Sunday, September 19, 2021

ကွမ်းမြုံ့ခြင်း အနုပညာ

စိမ်ပြေနပြေနေတတ်သည့် အလေ့အထ

 

ရန်ကုန်မြို့လမ်းထောင့်များရှိ အဆင်သင့်ထုပ်ထားသည့် ကွမ်းယာများကိုရောင်းချသော ကွမ်းယာဆိုင်ငယ်လေးများမှာ ကွမ်းစွဲနေသူအများစုအတွက်တော့ အဆင်ပြေလှ၏။ ကွမ်းယာ၏အရသာကို စေ့စေ့စပ်စပ် ခံစားတတ်သူများအဖို့မူ လောကကြီးတစ်ခုလုံး ဘာကြီးဖြစ်နေပါစေ၊ ၎င်းတို့၏အကြိုက်ကွမ်းယာကိုမူ မိမိဘာသာ စိတ်ကြိုက်ယာစားလေ့ ရှိကြ၏။ သို့သော်လည်း သွားသုတ်သုတ်၊ လာသုတ်သုတ် ဖြစ်နေသည့် ယခုခေတ်တွင်မူ ထိုကဲ့သို့ ကွမ်းယာကို ဇိမ်နှင့်ယာစားဘို့ရာ မလွယ်လှတော့ပါ။ ကွမ်းယာဆိုင်မှာ ခဏရပ်၊ အဆင်သင့်ယာပြီးသားကွမ်းယာကိုဝယ်၊ သုတ်သီးသုတ်ပြာ ပါးစပ်ထဲထိုးထည့် သွားရခြင်းဖြင့်သာ ကျေနပ်နေရတော့၏။ 

 

ယခုမူ တစ်ခုခုကို မလုပ်လိုက်ရဘဲ သုတ်သီးသုတ်ပြာနှင့်ချည်းသာ စခန်းသွားနေရသည့်အတွက် ကွမ်းယာကို စိမ်ပြေနပြေ ယာစားသည့် အလေ့အထလေးမှာ ဝမ်းနည်းစရာကောင်းလှစွာပင် ပျောက်ဆုံးသွားရရှာချေပြီ။ ကွမ်းယာဝါးသည် ဆိုခြင်းမှာ နောက်က လူလိုက်လာသလို စားရခြင်းမဟုတ်မူ၍ စိတ်အေးလက်အေး၊ စိမ်ပြေနပြေစားရသည့် အရာမျိုး ဖြစ်ချေ၏။ ကျမအဖွားတို့ခေတ်က မိန်းမပျိုလေးတစ်ဦးကို ခဏလောက် ကြည့်ကြည့်စမ်းပါ။ သူသည် တစ်လက်မ လောက် ကတ္တီပါအနားကွပ်ထားသည့် သင်ဖြူးဖျာချောပေါ်တွင် သိမ်သိမ်မွေ့မွေ့ ကြုံ့ကြုံ့ယုံ့ယုံ့ ထိုင်နေပေလိမ့်မည်။ သူ့ရှေ့တွင်မူ ကွမ်းယာယာဘို့အတွက် လိုအပ်သမျှ တိုလီမိုလီ အကုန်ရှိ၏။

 

မိန်းမပျိုလေးနှင့် ကွမ်းအစ်

 

စက်ဝိုင်းပုံသဏ္ဍာန် ကွမ်းအစ်မှာ အဖုံးကိုဖွင့်ပြီး အထဲကိုမကြည့်သမျှ ရုတ်တရက်ကြည့်လိုက်လျှင် ထုလုံးတစ်ခုလို ထင်ရ၏။ ကွမ်းအစ်အပေါ်ပိုင်း၌ ခပ်နိမ့်နိမ့် အံအသေးနှစ်ခုကို တစ်ခုအပေါ်တစ်ခု ဆင့်လျက် ထပ်ထား၏။ အပေါ်အံ၌ ခွက်ကလေး လေးခုနှင့် ကြေးဝါဘူးသေးသေးကလေးတစ်ခု ပါ၏။ ခွက်ကလေး လေးခုအတွင်း၌ ကွမ်းယာရာတွင် သုံးသည့် အဆာပလာများ ထည့်ထား၏။ ၎င်းတို့မှာ ကွမ်းသီးများ၊ ရှားစေး၊ လေးညင်းပွင့်၊ သစ်ကြမ်းပိုး၊ စမုန်စပါးနှင့် နွယ်ချိုတို့ ဖြစ်၏။ ကြေးဝါဘူးကလေးအတွင်း၌ သန့်စင်ပျော့ပြောင်းသည့် ထုံးရှိ၏။

 

အောက်အံအတွင်း၌မူ ဆေးရွက်ကြီး အခြောက်များကို ထပ်ခါထည့်ထား၏။ ထိုအံကလေးများကို ထုတ်ယူလိုက်ပါက စိမ်းစိုလတ်ဆတ်သော ကွမ်းရွက်များထည့်ထားသည့် အစ်ကြီးကို တွေ့ရပေလိမ့်မည်။

 

လုံမငယ်သည် ကွမ်းညှပ်ငယ်ဖြင့် ကွမ်းသီးများကို အစိတ်ကလေးများဖြစ်အောင် ညှပ်ခွဲလိုက်၏။ ထို့နောက် ဖော့ဖယောင်းလို ပျော့ပြောင်းလှသော သူ့လက်သွယ်သွယ်ကလေးများဖြင့် ကွမ်းရွက်များကို ယူကာ ရိုးတံနှင့် ကွမ်းရွက်ထိပ်ကို ဆိတ်ဖြတ်လျက် ထုံးကို ခပ်ပါးပါးသုတ်လိုက်၏။ 

 

ထို့နောက်တွင်မူ လုံမငယ်သည် ကွမ်းရွက်ပေါ်သို့ ကွမ်းသီးစိတ်များ၊ ဆေးရွက်ကြီး၊ ရှားစေး၊ သစ်ကြမ်းပိုး၊ စမုန်စပါးနှင့် နွယ်ချိုတို့ကို အနည်းငယ်စီထည့်ကာ အနားများကို ခေါက်လိုက်၏။ ကွမ်းယာပြေမသွားစေရန် လေးညင်းပွင့်ဖြင့် ကပ်လိုက်သေး၏။

 

ဘယ်သန်ချည်းများအတွက်တော့ မဟုတ်ပါချေ (Not for the one with two left hands)

 

အရာအားလုံးထက် ကွမ်းယာခြင်းအနုပညာကို တတ်မြောက်ဘို့ရာ သင်ယူလေ့လာမှုနှင့် အလေ့အကျင့်လို၏။ ထို့ထက် နှုတ်ခမ်းကလေးများ ပတ္တမြားကဲ့သို့ နီရဲလာအောင် ကွမ်းယာကို ယဥ်ကျေးသိမ်မွေ့စွာ မြုံ့တတ်ခြင်းကား ပိုလို့တောင် ကျွမ်းကျင်မှုလိုသေး၏။ “ချိုမြိန်သော ပင့်သက်ကလေးများနှင့် ကွမ်းရည်များနှင့်လှပနေသော နှုတ်ခမ်းနီရဲရဲကလေးများ” အကြောင်းကို စပ်ဆိုထားသည့် အချစ်သီချင်း များစွာရှိ၏။

 

ကျမ၏ ငယ်ဘဝနေ့ရက်များတွင် ကျမကြီးပြင်းခဲ့ရသော တောမြို့ကလေး၌ မည်သူတစ်ဦးတစ်ယောက်မျှ နှုတ်ခမ်းနီတောင့် ဆိုသည်ကို မကြားခဲ့ကြ စဖူးပါ။ အခမ်းအနားများတွင် နှုတ်ခမ်းကို အနီရောင် အလှခြယ်ရန်အတွက် လုံမကလေးများကို ကွမ်းယာတစ်ယောက်တစ်ခုစီ ဝါးဘို့ရာ ပေး၏။ သူတို့အားလုံးမှာ လိုလိုချင်ချင်ပင် ကွမ်းယာ ဝါးကြ၏။ အများနှင့်မတူ တမူထူးသည့် ကျမမှာမူ ကွမ်းယာဝါးပြီး အတော်လေး ဒုက္ခများခဲ့ဖူး၏။ ကျမ၏ အကောင်းဆုံး ဂါဝန်အဖြူလေးမှာ ကွမ်းသွေးများစွန်းသွားခဲ့ရပြီး မေးစေ့၌လည်း ကွမ်းသွေးစီးကြောင်းများ ပေပြီးနောက်ပိုင်း ကျမမှာ မည်သည့်အခါမှ ကွမ်းတောင်ကိုင် အချောအလှလေးများအနီးသို့ မကပ်တော့ပါချေ။

 

ကွမ်းရည်ကလေးများနှင့် နီရဲနေသည့် နှုတ်ခမ်းလှလှလေးများ

 

မည်သို့ဆိုစေ၊ မိန်းမပျိုကလေးဟု ဆိုလိုက်လျင် ကတ္တီပါအနားကွပ်ထားသည့် သင်ဖြူးဖျာချောပေါ်တွင် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်လျက် ကွမ်းယာနေသူဟု ပြေးမြင်ယောင်မိကြမည့်ခေတ်၌ ကျမ မွေးမလာသည်ကပင် ကျမအတွက် ကံကောင်းသည် ဟု ဆိုရပါမည်။ ကျမလို နှစ်ဘက်လုံး ဘယ်သန်ချည်းဖြစ်နေသူအဖို့ ကွမ်းယာဘို့ဆိုတာ မလွယ်လှပါ။ ကွမ်းရွက်ပေါ်တွင် အဆာပလာများထည့်လျက် သပ်သပ်ခပ်ခပ် ယာတတ်ဘို့မှာ ကျမအရာမဟုတ်ပါ။ ကျမကြိုးစားပြီး ကွမ်းယာကို လေးညင်းပွင့်များဖြင့် ကပ်သည့်တိုင် စမုန်စပါးစေ့များနှင့် ကွမ်းသီးစိတ်များအားလုံး ထွက်ကျကုန်ပါသည်။

 

ကမ္ဘာပေါ်ရှိ အနည်းငယ်မျှသော အခြားကိုးရို့ကားယား အရာများကဲ့သို့ ကွမ်းအစ်သည်လည်း ကျမအတွက် စိတ်ပျက်စရာ တစ်ခုပင်ဖြစ်ပါသည်။ ထိုအချိန်ကမူ ကျမဝါးခဲ့သော ကွမ်းယာမှ ကွမ်းသွေးများ တဗျစ်ဗျစ်စီးကျနေပြီး အရာအားလုံး ပေရေကုန်လျက် ကဖျဲကရုန်းဖြစ်ခဲ့ရ၏။

 

ထိုအချိန်တွင် လူပျိုကာလသားများ ရစ်သီရစ်သီလုပ်နေရမည့်အစား ကျမမှာ ဘာရခဲ့ပါသနည်း။ ဖြစ်နိုင်သည်မှာ ကျမ၏ အကူအညီမဲ့နေသော အဖြစ်သည်သာ တစ်စုံတစ်ယောက်သောသူ၏ ရင်အတွင်း တို့ဝှေ့ဝင်သွားမည် ဖြစ်ပါသည်။ သို့အတွက် အထီးကျန်ဘဝကိုသာ မျှော်လင့်စရာရှိတော့၏။ ဤမျှ ခိုကိုးရာမဲ့နေချိန်တွင် အချစ်ပန်းကလေး ပွင့်လန်းလာဘို့ရာ အလွန် ခက်ပါလိမ့်မည်။ ကျမကဲ့သို့သော မိန်းမပျိုထံက ကွမ်းယာတစ်ခုတလေတောင်းဘို့ မည်သည့် အမျိုးကောင်းသား တစ်ယောက်တလေမှ​ တန်းစီနေမှာ မဟုတ်ပါ။ အဲသည့်အရာအားလုံး နောက်မတော့ ကွမ်းမြုံ့ခြင်းအနုပညာ ကျဆုံးသွားရသည်ကို ကျမ အဘယ်ကြောင့် ညည်းညူနေရပါဦးမည်နည်း။ 

 

ခင်မျိုးချစ်

The Art of Betel Chewing (from Colourful Burma)

 

ဘာသာပြန်သူ

 

အေးငြိမ်း (လေးမျက်နှာ)

၁၉ စက်တင်ဘာ၊ ၂၀၂၁







No comments: