Wednesday, February 10, 2021

နာကျင်ကြေကွဲရသော နေ့တစ်နေ့

မနေ့က နေပြည်တော်မှာ သေနတ်နှင့်ပစ်သတ်ခံလိုက်ရသည့် ကလေးမလေးကို ကြည့်ရင်း ကျွန်တော့်ရင်ထဲ မချိပါ။ အလွန်ထိခိုက်ကြေကွဲစွာ ခံစားရပါသည်။ 

 

၁၉ နှစ်ဆိုတော့ ကိုယ့်သားသမီးအရွယ်။ တကယ်လို့ ငါ့သားလေးများဆိုရင် ဟု တွေးကြည့်ရုံနှင့်ပင် နာကျင်လှပါသည်။

 

ပစ်တာကိုလည်း ကြည့်ပါအုံးခင်ဗျာ။

ဘာမှမလုပ်ဘဲ သူ့ဘာသာသူ မတ်တပ်ရပ်နေတာကို စိန်ပြေနပြေချိန်ပြီး ပစ်တာ ဖြစ်ပါသည်။

ဤသူသည် လူအစစ်မဖြစ်နိုင်။ လူစင်စစ်ဖြစ်ပါက ဤလုပ်ရပ်မျိုးကို လုပ်လိမ့်မည်မဟုတ်။ ခွေးနှင့်နှိုင်းဘို့ရာတောင် ခွေးသိက္ခာကျပါသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်ုပ်တို့ မြန်မာပြည်တွင် ဤကဲ့သို့သောသူများ ထောင်ဂဏန်းအတော်များများ ရှိနေခြင်း ဖြစ်၏။

 

ဗီဒီယိုတစ်ခုတွင်လည်း သံလုံးများကို ဖြတ်တောက်ကာ ပလတ်စတစ်ပိုက်များ စွပ်နေတာ တွေ့ရ၏။ ဆန္ဒပြသူများကို ရိုက်နှက်ဘို့ကလွဲပြီး တခြား ဘာအတွက်မှ မဖြစ်နိုင်။

အခြားဗီဒီယိုတစ်ခုတွင် ကားတစ်စီးပေါ်မှ ထိုတုတ်များကိုင်ပြီး ဆင်းလာသော လူရမ်းကားတစ်စုကို တွေ့ရ၏။ စွမ်းအားရှင်ဟု နာမည်တပ်ထားသည့် ခွေးသူတောင်းစား တစ်သိုက်ကလွဲပြီး အခြားသူများမဖြစ်နိုင်။

 

နိုင်ငံတကာတွင်လည်း ဆန္ဒပြမှုများကို ရဲအင်အားသုံးကာ နှိမ်နှင်းကြ၏။ ဒါ ထုံးစံဖြစ်၍ ပြောစရာမလိုပါ။

သို့သော် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ အကွာကြီး ကွာပါသည်။

မကြာသေးမီက ထရမ့် မြှောက်ထိုးပင့်ကော်လုပ်ပေးမှုကြောင့် အမေရိကန်တို့ ပါလီမန်ကို ဝင်စီးသည့် အတော်ရုပ်ပျက် ဆင်းပျက် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့၏။

သို့သော် အသင်တို့သည် စစ်တပ်က လူထုကို သေနတ်နှင့်ချိန်ပြီး တည့်တည့်ပစ်တာ တွေ့ခဲ့ပါသလား။

 

အင်္ဂလိပ်တွေအုပ်စိုးစဉ်က အတွင်းဝန်ရုံးကို သပိတ်တားခဲ့သော ကျောင်းသားများကို မြင်းစီးပလိပ်များက နံပတ်တုတ်ဖြင့် ရိုက်ခဲ့၍ ကိုအောင်ကျော် သေခဲ့သည်။

အင်္ဂလိပ်တွေက နံပါတ်တုတ်ဖြင့် ရိုက်၏။ 

မြန်မာတွေကတော့ အင်္ဂလိပ်တွေထက် ပိုတော်ပါသည်။

လက်အနာမခံ။​ အပင်ပန်းမခံ။

လက်ညှိုးလေးတစ်ချက် ကွေးရုံမျှ ဖြစ်၏။

 

အသင် ပြည်သူ့ရဲ ဆိုသူအပေါင်းတို့။

အသင်တို့ တော်ပါပေသည်။

ပြည်သူများက ထောက်ပံ့ပေးထားသည့် ထမင်းကိုစားပြီး ပြည်သူကို ပြန်သတ်ရက်ကြပါပေသည်။

Dog never bite the feed hand. (ခွေးသည် ထမင်းကျွေးသည့်လက်ကို ဘယ်တော့မှ မကိုက်) . . ဆိုသည့် စကားပုံရှိ၏။

ကိုယ့်ကိုထမင်းကျွေးနေသည့် ပြည်သူများကို ပြန်သတ်သည့် အသင်တို့ကား ခွေးထက်ယုတ်သူများ ဖြစ်တော့၏။

 

အသင်တို့ကို လခရိက္ခာများ ပေးနေသူမှာ စစ်တပ်ဟု ထင်နေပါသလား။

အဲသည့် စစ်တပ်ဆိုသည်မှာလည်း ကျုပ်တို့ပြည်သူများ ထောက်ပံ့ပေးထားသည့် ထမင်းကို မြိုဆို့နေသူများသာ ဖြစ်၏။

စစ်တပ်ကလုပ်နေသည့် စီးပွားရေးလုပ်ငန်းများမှ ရသည့်အကျိုးအမြတ်များမှာ အသင်တို့အတွက်ဟု ထင်နေသည် ဆိုလျှင် အသင်တို့လောက် မိုက်မဲသူ ဤကမ္ဘာလောက၌ မရှိနိုင်တော့ပြီ။ 

 

ကျွန်ုပ်တို့ပြည်သူများ ဆန္ဒပြသည်ဆိုသည်မှာ ဟိုခွေးသူတောင်းစားအုပ်စုက ပြည်သူ့အာဏာကို ဓားပြတိုက် ရယူသွား၍ မခံရပ်နိုင်ကြသောကြောင့် ထုတ်ဖော်ဆန္ဒပြခြင်း ဖြစ်၏။ 

ဤကဲ့သို့ ဆန္ဒပြရာ၌ ရုန်းရင်းဆန်ခတ်ဖြင့် ရမ်းရမ်းကားကား လုပ်တာတွေ အသင်တို့ တွေ့ပါသလော။

ကျွန်ုပ်တို့ပြည်သူများ စည်းကမ်းသေဝပ်မှုကို ကျွန်ုပ်သည်ပင် ကြက်သီးတဖြန်းဖြန်းထအောင် ချီးကျူးမိပါ၏။

၎င်းတို့သည် လမ်းမပေါ်၌ မိမိတို့လိုလားတောင့်တသည့်အရာကို အော်ဟစ် တောင်းဆိုတာသာ ရှိ၏။ 

ဘယ်သူ့ကိုမှ​ ရန်သတ္တရုပြုသည်မဟုတ်။

 

အကယ်၍ အနှောက်အယှက်၊ အဖျက်အဆီးလုပ်ရပ်များကို အသင်တို့ တွေ့လာသည်ဖြစ်ငြားအံ့။

ဤသူတို့မှာ ကျွန်ုပ်တို့ပြည်သူများ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။

လူတွေကို ရိုက်လားနှက်လားလုပ်သူ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသူများမှာ အသင်တို့မွေးထားသည့် စွမ်းအားရှင်ခေါ် ခွေးရူးများသာ ဖြစ်၏။

 

ကျွန်ုပ်တို့ပြည်သူတွေ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေကြတာကို ဤကဲ့သို့ ဝရုန်းသုန်းကားဖြစ်အောင် လုပ်ခဲ့သည့် အဓိက လက်သည်တရားခံမှာ ဟိုခွေးရူးအကြီးစားကြီးသာ ဖြစ်၏။ ကျွန်ုပ်၏ပါးစပ် သနမှာစိုးသဖြင့် ၎င်း၏နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သည်ကို ခွင့်လွှတ်ကြပါကုန်။

 

အေးအေးချမ်းချမ်း အခြေအနေကို ဆူဆူပူပူအခြေအနေရောက်အောင် နေ့ချင်းညချင်း တွန်းပို့ခဲ့သည့် ထိုခွေးသတောင်းစားကြီးကို ကျွန်ုပ်သည် သံသရာအဆက်ဆက် မည်သည့်အခါမှ​ ခွင့်လွှတ်မည် မဟုတ်ပါ။

 

ကျွန်ုပ်သည် လူဖြစ်လာပြီဆိုကတည်းက သူတစ်ပါးထိခိုက်နစ်နာအောင် မည်သည့်အခါကမှ​ မလုပ်ခဲ့ဖူးပါ။

ဤသစ္စာစကားကြောင့် ကျွန်ုပ်တို့ပြည်သူအပေါင်း၏ တိုက်ပွဲသည် အမြန်ဆုံး အောင်မြင်ပါစေသတည်း။

စစ်အာဏာရူးတစ်စုသည် အမြန်ဆုံးကျဆုံးပါစေသတည်း။

ကျွန်ုပ်တို့ခေါင်းဆောင်များသည် ဘေးမသီရန်မခဘဲ အမြန်ဆုံး ပြန်လွတ်လာပါစေသတည်း။

 

ထိခိုက်နာကျင် ကြေကွဲလှစွာဖြင့်

 

အေးငြိမ်း

၁၀ ဖေဖော်ဝါရီ၊ ၂၀၂၁

 

https://www.youtube.com/watch?v=zhQIOfDQdCo

 

 

 

No comments: