(‘မိုး’ ဆိုလို့ ဟို . . ‘မိုး’ ပါတဲ့ကောင်မလေးတွေ ရင်တွေဘာတွေ ခုန်မနေနဲ့ဦးနော။ အခုပြောမယ့် ‘မိုး’ က ကောင်းကင်က ရွာချလာတဲ့ ‘မိုး’ ကို ပြောမှာ။ အဟက်စ်)
အိပ်ယာကနိုးလာတော့ ပြတင်းပေါက်က အလူမီနီယမ် sun shade တွေကို လာပက်နေတဲ့ မိုးပေါက်သံ တဖြောက်ဖြောက် ကြားနေရတယ်။ မိုးတဖြောက်ဖြောက်နဲ့ အင်မတန် အိပ်လို့ကောင်းတာကလား။ အဲဒါနဲ့ အဲကွန်းပိတ်ပြီး ပြန်နှပ်နေလိုက်သေးတယ်။ ဒါပေမယ့်လည်း အကြာကြီးနှပ်နေလို့ မရဘူး။ အလုပ်က သွားရဦးမှာ မဟုတ်လား။ ကတောက်စ်
(မနက် အိပ်ရေးမဝဘဲ အိပ်ယာကထရတဲ့အခါတိုင်း ကျော်က ရွာက ကိုဖိုးအောင်ကို အမြဲသွား သတိရလေ့ရှိတယ်။ ကိုရင်ဖိုးအောင်က လူပျိုကြီး။ ဘာအလုပ်ကမှမရှိဘူး။ လယ်ကိုငှားစားပြီး လယ်ငှားခရတာနဲ့ ထိုင်စားနေတာ။ သူ့မှာ သူနဲ့ သူ့အမေ အမေမယ်ညိုနဲ့ သားအမိနှစ်ယောက်ပဲ ရှိတယ်။ အခုတော့ အမေမယ်ညိုလည်း ရှိချင်မှတောင် ရှိတော့မှာပါ။ ဆိုတော့ အိပ်ပါလေ့ ကိုဖိုးအောင်။ ကြိုက်တဲ့အချိန်မှ ထ။ အိပ်ချင်မူးတူးနဲ့ ထ,ရတဲ့အခါတိုင်း ကျုပ်တော့ ကိုဖိုးအောင်ကို သတိမရဘဲကို မနေနိုင်ဘူး။ စိတ်ရှိလက်ရှိအိပ်နေနိုင်တဲ့ ကိုရင်ဖိုးအောင်ကို တခါတခါ အားကျမိရဲ့။)
ဆိုပါတော့။ မထချင်ထချင်နဲ့ပဲ ထလိုက်ရတယ်။ မိုးက မိုးတင်မဟုတ်ဘူး။ လေပါ ပါလာတာ။
ထုံးစံအတိုင်းဆို စင်ကာပူမှာ (၇) နာရီဆို မိုးစင်စင်လင်းနေပြီ။ နေတောင်ထွက်နေပြီ။
ဒါပေမယ့် ကနေ့တော့ ကောင်းကင်တစ်ခုလုံး မဲမှောင်လို့။ အလင်းရောင်ကို မမြင်ရဘူး။ လေတွေကလည်း တဟူးဟူး တိုက်လို့ပါလား။ မိုးက အသည်းအသန်ချမဲ့ပုံပဲ။
စင်ကာပူမိုးက ရွာပြီဆို အရီးတို့ပြောသလို ရေအိုးကို သွန်ချသလိုကို ရွာတာ။
တခါတည်း လမ်းတွေပေါ်မှာဆို ရေက ဒူးလောက်ကို ရောက်တော့တာ။ ပလက်ဖောင်းတွေပေါ်မှာတောင် ခြေခုံ မြုပ်တယ်။
အဲဒါနော် စင်ကာပူက လမ်းတွေဆိုတာ ရေဆင်းမြောင်းတွေကို ပိတ်ဆို့မနေအောင် အသေအချာလုပ်ထားတာ။ အမှိုက်တွေနဲ့ ပိတ်ဆို့မနေအောင်လည်း ကန်ထရိုက်တာတွေနဲ့ အမြဲ သန့်ရှင်းရေးလုပ်နေတာ။
စကားစပ်မိလို့ ပြောရအုံးမယ်။
စင်ကာပူမှာ အလကားရလာတဲ့ မိုးရေတွေကို ဒီအတိုင်း လွှင့်ပစ်လိုက်တာမဟုတ်ဘူး ခည။
ကောင်းကင်က ကျလာတဲ့မိုးရေတွေကို အဖိတ်အစဉ် အလေအလွင့် နည်းနိုင်သမျှ နည်းအောင် ရေကန်ကြီးတွေထဲကို ကဲ့ယူတယ်။ နောက်ပြီးတော့ အဲဒီမိုးရေတွေကို ပြန်သုံးတာ ခင်ဗျာ။
အဲဒါကြောင့် သူတို့က ရေမြောင်းတွေကို သေသေချာချာ ဒီဇိုင်းလုပ်ပြီး ဖောက်ထားတယ်။
ဒီမှာတော့ ပြောချင်တဲ့ ‘မိုး’ အကြောင်းကနေ ဘေးချော်သွားမှာစိုးလို့ စင်ကာပူကလူတွေ မိုးရေကို ပြန်သုံးတဲ့အကြောင်း မပြောတော့ပါဘူး။ အဲဒီအကြောင်းကို ကိုယ် ‘စင်ကာပူက ရေ’ ဆိုပြီး ရေးထားတာရှိတယ်။ စိတ်ဝင်စားရင် ရှာဖတ်ကြည့်။ ‘စင်ကာပူ ဥယျာဉ်နိုင်ငံ’ ဆိုတဲ့ ကိုယ့်စာအုပ်ထဲမှာ ရှိတယ်။ ကိုယ့် blog ထဲမှာလည်း ရှိတယ်။
အရင်တုံးကတော့ ထီးဆောင်ထားတယ်။
ဒါပေမဲ့ ထီးက မိုးတကယ်ရွာလာပြီဆို မလုံဘူးဗျ။
ခုနက ပြောသလို စင်ကာပူမိုးက သူ့ချည်းရွာတာ မဟုတ်ဘူး။
လေကလည်း အသည်းအသန်တိုက်တာဆိုတော့ ထီးက အပေါ်ပိုင်းပဲ လုံတယ်။ အောက်ပိုင်းတွေ အကုန် တုတ်တုတ်ကျ။
နောက်တစ်ခုက ကျုပ်က အင်ဗရိုမင်တယ်ဖရန့်လီးဖြစ်အောင် စက်ဘီးစီးတယ်။
ဆိုတော့ မိုးရွာလာရင် စက်ဘီးကတစ်ဘက်၊ ထီးကတစ်ဖက်နဲ့ အဆင်မပြေဘူး။
ထီးဆောင်းရင်း စက်ဘီးစီးလို့ တစ်ခါလဲဖူးတယ်။
အဲဒီနေ့ကလည်း မိုးတွေရွာနေတယ်။ ဒါပေမယ့် လေတော့ အရမ်းမတိုက်ပါဘူး။
ကိုယ်လည်း ဘဲလ်တီးတာပဲ။ ကလင်လင်လင်လင်, ကလင်ကလင်, ဟဲ့ . . . ကလင်
ဒါပေမယ့် မိုးနဲ့ဆိုတော့ သူတို့မကြားကြဘူးထင်တယ်။ ကောင်လေး (၄) ယောက်။ လမ်းကို ပိတ်ရပ်နေကြတယ်။ မီးပွိုင့် စောင့်နေတာ။ Soon Lee နဲ့ Pioneer Road North လမ်းဆုံ။
သူတို့ဖယ်မပေးတော့ ဘရိတ်ကို ဖမ်းလိုက်တယ်။
ဘရိတ်ကလည်း သောက်ကျိုးနဲကောင်းတော့ နည်းနည်းလေးဖမ်းလိုက်တာနဲ့ တုံ့ကနဲ ရပ်သွားတယ်။
သူတို့ကလမ်းဖက်မှာ၊ ကိုယ် ခြေထောက်မဲ့ဘက်မှာက ဘာမြက်ခင်းမှ မရှိဘူး၊ မြေနိမ့်။
အဲတော့ မထိန်းနိုင်ဘဲ ပစ်လဲတော့တာပေါ့ဗျာ။
ခြင်းထဲက ထမင်းချိုင့်တွေ ဂလုံ၊ ဂလွမ်နဲ့ မှောက်ကျ။
‘အဲဒါ ငါတို့မှားတာကွ’ တဲ့။ ဗမာကောင်လေးတွေပါလား။
ငါတို့မှားတယ်သာဆိုတယ်၊ စက်ဘီးနဲ့ အလဲလဲအပြိုပြိုဖြစ်နေတာတောင် နည်းနည်းမှ ကူဖော်မရဘူး။
အဲဒါနဲ့ ကျုပ်လည်း ‘ဒီကာလ်သွန်’မှာ မိုးကာအင်္ကျီဝယ်လိုက်တယ်။
ကျောပိုးအိတ်ကိုပါ ထည့်ခြုံရမှာမို့ အကြီးဆုံးမိုးကာ ဝယ်တယ်။ ဒါတောင် နည်းနည်းလေး ကြပ်နေသေးတယ်။
မိုးကာနဲ့ဆိုတော့ ဘယ်လောက်မိုးသည်းသည်း၊ ဘယ်လောက် လေတိုက်တိုက်၊ မှုစရာမလိုတော့ဘူး။
နောက်ပြီး လက်ကိုင်ကို နှစ်ဖက်စလုံး နိုင်နိုင်နင်းနင်းကိုင်နိုင်တော့ စက်ဘီးလဲမှာလည်း ပူစရာမလိုတော့ဘူးပေါ့လဗျာ။
မိုးအသည်းအသန်ရွာပြီဆို ကျုပ်က ကွင်းထိုးဖိနပ်စီးပြီး ပလတ်စတစ်အိတ်နဲ့ ခြေထောက်ကို ပတ်သွားတယ်။
ရှူးဖိနပ်ကိုတော့ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး စက်ဘီးနောက်မှာ ညှပ်သပေါ့။
ဆိုတော့ မိုးတအားသည်းပြီဆိုလည်း ကျုပ်ကတော့ ပြုံးပြုံးပဲ။ ဂျေညီညီရဲ့ ‘ဒီမိုး ဒီမိုး ဒီမိုး သည်းတဲ့ညတွေ’ ဒါမှမဟုတ် စိုင်းထီးဆိုင်ရဲ့ ‘မေမြို့မိုး’ ကို ဆိုပြီး စတိုင်မပျက် နင်းသွားနိုင်တော့တာပေါ့။ မိုက်တယ်နော့။
ဒါပေမဲ့ မုန်းဘို့ကောင်းတဲ့ မိုး အကြောင်းပြောရအုံးမယ်။
ကျုပ် မို့ အိမ်ကထွက်ပြီဆို အသည်းအသန်ချတော့တာပဲ။ ဟော - သင်တန်းခန်းထဲလည်းရောက် မိုးလည်းစဲ။
အဲသလိုပဲ။ သင်တန်းပြီးလို့ အိမ်ပြန်တော့မယ်ဆို ချပြီ။ တဝုန်းဝုန်း။
အိမ်ရောက်ပြီဆိုတာနဲ့ မိုးလည်းစဲ။ ယခွမ်းဒဲ့မှ
ညဘက်မိုးရွာရင် တခါတခါ ငယ်ငယ်တုံးက ဒွတ်ခများခဲ့တာတွေ သွား သွား သတိရတာလည်း ရှိရဲ့။
အဖေကြီးက လယ်သမား။ လယ်လေး မဖြစ်ညစ်ကျယ် (၅) ဧကလောက် ပိုင်တယ်။
ကောက်ရိတ်ပြီးလို့ ညဘက် မိုးရွာပြီဆို အင်မတန် ဒုက္ခများတာကလား။
ညကြီးမင်းကြီး လယ်ထဲသွား၊ ကောက်လှိုင်းတွေ စုပုံသင့်တာပုံ။ ထပ်သင့်တာထပ်။ မိုးကာနဲ့ အုပ်လိုအုပ်။ လုပ်ရတယ်။
မနက်ကျတော့လည်း မိုးရေစိုနေတဲ့ ကောက်လှိုင်းတွေကို လှန် ပေးရသေးတယ်။ ခြောက်သွားအောင်။
အဲ - ကောက်လှိုင်းတွေမိုးစိုနေတာ မလှန်လို့ကတော့ ၃-၄-၅ ရက်လောက် ကြာသွားရင် စပါးစေ့တွေ အညှောင့်ထွက်ပြီး မြေကြီးမှာ အမြစ်တွယ်နေပြီ။ ကောက်လှိုင်းလည်း လှန်လိုက်ရော အကုန် တဗြုတ်ဗြုတ်နဲ့ ကြွေကုန်ရော။ သေပေရော့။
ကျုပ်တို့မြန်မာစကားပုံမှာ မိုး နဲ့ လ ကို ဆိုထားတာလေးရှိတယ်။
‘လ’ ကိုကျတော့ မသာလည်းတ၊ သာလည်းတ၊ ဖိုးရွှေလ တဲ့။
‘မိုး’ ကိုကျတော့ မရွာလည်း ဆဲ၊ ရွာလည်း ဆဲ တဲ့။
မိုးကလည်းဟယ်၊ ရွာပဲ မရွာနိုင်ဘူး။ သေချင်းဆိုး မိုး (မရွာလည်း ဆဲ)
အဲဒီ $ဂမြင်းမ မင်းအောင်လှိုင် (ဟုတ်ပေါင် - မှားကုန်ပြီ)
အဲဒီ $ဂမြင်းမ ‘မိုး’၊ စဲပဲမစဲနိုင်ဘူး။ (ရွာလည်းဆဲ)
ခညားတို့လည်း ‘လ’ လိုနေမလား။ ‘မိုး’ လိုနေမလား။
စဉ်းစားကြပေါ့ဗျာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂ နိုဝင်ဘာလ၊ ၂၀၂၂
No comments:
Post a Comment