(၁)
မင်းအောင်လှိုင် မြန်မာပြည်ပြန်ရောက်သွားသည့်နေ့က ကျွန်ုပ် အလွန်ဝမ်းနည်းမိ၏။
စစ်တပ်က အာဏာကို ဓားပြတိုက်ယူသွားပြီးသည့်နောက် ကျွန်ုပ် ဝမ်းနည်းမိသည်မှာ ဤအကြိမ်သည် ပထမဦးဆုံးသော အကြိမ်လည်း ဖြစ်၏။
နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းသွားစဉ်ကလည်းကောင်း၊ မြန်မာပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရစဉ်ကလည်းကောင်း ကျွန်ုပ် ဝမ်းလည်းနည်းမိပါ၏။ မျက်ရည်လည်း ကျမိပါ၏။
သို့သော် ဤတစ်ကြိမ် ဝမ်းနည်းမိပုံကား ခြားနားလှ၏။
(၂)
ကျောင်းသားဘဝကနှင့် ကျောင်းပြီးခါစကာလများကမူ အာဆီယံ ဆိုတာကြီးကို အတော် အထင်ကြီး လေးစားခဲ့မိ၏။
အလုပ်ကလေးတစ်နေရာ ရရေးအတွက် PSC တည်းဟူသည့် အရေမရ အဖတ်မရ စာမေးပွဲကို အကြိမ်ကြိမ်ဖြေရစဉ်က အာဆီယံ အဖွဲ့ဂျီးအကြောင်း၊ အဖွဲ့ဝင်တွေက ဘယ်သူ၊ ၎င်းတို့၏ ရည်မှန်းချက်က ဘာဖြစ်သည်၊ မူဝါဒက ဘယ်သို့ စသဖြင့် အလွတ်ကျက်မှတ်ခဲ့ရဖူးပါ၏။
နောက်ပိုင်း အသက်ကလေး နည်းနည်းရလာလို့ စာလေးဘာလေး အနည်းအကျဉ်းဖတ်၊ ဟိုနိုင်ငံ သည်နိုင်ငံများ အကြောင်း တီးမိခေါက်မိရှိလာမှ အာဆီယံဆိုတာ စည်းဝေးပွဲခေါ်ပြီး တွေ့ကြဆုံကြ၊ ဝိုင်ခွက်ကလေးတွေကိုင်ပြီး ချီးယားကြကာ ဘာတစ်ခုမှ အလုပ်မဖြစ်သည့် မဖြစ်ညစ်ကျယ် ထုတ်ပြန်ချက် ကလေးတွေ ထုတ်နေသည့် အာပလာအဖွဲ့တစ်ခုမှန်း သိရလေတော့၏။
အဲလေ အာဆီယံတစ်ခုတင်ပဲလားဆိုတော့ မဟုတ်ပါ။
နိုင်ငံတကာ အဖွဲ့အစည်းတော်တော်များများမှာလည်း အာပလာ အဖွဲ့များပင် ဖြစ်ပါ၏။
NGO ဆိုသည်ကို ကျွန်ုပ်ယခင်က အတော် အထင်ကြီး လေးစားမိ၏။
သို့သော် နိုင်ငံသားတို့၏ အကျိုးစီးပွား ဆိုသည့်အရာကို ဘန်းပြကာ ပရောဂျက်ဆိုတာကြီးကို အော်ပရိတ်လုပ်နေသူများ က အလှူရှင်နိုင်ငံများက ရံပုံငွေများကို သူတို့အကျိုးစီးပွားအတွက် သုံးဖြုန်းလျက် ပွဲတော်တည်နေမှန်းသိရသည့်အခါ အနှီ NGO ဆိုသည့်အရာကြီးကို အလွန်ရွံရှာ စက်ဆုပ်ခဲ့မိလေတော့၏။
အမှန်ကို ဆိုရလျှင် ပရောဂျက်အတွက် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချပေးလိုက်သည်ဆိုပါစို့။ ၉၉ သန်းသော ပိုက်ဆံတို့မှာ . . . .
စာရွက်စာတမ်းကြေး၊ ပရောဂျက်အတွက် ကျွန်ုပ်တို့ မည်သို့မည်ပုံ အပန်းတကြီး ကြိုးပမ်းကြပါသည်ဟု သက်သေပြ နိုင်ရန် ကြိုးစားအားထုတ်ရသည့်ကြေး၊ ပရောဂျက်မန်နေဂျာကြီးအတွက် အိမ်ငှားခ (အိမ်မှာ ထိုမြို့မှ အကောင်းဆုံးအိမ် ဖြစ်ရမည်)၊ အိမ်စောင့် ၁ ယောက်၊ ခြံစောင့် ၁ ယောက်၊ အဝတ်လျှော် ၁ ယောက်၊ ထမင်းချက် ၃ ယောက်၊ မီးပူတိုက်သူ ၁ ယောက်၊ အိမ်သန့်ရှင်းရေးလုပ်ဘို့ ၁ ယောက်၊ ဗာဟီရခိုင်းဘို့ ၁ ယောက်၊ အညောင်းပြေ အညာပြေ နှိပ်ပေးသူ ၁ ယောက်၊ ညညပျင်းလျှင် ချော့ဘို့ ဂစ်တာတီး သီချင်းဆိုတတ်သူ ကျား ၁ + မ ၁။ ဘီယာသောက်လျှင် အနားမှနေပြီး ဘီယာငှဲ့ပေးဘို့၊ အမြည်းခွံ့ပေးဘို့ ၁၊ ဖိနပ်တိုက်သူ ၁၊ ကားမောင်းသူ ၁၊ အထုပ်ဆွဲသူ ၁ စသည့် ဝန်ထမ်းများအတွက် ပေးရသည့်အခ။ အနှီ အရာရှိဂျီး၏ အထွေထွေ အသုံးစရိတ် (အထွေထွေ အသုံးစရိတ် ဆိုသည်မှာ နာမည်တပ်၍ အကောင်အထည်ပြ မရသော်လည်း အသုံးစရိတ်အားလုံးအတွက် အကြီးမားဆုံး အသုံးစရိတ် ဖြစ်သတည်း) စသည်တို့ဖြင့် ကုန်သတည်း။
(ကျွန်ုပ် ECC ပရောဂျက်မှာလုပ်တုံးက လူကြီးများဆိုလျှင် သူခေါ်ထားသည့် ဖဦးထုပ် ဂဲလ်ဖရန့်အတွက် အိမ်ငှားခ၊ အဲဒီ ကောင်မလေးကို ဝယ်ပေးသည့် လက်ဆောင်ခ၊ ဆေးလိပ်ခ စသည်များကိုပါ တင်တောင်းလေ၏။ မယုံမရှိနဲ့ခင်ဗျ။ ကိုယ်တွေ့။ ဒါထက်ပို သိချင်သေးသည်ဆိုလျှင် ကျွန်ုပ် whatsapp 97303027 ကို ဆက်သွယ်လိုက်ပါ။ ကားလ်စ်ဘတ် ၃ လုံးတိုက်လျှင် ပြောပြပါမည်။)
ကျန် ၁ သန်းအနက် ၉ သိန်းလောက်မှာ လုပ်ငန်းအဆင်ပြေစေရန် ဒေသဆိုင်ရာ အရာရှိတို့ကို ခွံ့ရတာ၊ ပရောဂျက် အကောင်အထည်ဖော်ဘို့ လူတွေခန့်ရတာ၊ ခရီးစရိတ်၊ စည်းဝေးပွဲကျင်းပရသည့် စရိတ်၊ ရေဆာလို့ ဘီယာသောက်ရသည့် စရိတ် စသည်တို့အတွက် ဖြစ်ပြီး ကျန် ၁ သိန်းကိုမူ ပရောဂျက်အတွက် လျာထားတာဖြစ်၏။ (အမှန်ဆို သည် ၁ သိန်း ဆိုတာတောင် များချင် များနေပါဦးမည်။)
ပြောလက်စနှင့် နည်းနည်းလောက် ကလိလိုက်ပါရစေဦး။
ILO ဆိုတာ မိတ်ဆွေများ သိပါသည်။ မြန်မာပြည်၌ ၂၀၀၂ ခုကစ၍ ရုံးလာဖွင့်ကာ အလုပ်သမားများအတွက် လှုပ်ရှားမှု များ ဆောင်ရွက်ခဲ့၏။
ကျွန်ုပ်သိရသလောက် ILO ဆိုတာ အလုပ်သမားများအတွက် လုပ်ပေးနေသည့် အဖွဲ့ဟု သိမိပါသည်။
သို့ဆိုလျှင် မသိလို့ မေးပါရစေဦး။
ILO အဖွဲ့ကြီးက မြန်မာနိုင်ငံ၌ အလုပ်သမားများနှင့်ပတ်သက်တာ ဘာတွေများ လုပ်ပေးခဲ့ပြီးပါပြီနည်း။
တစ်ခုလောက် လက်ညှိုးထိုး ပြစမ်းပါ။
ချိုင်းလေဘာ၊ ချိုင်းလေဘာ ဟု တစာစာအော်နေသည်။
သို့သော် ကလေးလုပ်သားများနှင့်ပတ်သက်၍ သူတို့ဘာများ လုပ်ပေးနိုင်ပါသနည်း။ လုပ်ပေးခဲ့ပါသနည်း။
ရန်ကုန်တွင် အထည်ချုပ်စက်ရုံနှင့် အခြားစက်ရုံများ၌ အလုပ်သမား အရေးအခင်းများ မကြာခဏ ပေါ်ခဲ့ဖူး၏။
ILO က ဘာများ သွားလုပ်ပေးသည်ဟု မိတ်ဆွေတို့ ကြားမိဖူးပါသနည်း။
ဖားကန့်တွင် အလုပ်သမား ၂၀၀ သေသည်။
ကျွန်ုပ်ဖြင့် ILO က ဟိုဟာဒီဟာလုပ်သည်လို့ပဲ မကြားမိခဲ့ဖူးပါ။
(၃)
ကျွန်ုပ်ဝမ်းနည်းမိရခြင်းမှာ . . .
