Sunday, September 2, 2018

ပုဏ္ဏားခြောက်ယောက်နှင့် ကျွန်ုပ်အကြောင်း


နိဒါန်း

ကျွန်ုပ် ယခုပြောမည့်အကြောင်းအရာများကား အများမကြိုက်နိုင်မည့်၊ သဘောမတူနိုင်မည့် အကြောင်းအရာများဖြစ်နိုင်ပါသည်။
ကျွန်ုပ်တွေးမိတာများကိုသာ တင်ပြတာဖြစ်ပြီး မိတ်ဆွေတို့ကို ကြိုက်ရမည်၊ သဘောတူရမည်ဟု မဆိုလို။
ကျွန်ုပ်ပြောတာကို သဘောမတူပါကလည်း လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။
သဘောကွဲလွဲပိုင်ခွင့် လူတိုင်းမှာရှိ၏။

(၁) သိတာနှင့် ကျင့်ကြံတာကွာခြားပုံ

ရှေးလူကြီးများသည် ပုံဝတ္ထုများကို အလကားထားခဲ့တာမဟုတ်။
သူတို့ ဘဝအတွေ့အကြုံများမှ နောင်လာနောက်သားတို့ မမှားတန်တာ မမှားရအောင် ပုံဆောင်ကာ ထားခဲ့ခြင်းဖြစ်၏။
သူတို့ပုံဆောင်ထားခဲ့တာကို ကျွန်ုပ်တို့ ဖတ်မှတ် နာကြားကြရ၏။
ဘာကိုဆိုလိုမှန်း အဓိပ္ပာယ်ကိုလည်း သိသယောင်ယောင် ရှိကြ၏။
သို့တိုင် တကယ်သိသလားဆိုတော့ မသိ။ ကိုယ့်ဘာသာ သိသည်ဟု ထင်နေကြခြင်းသာ ဖြစ်လေသည်။
တကယ်မသိလို့သာ တကယ် မကျင့်ကြခြင်း ဖြစ်လေသည်။
အမှန်တကယ် ရင်ထဲအသည်းထဲ နှလုံးသားထဲမှ ကျကျနန နားလည်သွားပါမူ သည်မျှ သွဲတလောက်များ ဖြစ်နေစရာမရှိ။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရားသာသနာတွင် ဘုရားဟောတရားတော်များကို သိသည့်အရာ၌ အရှင်အာနန္ဒာအပြင် နှစ်ယောက်မရှိ။ သို့မို့ကြောင့်ပင် ဓမ္မဘဏ္ဍာဂါယိကဟု ဘွဲ့တွင်သည် မဟုတ်တုံလော။
သို့တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့်တိုင် အရှင်အာနန္ဒာမှာ တရားမရသေး။
သိရုံမျှနှင့် တရားရရပါမူ သည်လောက်တောင် ကြာနေစရာ အကြောင်းမရှိ။ အစောကြီးကတည်းက တရားရနေလောက်ပြီ။
ဤသည်က အသိနှင့်မလုံလောက် တကယ်ကျင့်ရန်လည်း အရေးကြီးသေးကြောင်း သက်သေပြနေ၏။

ဤသည်ကို ကြံစည်၍သိသော စိန္တာမယဉာဏ်၊ သူများပြောတာဖတ်ဖူး ကြားဖူး၍သိသော သုတာမယဉာဏ်၊ ကိုယ်တိုင် လက်တွေ့ အားထုတ်ပြီးမှသိသော ဘာဝနာမယဉာဏ် ဟု ဗုဒ္ဓဘာသာစာပေများတွင် ဖတ်ဖူးပါသည်။

မြတ်စွာဘုရားသည် တရားတော်များစွာ ဟောပြောခဲ့၏။ လူပြိန်းများနားလည်ရန် ပုံအမျိုးမျိုးဆောင်ကာ ဟောပြောပြသ ဆိုဆုံးမ ခဲ့၏။ ကျွန်ုပ်တို့သည် သုတ္တံတရားတော်များစွာကို နာကြားခဲ့ကြဖူး၏။ ဗုဒ္ဓဘာသာမှန်လျှင် ၅၅၀ ဇာတ်တော်များဆိုတာ မသိသူမရှိ။

ဤသုတ္တံတရားတော်များဟူသည် အပျင်းပြေစေရန် ပုံပြောနေခြင်းမဟုတ်ဆိုသည်ကို နားလည်ထားရပါမည်။ ငါတော့ ဒီလိုတွေ မှားခဲ့တယ်။ နင်တို့ အဲသလိုမမှားကြနဲ့။ ငါ ဟောသည်လိုတွေ လုပ်ခဲ့တယ်။ နင်တို့လည်း အဲသဟာကို အတုယူလုပ်ကြဟု ဘုရားက လူအများ နားလည်အောင် ဥပမာ၊ ဥပမေးယျများဖြင့် ဆိုဆုံးမခဲ့ခြင်း ဖြစ်၏။

သို့တိုင် ကျွန်ုပ်တို့မှာ တရားပွဲပြီးသွားသည်နှင့် သာဓု၊ သာဓု၊ သာဓု ဆိုကာ ဦးသုံးကြိမ်ချလျက် ဖုတ်ဖက်ခါ ထပြန်ခဲ့ကြသည်သာ ဖြစ်သည်။ တရား၏ အနှစ်သာရကို ရလိုက်သူမှာ ရာခိုင်နှုန်းအလွန့်အလွန် နည်းလှ၏။ အကယ်၍သာ တရားနာတိုင်း တရားရရပါမူ မြန်မာပြည်ကြီး ဤသို့ပင် ဖြစ်နေစရာအကြောင်းမရှိ။ ဗုဒ္ဓဘာသာမှန်လျှင် တရားပွဲသို့ အနည်းဆုံး ဆယ်ခါလောက်တော့ သွားဖူးကြ သူချည်းဖြစ်၏။ သို့တိုင် ထို တရားပွဲသို့ ဆယ်ခါမက သွားခဲ့သူများသည် ဆယ်ဆလောက် ပိုလိမ္မာလာပါသလား။ ဆယ်ဆလောက် အသိတွေ ပိုတိုးလာပါသလား။

ယခင်ခေတ်အခါများကနှင့်စာလျှင် ယနေ့ခေတ်သည် တရားပွဲအလွန်များသည့်ခေတ် ဖြစ်၏။ လမ်းထိပ်များတွင် ဘယ်နှစ်ဘွဲ့ရ ဆရာတော်၊ ဘာဆရာတော် စသည်ဖြင့် ဇာတ်မင်းသားများထက် သားနားလှပသော ဘုန်းကြီးများကို ၅ ပါးပြိုင်၊ ၇ ပါးပြိုင် ကြေငြာ ထားလိုက်သည်မှာ ယခင့်ယခင်က စိန်အောင်မင်း၊ စိန်မာဒင်၊ မိုးမင်းမိုးဝင်း ဇာတ်သဘင်ကြော်ငြာများ ရှုံးလောက်ပါပေသည်။

တရားပွဲလုပ်လိုက်သမှ (လူသွားလူလာလမ်းကလေးမှ ချန်ထားမပေး) လမ်းတစ်လမ်းလုံးအပြည့်ခင်းကာ အသားကုန်တရားနာကြ ၏။ (ကျွန်ုပ်ပြောတာ လွန်လွန်းလှသည်ဟု ထင်သူများ ကျွန်ုပ်ထံ messenger မှ လှမ်းမေးပါ။ နေရာအတိအကျညွှန်ပြပါမည်။) တရားပွဲများ များလာသလောက် ဒုစရိုက်မှုများလည်း ထူပြောလာ၏။ ယခင့်ယခင်က မကြားခဲ့ဖူးသော ဒုစရိုက်မှုမျိုးစုံကို ယခု ကြားကြရ၏။ ဒုစရိုက်မှုများမှာ တစ်နေ့တစ်မျိုးမရိုးရ။ အရက်ဖိုးမပေးသောကြောင့် လင်က မယားကို ဓားနှင့်ထိုးသတ်သည်။ မူးလာသည့်လင်ကို မယားက ဓားဖြင့်ခုတ်သတ်သည်။ အရက်ဝိုင်းတွင် စကားများကြရာမှ သတ်သည်။ ဘာမှ အဖိုးမတန်သည့် ပစ္စည်းကလေးနှင့်လူသတ်သည်။ ဘုန်းကြီးက ဒကာမကို မုဒိန်းကျင့်သည်။ အရှက်ကြောင့် ထုတ်ဖော်မပြောရဲသောကြောင့် ဗိုက်ကြီးရသည်။ ဖအေလုပ်သူက သမီးကို မုဒိန်းကျင့်သည်။ လူလားမမြောက်သေးသည့် မိန်းကလေးကို မုဒိန်းကျင့်သည်။ အားလုံးမှာ မကြားဝံ့မနာသာချည်း ဖြစ်၏။

အဲဒီလူတွေက တရားပွဲကို တစ်ခေါက်မှ မရောက်ဖူးကြသူတွေကွ ဟု ဆိုလာသည်ဖြစ်အံ့။ ထိုသူများသည်လည်း တရားပွဲများကို တစ်နည်းမဟုတ် တစ်နည်းနှင့် ရောက်ဖြစ်ကြမည် မလွဲ။ ယခုမှ ပြည်သူတွေ အော်လွန်းသဖြင့် လော်စပီကာကြီးတွေ ဇာတ်သိမ်း သွားကြသည်။ (ဇာတ်သိမ်းသွားပြီ ထင်ပါ၏။ ကျွန်ုပ်မှာ မြန်မာပြည်နှင့် အဆက်ပြတ်နေ၍ ဇာတ်သိမ်းမသိမ်း၊ သေသေချာချာ မသိပါ။) ယခင့်ယခင်ကာလများဆီက တရားတော်များကို တရွာလုံးကြားအောင် လော်ကြီးတွေနှင့် အသားကုန်ဖွင့်ကြတာ ဖြစ်၏။ ထို့ကြောင့် လူတော်တော်များများမှာ ဗုဒ္ဓတရားတော်များအား (အနည်းနှင့်အများ) နားရည်ဝပြီးသားချည်း ဖြစ်သည် (ဟု ယူဆလို့ ရပါသည်။)

ဤသည်မှာ အဘယ်ကြောင့်ပါနည်း။ သိသလိုလိုနှင့် တကယ်မသိ၍ဖြစ်၏။ သိသလိုလိုရှိတာကလေးကိုလည်း တကယ် မကျင့်ကြ၍ ဖြစ်ပါသည်။

(၂) မျက်မမြင် ပုဏ္ဏား ၆ ယောက်

ကျွန်ုပ်တို့ငယ်စဉ်က မျက်မမြင် ပုဏ္ဏား ၆ ယောက်အကြောင်း သင်ခဲ့ရ၏။ မျက်မမြင်ပုဏ္ဏားများသည် ဆင်ကြီးကို တစ်ယောက် တစ်နေရာစီက စမ်းကာ  -
ဆင်ဆိုတာ မြွေနဲ့တူသကွ။
ဟာ ဘယ်ကသာ၊ ဆင်ဆိုတာ ယပ်တောင်နဲ့တူတာကွ။
သယ်ရင်းတို့၊ မင်းတို့လွဲနေပြီ။ ဆင်ဆိုတာ နံရံကြီးနဲ့ တူတာလကွ။
ဟားဟားဟား၊ မင်းတို့ကောင်တွေ တစ်ကောင်မှ မမှန်ဘူး။ ဆင်ဆိုတာ တိုင်လုံးကြီးနဲ့တူတာကွ စသဖြင့် ငြင်းကြလေ၏။
(အကယ်၍သာ ထိုခေတ်က ဖေ့စ်ဘုတ်ဆိုတာကြီး ရှိနေလျှင် ဆင် (ယပ်တောင်) ပါတီ၊ ဆင် (မြွေ) ပါတီ၊ ဆင်(တိုင်လုံး) ပါတီ စသဖြင့် ပါတီ ၆ ခု ကွဲစရာရှိလေသည်။ ဤကား စကားချပ်)

ဤပုံပြင်မှာလည်း ပျော်ပါစေဟု ဖတ်ကောင်းရုံ သင်ပေးနေတာမဟုတ်။
ငါ့တွေ့သမျှလေးနဲ့ ရမ်းမပြောကြနဲ့၊ မှားတတ်သည် ဟု သင်ခန်းစာပေးထားတာ ဖြစ်၏။

သို့သော် ကျွန်ုပ်တို့သည် ဤအဆုံးအမကို လိုက်နာကြပါ၏လော။ ဝေးစွ။
အဘယ်ကြောင့် မလိုက်နာသနည်း။ ပုဏ္ဏားများကို ပုဏ္ဏားအဖြစ်သာ မြင်နေပြီး ငါ့ကိုပြောနေတာပါလားဟု မသိ၍ ဖြစ်၏။ တစ်နည်းအားဖြင့် သိသလိုလိုသာရှိပြီး တကယ့်အနှစ်သာရကို ဆုပ်မိကိုင်မိ မသိသေးသောကြောင့် ဖြစ်၏။

များမကြာမီက တက္ကသိုလ်တစ်ခုမှ ပါမောက္ခချုပ်တစ်ဦးကို နေရာအပြောင်းအရွှေ့လုပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ရေးသားကြသည်များကို ဖတ်ရပါသည်။ နောက်ပြီး အောက်က ကွန်မင့်များကို လိုက်ဖတ်တော့ အများစုမှာ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်လို ကိုယ်မြင်သမျှလေးနှင့် ဝိုင်းတုတ်နေကြမှန်း အလွန်သိသာလှပါသည်။ ကျောင်းသားသမဂ္ဂဘက်ကလည်း ပြန်လည်ချေပ၏။

ဖေ့စ်ဘုတ်ဆိုသည့်အရာမှာ အရာအားလုံးကို ချပြလို့ ရစကောင်းသော နေရာမဟုတ်။ ချပြလို့လည်း မရနိုင်။ ချပြစရာလည်း မလို။ ထို့ကြောင့် ဖေ့စ်ဘုတ်တွင် ကျွန်တော်တို့ဖတ်ရသော သတင်းများကို စဉ်းစားချင့်ချိန်ယုံရပါမည်။ သတင်းကိုဖော်ပြသူသည် သတင်းအတိုင်း ဖော်ပြထားတာဆိုလျှင် ကိစ္စမရှိ။ ဥပမာ - မည်သည့်မြို့တွင် မည်သည့်နေ့ရက်က မည်သူ့ကို ဓာတ်လိုက်လို့ သေသည်။

သို့သော် သတင်းကို အရင်းအတိုင်းမဖော်ပြဘဲ ၎င်း၏ အာဘော်များပါ ထည့်ရေးထားတာဖြစ်ပါမူ သူရေးထားသည့် အပေါ် မူတည်ကာ သတင်းမှန်နှင့် ကင်းကွာသွားနိုင်ပါသည်။ ပုံနှိပ်သတင်းများသည်ပင်လျှင် သတင်းရေးသူအပေါ်မူတည်၍ သတင်း၏ အဖိအဖော့၊ အလေးအနက်၊ ဇောင်းပေးမှု စသည်တို့မှာ ကွာသွားနိုင်သေး၏။ ဓာတ်ပုံနှင့်တကွ ဖော်ပြတာတောင် ဓာတ်ပုံဆရာ၏ အနေအထား၊ ဓာတ်ပုံရိုက်သည့်ထောင့် စသည်တို့အပေါ်မူတည်ကာ စာဖတ်ပရိတ်သတ်ကို အထင်မှား၊ အမြင်မှား ဖြစ်အောင် လုပ်နိုင်သေး၏။ ဤကဲ့သို့ကိစ္စရပ်များလည်း ကျွန်တော်တို့ တော်တော်များများ ကြုံခဲ့ကြရဖူးပြီ။

သည်ကိစ္စနှင့်ပတ်သက်၍ တစ်ခါက ကျွန်တော် အကြီးအကျယ် ခံလိုက်ရဖူးပါသည်။
ကျွန်တော့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာကို ကိုယ်တိုင်ကြုံတွေ့ရသည့်အတိုင်း ရေးပါလျက် သူတို့ကို မတရားလုပ်ပါတယ်ဆိုပြီး ကျွန်တော့်ကို ဝိုင်းအာကြပါသည်။ ထိုအထဲတွင် အစိုးရအရာရှိကြီးများလည်း ပါ၏။ ကိုယ်လည်း မဟုတ်တာလုပ်သေး။ အမှားထောက်ပြသူကိုလည်း ရန်လုပ်လေ၏။ ကျွန်တော့်ဘက်ကသာ တင်းခံနေလျှင် တရားရုံးရောက် ဘယ်ရောက် ရောက်သွားနိုင်သော ကိစ္စဖြစ်၏။ သို့သော် ကျွန်တော် အဲသလောက် မမိုက်မဲပါ။ ပြီးပြီးရော ကိုင်း ကိုင်း တောင်းပန်ပါတယ်ဗျာ ဟု လုပ်လိုက်ပါသည်။ သည်လူတွေနှင့် ဖက်ပြိုင်ရန်မဖြစ်လိုပါ။ အကျိုးမရှိသောကိစ္စအတွက် အဘယ်ကြောင့် တရားရုံးသွားရပါ မည်နည်း။

သူတို့က ဟိုဘက်ကလူတွေကိုသွားပြောတော့ နှစ်ဘက်စကားနားမထောင်ရဘဲ ကျွန်တော့်မှာ အလိုလိုနေရင်း လူဆိုးစာရင်း ဝင်သွားလေတော့၏။ သူတို့ကလူဆိုးလို့သတ်မှတ်လည်း ကျွန်တော့်မှာ နစ်နာစရာ တစ်ပြားဘိုးမှ မရှိပါ။

ကိစ္စတစ်ခုကိုဝေဖန်တော့မည်ဆိုလျှင် ထိုကိစ္စကို အသေးစိတ် ကျကျနန၊ အစအဆုံး သိထားမှ ဝေဖန်လို့ဖြစ်ပါမည်။ ကိုယ်မြင်တာလေး တစ်ခုတည်းနှင့် ဝေဖန်လျှင် မည်သည့်အခါမှ အမှန်သို့ရောက်မည် မဟုတ်ပါ။ သည်လောကတွင် ကျွန်တော်တို့ မသိသေးတာတွေ အများကြီးရှိ၏။ ထို့ကြောင့်ပင် စာဆို ရှင်မဟာရဋ္ဌသာရက "ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ" ဟု ဆုံးမခဲ့သည် မဟုတ်လော။

အသင်သည် ကရာတေးအကြောင်း ဝေဖန်တော့မည်ဆိုလျှင် အနည်းဆုံး ခါးပတ်နက်အဆင့်လောက်ထိ သင်ယူ၊ လေ့လာပါ။ ထိုအခါကျမှ ကရာတေး၏ ပျော့ကွက်၊ ဟာကွက်များကို သိမည်။ အခြား ဗန်တို၊ ဗန်ရှည်၊ ကွန်ဖူး စသည်တို့နှင့် နှိုင်းယှဉ်ကာ ဝေဖန်နိုင်မည်။ ကရာတေးလေး တစ်ကွက်နှစ်ကွက်မျှ ကစားတတ်ရုံမျှနှင့် ကရာတေးအကြောင်း သွားဝေဖန်လျှင် လူရီစရာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ကိစ္စတစ်ခုကို အသင်ဝေဖန်တော့မည် ဖြစ်အံ့။ ဒီကိစ္စ ငါဘယ်လောက်သိသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ တစ်နည်းအားဖြင့် မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ကို ပြေးမြင်လိုက်ပါလေ။


(၃) လူတွင် နားနှစ်ဘက်ရှိရခြင်းအကြောင်း

လူတွင် ပါးစပ်တစ်ပေါက်တည်း ရှိရခြင်းမှာ တစ်ခွန်းတည်းသော စကားကို ဆိုဘို့။
နားနှစ်ဘက်ရှိရခြင်းမှာ ဟိုဘက်၊ သည်ဘက်။ နှစ်ဘက်ပြောစကားများကို နားထောင်ကာ ချင့်ချိန်နှိုင်းယှဉ်ဘို့ ဟူသော စကားရှိပါသည်။

ဤစကားမှန်၏။ ဤနေရာတွင် တရားသူကြီးများကို အတုခိုးသင့်လှ၏။ တရားသူကြီးများသည် အမှုတစ်ခုကို စီရင်ချက်မချမီ နှစ်ဘက် လျှောက်လဲချက်များကို အသေအချာ နားထောင်ရ၏။ နှစ်ဘက်ပြောစကားများပေါ်တွင် ကျကျနန စဉ်းစားကာ ဘယ်သူ လွန်သလဲဟု ဆုံးဖြတ်ရတာဖြစ်သည်။

(ကျွန်တော်ကား တရားသူကြီးဖြစ်ရမှာ အလွန်ကြောက်သူ ဖြစ်လေသည်။ မည်သူမှန်သည်၊ မည်သူမှားသည်ကို ဆုံးဖြတ်ရတာ လွယ်သည့်အလုပ်မဟုတ်။ ရှေ့နေဆိုသူများမှာလည်း မိမိအမှုသည် အနိုင်ရစေရန် ရှိသမျှသော အထောက်အထားများကို အစွမ်းကုန်ထုတ်လျှက် အသားကုန် လျှောက်တင်ကြသည် ဖြစ်လေရာ တစ်ဖက်ပြောစကားအပေါ် သာယာမိပြီး ဆုံးဖြတ်ချက် လွဲသွားမှာ ကြောက်သောကြောင့် ဖြစ်၏။ ဤကား စကားချပ်)

နားနှစ်ဘက်ရှိရုံမျှနှင့်၊ ဟိုဘက်သည်ဘက် စကားများကို နားထောင်ရုံမျှနှင့်မပြီးသေး။ ထိုကိစ္စကို ဝေဖန်နိုင်ရန်၊ ဆုံးဖြတ်နိုင်ရန်၊ ထိုကိစ္စနှင့်ပတ်သက်သည့် လုံလောက်သော ဗဟုသုတ ကိုယ့်မှာရှိဘို့ရာလည်း လိုသေးသည်။ ဥပမာ - ကျွန်တော့်ကို ဘောလုံးကိစ္စ များ လာမပြောပါလေနှင့်။ ကျွန်တော်ဘောလုံးနှင့်ပတ်သက်၍ မည်မျှ ဒုံးဝေးသနည်းဆိုလျှင် လူကျွံဘောဆိုတာကို ကျွန်တော် သေသေချာချာ နားမလည်။ ဘောလုံးကွင်းတစ်ကွင်းအကျယ် မည်မျှရှိသည်ကို ကျွန်တော်မသိ။ ယုတ်စွအဆုံး ဘောလုံး အသင်းတစ်သင်းတွင် လူမည်မျှပါသည်ဆိုတာကိုပင် ကျွန်တော်မသိပါ။ ထို့ကြောင့် အကယ်၍ ကျွန်တော်ကသာ ဘောလုံး သတင်းများဖတ်လျှက် ဘောလုံးအကြောင်း ဝေဖန်လျှင် ကျွန်တော့်အစ်မကြီးကို ဟို ဆိုက္ကားဆရာ ပြောသကဲ့သို့ ရှိချိမ့်မည်။

တစ်နေ့သ၌ ကျွန်တော့်အစ်မကြီး လှည်းတန်းဈေးမှ ဈေးဝယ်ကာ ပြန်လာ၏။ အထုပ်အပိုးများနှင့်ဆိုတော့ ဆိုက္ကား ငှားစီး လာသည်။ လမ်းတွင် ထွေရာလေးပါးများပြောရင်း ဆိုက္ကားဆရာက ပြော၏။

ဒေါ်ကြီးနှယ်၊ စင်ကာပူဆိုတာလောက်ကတော့ဗျာ၊ ကျွန်တော်တို့ ရန်ကုန်လောက်တောင် ကျယ်တာမဟုတ်ပါဘူး။

လူအချင်းချင်း၊ ရမ်းတုတ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ စက်တင်ဘာ၊ ၂၀၁၈။ ၀၀း၅၆ နာရီ

No comments: