Friday, April 16, 2021

၁၃၈၃ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့ (အကြို) အတွေး

မနက်ဖြန်ဆို မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။

နှစ်ဆန်းတစ်ရက်နေ့ဟူသည် ၁၃၈၂ ခုနှစ် နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၃ ခုနှစ် စတင်ဆန်းသစ်လာသည့် ပထမဆုံးနေ့ ဟု အဓိပ္ပာယ်ရ၏။ 

 

ထုံးစံအားဖြင့်ဆိုလျှင် မြန်မာတို့က နှစ်သစ်ကို သင်္ကြန်ဖြင့် ကြိုဆိုကြ၏။

သင်္ကြန်တွင် မြန်မာပြည်သူပြည်သားတို့သည် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားကြ၏။

အမှန်ကို ဆိုရလျှင် မြန်မာတို့အဖို့ သင်္ကြန်ပွဲမှာ အလွန်ပျော်ရွှင်ဘွယ်ရာကောင်းသည့် ပွဲဖြစ်၏။

သင်္ကြန်တွင် လူကြီး၊ လူလတ်၊ လူငယ်မရွေး၊ ရာထူးအဆင့်အတန်းမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပါဝင်ဆင်နွှဲ ပျော်ရွှင်ကြ၏။

 

တချို့က သင်္ကြန်မှာ ရေပက်ကစားတာကို ရေဖြုန်းသည် ဘာညာနှင့် ပြောကြ၏။ ကျွန်ုပ်ကတော့ အဲသလိုမထင်ပါ။ သင်္ကြန်မှာ ရေပက်တာက တစ်နှစ်တစ်ခါသာ ဖြစ်ပြီး အသင်တို့ရေကို အတိုင်းအဆမရှိ ဖြုန်းတီးနေတာက နေ့တိုင်းလိုလို ဖြစ်၏။ သို့သော်လည်း မီးသတ်ပိုက်ကြီးများနှင့် ထိုးတာကတော့ လွန်လွန်းပါသည်။ ဤသည်မှာ ရေပက်ကစားတာ မဟုတ်ဘဲ ရေဖြုန်းတာ၊ လူတွေကို နာကျင်အောင်လုပ်တာ ဖြစ်ပါသည်။ မီးသတ်ပိုက်နှင့်ထိုးခြင်းဖြင့် အသင်တို့ ဘယ်မျှ ပိုပျော်သွားပါသနည်း။

 

သင်္ကြန်မှာ ရေကစားတာကို ရေဖြုန်းတာဟု ပြောခြင်းသည် ထင်းခုတ်၍ တောပြုန်းရသည်ဟု ပြောခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။ ဤသည်ကို မကျေနပ်၍ စကားစစ်ထိုးလိုသူများ စစ်အာဏာရူးများ မာလက ဈာန်ကြွကုန်ကြပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာသည့်အခါ စကားရည်လုပွဲ လုပ်ပါအံ့။

 

သင်္ကြန်ပွဲကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်း မပြုနိုင်သည့်တိုင် သင်္ကြန်သီချင်းများကြားရရုံနှင့် ကျွန်ုပ်တို့စိတ်မှာ မြူးတူး လာရစမြဲ။ ကျွန်ုပ်တို့ထံ၌ သင်္ကြန်၏အငွေ့အသက်များ ကပ်ငြိလာရစမြဲ။ 

သင်္ကြန်သီချင်းများမှာ အလွန် မြူးကြွလှ၏။ အလွန် မြိုင်လှ၏။ အလွန်လည်း လန်းရွှင်စရာ ကောင်းလှ၏။

 

ကျွန်ုပ်သည် တူညီဝတ်စုံဝတ်ကာ ကကြသည့် သင်္ကြန်ယိမ်းများကိုလည်း အလွန်သဘောကျလှ၏။ ဘယ်အချိန်ချိန် ကြည့်ကြည့် ကြည့်လို့မဝ။ သင်္ကြန်သီချင်းနှင့် သင်္ကြန်ယိမ်းများကား အလွန်လိုက်ဖက်လှ၏။

 

နောက်တစ်ခု -

သင်္ကြန်နှင့် ပိတောက်မှာလည်း ခွဲလို့မရ။

သင်္ကြန်နီးပြီဆိုလျှင် သင်္ကြန်လက်ဆေးမိုး ရွာလေ့ရှိ၏။ သင်္ကြန်လက်ဆေးမိုးရွာပြီဆိုလျှင်ပင် ပန်းပိတောက်တို့ ပင်လုံးကျွတ် ပွင့်ကြ၏။ ပျိုမေတို့ခေါင်းတွင် ပိတောက်ပန်းများကို လှပစွာ တွေ့လာရ၏။

သို့သော် ကျွန်ုပ်ကတော့ ပိတောက်တို့ အပင်ပေါ်မှာ ဝေနေတာကိုပဲ သဘောကျပါသည်။

လူတို့အလုအယက် ပိတောက်ပန်းများကို ခူးခြွေမှုကြောင့် ပိတောက်ပင်ကြီး အကိုင်းအခက်များ ကျိုးကြေရသည်ကို ကျွန်ုပ် မလိုလားပါ။ ပန်းခူးသည်ဆိုလျှင်ပင် ပန်းခက်ပတ်ဝန်းကျင်လောက်သာ ဖြတ်တောက် ခူးစေချင်ပါသည်။ အကိုင်းလိုက် ချိုင်သည်ကို ကျွန်ုပ် မနှစ်မြို့ပါ။

 

 

ယခုမူ . . . 

 

စုပ်တယောက်တို့၏ ကိုဗစ်ကြောင့် မနှစ်က သင်္ကြန်ပွဲ မဆင်နွှဲလိုက်ကြရ။

ယခုနှစ်တွင်လည်း အာဏာရူးတစ်စုကြောင့် သင်္ကြန်ပွဲတော်ကို မနွှဲပျော်ကြရပြန်။

 

ကျွန်ုပ် အလွန် ဝမ်းနည်းလှ၏။

 

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းပင် နှစ်သစ်ကူးကာလကို အလေးထားကြ၊ ပျော်ပွဲသဘင် ဆင်ယင်ကြ၏။

စင်ကာပူတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ည ရောက်ပြီဆိုလျှင် ဩချတ်၌ count down လုပ်ကြ၏။ ည ၁၂ နာရီ ပြည့်ခါနီး၌ နာရီလက်တံမှ စက္ကန့်များကို နောက်ကြောင်းပြန်ရေကာ နှစ်ကူးကို စောင့်ကြ၏။ 

ည ၁၁ နာရီ ၅၉ မိနစ်မှ စကာ နောက်ဆုံးစက္ကန့်ထိ ၁၀ - ၉ - ၈ - ၇ - ၆ - ၅ - ၄ - ၃ - ၂ - ၁ ဟက်ပီးနျူးယီးယား ဟု အော်ကြ၏။ 

 

ထို့နောက် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နှစ်ဆန်း (၁) ရက်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး၏။ 

သူများတိုင်းပြည်ထက်ထူးသည့် မြန်မာပြည်ကတော့ နည်းနည်း တရားလွန်ပါသည်။

နှစ်ကူးရုံးပိတ်ရက်ကို (၁၀) ရက် သတ်မှတ်သည် ဆို၏။ 

တကယ်ဆို သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်း (၁) ရက် စုစုပေါင်း (၅) ရက် ပိတ်လျှင်ပင် လိုတာထက် ပိုနေပါသေးသည်။ 

ဤသို့ပြောလိုက်လျှင် ကျွန်ုပ်ကို ဝိုင်းဆဲကြလိမ့်မည်။

သို့သော် ကျွန်ုပ်က အမှန်အတိုင်းပြောတာ ဖြစ်ပါသည်။

မြန်မာပြည်မှ အများပြည်သူရုံးပိတ်ရက်များမှာ ရက်ပေါင်း (၃၀) ကျော်၏။

တစ်ပတ်လျှင် (စနေ၊ တနင်္ဂနွေ) နှစ်ရက်ပိတ်သဖြင့် တစ်နှစ်ရှိ (၅၂) ပတ်တွင် ပိတ်ရက်ပေါင်းမှာ (၁၀၄) ရက် ဖြစ်၏။

ထို့ကြောင့် (စနေ၊ တနင်္ဂနွေ = ၁၀၄ ရက်) + (ရုံးပိတ်ရက် = ၃၂) = စုစုပေါင်းရုံးပိတ်ရက် (၁၃၆) ရက်ဖြစ်၏။

လူတစ်ဦးလျှင်ရသည့် လုပ်သက်ခွင့်မှာ (၁၄) ရက် ဖြစ်လေရာ လုပ်သက်ခွင့် အပြည့်ယူပါက အလုပ်လုပ်ရက်မှာ (၂၁၅) ရက်သာ ကျန်ပါသည်။ နေမကောင်းလို့ယူရသောခွင့်၊ မီးဖွားခွင့် စသည်တို့မပါသေး။

 

ဟော - အခု မင်းအောင်လှိုင် အရူးထသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူတို့ အလုပ်မလုပ်နိုင်တာ ရက်ပေါင်း (၈၀) နီးပါးရှိပြီ။ နောက် ဘယ်လောက်ထိ ဆက်သွားဦးမည်မသိ။ 

 

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်အရေးကြီးလှပေသည်။

နိုင်ငံသားတို့ အေးချမ်းသာယာစွာ အပူအပင်ကင်းကင်း လုပ်ကိုင် နေထိုင်၊ စားသောက်နေနိုင်ကြဘို့ရာမှာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရေး၊ ကောင်းမွန်သည့်နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ မရှိမဖြစ်လိုအပ်ကြောင်း ပြောစရာကို မလိုပါ။

 

ဝမ်းနည်းစရာ ကောင်းလောက်အောင်ပင် မြန်မာနိုင်ငံ၌ အထက်ပါအရာအားလုံး ရာစုနှစ် ထက်ဝက်ကျော် ပျောက်ဆုံး နေခြင်း ဖြစ်၏။

 

အရာရာကို သူတို့သာသိ၊ သူတို့သာတတ်သည်ဟု ထင်နေသော အလွန် လောဘရမ္မက်ကြီးလှသည့် စစ်ဗိုလ်ချုပ်ကြီးများ ကို ရရှိထားခြင်းကား မြန်မာနိုင်ငံအတွက် အလွန်ကံဆိုးလှသည့် အချက်ပင် ဖြစ်တော့၏။

 

အကယ်၍သာ ထိုစစ်ဗိုလ်ချုပ်ကြီးများ မသာပေါ်ကုန်ကြသည့်သတင်းကို ကြားရအံ့။

ကျွန်ုပ် ဂျွမ်း (၇) ပတ်ထိုးလိုက်ပါမည်။

ဟေ့၊ ငါ့လောက်ပျော်တဲ့ကောင် ကမ္ဘာပေါ်မှာ ရှိသေးလားကွ ဟု ကြုံးဝါးလိုက်ပါမည်။

 

၁၃၈၃ ခုနှစ် နှစ်စပိုင်းတွင်ပင် သည်ကဲ့သို့ ကျွန်ုပ် ကြုံးဝါးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

ဒို့သေနတ်သံစွမ်း၊ ကမ္ဘာလွှမ်း

ဒင်းကြမ်း သေရမည်။

(ဟုတ်ပေါင်၊ သီတဂူနဲ့ ရောသွားတယ်။)

 

အေးငြိမ်း

၁၆ ဧပြီလ၊ ၂၀၂၁




No comments: