Wednesday, February 3, 2021

ကျွန်ုပ်၏ ကျိန်စာ

မနေ့မနက် ၈း၂၇ မိနစ်က ကျွန်တော် ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးရပါသည်။

ဆေးထိုးအပြီး အတော်ကြာသော် ဆေးထိုးထားသည့် ဘယ်ဘက်လက်တစ်ချောင်းလုံးမှာ နာကျင်ကိုက်ခဲကာ အားလည်း မရှိတော့သလို ခံစားရပါသည်။

လူလည်း ဖျားချင်သလို နာချင်သလို၊ ခေါင်းကိုက်ချင်သလို၊ မူးချင်သလို ဖြစ်ပါသည်။

သို့သော်လည်း မနားရ။

သားအတွက် Student Pass လိုက်လုပ်ပေး။

ပြန်လာတော့ လေအေးစက်ကအလုပ်မလုပ်တော့လို့ အသစ်သွားဝယ်။

တစ်ခါ အိမ်ပြန်ရောက်ပြန်တော့ ဟိုဘက်အခန်းက ဝုန်းကနဲအသံကြား၊​ ကုတင်ကျိုးကျလို့ bracket တွေနဲ့ ပြန်ဆင်ပေးရနှင့် အတော် အလုပ်ရှုပ်ပါသည်။

အားလုံးပြီးသွားသော် လူလည်း အတော်ပင်ပန်းနေပြီမို့ အိပ်လိုက်ပါသည်။

တရေးနိုးလာသော် ပြန်အိပ်လို့မရတော့ပါ။ (မနက် ၂း၄၅ မိနစ်)

သည်စာကို မနေ့ကတည်းကရေးချင်နေတာ ရင်ဘတ်ထဲ ကျလိကျလိ ဖြစ်နေပါသည်။ 

ပြန်အိပ်လို့မရတော့သဖြင့် လက်ပင်နာနေသေးသော်လည်း ရေးလိုက်ရပြန်ပါ၏။

 

ကျွန်ုပ်တို့တိုင်းသူပြည်သားများသည် ကိုဗစ်ပေးသည် ဒုက္ခနှင့် အားလုံးတိုင်ပတ်နေတာ ကာလအတန်ကြာပါပြီ။

အလုပ်အကိုင်များလည်း ကောင်းကောင်းမလုပ်ရသဖြင့် စီးပွားရေးများလည်း အဆင်မပြေကြ။

 

ဤကဲ့သို့ တိုင်းသူပြည်သားများ ဒုက္ခများနေချိန်တွင် မည်သူ့မျက်နှာကိုမှ မထောက်ဘဲ ကိုယ့်တစ်ဘို့တည်းသာကြည့်ကာ အာဏာသိမ်းလုပ်ငန်းကို လုပ်ရက်ကြကုန်သော ထိုလူတစ်စုကို ကျွန်ုပ် အလွန် အသည်းနာလှပေသည်။

 

ပထမ ၅ နှစ်က တာစူခဲ့သော တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း အတော်ခရီးရောက်လောက်ပြီ ထင်ပါ၏။ 

အစိုးရအဖွဲ့ဝင် လူကြီးများ၏ အရည်အချင်းကို ကျွန်ုပ်မဝေဘန်လိုပါ။

ဦးနေဝင်းဖျက်ဆီးခဲ့သော စနစ်ဆိုးကြီးအောက်၌ ကြီးပြင်းခဲ့ကြရသူ ၎င်းတို့လည်း သည်မျှသာ တတ်နိုင်ပေလိမ့်မည်။

နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဖျက်ဆီးခံခဲ့ရသော အိမ်စုတ်ကြီးကို မည်သည့်နည်းနှင့်မှ ချက်ချင်းကောင်းလာအောင် ပြန်ပြင်ဘို့ရာ မဖြစ်နိုင်။ 

ဒုတိယ ၅ နှစ်၊ တတိယ ၅ နှစ် စသဖြင့် ဖြည်းဖြည်းချင်း ပြန်လည် တည်ဆောက်ယူရမည်သာ ဖြစ်၏။

ယခု အရှိန်ရစ ပြုလာပြီ။ 

သည်လိုအချိန်တွင်မှ ကျွန်ုပ်တို့တိုင်းသူပြည်သားများ၏ အိပ်မက်များကို ရိုက်ချိုး ချေမွခဲ့သော ခွေးထက်နိမ့်ကျသည့် ထိုတိရစ္ဆာန်ကောင်များကို ကျွန်ုပ်သည် မည်သည့်နည်းနှင့်မှ ခွင့်မလွှတ်နိုင်ပါ။

 

မြန်မာပြည်သူတို့အတွက် မိမိဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့သော၊ အရာရာကို စွန့်လွှတ်ခဲ့သော ‘စု’ အတွက် ကျွန်ုပ်သည် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ဝမ်းနည်းမိပါသည်။ တွေးမိတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ရပါသည်။

 

‘စု’ သည် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်၏။

အခု သူ အသက် (၈၀) ပြည့်တော့မည်။

သူလည်း သွေးနှင့်ကိုယ်၊ သားနှင့်ကိုယ်ဖြစ်သဖြင့် မည်မျှ ဆက်လုပ်နိုင်ပါတော့မည်နည်း။

 

ဦးဏှောက်မရှိသော၊​ ပညာမဲ့လှသော၊ ကိုယ်ကျိုးစီးပွားကလွဲလို့ တခြားဘာကိုမှ မကြည့်သော လူတစ်စုသည် မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ခဲ့ပြီ။

 

၎င်းတို့သည် ယောက်ျားအမည်ခံသော်လည်း ယောက်ျားစင်စစ်များ မဟုတ်ကြ။

၎င်းတို့သည် အပြင်ဘန်း အယောင်ဆောင် အဝတ်အစားများနှင့် တင့်တယ်သယောင် ထင်ရသော်လည်း ထိုအဝတ်အစားများအောက်မှ ၎င်းတို့၏ကိုယ်ကျင့်သိက္ခာ၊ နှလုံးသား၊ အတွေးအခေါ်အယူအဆ စသည်တို့မှာ အလွန် အောက်တန်းကျလှပေသည်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် လူဆိုးဟု အမည်တွင်သူများ ရှိပေမည်။ သို့သော် မယုတ်မာကြ။

သို့သော် သည်လူတစ်စုမှာမူကား အလွန် ရက်စက် ယုတ်မာလှချေ၏တကား။

 

ယခု ကာကွယ်ဆေးရသဖြင့် စလည်း ထိုးနေပြီဖြစ်၏။

မနေ့က အိန္ဒိယမှ ဒုတိယအသုတ်ကာကွယ်ဆေးများ ရောက်လာသည်ကို ဆင်းခွင့်မပေးသဖြင့် ကာကွယ်ဆေးများ သယ်လာသည့် လေယာဉ်ကြီး ပြန်လှည့်သွားရသည့် သတင်းကို ကြားသိရသည့်အခါ အနှီမကောင်းဆိုးရွား သတ္တဝါများကို ကျွန်ုပ်သည် ပါးကို ဘယ်ပြန်ညာပြန် ချချင်မိလေ၏။

 

နာဂစ်တုံးကလည်း မြန်မာပြည်သူတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများလာပို့သည့် အမေရိကန်သင်္ဘောများကို ဝင်ခွင့် မပေးသည့်အတွက် ပြန်လှည့်သွားခဲ့ရ ဖူးလေပြီ။ ၎င်းတို့သည် မြန်မာပြည်သူများအား မည်သည့်အခါကမှ​ ကောင်းကျိုးမပြုခဲ့။

 

ကျွန်ုပ်တို့တိုင်းသူပြည်သားများသည် ၎င်းတို့ပေးသည့် ဒုက္ခကို ခါးစည်းခံခဲ့ကြရ၏။ ယခုလည်း ခံနေရသေးသည်။ နောင်လည်း ဘယ်အထိ ဆက်ခံကြရဦးမည် မသိ။

ကျွန်ုပ်တို့၏ ဒုက္ခများကား ကြီးလှ၏။

ဘယ်ဘဝက ဝဋ်ကြွေးကြောင့်ပါနည်း။

 

ကျွန်ုပ်တို့တိုင်းသူပြည်သားများ ခံစားရသည့် စိတ်ဆင်းရဲ ဒုက္ခအပေါင်း၏ အတုံ့အလှည့်ကို ၎င်းတို့သည် သံသရာအဆက်ဆက် ခံစားကြရပါစေကုန်သတည်း။

 

ကျွန်ုပ်သည် အမိမြန်မာပြည်ကြီးကို ချစ်ပါသည်။

ကျွန်ုပ်သည် ‘စု’ ကိုချစ်ပါသည်။

ကျွန်ုပ်သည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ချစ်ပါသည်။

 

ဤမှန်ကန်သော သစ္စာစကားကြောင့် အများပြည်သူတစ်ရပ်လုံး ဒုက္ခရောက်အောင် -

စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့စွာ . . 

အာဏာသိမ်းရက်ကြကုန်သော . . 

ထိုလူအပေါင်းသည် . . 

ဤကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဘုရား၊ ခရစ်ယာန်ဘုရား၊ မွတ်စလင်ဘုရား၊ ဟိန္ဒူဘုရား စသည့် မည်သည့် ဘုရားမှ မကယ်ချွတ်နိုင်သော . . 

ထာဝရငရဲ၌ မကျွတ်တမ်း ကျခံကြရပါစေသတည်း။ 

 

မျက်ရည်များစွာဖြင့် -

 

အေးငြိမ်း

၃ ဖေဖော်ဝါရီလ၊ ၂၀၂၁

No comments: