အချို့သူများအဖို့
အလွန်ခက်ခဲသလောက် အချို့သူများကျတော့လည်း ပိုက်ဆံဆိုတာ သဲ့ယူသလိုရလေသည်။
အဲလေ
မသနားတတ်ဘို့လေးလောက်တော့ လိုပေမပေါ့။
စင်ကာပူကို
အလုပ်ကြမ်းသမားတစ်ယောက်အနေနှင့် အလုပ်လာလုပ်ဖို့ မြန်မာငွေ သိန်း (၇၀) လောက်ကုန်သည်
ဆို၏။
ကြားရခါစက
ကျွန်ုပ်မှာ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်မိ၏။
သို့သော်
ဤသည်မှာ ပုံပြင်မဟုတ်။
ဖေ့စ်ဘုတ်ပေါ်တွင်
မည်သူ့ကိုမဆို ကြိုက်သလိုဆဲခွင့်ရှိနေသော ကျွန်ုပ်တို့ ရွှေမြန်မာပြည်ကြီးတွင် တကယ်ဖြစ်နေတာ
ဖြစ်၏။
ကျွန်ုပ်အဖို့
မြန်မာနိုင်ငံသားဖြစ်ရတာ အလွန် ဂုဏ်ယူမိလေသည်။
အဘယ်ကြောင့်ဆိုသော်
မြန်မာနိုင်ငံ၌ အခြားနိုင်ငံများထက်ပို၍ လူချမ်းသာများ ပေါများသောကြောင့် ဖြစ်သတည်း။
စင်ကာပူဘက်ကနေ
လေယာဉ်လက်မှတ်ဝယ်တာ မြန်မာပြည်ကနေဝယ်တာထက် ပိုသက်သာသည်။
သည်လေယာဉ်၊
သည်ခုံနံပါတ်၊ သည်အစားအစာချင်းတူပါလျက် မြန်မာပြည်ဘက်ကဝယ်သည့် လေယာဉ်လက်မှတ်က ပိုဈေးကြီးရခြင်းမှာ
သူဌေးများနေသည့် တိုင်းပြည်မို့လို့ တမင်တကာ ဈေးတင်ထားခြင်း ဖြစ်တန်ရာသည်။
စင်ကာပူတွင်
အိမ်အကူအလုပ်သမားများအတွက် ဝန်ဆောင်ခကို နှစ်လစာထက် မများရဟု သတ်မှတ်ထားသော်လည်း မြန်မာပြည်မှ
အေးဂျင့်များက ၆ လ မှ ၇ လစာထိ ယူလေသည်။ စင်ကာပူမှလူများမှာ ဆင်းရဲသည့်အတွက် အေးဂျင့်ဖီး
မတတ်နိုင်၍ ၂ လစာသာသတ်မှတ်ထားရသော်လည်း မြန်မာပြည်မှ အိမ်အကူလုပ်မည့် အမျိုးကောင်းသမီးကလေးတို့မှာ
ပိုက်ဆံပေါများလှသဖြင့် ၆ လ၊ ၇ လစာထိယူတာ ဖြစ်ပေလိမ့်မည်။
ကိုရင်လေးတို့
စင်ကာပူလာဘို့ ဘယ်လောက်ကုန်သလဲကွဲ့ ဟု ကျွန်ုပ်က စပ်စုလေသော် သူတို့က ဘောက်ချာများပါထုတ်ပြလျက်
သေသေချာချာ ရှင်းပြ၏။
အလိုလေး
-
သူတို့ဘောက်ချာများကိုကြည့်ပြီး
ကျွန်တော် အတော်လေး မျက်လုံးပြူးမိ၏။
အနှီလူကြီးမင်းများ
ပိုက်ဆံရှာတတ်ပုံကိုလည်း မလေးစားဘဲ မနေနိုင်အောင် ဖြစ်မိလေသည်။
စင်ကာပူတွင်
၄၄၀ မျှသာပေးရသည့် Pipe Fitter သင်တန်းမှာ မြန်မာပြည်ရောက်တော့ စင်းဒေါ်လာ ၂၇၀၀ ဖြစ်သွားလေ၏။
အဲလေ အိုဗာစီးဆိုတော့လည်း သည်လောက်တော့ ပေးရပေမပေါ့။
ထူးဆန်းသည်မှာ
သင်တန်းကြေး၊ စာမေးပွဲကြေး၊ လက်မှတ်ခ ဟု သီးသန့်ခွဲကာ ငွေကောက်ခံခြင်းဖြစ်၏။
သင်တန်းကြေးမှာ
S$ 1300။ စာမေးပွဲကြေးမှာ S$ 813။ Result slip fee ဆိုတာက S$ 400။
ထိုကြေးများကို
စင်းဒေါ်လာဖြင့်ပြပြီး မြန်မာငွေနှင့်ရှင်းတော့လည်း လိမ္မာပါးနပ်စွာ ရှင်းလေသည်။
သင်တန်းကြေးကိုရှင်းတော့
စင်းဒေါ်လာမှ မြန်မာငွေလဲနှုန်းကို ၁၁၉၀ ယူ၏။
စာမေးပွဲကြေးအတွက်
ငွေလဲနှုန်းမှာ ၁၁၇၀ ဖြစ်ပြီး Result slip အတွက် ငွေလဲနှုန်းကို ၁၁၄၅ ယူသည်။
ထိုကာလက
ငွေလဲနှုန်းမှာ ၁၁၂၅ ဖြစ်၏။
ထိုစီးပွားရေးသမားကြီးများ၏
ပိုက်ဆံရှာတတ်ပုံကား သြချရလောက်ပါပေသည်။ ဂဏန်းကလေးအနည်းငယ်မျှ ကစားလိုက်ရုံနှင့် သိန်းရာပေါင်းများစွာ
လက်ထဲသို့ အသာလေး ရောက်လာနိုင်၏။
သည်မျှသာပဲလား။
မဟုတ်ပါ။ မဟုတ်သေးပါ။ သည်မျှမကသေးပါ။
အနှီ
စင်ကာပူလာမည့် သကောင့်သားကလေးများမှာ တောကလာရတာဖြစ်လို့ လေယာဉ်လက်မှတ်ဝယ်ရာတွင် အခက်အခဲ
တွေ့မှာစိုး၍ စေတနာဗလပွနှင့် လေယာဉ်လက်မှတ်လည်း ဝယ်ပေးလိုက်သေး၏။ ကျေးဇူးတင်စရာ ကောင်းလှပေသည်။
အဲလေ
အကျိုးဆောင်ခအနေနှင့် အနည်းအပါးတော့ ဈေးတင်ပေမပေါ့။
ပုံမှန်အားဖြင့်
၂ သိန်းတောင် မပေးရသော ရန်ကုန် - စင်ကာပူ လေယာဉ်လက်မှတ် တစ်ကြောင်းစာကို ၃ သိန်း ၇
သောင်း ယူ၏။
(မိတ်ဆွေတို့
လေယာဉ်လက်မှတ်ဝယ်ချင်လျှင် ကျွန်တော့်ကိုဆက်သွယ်ပါ။ တစ်ကြောင်းစာကို ၇ သောင်းလျှော့ပေးပါမည်။
တစ်ကြောင်းစာကို ၃ သိန်း၊ အသွားအပြန်ဆို ၆ သိန်း။ ဆယ်ယောက်ဆို သိန်း ၆၀။ ဝိုး - -
- - - )
အဲသဟာတောင်မှလေ
. . .
သူတို့ရှိနေလို့သာ
စင်ကာပူလာဘို့လွယ်တာဆိုပြီး ကျေးဇူးတောင် တင်နေရပါသေး။
ကိုယ့်ပိုက်ဆံနှင့်ကိုယ်
မတန်တဆပေးရတာတောင် ကျေးဇူးတတင်နှင့် ပေးရတာဖြစ်လေသည်။
ကိုယ့်လူတို့
-
ငါပိုက်ဆံတတ်နိုင်တာပဲ
ဆိုပြီး ဘာမှမပြင်မဆင်ဘဲ စင်ကာပူကို အရမ်း၊ အရမ်းမလာပါလေနှင့်။
ဒုက္ခနှင့်လှလှနှင့်တိုးလိမ့်မည်။
ဟိုတစ်နေ့က
ကောင်လေးတစ်ယောက် ဖုံးဆက်လာ၏။ အသံများတုန်လျက် ငိုသံပါနေသည်။
ဦးရယ်၊
ကျွန်တော့်ကို ကယ်ပါဦး။
ဟကောင်၊
ငါက ဘုရားသခင်မှ မဟုတ်တာ။ ဘယ့်နှာလုပ် သတ္တဝါတွေကို ကယ်တင်နိုင်မတုံးကွ။ ဆိုစမ်းပါဦး။
ကျွန်တော်ဦးသင်တန်းမှာ
ပြီးခဲ့တဲ့အပတ်က တက်သွားတဲ့သူပါ။ အဲဒါ အလုပ်လုပ်တာမှ ၂ ရက်ပဲရှိသေးတယ်။ မနက်ဖြန် ပြန်ပို့မယ်လို့
ပြောတယ်။
အာ၊
အဲဒါ သက်သက်မတရားလုပ်တာ။ MWC ကို သွားတိုင်ချေ။
(အတိုချုံးရလျှင်
- )
ကိုင်းကိုယ့်လူ၊
အခုဘယ်မှာလဲ။
ရုံးမှာ
တံမြက်စည်းလှည်းနေပါတယ်။
အဲဒီမှာ
သူဋ္ဌေးတို့၊ မန်နေဂျာတို့၊ HR တို့ရှိလား။ သူတို့ကို ဖုန်းပေးလိုက်။ ကိုယ်မေးကြည့်စမ်းမယ်။
(အတန်ကြာတိတ်ဆိတ်သွားပြီး
ဖုန်းပြန်ခေါ်)
ကျွန်တော်တို့
ဆူပါဗိုက်ဆာတစ်ယောက်ကလွဲလို့ တခြား ဘယ်သူမှ မရှိကြဘူး တဲ့။
ကိုင်း
- အဲဒါဆိုလဲ အဲဒီ ဆူပါဗိုက်ဆာကိုပဲပေးလိုက်ကွာ။
ကျွန်တော်
သူတို့ဆူပါဗိုက်ဆာနှင့်စကားပြောကြည့်တော့ အဓိကပြဿနာမှာ သူက အင်္ဂလိပ်လို တစ်လုံးမှနားမလည်တာ
ဖြစ်၏။
ငါတို့က
လူလိုလို့ခေါ်တာပဲကွာ။ ဒါပေမယ့် မင်းကောင်က ငါတို့ပြောတာ တစ်လုံးမှနားမလည်ဘူး။ နားမလည်တော့
ဘယ်လို သင်ပေးမတုံး။ ဘာမှလည်း ခိုင်းလို့မရဘူး။ အဲတော့ ငါတို့ ဘယ်လိုလုပ်ရမတုံး။
ဦးရယ်လုပ်ပါအုံး။
ကျွန်တော်က လယ်တွေနွားတွေရောင်းလာ . . . လာ . . .
ကိုယ့်လူ၊
အဲဒီနွားတွေလယ်တွေခဏထားပါအုံး။ ကိုရင်က သူတို့ပြောတာ တစ်လုံးမှ နားမလည်ဘူးဆို။
အနည်းအပါးတော့
ပြောတတ်အောင်ကြိုးစား . . . စား . . . .
ခိုင်းတာနားမလည်ဘဲနဲ့
ဘယ်လိုလုပ်ပြီး အလုပ်လုပ်ရမတုံးကွ ကိုယ့်လူရ။
စင်ကာပူလာရတာ
အလွန်ဈေးကြီးပါသည်။
သို့မို့ကြောင့်
စင်ကာပူမလာခင် ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါသည်။
အထူးသဖြင့်
တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးဖြစ်၏။ ဆက်ဆံရေးဆိုသည်မှာ အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ပြောတတ်မှ
ရမည်။ သူတို့ပြောတာ ဘာတစ်လုံးမှ နားမလည်ပါဘဲလျက် မည်ကဲ့သို့ အလုပ်လုပ်ပါမည်နည်း။
ပြောစကား
နားမလည်လို့ ပြန်ပို့ခံရလျှင် အလွန်နစ်နာပါသည်။ ရင်းထားရသည့်ပိုက်ဆံက နည်းနည်းနောနော
မဟုတ်။
သုခိအတ္တာနံ
ပရိဟရန္တု
အေးငြိမ်း
၂၈
မတ်လ၊ ၂၀၁၉
No comments:
Post a Comment