Tuesday, March 12, 2019

(သူတို့ညီနောင်နှင့် ကျွန်တော်) နှင့် ကျွန်ုပ်အကြောင်း


(၁) ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့် ကျွန်တော်

ဖေ့စ်ဘုတ်မိတ်ဆွေများ ကောင်းမှုဖြင့် ဆရာဇော်ဂျီ၏ "သူတို့ညီနောင်နှင့် ကျွန်တော်" ကို ဖတ်ရပါသည်။ သည်ရသစာတမ်းလေးကို ယခင်က ကျွန်တော်တစ်ခါမှ မဖတ်ဖူးသေး။ အဲလေ ကြားတောင်မှ မကြားဖူးပါ။
ယခု သည်စာကလေးကိုဖတ်ရတော့ ဆရာ့ကို နဂိုရှိရင်းစွဲထက်ပိုပြီး အလွန်လေးစားချစ်ခင်သွားမိရပါ၏။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ သည် ကံရာဇာကြီး၊ ကံရာဇာငယ် ဇာတ်လမ်းသည် ကျွန်တော်တို့ မြန်မာလူမှု အသိုင်း အဝိုင်းကို အနည်းနှင့်အများ ရိုက်ခတ်ခဲ့၏။ ကျွန်တော်တို့ကျောင်းသားဘဝကတည်းက ကံရာဇာငယ် ဘုရင်ဖြစ်ရခြင်းကို လက်မခံခဲ့ ကြပါ။ ဒီလိုတစ်ပွဲစားဉာဏ်သမားတွေကို နေရာပေးခဲ့လို့ ငါတို့တိုင်းပြည်ကြီး ဒီလိုဖြစ်နေတာဟု ဆွေးနွေးခဲ့ကြဖူးပါသည်။

သည်စာတမ်းတွင် ဆရာက အဘယ်ကြောင့် ကံရာဇာငယ်ကို အနိုင်ပေးရဘိသနည်း ဟု စောကြောထား၏။
ကံရာဇာငယ်၏ မဏ္ဍပ်မှာ ပီဘိ တစ်ပွဲထိုးမဏ္ဍပ်သာဖြစ်ကြောင်း၊ ဘယ်လိုမှ သုံးလို့စားလို့မရကြောင်း လူတိုင်းသိ၏။   
အနိုင်ပေးလိုက်သော ဝန်ကြီးများသည် သည် သုံးစားမရသော မဏ္ဍပ်ကိုထိုးခဲ့သည့် ကံရာဇာငယ်ကို ဘောက်မဲ့ကြောင့် အနိုင်ပေးရသနည်း။
ပြည်သူများကရော ကံရာဇာငယ်ကို အနိုင်ပေးလိုက်ခြင်းအတွက် ဝိုင်းဝန်း မကန့်ကွက်ခဲ့ကြဖူးလား။
ကံရာဇာကြီးကိုယ်တိုင်ကရော ကံရာဇာငယ်အား အနိုင်ပေးခြင်းကို အဘယ်ကြောင့် မငြင်းဆိုဘဲ အသာလေး ရေငုံနှုတ်ပိတ်၊ ထွက်ခွာသွားခဲ့ရဘိသနည်း။
ထိုပြိုင်ပွဲ၏ နောက်ကွယ်တွင် မည်သို့သော မသမာမှုများ ရှိနေသနည်း။ ကံရာဇာငယ်သည် လက်နက်နှင့် ခြိမ်းခြောက်ထား၍လော စသဖြင့် ဆရာက မေးခွန်းများ ထုတ်ထား၏။


(၂) ၂၁ ရာစု ကံရာဇာငယ်များ

ကံရာဇာကြီး ကံရာဇာငယ်ဇာတ်လမ်းမှာ မြန်မာပြည် တည်ဦးစက ဖြစ်၏။ ယခင်ကဖြစ်ခဲ့တာတွေ ထားလိုက်ပါ။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီမို့ လုပ်ချင်သည့်တိုင် ဘာမှလုပ်မရတော့။

သို့သော် ထူးဆန်းလှသည်မှာ ယခုခေတ်တိုင် ကံရာဇာငယ်လိုလူမျိုးများ နေရာရနေကြပေလေသေး၏။
ကံရာဇာငယ်လိုလူမျိုးများကို ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်နေကြခြင်းကိုလည်း ကျွန်တော် အလွန်ရွံမုန်းလှပါသည်။
၂၁ ရာစု ကံရာဇာငယ်များကား အဘယ်သူတို့ဖြစ်သနည်းဆိုသည်ကို ဖေ့စ်ဘုတ်သုံးသူတိုင်း သိပါသည်။ အဲလေ ဖေ့စ်ဘုတ် မပွတ်ဘဲနှင့်လည်း သိကြသည်သာ ဖြစ်၏။ 

ဆရာဇော်ဂျီက မတရားသည့် ယှဉ်ပြိုင်ပွဲကို ပြည်သူတွေ အဘယ်ကြောင့် ညီညီညာညာ စုပေါင်း မတွန်းလှန်ခဲ့ကြသနည်း၊ မကန့်ကွက်ခဲ့ကြသနည်း၊ မတိုက်ဖျက်ခဲ့ကြသနည်း ဟု မချင့်မရဲ ဆိုခဲ့၏။

ယခုရော ဘာထူးပါသနည်း။
မဟုတ်သည့်စနစ်ကြီးကို ကျွန်ုပ်တို့သည် ယနေ့ထိတိုင် လက်ခံကျင့်သုံးနေကြသေးသည်။
အခြားမဟုတ်ပါ။ ယခုတိုင် ကျင့်သုံးနေသေးသော မအောင်မရှိ ငါ့တပိ ပညာရေးစနစ် ဖြစ်ပါသည်။
ဤစနစ်ကို ကျွန်တော်လည်းမကြိုက်၊ ခင်ဗျားတို့လည်းမကြိုက်၊ ကျောင်းသားမိဘများလည်းမကြိုက်၊ ဆရာဆရာမများလည်း မကြိုက်။
သို့နှင့်တောင်မှ သည်စနစ်ဆိုးကြီးသည် ယနေ့ထိတိုင် အဘယ်ကြောင့် သက်ဆိုးရှည်နေရဘိသနည်း။

သူငယ်တန်းကနေ ၉ တန်းထိ ဖြစ်ချင်သလိုဖြစ်လာခဲ့၊ အအောင်ပေးချင်သလို ပေးလာခဲ့ပြီးမှ ဘာတဲ့ ဟို ဆယ်တန်းအောင်ချက် နည်းတဲ့ကျောင်းက ဆရာဆရာမတွေ ဘာလုပ်ရမည်ဆိုလား အမိန့်ထုတ်သတဲ့။ ကျွန်ုပ်ကတော့ ရယ်လိုက်ချင်ပါ၏။

ဆရာဇော်ဂျီပြောသကဲ့သို့ပင် ကျွန်ုပ်တို့ ပြည်သူပြည်သားများကား အဘယ်ကြောင့် အလွန် အ,ကြ။ န,ကြရဘိသနည်း။
မဟုတ်သည့်စနစ်ကြီးကို အဘယ်ကြောင့် မြေလှန်မပစ်ရဲကြဘိသနည်း။
ဘာစာတစ်လုံးမှ မတတ်သည့်ကျောင်းသားကို စာမေးပွဲချပစ်ရမှာ အဘယ်ကြောင့် သည်မျှ ထိတ်လန့် ကြောက်ရံွံ့နေကြရ ဘိသနည်း။
ဆရာဆရာမများအား စာသင်ကြားရေးကို ဖိဖိစီးစီးမလုပ်စေဘဲ အခြားကိစ္စများဖြင့် အဘယ်ကြောင့် အလုပ်ရှုပ်စေရဘိသနည်း။
ကျောင်းသားများ တကယ်စာတတ်မြောက်ရေးကို ဦးစားမပေးဘဲ အဘယ်ကြောင့် ကျောင်းပြီးသည့်ဦးရေကို ဦးစားပေးချင်ရဘိ သနည်း။

(၃) နို့မပါသော နို့ဘူး၊ နွားမ မရှိသော နို့ထုတ်လုပ်ရေးခြံများနှင့် ဖိုးတွမ်တီးတို့အကြောင်း

ရန်ကုန်မြို့တော်ဝန်က နို့စားနွားခြံစစ်တာ နွားထီးတွေချည်းတွေ့တယ် ဆိုတော့ ဝိုင်းဝန်းလှောင်ပြောင်၊ ဟားတိုက်ရီမောကြလေ၏။
အသင်တို့သည် အဘယ်ကြောင့် ဟားတိုက်ရီမောကြရဘိသနည်း။
ဤသည်မှာ အလွန်ရှက်စရာကောင်းလှသည့် ဖြစ်ရပ်တစ်ခု မဟုတ်လော။
သို့သော် ဤသည်မှာ ထူးဆန်းလှသည့် ကိစ္စတစ်ခုတော့ မဟုတ်ပါလေ။ အဲလေ၊ တခြားနိုင်ငံတွေမှာဆိုရင်တော့ ထူးချင် ထူးပေမပေါ့။ မြန်မာနိုင်ငံမှာတော့ သည်လို ဖြစ်ရပ်မျိုးတွေ အများအပြား ကြုံခဲ့ကြရဖူးပါပြီ။ ကျွန်ုပ်ကတော့ Rဇာနည့် သီချင်းကိုသာ ဟစ်လိုက်ချင်ပါ၏။
နောက်ထပ် လာချင်လာပါ မထူးဆန်းတော့ပါ . . .

ကျွန်တော်တို့ ဟိုးငယ်စဉ် ကလေးဘဝကတည်းက စပါးများ စံကွက်ရိတ်တော့မည်ဆိုတော့ ဟိုဘက်လယ်ကွက်ထဲက စပါးတွေ စံကွက်ရိတ်မည့် အကွက်ထဲ ပြောင်းစိုက်သည်။ တစ်ဧကကို တင်း ၁၀၀ လောက်ထွက်ဘို့ကတော့ ရီတာပေါ့၊ ရီတာပေါ့။

အမြဲတစေ ပြောင်သလင်းခါနေသည့် သမဝါယမဆိုင်များမှာ လူကြီးလာတော့မည်ဆို ပဲတွေနှင့် ဆန်တွေနှင့် ကြက်သွန်တွေနှင့် စည်စည့်ကို ဝေလို့။ ဈေးများမှာလည်း အလွန်ချိုလှ၏။ ပုရွက်ဆိတ်တက်မှာတောင် ကြောက်ရသည်။

ဒါ ဘာဟုတ်သေးတုံး။
ဒို့ဝန်ကြီးက အပင်တွေ စိမ်းစိုနေမှကြိုက်တယ်ဆိုကာ အပင်တွေကို ရေဆေးအစိမ်းတွေ ရေဖျော်ကာ ဖြန်းသည်။
တစ်သက်လုံး ဖုန်တက်နေခဲ့သော မီဒီယာရွမ်း ဆိုတာကြီးမှာ လူကြီးတွေလာတော့ သောက်ကယိုးနဲ၊ တီဗီတွေနှင့် အောက်စက် တွေနှင့်။ ကွန်ပြူတာတွေနှင့်။ အောင်မယ်၊ တချောက်ချောက်နဲ့ ကွန်ပြူတာရိုက်နေတဲ့ ကောင်မလေးတွေတောင် ရှိသေး။ အဟိ။

နို့စားမွေးမြူရေးခြံမှ နွားထီး ဆိုသည်များမှာလည်း ယခင်က ရှိချင်မှတောင်ရှိမည်။
မြို့တော်ဝန်တို့ လာစစ်မည်ဆိုတော့မှ -
ဟဲ့၊ လူကြီးလာမတဲ့။ လုပ်ကြပါဦး အရပ်ကတို့။
ဟဲ့ - ငခွေး။ ဟိုဘက်ခြံက နွားတွေ သွားငှားချေစမ်း။
ဟာ ဘကြီးကလည်း၊ ဟိုဘက်ခြံကနွားတွေက အကုန်လုံး အထီးတွေချည်းဗျ။
တယ် သောက်စကားရှည်တဲ့ ကောင်လေးပါလား။ ထီးထီးကွာ။ သွား ဆွဲဆို ဆွဲချေ။ ထီးထီး မမ၊ ခြံထဲ နွားတွေရှိနေရင် ပြီးရော။

နို့ညှစ်မရသော နွားထီးများကို အဘယ်ကြောင့် မွေးရမည်နည်း။ အဲလေ မွေးထားသည့် နွားထီးတွေထုတ်ရောင်း၊ နို့ပြန်ဝယ်။ နောက်ပြီးမှ ဘယ်ခြံထွက်နွားနို့လို့ တံဆိပ်တပ်ရောင်းလျှင်တော့လည်း မပြောတတ်ပါ။ သည်ကမ္ဘာပေါ်တွင် ဉာဏ်နီဉာဏ်နက် အများဆုံးလူမျိုးဟု အင်တာနေရှင်နယ်ပြိင်ပွဲလုပ်လျှင် ရွှေမြန်မာတို့ ရွှေမချိတ်မှာ မပူရ။ 

နို့တစ်စက်ကမှ မပါသော နို့ဘူးများမှာလည်း ဤအတိုင်းပင် မဟုတ်ပါလော။
အဲသဟာ ဘာလုပ်တာပါနည်း။

နေရာတကာ ဥပဒေ၊ ဥပဒေနှင့်။ ဥပဒေအရ အရေးမယူတိုင်း ဤကဲ့သို့ချည်း ညာဝါဖြီးဖြန်း၊ တစ်ယောက်ကိုတစ်ယောက် ဖျံကျကာ စားသောက်နေကြတော့မည်လော။ သိန်းတစ်သောင်းလောက် လိမ်တာကတော့ သည်ခေတ်မှာ အထူးအဆန်းသတင်း မဟုတ်တော့။ ရိုးနေပြီဖြစ်၏။

အသင်တို့သည် ဗုဒ္ဓဘာသာဖြစ်ရသည်ကို ရှက်တတ်ကြပါကုန်လော့။ တစ်ရပ်ကွက်လုံး နားမခံသာအောင် တရားပွဲတွေ တခြိမ်းခြိမ်း ကျင်းပနေပြီး ပေါက်တတ်ကရတွေ လုပ်နေကြတာတွေ ရပ်တန်းက ရပ်ကြပါကုန်လော့။
မြန်မာနိုင်ငံတည်စကတည်းက ရှိခဲ့သော အနှီ အကျင့်ဆိုးများကို ယနေ့တိုင် အဘယ်ကြောင့် ဖက်တွယ်ထားချင်ဘိကြရသနည်း။
ဤပုံဖြင့် မိုးကြီးချုပ်လိမ့်မည်။

အဲလေ အခုလည်း ချုပ်နေပါပြီ။
ချုပ်သမှ သန်းခေါင်ကျော်လို့ နာရီပြန် နှစ်ချက်လောက်တောင် ထိုးနေပြီ။
ခုထိ သည်အကျင့်များကို မဖျောက်ကြသေး။

သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ မတ်လ၊ ၂၀၁၉

No comments: