Saturday, February 6, 2021

အလံမလှဲ

(၁)

 

ဘာ . . . . . . . 

အာဏာသိမ်းတယ် ဟုတ်လား

ဘူးထွား ဟား ဟား ဟား ဟား .. .. .. .. 

ရီများရီလိုက်ချင်ရဲ့

ကလေးတွေကစားသလို

နိုင်ငံတော့်အာဏာများ

သူအဖေထားသွားတဲ့အမွေအတိုင်း

(လက်နက်ရှိတယ်ဆိုပြီး)

မင်းတို့ အနိုင်ပိုင်းချင်တိုင်း ပိုင်းလို့ရမလားကွ

ဒါဟာငါတို့ပိုင်တဲ့အာဏာ

မင်းတို့နဲ့ လားလားမှမဆိုင်

မပိုင်ချင်လေနဲ့။              ။

 

(၂)

 

စစ်တပ်နဲ့ရွေးကောက်ပွဲ

ဘာများသက်ဆိုင်ပါသလဲ

နည်းနည်းမှ တွေးလို့မရ

သောက်ရှက်ကလည်း တစ်ပြားဘိုးမှမရှိ

ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ

ပြောင်ဝင်စွက်ဖက်တာ

ငါတို့က ငြိမ်နေရမှာလား

(သောက်ကျိုးနည်း)

အိုးကမပူ စလောင်းကပူ

သူခိုးကလူဟစ်

တစ်ကပဲပြန်စချင်သေးသတဲ့

အဟေးဟေးဟေး

ဝေးပါသေး . . ဝေး . . . . . ဝေး . . . . 

(ရေဝေးထက်ဝေးတဲ့) ဝေလာဝေးထဲကဝေး

တွေးတောင်မတွေးလေနဲ့

ငါတို့မဲကိုငါတို့အသိ

လိမို့လို့ ပြန်ပြင်ပေးရမှာလား (ကန်တော့ပါရဲ့)

မင်းတို့လို ခိုးသွင်းထားတာ တစ်မဲမှမပါ

ငါတို့အသည်းကြားက မဲတစ်ပြား

မင်စွန်းသောလက်သန်းများနဲ့

NLD ဟာ 

အောင်ပွဲအလီလီခံ

မင်းတို့သူခိုးတွေကို

ဂျွမ်းသဒ္ဓါလန်အောင်

တောက်ချခဲ့ပြီးပြီ။  

 

(၃)

 

ကိုယ်နဲ့နှိုင်းမရိုင်းတဲ့

ငါတို့ကိုများ မင်းတို့လိုကလိမ်ကကျစ်မှတ်နေသလား

ငမ် . . တရားကိုနတ်စောင့်တယ် . . .

(ဟေ့ . . အဲဒီနတ်တွေ ဘယ်သွားသေနေသလဲ)

ငါတို့ရဲ့တရားသောအောင်ပွဲ

ဘာနဲ့မှ မလဲဘူးကွ

သူခိုးကလူဟစ်

သောက်ကျိုးနဲ ပြောင်းပြန်တွေတောင် ဖြစ်လို့ပါလား

 

*** တောက်

စစ်အာဏာရှင်ရှေ့မှောက်

ဒူးထောက်လို့ အညံ့မခံ

အစွမ်းကုန် တွန်းလှန်ကြမယ်ဟေ့***

 

အဓမ္မဝါဒီ စစ်အာဏာရှင်တွေ

မဟာအဝီစိငရဲမှာ

(ဘုရားအဆူဆူချွတ်သည့်တိုင်)

မလွတ်တမ်းကျစေ

ငါတို့တတွေရဲ့ကျိန်စာ

သေချာပေါက် သင့်စေရမယ် . . . .

 

သံပုံးတီးလို့ တောခြောက်သံနဲ့

အာဏာရူးတွေ သွေးအန်စေရမယ် . . . 

 

တို့ပြည်သူတွေရဲ့ ပေါင်းစည်းအား

ဘဝဂ်က ကြားစေရမယ်။             ။

 

အေးငြိမ်း

၅ ဖေဖော်ဝါရီလ၊ ၂၀၂၁

No comments: