Monday, February 11, 2019

အိုဘယ့် မယ်မြန်မာ


သည်ကနေ့ သင်တန်းကအပြန် Piping Design စာအုပ်တွေ မိတ္တူကူးရအောင် ပင်နင်ဆူလာသို့ဝင်၏။ (ပင်နင်ဆူလာမှ Make A Copy Service ဆိုင်က အခြားဆိုင်များထက် ပိုဈေးချိုပြီး အရည်အသွေးပိုကောင်းသည်။ ထိုဆိုင်တွင်ပင် ကျွန်ုပ် မိတ္တူကူးနေ သည်မှာ ဆယ်နှစ်မကတော့ပြီ။ဤကား စကားချပ်) တနင်္ဂနွေနေ့တွေမှာ ဆိုင်ပိတ်တယ် ဆိုတော့ အောင့်သက်သက်နှင့် ပြန်ဆင်းအလာ . .

အလို . . သောက်ကယိုးနဲ . .
အမှိုက်ပုံးနားတွင် အမျိုးသမီးတစ်ယောက် လဲနေသည်ကိုတွေ့ရ၏။ အောင်မငီး၊ လဲသမှ ပေါင်များဖြဲကားကာ အောက်ခံဘောင်းဘီ တောင် ပေါ်နေလေသည်။ (ကန်တော့ပါရဲ့ ကျုပ်နှမများ)
ကျွန်ုပ်လည်း ရှက်လှသည်နှင့် ကျော်လာခဲ့မိ။
အတော်ကျော်ပြီးမှ ခေါင်းထဲသို့ အတွေးတစ်စ ဝင်လာသည်။
အဲဗျ . . ရိုးရိုးသားသား မူးလဲတာလား၊ သူ့ပစ္စည်းတွေလိုချင်လို့ တခြားတစ်ယောက်ယောက်က ညာတာပါတေးနဲ့ ဆေးတိုက်သွား တာကော မဖြစ်နိုင်ဘူးလား စသဖြင့်တွေးမိ။




သို့နှင့် ပြန်လှည့်လာတော့ သူ့အနားတွင် လူအတော်များများ ဝိုင်းနေပြီ။ ကျွန်ုပ်လည်း အနားကပ်ကာ စူးစမ်းမိ။
ဟဲ့ - ဘာဖြစ်တာတုံး၊ နာမည်ဘယ်လိုခေါ်လဲ စသဖြင့် မေးတော့ . . .
မြတ်စွာဘုရား . .
ခြေထောက်နှင့် လှမ်းကန်လေသည်။

အင်မတန်မှစိတ်တိုတတ်သည့် ကျွန်ုပ်မှာ ပထမတော့ စိတ်ထဲ အတော်ဖျင်းကနဲ ဖြစ်သွားသေးသည်။ နောက်မှ အင်း - ဒီပုံနဲ့ဆို ရဲဖမ်းရင် မလွယ်ဘူး ဟု တွေးနေတုံး အမျိုးသမီးတစ်ယောက် အနားကပ်လာကာ သူက CDE ကို အကူအညီပေးနေသူ ဖြစ်ကြောင်း ပြောလျှက် အခြားမိန်းကလေးများ အကူအညီဖြင့် ဝိုင်းဝန်းကူညီရန် ကြိုးစား၏။ (CDE ဆိုသည်မှာ Centre for Domestic Employee) ဖြစ်ပြီး အိမ်အကူ များကို အကူအညီပေးနေသည့် အဖွဲ့ဖြစ်၏။) ကျွန်ုပ်ကား သူ့အနား အရမ်းမကပ်ရဲ။ တော်ကြာ သူ့ကိုဆွဲပါတယ်ဆိုပြီး တရားစွဲမှ ဒွတ်ခ။ အဲလေ၊ လာသမျှလူကို ခြေထောက်နှင့်ကန်ထုတ်နေတာဆိုတော့ ကပ်လို့လည်း မရပါ။

သူများတွေခေါ်တုံးလိုက်သွားလိုက်။ နင်အဲဒီလို လဲနေလို့ ရဲဖမ်းရင် ထောင်ကျလိမ့်မယ် ဆိုလေသော် ဝူးဝါးဝူးဝါးနှင့် စကားများပြော ကာ အတင်းထလေ၏။ သို့သော် ခေါင်းပင်မထူနိုင်။ ပြန်လဲကျသွားကာ ခြေလက်များကို ဟိုရမ်းသည်ရမ်း ရမ်းနေလေသည်။ မည်သူ့ကိုမှ အကပ်မခံ။

နင်အဲဒီလိုလုပ်နေရင် ငါ ရဲကိုခေါ်လိုက်မယ် ဆိုတော့ အောင်မယ်၊ မယ်မင်းကြီးမက လက်မထောင်ပြလေ၏။
လုပ်လိုက်လေ ကြာသလားလို့ ဆိုသည့်သဘောဖြစ်ပါသည်။

ဟိုမိန်းကလေးလည်း ပင်နင်ဆူလာ ၂ ထပ်တွင်ရှိသော CDE ရုံးခန်းသို့ ဖုန်းဆက်၏။ အမျိုးသမီးတစ်ယောက် ဆင်းလာ၏။ ငှယ် - မူးနေတဲ့သူကို ငါတို့က ဘာလို့ကူရမတုံး ဆိုကာ ပြန်သွားလေ၏။ ဟိုက် ရှားဘားစ်။

ဟိုမိန်းကလေးက သူ့လက်ကိုင်အိတ်ထဲ ရှာဖွေကြည့်သော် ၂ ကျပ်တန်တစ်ရွက်နှင့် ဝပ်ပါမစ်ကဒ်ပြား၊ စာရွက်အတိုအစအချို့ ကိုသာ တွေ့ရ၏။

ထိုအတောအတွင်း လူများမှာ ဝိုင်းအုံလာကြလေရာ စင်္ကြန်မှာ လူသွားလို့မရလောက်အောင် ပိတ်လျက်ရှိလေ၏။ ကျွန်ုပ်လည်း မနေနိုင်။ ကိုင်း - ကိုဟဝှာတို့၊ မဟဝှာတို့။ ဟောဒီနေရာမှာ ခင်ဗျားတို့ကိစ္စ ဘာတစ်ပြားဘိုးမှ မရှိဘူး။ ကျေးဇူးပြုပြီး အမြန်ရွှေ့ပေးပါ ဟု အတင်းနှင်လွှတ်ရလေ၏။ မနှင်လို့ကလည်းမဖြစ်။ လူကြားထဲ အတင်းဖြဲကာ security ရောက်လာပြီး ဘာဖြစ်သလဲ ဘာလဲ နှင့် လာမေးနေပြီ။

ဟိုအမျိုးသမီးလည်း အကြီးဆုံးဆိုသူဆီဖုန်းဆက်မည်ပြု၏။ အစ်ကို့၊ ကျွန်မဖုန်းကပိုက်ဆံကုန်နေလို့ ဖုန်းလေးပေးစမ်းပါ ဆို၏။ ကျွန်ုပ်လည်း ဖုန်းပေးကာ ဆက်ခိုင်း။ သူက ချိုကျိုးနားရွက်ပဲ့ အင်္ဂလိပ်စကားနှင့်ပြောကာ ဗီဒီယိုလည်း ရိုက်ပြလိုက်လေ၏။ ကျွန်ုပ်လည်း အကြံအိုက်လျှက် Home မှ မိတ်ဆွေများထံဆက်မည်ကြံ၏။
အရေးထဲမှ ဖုန်းနံပါတ်ရှာမတွေ့သောကြောင့် ကိုင်း - မမလေး၊ ဒီမှာ ခဏစောင့်နေဦးဟုဆိုကာ ၅ ထပ်ရှိသူတို့ရုံးခန်းသို့ တက်လာခဲ့၏။

မခင်လေးနှင့်တွေ့၏။
အကျိုးအကြောင်း ပြောပြလေသော် -
အောင်မယ်လေး၊ သူကမှ အောက်ခံဘောင်းဘီပါလို့ တော်သေး။
ဟိုတလောကတစ်ယောက်ဆို ယောက်ျားအိမ်သာနဲ့ မိန်းမအိမ်သာကြားမှာ မူးလဲနေတာ ဘာအောက်ခံဘောင်းဘီမှတောင် မပါဘူး။ အဲဒါတွေက လုပ်ပေးလဲ မှတ်တဲ့ဟာတွေ မဟုတ်ဘူး။

မှတ်ကရော့။

သူပြောတာ ဘာတဲ့။ နှစ်ထပ် ဆိုလား ဘာလား။ ကျွန်တော်နားမလည်။ လျှာအောက်မှာ ဘာခံပြီး အရက်ဆိုလား ဘီယာဆိုလား သောက်ရင် အကြီးအကျယ်မူးတယ် ဟု ပြော၏။ ဤသည်မှာ ကျွန်ုပ်အဖို့ ဗဟုသုတအသစ်ဖြစ်လေသည်။ ယခင်က တစ်ခါမှ မကြားဖူးခဲ့။

အတန်ကြာစကားပြောပြီးသော် ကျွန်ုပ်လည်း စိတ်အိုက်အိုက်နှင့် ဆင်းလာခဲ့၏။
မအေးမာမာနှင့် ဖုန်းအဆက်အသွယ်ရသော် သူက ဦးတင်မောင်ဝင်းဆီ လှမ်းဆက်လိုက်မယ် ဆို၏။

သို့နှင့် ဆင်းလာခဲ့သော် အမှိုက်ပုံးနား၌ ယခင် မူးလဲနေသည့် အမျိုးသမီး မရှိတော့။ တစ်ယောက်ယောက် ခေါ်သွားပြီ ထင်ပါ၏။

ထိုနံရောအခါကျမှ ကျွန်ုပ်လည်း စိတ်ဒုံးဒုံးချကာ ပြန်ခဲ့နိုင်ပါတော့သတည်း။

လုပ်ကြပါ၊ လုပ်ကြပါ၊ နဂိုကမှ မြန်မာဆို အထင်မ big ရတဲ့ကြားထဲ။

ငါနော် . . . .

အေးငြိမ်း
၁၁ ဖေဖော်ဝါရီလ၊ ၂၀၁၉


No comments: