ်တန်တဲ့ဟာကို ၃ ထည်ရောင်းရအောင် ခွင်ဖန်တာပေါ့ဗျာ၊ အဟက်စ်။ သူလုပ်တာနဲ့ နေရင်းထိုင်ရင်း ကျွန်ုပ်လည်း ဘောင်းဘီအသစ်ကျပ်ချွတ် (၃) ထည်တိတိရလာလေ၏။
ကျွန်ုပ်တို့သားအဖ ယိုးဒယားသို့ သွားကြခြင်းအကြောင်း ဤတွင် ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၅ ဇူလိုင်လ၊ ၂၀၂၃
No comments:
Post a Comment