အာဆီယံက . . .
NUG ကို အသိအမှတ်မပြု၍ မဟုတ်ပါ။
ဖမ်းထားသည့် နိုင်ငံခေါင်းဆောင်များကို ပြန်လွှတ်ပေးဘို့ မတောင်းဆိုလို့ မဟုတ်ပါ။
စစ်တပ်က အာဏာသိမ်းတာကို မရှုတ်ချလို့၊ အာဏာကို ပြည်သူတွေထံ ပြန်ပေးဘို့ မတောင်းဆိုလို့ မဟုတ်ပါ။
အာဆီယံ ဤလောက် အစွမ်းအစမရှိမှန်း၊ ဤသည်တို့ လုပ်ရဲမည်မဟုတ်မှန်း ကျွန်ုပ် နဂိုကတည်းက တွက်ဆမိပါ၏။
(ပြည်သူတွေကို ကိုယ်စားပြုသည့် NUG က အရာရှိ တစ်ယောက်ယောက်အား မဖိတ်ခေါ်ခဲ့ခြင်းကိုကြည့်ခြင်းဖြင့် ဤအချက်ကို ထင်ထင်ရှားရှား သိနိုင်၏။ နင်ရို့ဟာနင်ရို့ NUG ဖြစ်ဖြစ် GUN ဖြစ်ဖြစ် ငါတို့ စောက်ဂရုမစိုက်ဘူး ဟု ကြေငြာလိုက်ရာလည်း ရောက်၏။)
ကျွန်ုပ်ဝမ်းနည်းမိရခြင်းမှာ . . .
(ကျွန်ုပ်လည်း တိတိကျကျ မသိပါ။)
အမှန်က မင်းအောင်လှိုင် နိုင်ငံခြားထွက်လာပြီ ဆိုတော့ တစ်ယောက်ယောက်ကများ ချောင်းမြောင်း ပစ်သတ်လိုက်လေ မလား။
(ဘာတဲ့ အင်တာပို ဆိုလား၊ အောက်တာပိုဆိုလား၊ ကျုပ်တို့တော့ဖြင့် နားမလည်ပါဘူး။) အဲဒီ စစ်သားတွေကများ မင်းအောင်လှိုင်ကို ဖမ်းသွားလေမလား . . . ဟု ရူးမိုက်စွာ မျှော်လင့်ခဲ့မိခြင်းမျှ ဖြစ်ပါ၏။
ဤသည်မှာ ကောင်းကင်က လမင်းကြီးကို ကြည့်လျက် ရအောင်ယူပေးပါဟု တစာစာ မြည်တမ်းအော်ဟစ်နေသည့် အရူး တစ်ယောက်ကဲ့သို့သာ ဖြစ်ပါ၏။
ဟုတ်ကဲ့၊ ကျွန်ုပ်လည်း ထိုအရူးနှင့် ဘာမှ မခြားပါ။
မဖြစ်နိုင်သည်ကို တောင့်တမိတာသာ ဖြစ်ပါ၏။
တကယ်တွက်ကြည့်လိုက်တော့လည်း . . .
မင်းအောင်လှိုင်ကို သတ်ခြင်းဖြင့်၊ သို့မဟုတ် ဖမ်းခြင်းဖြင့် ၎င်းတို့တွင် မည်သည့် အကျိုးခံစားခွင့် ရပါမည်နည်း။
ဟင့်အင် . . .
ဘာအကျိုးခံစားခွင့်မှ ရနိုင်စရာမရှိပါ။
သို့အတွက် ဤမျှရူးမိုက်လှသည့်အလုပ်ကို မည်သူသည် အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံ၍ လုပ်ပါမည်နည်း။
ရှင်းပါသည်။ မည်သူကမှ အမိုက်ခံ မလုပ်ပါ။
ဟိုနိုင်ငံ၊ ဒီနိုင်ငံတို့က ကန့်ကွက်ပါသည်၊ ရှုတ်ချပါသည်၊ စောက်ကျိုးနည်း ထိတ်လန့်မိပါသည်၊ အလွန်အင်မတန်မှ ဝမ်းနည်းမိပါသည် စသဖြင့် အမျိုးမျိုး စာထုတ်ကြ၏။
ထိုစာများ၏ တန်ဘိုးကို တွက်ဆကြည့်လျှင် ကျွန်ုပ်တို့ လူငယ်အချင်းချင်းပေးသည့် သမီးရည်းစားစာ တစ်စောင်ထက် မပိုပါ။
သည့်အတွက် အဖြေက ရှင်းလှ၏။
မည်သူ့ကိုမှ မမျှော်လင့်ပါနှင့်။
ကိုယ်တိုင်တိုက်ယူမှ ရမည်။
ကိုယ်တိုင်တိုက်ဘို့ ဆိုတာကလည်း . . .
သူတို့မှာ လေ့ကျင့်ပြီးသားစစ်သားတွေ၊ ဖျက်အားပြင်း လက်နက်ကြီးတွေ၊ စစ်သုံးယာဉ်တွေ၊ လေယာဉ်၊ သင်္ဘောတွေ၊ ဆက်သွယ်ရေးကိရိယာတွေ ရှိ၏။
ကျွန်ုပ်တို့ ပြည်သူများမှာ ဘာရှိပါသနည်း။
သည့်အတွက် လက်နက်ရှိသည့်၊ စစ်သားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် စုပေါင်းတပ်ဖွဲ့ရမည်။
ငါးကြင်းဆီနှင့် ငါးကြင်းကြော်သလို မင်းအောင်လှိုင်ကို မကြိုက်သည့် စစ်ဗိုလ်၊ စစ်သားတွေက ပူးပေါင်းမှ ရမည်။
လက်နက်ကို လက်နက်နှင့် ပြန်တိုက်မှရမည်။
(၄)
နေ့ရှိသရွေ့ လမ်းပေါ်ထွက် ဆန္ဒပြနေသည့် ကျွန်ုပ်တို့ပြည်သူများကိုလည်း အလွန်ချစ်ပါ၏။
တန်ဘိုးလည်း ထားပါ၏။
သို့သော် ဆန္ဒပြတာလောက်ကို အဲသည် သောက်ဂမြင်းမသားတို့ မည်သည့်နည်းနှင့်မျှ မမှုပါ။
CDM ကို ကြံ့ကြံ့ခံထားရမည်။
ပြောတော့သာလွယ်သည်။ CDM မိသားစုများ၏ စားဝတ်နေရေးအတွက်က ရှိသေးသည်။ နောက်ပြီး နည်းနည်းလေး မဟုတ်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဖြစ်၏။
ကျွန်ုပ်လည်း တတ်နိုင်သမျှ လတိုင်း ခြစ်ချုပ်လှူပါ၏။
သို့သော် နေစရိတ်၊ စားစရိတ်၊ အထွေထွေ အသုံးစရိတ်ကြီးလှသည့် နိုင်ငံတွင်နေရတာဖြစ်၍ ကျွန်ုပ် ပံ့ပိုးငွေမှာ ဝန်ထမ်း တစ်ယောက်စာ လခမျှသာ ဖြစ်၏။
ကျွန်ုပ် အလွန်ဝမ်းနည်းမိ၏။
မျှော်လင့်ချက် ပျောက်ဆုံးသွားသလိုလည်း ခံစားမိ၏။
သို့သော် ကျွန်ုပ်တို့ အရှုံးပေးလို့ မဖြစ်။
ဤသည်မှာ ကျွန်ုပ်တို့တိုင်းပြည်၏ အနာဂတ်အရေးဖြစ်၏။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၂၆ ဧပြီလ၊ ၂၀၂၁
No comments:
Post a Comment