Tuesday, November 8, 2022

တက္ကသိုလ်ဝင်းမွန် (သို့) အောင်ခန့်

ဧကာဒသမတန်းမြန်မာစာ၌ ဆရာတက္ကသိုလ်ဝင်းမွန်ရေးသော ‘ဆားဒယ်’ ရသစာတမ်း ပါ၏။ 

ထိုဆောင်းပါးအစတွင် တက္ကသိုလ်ဝင်းမွန်၏ အတ္ထုပ္ပတ္တိအကျဉ်းလည်းပါ၏။ (စာမျက်နှာ ၆၈)

ထိုကျောင်းစာအုပ်တွင် ဆရာတက္ကသိုလ်ဝင်းမွန်၏ ‘ငယ်မည်မှာ နှစ်ငါး၊ တိုးမြင့် နှင့် ဝင်းဆွေတို့ဖြစ်သည်’ ဟု ဖော်ပြထားရာ ကျွန်ုပ်လည်း ဇဝေဇဝါဖြစ်သွားလေ၏။ ‘နှစ်ငါး’ ဆိုတာ သူ့ ငယ်နာမည်အစစ် ဟုတ်သလား။ 

 

သို့နှင့် ကျွန်ုပ်လည်း မနေနိုင်သည်နှင့် ဆရာဝင်းမွန့်အကြောင်းကို ရှာဖွေဖတ်ရှုရပြန်ပါ၏။

 

ဆရာတက္ကသိုလ်ဝင်းမွန့်အကြောင်း လိုက်ရှာရာ (၄) နေရာ၌ တွေ့၏။ 

 

၁။ မြန်မာဝီကီ - https://my.wikipedia.org/wiki/ဝင်းမွန်၊_တက္ကသိုလ်

၂။ ကာလီဒေဝီ - အောင်ခန့်

၃။ ဒေါက်တာဖြူဖြူငြိမ်းသွယ် - တက္ကသိုလ်ဝင်းမွန်၏ ရသစာတမ်းရေးဟန်

၄။ https://www.bbc.com/burmese/burma-41591775

 

အောက်တွင် ရေးသားရာ၌ မြန်မာဝီကီကို (၁)၊ ကာလီဒေဝီကို (၂)၊ ဒေါက်တာဖြူဖြူငြိမ်းသွယ် ကို (၃)၊ BBC ကို (၄) ဟု အတိုကောက်ဖော်ပြပါမည်။

 

ထိုအခါကျမှ ငယ်နာမည်သာမက အခြားအချက်အလက် အတော်များများလည်း ကွဲလွဲနေကြောင်း တွေ့ရပြန်ပါ၏။

 

၁။ မွေးရပ်

 

ကျောင်းစာအုပ်တွင် မွေးရပ်ကို ရစ်ကန်ကြီးကျေးရွာဟု ဖော်ပြထား၏။ (၁)(၂)(၃)(၄) အားလုံး၌ ကမာစဲကျေးရွာဟု ဖော်ပြထားလေရာ မည်သည်က အမှန်ဖြစ်သနည်း။

 

၂။ ဖခင်အမည်

 

ကျောင်းစာအုပ်တွင် ဖခင်အမည်ကို ဦးအောင်သန်းခင်ဟု ဖော်ပြထား၏။ (၁) ၌ ဦးအောင်သန်း၊ (၂) ၌ ဦးအောင်သန်းခင်၊ (၃) ၌ ဦးအောင်သန်းဝင်းဟု ဖော်ပြထားလေရာ မည်သည်က အမှန်ဖြစ်သနည်း။

 

၃။ မူလတန်းတက်ခဲ့သည့်ကျောင်း

 

ကျောင်းစာအုပ်တွင် မူလတန်းတက်ခဲ့သည့်ကျောင်းကို ကမာစဲကျေးရွာနှင့် ရန်ကုန်မလွှကုန်း ဟု ဖော်ပြထား၏။ (၁) ၌  ကမာစဲကျေးရွာဟု ဖော်ပြထား၏။ (၂)(၃)(၄) တို့တွင်မပါ။ မည်သည်က အမှန်ဖြစ်သနည်း။

 

၄။ သာဒိုးအောင်ဆု ရသည့်ခုနှစ်

 

ကျောင်းစာအုပ်တွင် သာဒိုးအောင်ဆု ရသည့်ခုနှစ်ကို ၁၉၅၆၊​ ဥပစာတန်း အပိုင်း (ခ) ဟု ဖော်ပြထား၏။ (၁) မှာလည်း ၁၉၅၆ ဟုပင် ဖော်ပြထား၏။ (၂) နှင့် (၃) တွင် ၁၉၅၈ ဟု ပါရှိပြီး (၄) ၌မပါ။ မည်သည်က အမှန်ဖြစ်သနည်း။

 

၅။ ပထမဆုံးဆောင်းပါးအမည်

 

ကျောင်းစာအုပ်တွင် ပထမဆုံးဆောင်းပါးအမည်ကို ‘ဝဏ္ဏပဘာ လှကလျာ’ ဟု ဖော်ပြထား၏။ (၁) တွင် ‘ရှင်မဟာရဋ္ဌသာရနှင့် ဝဏ္ဏပဘာ’ ဟုဖော်ပြထားပြီး(၂)(၃)(၄) တို့တွင်မပါ။ မည်သည်က အမှန်ဖြစ်သနည်း။

 

၆။ ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်သည့် ခုနှစ်

 

ကျောင်းစာအုပ်တွင် ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်သည့်ခုနှစ်ကို ၁၉၉၉ ဟု ဖော်ပြထား၏။ (၁) တွင် ‘ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ၊မြန်မာစာဌာန၏ တွဲဖက် ပါမောက္ခ (ဌာနမှူး) အဖြစ်မှ ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။’ ဟုဖော်ပြထား၏။ (၂) နှင့် (၃) တွင် ၁၉၉၃ နိုဝင်ဘာလဟု ဖော်ပြထားပြီး (၄) ၌ မပါ။  မည်သည်က အမှန်ဖြစ်သနည်း။

 

၇။ ကွယ်လွန်သည့်ရက်စွဲ

 

ကျောင်းစာအုပ်တွင် ကွယ်လွန်သည့်ရက်စွဲကို ၂၀၁၇၊ အောက်တိုဘာလ ၁၀ ရက်နေ့ ဟု ဖော်ပြထား၏။ (၁) တွင် ၂၀၁၇၊ အောက်တိုဘာလ ၁၂ ရက်နေ့ ဟု ဖော်ပြထား၏။ (၂) တွင်မပါ။ (၃) နှင့် (၄) တွင် ၁၀၊ ၁၀၊ ၂၀၁၇ ဟု ဖော်ပြထား၏။ BBC က သတင်းဖြစ်လေရာ ၁၀ ရက်နေ့တွင် ကွယ်လွန်ပြီး ၁၂ ရက်နေ့၊ ညနေ ၃ နာရီ၊ ထိန်ပင်သုဿာန်တွင် သင်္ဂြိုဟ်မည်ဟု ဖော်ပြထားသဖြင့် သည့်ထက်သေချာတာတော့ မရှိနိုင်တော့ပြီ။ 

 

စာတစ်မျက်နှာတည်း၌ပင် ကွဲလွဲချက်ပေါင်း (၇) ခုမျှ ပါရှိလေရာ စာတစ်အုပ်လုံးသာဆိုလျှင် တွေးရဲစရာတောင် မရှိပါ။

 

ကျွန်ုပ်တော့ အတော်စိတ်ကုန်သွားပါပြီ။ 

မည်သည့်နေရာကရသည့် အချက်အလက်များကိုမှ မယုံတော့ပါ။ 

ကျောင်းစာအုပ်ထဲမှာ နှစ်ငါး ဆိုလျှင် သည်အတိုင်းပင် နှစ်ငါး လိုက်ပါတော့မည်။

လျှောက် လျှာမရှည်တော့ပါ။

လူမိုက်

 

အေးငြိမ်း

၈ နိုဝင်ဘာလ၊ ၂၀၂၂










No comments: