(၁) အိုးစည်သံ
“ညဦးလရောင်အောက်တွင် ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည် အိုးစည်သံ နှင့် သမီးမောင်နှံပမာ ဘုရားသွားကျောင်းတက် အတူ ထွက်ပေါ်လာလေ၏။”
ဒသမတန်း ပင်ရင်းမြန်မာစာတွင် ဆရာကြီး မင်းသုဝဏ်၏ ချစ်စရာကောင်းသော ‘အိုးစည်သံ’ ရသစာတမ်းကလေးကို ထည့်သွင်းပြဋ္ဌာန်းထား၏။
ထို ရသစာတမ်းကလေးတွင် အထက်ပါ စာပိုဒ်သည် ပါ၏။
အသင်တို့သည် မုန့်ဆန်းအကြောင်း ကောင်းကောင်းသိမှသာလျှင် ‘ညဦးလရောင်အောက်တွင် ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည် အိုးစည်သံ နှင့် သမီးမောင်နှံပမာ ဘုရားသွား ကျောင်းတက်အတူ ထွက်ပေါ်လာလေ၏။’ ဟူသော စာပိုဒ်ကိုနားလည်နိုင်မည် ဖြစ်၏။
‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဆိုသည်မှာ ဘာကို ဆိုလိုတာပါနည်း။ ကျွန်ုပ် မေးကြည့်၏။
ပထမဆင့် -
‘မုန့်ဆန်းကို သိသလား။’
အချို့လည်းသိ၏။ အချို့က ကြားတောင် မကြားစဖူး။
မုန့်ဆန်းကိုသိသည် ဆိုသူများအား ကျွန်ုပ် ဆက်မေး၏။
‘မုန့်ဆန်းကို စားဖူးသလား။ မုန့်ဆန်းဆိုတာ ဘယ်လိုဟာမျိုးလဲ။’
ထိုအခါ ‘မုန့်ဆန်းဆိုသည်မှာ ကောက်ညှင်းဆန်ကို ပြားထားပြီး စားလိုသည့်အခါ ရေနွေးဖျောလျက် သကြားထည့်ကာ စား၏’ ဟု ဖြေကြ၏။
‘အင်း၊ မှန်တော့မှန်တယ်။ မဟုတ်သေးဘူး’ ဆိုကာ ကျွန်ုပ် နောက်မေးခွန်းတစ်ခု ဆက်မေး၏။
‘ဒါဆို မုန့်ဆန်းကို ဘယ်လိုလုပ်ထားတာလဲ’
ထိုအခါ ‘မုန့်ဆန်းဆိုသည်မှာ ကောက်ညှင်းဆန်ကို ထုထောင်းကာ ပြားထားခြင်းဖြစ်သည်’ ဆို၏။
ငမ် -
ကောက်ညှင်းဆန်ကိုသာ ထောင်းလိုက်လျှင် မုန့်ဆန်းတော့ရမှာမဟုတ်။ ကောက်ညှင်းဆန်မှုန့်များကိုသာ ရပေလိမ့်မည်။
သည်တော့မှ ကျွန်ုပ်က သူတို့ကို မုန့်ဆန်းအကြောင်း ရှင်းပြရလေ၏။
အသင်တို့ကား တောသားမဖြစ်ဖူးသည်မှာ တဖူနာလေစွ။
တောသားမဟုတ်သူ အသင်တို့သည် မုန့်ဆန်းဆိုသည်ကို သိမည်မဟုတ်သလို မုန့်ဆန်းအစစ်ကိုလည်း စားဖူးကြလိမ့်မည်မဟုတ်ချေ။
(၂) ကျွန်ုပ်နှင့် adequate instruction အကြောင်း
ကျွန်ုပ် ၁၂ နှစ်သား အရွယ်က ဖြစ်၏။ (အဘယ်ကြောင့် ၁၂ နှစ်သားအရွယ်ဟု ပြောနိုင်သနည်းဟူမူ ကျွန်ုပ်မိခင်သည် ကျွန်ုပ် အသက် ၁၃ နှစ်သားတွင် ကွယ်လွန်ခဲ့၏။ ယခုအဖြစ်အပျက်မှာ ကျွန်ုပ်မိခင် မကွယ်လွန်မီက ဖြစ်သဖြင့် ၁၂ နှစ် သားဟု ခန့်မှန်းရခြင်း ဖြစ်သတည်း။)
ချမ်းအေးလှသော တစ်ညနေ၌ အစ်မကြီးက (ကျွန်ုပ်တို့က အမေကို အစ်မကြီး ဟု ခေါ်၏။ ဤကား စကားချပ်)
‘လူလေးရေ - မုန့်ဆန်း ထောင်းစားရအောင် လယ်ထဲမှာ စပါးသွားရိတ်ချေဟေ့’
‘ဘယ်နားက လယ်ကွက်ကို ရိတ်ရမှာတုန်း ခည’
‘ဒို့လယ် အဝင်ဝမှာ ဝင်းဝါနေတဲ့ လယ်ကွက်တွေရှိတယ်။ အဲဒီကနေ တစ်လှိုင်းစာလောက် ရိတ်လာခဲ့’
ကျွန်ုပ်လည်း တံစဉ်ကိုင်ကာ လယ်ကွက်ထဲသို့ ထွက်လာခဲ့၏။
အောင်မငီးဗျ။
လယ်ကွက်ထဲရောက်သော် ကွင်းပြင်တစ်ခုလုံးမှာ ဝင်းဝါလျက် ရှိသည်ကို တွေ့ရလေ၏။
ကျွန်ုပ်မိခင်က ဒို့လယ် အဝင်ဝက လယ်ကွက် ဟု လမ်းညွှန်လိုက်သဖြင့် ကျွန်ုပ်လည်း ကွင်းထဲ ဝင်ဝင်ချင်း တွေ့ရသည့် လယ်ကွက်ထဲမှ ကောက်တစ်လှိုင်းစာလောက် ရိတ်လျက် ပြန်လာခဲ့၏။
အိမ်သို့ရောက်သော် ကျွန်ုပ်မှာ ဝိုင်းလှောင်ကြခြင်းကို ခံရလေသတည်း။
‘ဟဲ့၊ နင့်ဟာက ကောက်ကြမ်းစပါးတွေကို၊ ဘယ်နှယ်လုပ် မုန့်ဆန်းထောင်းမတုံး’ ဟု ဆို၏။
၁၂ နှစ်သားအရွယ် ကလေးငယ်တစ်ဦးအနေနှင့် ကောက်ကြမ်းစပါးနှင့် ကောက်ညှင်းစပါး မည်ကဲ့သို့ ကွဲပြားသည်ကို သေသေချာချာ သင်ကြားပြသ မပေးပါဘဲလျက် အော်တိုမက်တစ် သိလိမ့်မည်ဟု ကျွန်ုပ်မယူဆပါချေ။ ထို့ပြင် မုန့်ဆန်း ဆိုသည်မှာ ကောက်ညှင်းစပါးကို ထောင်းရမှန်းလည်း ကျွန်ုပ် မသိသေးဟု ထင်ပါသည်။
ဤသည်မှာ လူတို့၏ မကောင်းသော အမူအကျင့်ဖြစ်၏။
အသင်တို့သည် တစ်ဦးဦးကို တစ်စုံတစ်ခုခိုင်းတော့မည် ဆိုပါစို့။
ညွှန်ကြားချက် အတိအကျနှင့် အပြည့်အစုံပေးရမည်။
အသင်တို့က ညွှန်ကြားချက် သေသေချာချာ မပေးပါဘဲနှင့် အခိုင်းခံရသူက သောက်တလွဲလုပ်လာပါမူ အသင်တို့သည် သူ့ကို အပြစ်မတင်သင့်။ ကိုယ့်ပါးကိုယ်သာ ပြန်ချသင့်လေ၏။
အကယ်ဆို -
‘လူလေးရေ - ဒို့ မုန့်ဆန်းထောင်းစားရအောင် စပါးတစ်လှိုင်းလောက် သွားရိတ်ချေဟေ့။ ဒို့လယ်ထဲကို ဝင်သွားရင် ပေါက်ပင်ကြီး တွေ့လိမ့်မယ်။ အဲဒီ ပေါက်ပင်ကြီးဟိုဘက် လယ်နှစ်ကွက်ကျော်မှာ အညိုရောင်သန်းပြီး ဝါဝင်းနေတဲ့ စပါးခင်း တွေ့လိမ့်မယ်။ နောက်ပြီး အဲဒီစပါးတွေက တခြားစပါးတွေနဲ့မတူဘဲ မွှေးနေတယ်။ အဲဒီလယ်ကွက်ထဲက ကောက်ညှင်းစပါး တစ်လှိုင်းစာလောက်ရိတ်ခဲ့။’ - ဟု သေသေချာချာ ညွှန်ကြားပြသပေးရမှာ ဖြစ်၏။
ထိုညက ကျွန်ုပ်တို့ မုန့်ဆန်းမစားလိုက်ရလေ။
(၃) မုန့်ဆန်း
မုန့်ဆန်းကို ကောက်ညှင်းစပါးမှ လုပ်၏။
ကောက်ညှင်းစပါးဆိုသည့်တိုင် ထိုစပါးသည် ကာလသား ကောက်ညှင်းစပါးမျှ ရှိသေး၏။ လူကြီးကောက်ညှင်းစပါး မဖြစ်သေး။ ဤသည်ကိုလည်း အသင်တို့ သိမည်မဟုတ်။ ကျွန်ုပ် ရှင်းပြပါအံ့။
စပါးစဖြစ်လာတော့ စပါးခွံထဲမှာ နို့ရည်စတည်၏။ ထို့နောက် ထိုစပါးနို့ရည်သည် တဖြည်းဖြည်းနှင့်ခဲလာ၏။ စပါးနှံများ ဝင်းဝါပြီး ရင့်မှည့်လာသည့်အခါကျမှ ဆန်ဘဝရောက်တာ ဖြစ်၏။
မုန့်ဆန်းဆိုသည်မှာ ဆန်ကို ထောင်းရတာမဟုတ်။ ဆန်ကိုထောင်းလျှင် အကုန်ကျေကုန်လိမ့်မည်။
မုန့်ဆန်းထောင်းမည့် ကောက်ညှင်းစပါးသည် နို့ရည်ခဲပြီး ဆန်အဖြစ်မရောက်မီ ဆန် ခပ်ပျော့ပျော့အနေအထားတွင် ရှိရ၏။ ဆန်လုံးလုံးဖြစ်သွားသည့် ကောက်ညှင်းစပါးကို ‘လူကြီးကောက်ညှင်းစပါး’ ဟု ခေါ်လိုက်ပြီး ဆန်မဖြစ်သေးမီ ခပ်ပျော့ပျော့ဆန်အခြေအနေသာ ရှိသေးသည့် ကောက်ညှင်းစပါးကိုမူ ‘ကာလသား ကောက်ညှင်းစပါး’ ဟု ကျွန်ုပ်က တင်စားလိုက်ခြင်းဖြစ်ပါ၏
စပါးကို မောင်းညိုချိန်တွင် ရိတ်သိမ်းရ၏။ ထို့ကြောင့် မုန့်ဆန်းထောင်းမည့်စပါးမှာ မောင်းမညိုခင် အနေအထား ဖြစ်ပါ လိမ့်မည်။ ကျွန်တော် အတိအကျမသိပါ။ စိုက်ပျိုးရေးသမားများတော့ သိချင် သိပါလိမ့်မည်။ ရွာမှလူများ သွားမေးလျှင်လည်း မရေမရာသာ ဖြေကြလိမ့်မည် ထင်ပါသည်။
(အမှန်တကယ်ဆိုလျှင် မည်သည့်စပါးသည် စစိုက်သည့်အချိန်မှ ဘယ်နှစ်ရက်သား ရလျှင် နို့ရည်စတည်သည်။ ဘယ်နှစ်ရက်သားတွင် နို့ရည် စခဲသည်။ ဘယ်နှစ်ရက်သားတွင် ဆန်ဖြစ်ပြီ။ ဘယ်နှစ်ရက်သားဆိုလျှင်တော့ ရိတ်လို့ရပြီ ဆိုသည်ကို အတိအကျ လေ့လာ သုတေသန ပြုသင့်သည် ထင်ပါ၏။ ကျွန်ုပ်တို့ဆီတွင်မတော့ ဤကဲ့သို့ လေ့လာ သုတေသန ပြုထားသည်များ ရှိမရှိ မပြောတတ်ပါ။ ဤကား စကားချပ်)
ဦးစွာ ကာလသား ကောက်ညှင်းစပါးများကို ရိတ်လာပြီးသကာလ ဖျာခင်းပြီး ဖျာပေါ်တွင် သစ်သားတုံးချကာ ထိုသစ်သားတုံးတွင် ကောက်လှိုင်းကို ရိုက်လျက် စပါးစေ့များကို ချွေချရ၏။ ထို့နောက် ထိုစပါးများကို လှော်လိုက်လျှင် အလွန်သင်းပျံ့သော ရနံ့ရှိသည့် စပါးလှော်များရ၏။
ထိုလှော်ထားသည့်စပါးများကို သစ်သားဆုံကြီးတွင် ထည့်လျက် ထိပ်နှစ်ဘက်တွင် ခြေသလုံးလောက်တုတ်ပြီး အလယ် လက်ကိုင်မည့်နေရာတွင် လက်ကောက်ဝတ်ခန့်ရှိသည့် သစ်သားကျည်ပွေ့ကြီးနှင့် ယောက်ျားကြီးများက အသားကုန် ထောင်းရတာ ဖြစ်၏။ မုန့်ဆန်းထောင်းရတာ သိပ်တော့ မသက်သာလှပါချေ။ ချမ်းအေးနေသည့် ရာသီတွင်ပင် ချွေးများ စို့လာသည်ထိ ထောင်းရတာ ဖြစ်၏။
မုန့်ဆန်းကို အဲသလို လုပ်ရတယ်ဆိုတာ အသင်တို့သိမှသာလျင် ဆရာကြီးမင်းသုဝဏ်၏ -
‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဆိုသည့်စကားကို နားလည်နိုင်ပေလိမ့်မည်။
မုန့်ဆန်းထောင်းသည့်အခါ သစ်သားဆုံထဲကို သစ်သားကျည်ပွေ့ကြီးဖြင့် ထောင်းရသည့်အတွက် ထုံကနဲ ထုံကနဲ အသံမြည်ကာ မြေကြီးပင် တုန်ခါသွား၏။ မုန့်ဆန်းထောင်းသည့်အသံကို ခပ်ဝေးဝေးကပင် ကြားနိုင်၏။ ထို့ကြောင့်သာလျှင် ဆရာကြီးက ‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဟု တင်စားရေးဖွဲ့ထားခြင်း ဖြစ်သတည်း။
အဲသလို အသားကုန် ထောင်းလိုက်သည့်အခါ စပါးခွံထဲ၌ရှိနေသည့် ကာလသားကောက်ညှင်းဆန်များသည် အခွံမှကျွတ်ကာ ပြားသွားလေ၏။ ထို့နောက်တော့ ထိုထောင်းပြီးသားစပါးခွံရောနေသည့် မုန့်ဆန်းကို ဆုံမှ ထုတ်ကာ စပါးခွံများကို ပြာတီးထုတ်ရ၏။
ထိုခါတွင်မူ အလွန် သင်းပျံ့မွှေးကြိုင်သော မုန့်ဆန်းကို ရပါပြီ။
ကာလကြာမြင့်စွာကတည်းက မုန့်ပုံးများထဲတွင် သိုလှောင်ထားခဲ့သည့် ကျောက်ခဲတမျှမာကြောနေသော ကောက်ညှင်း ဆန်ပြားများကို ရေနွေးဖျောကာ သကြားထည့်လျက် မုန့်ဆန်းဟုအမည်တပ်ကာ စားနေကြရသည့် အသင်တို့ကို ကျွန်ုပ် လွန်စွာမှ သနားလှပါဘိတော့၏။ ထိုဆန်ပြားများကို ရေနွေးဖျောကာ သကြားထည့်ထားသည့်အရာသည် မုန့်ဆန်းတော့ ဖြစ်မည်မဟုတ်။ သကြားဆန်ပြားသာ ဖြစ်ချိမ့်မည်။ ထိုအရာ၌ မုန့်ဆန်းအရသာ ဘယ်လိုမှ ရနိုင်စရာ အကြောင်းမရှိ။ သကြားနှင့် အုန်းသီးအရသာကိုသာ ခံစားနိုင်ကြပေလိမ့်မည်။
အခုမှ ဆုံကထုတ်ခါစ မုန့်ဆန်းမှာမူ ပျော့ပျော့ပျောင်းပျောင်း၊ ထွေးထွေးကလေး ရှိလျက် ဘာသကြားမှ ထည့်စရာမလို။ သည်အတိုင်းစားရတာ အလွန်အရသာရှိလှပါပေတောင်း။
ယခုတော့ ကျွန်ုပ်လည်း ရွာမှဝေးကာ မုန့်ဆန်းအစစ်ကို မစားရတာ ကြာပါပြီ။
ရွာမှလူများလည်း ကျွန်ုပ်တို့ ငယ်စဉ်ကကဲ့သို့ မုန့်ဆန်းထောင်း စားကြသေးသလား။ မစားကြတော့ဘူးလားဆိုတာ ကျွန်ုပ် မသိပါ။ ရွာက ကလေးများတောင် မုန့်ဆန်းကို မသိကြတော့ ဆိုလျှင်ဖြင့် ကျွန်ုပ် အလွန်ဝမ်းနည်းမိမည် ဖြစ်ပါသည်။
လယ်ကိုအခြေခံထားသော ကျွန်ုပ်တို့သည် မုန့်ဆန်းနှင့် မကင်းကွာစကောင်း။
မုန့်ဆန်းစစ်စစ်၏ အရသာကလေးကို တစ်ခါတလေတော့ဖြင့် ခံစားကြည့်ချင်ပါသေးသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၂ ဖေဖော်ဝါရီလ၊ ၂၀၂၂
No comments:
Post a Comment